Chapter 51
စပါးရိက္ခာများ လက်ဆောင်ပေးခြင်း
အစောင့်များသည် သီချင်းတကြော်ကြော်ဆို၍ ဆန်စပါးများကို လှည်းများပေါ်သို့ တင်နေကြသည်။ စပါးများအကုန် လှည်းပေါ်တင်ပြီးသည်အထိတောင်မှ အဖိုးစွင်းနှင့် အစေခံများသည် ထိုစပါးများကို ငေးကြည့်နေကြ၍ ချန်ရုံ့အား တောင်းပန်တိုးလျှိုးသည့်အကြည့်များဖြင့်ကြည့်ကာ ချန်ရုံ စိတ်များပြန်ပြောင်းလေမလားဟု စောင့်နေကြလေသည်။
ချန်ရုံကတော့ သူတို့ကို ဂရုပင်မစိုက်ပဲ အောက်သို့ ငုံ့ကြည့်၍ နူးညံ့စွာပြောလိုက်သည်။
"အဖိုးစွင်း ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာပြီး ကျန့်ခန်းဆီကိုပြောင်းမယ့် မိသားစုတွေရှိ မရှိ စုံစမ်းပေးပါ...တကယ်လို့ ရှိတယ်ဆိုရင် သူတို့ရဲ့ ခြံမြေကို ရောင်းခဲ့မလား မေးပါ...အရင်တစ်ခါက ကျွန်မဦးလေးပေးခဲ့တဲ့ လှည်းဆယ်စီးထဲက ကိုးစီးကိုယူပေးလိုက်ပါ...အဖိုးကိုလည်း ကျွန်မ ရွှေသစ်ရွက် ဆယ်ရွက်ပေးပါမယ်...အဲ့ဒီပစ္စည်းတွေနဲ့ ခြံမြေ လဲလှယ်တာကို ဒီလအတွင်း ပြီးပါစေ...ဪ ပြီးတော့ အဲ့ဒီ ခြံမြေတွေကို တပ်မှူးစွင်းနာမည်နဲ့ စာချုပ်ချုပ်လိုက်ပါ..."
ယခု လောယန်မြို့က သိမ်းပိုက်ခံထားရသောကြောင့် နန်ယန်မြို့သည် လူရိုင်းစစ်သည်များ၏ရန်ကို ပိုကြောက်နေရပြီဖြစ်သည်။ ထို့အပြင် လူရိုင်းများကိုကာဆီးပေးမည့် မြစ်ဝါမြစ်၏ အကာအကွယ်လည်း မရနိုင်တော့သောကြောင့် အိမ်တော်အများစုသည် မြို့မှ ပြောင်းရွှေ့ချင်နေကြသည်။ သို့သော် မင်းသား၏ ပိတ်ပင်မှုကြောင့် အိမ်တော်အများစုသည် သူတို့စိတ်တိုင်းကျ မသွားလာနိုင်ဖြစ်နေသည်။
ခြံမြေကိုဝယ်ထားလိုက်ခြင်းမှာလည်း ဆိုးသည့်အကြံဉာဏ်တော့မဟုတ်ပါ။
"မမလေး...ခြံမြေကို တပ်မှူးစွင်းရဲ့နာမည်နဲ့ ဝယ်ဖို့ပြောလိုက်တာလား..."
အထိန်းတော်ဖျင်က မရဲတရဲ မေးလိုက်သည်။
ချန်ရုံက ခေါင်းငြှိမ့်လိုက်သည်။
"ဟုတ်တယ်...ရောင်းမယ့်မိသားစုကမေးရင် တပ်မှူးစွင်းက ဒီမြို့မှာ အခြေချနေချင်လို့ လို့ပြောလိုက်ပါ..."
"ဒါပေမယ့် တစ်ခုခုဖြစ်ခဲ့လို့ ပိုင်ဆိုင်မှုတွေအားလုံးက တပ်မှူးဆီပဲရောက်သွားခဲ့ရင်ရော..."
အဖိုးစွင်းက ချန်ရုံအား သတိပေးလိုက်သည်။ အထိန်းတော်ဖျင်ကလည်း ဝင်၍ အကြံပေးလိုက်သည်။
"မမလေး...ဘာဖြစ်လို့ မမလေးရဲ့ နာမည်နဲ့ပဲ မဝယ်တာလဲ..."
ချန်ရုံက မျက်ခုံးတစ်ဖက်ကို မြှင့်၍ မသိရကောင်းလားဟူသော လေသံဖြင့်ပြောလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ ကျွန်မပိုင်ဆိုင်တာတွေကို ချန်အိမ်တော်ကလည်း ပိုင်ဆိုင်နေလို့ပေါ့..."
ထိုအခါမှပင် အဖိုးစွင်းနှင့် အထိန်းတော်ဖျင်တို့ သဘောပေါက်သွားကြတော့သည်။
ဤတစ်ခေါက်တွင်တော့ တွေဝေရမည့်လူမှာ ချန်ရုံဖြစ်သွားသည်။ အချိန်အတော်ကြာစဉ်းစားပြီးသည့်နောက်တွင် ချန်ရုံသည် ခပ်တိုးတိုးပြောလိုက်သည်။
"ဒါဆိုရင် ကျွန်မတို့ တပ်မှူးရန်ရဲ့နာမည်နဲ့ ဝယ်လိုက်ရင်ရော..."
"မမလေး...အဲ့ဒါလည်း အဆင်ပြေမယ်လို့ မထင်ဘူးနော်..."
ချန်ရုံက ဤတစ်ခေါက်တွင်တော့ ယုံကြည်ချက်ရှိစွာပြုံးလိုက်၍ ခေါင်းကိုခါကာ ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး...ဒီလိုကိစ္စတွေမှာဆိုရင်တော့ တပ်မှူးရန်က လုံးဝယုံကြည်စိတ်ချရပါတယ်..."
ချန်ရုံက ပြောရင်းဖြင့် မဲ့ပြုံးပြုံးလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ ချန်ရုံကလည်း အလျှော့ပေးတော့မည့်ပုံမပေါ်သဖြင့် အဖိုးစွင်းသည် ခဏမျှ တိတ်ဆိတ်စွာရပ်နေပြီးမှ မေးလိုက်သည်။
"ဒါဆိုရင် ဒီအကြောင်းကို တပ်မှူးစွင်းကို ပြောပြလိုက်ရပါမလား...ဒီနေ့ စစ်တပ်အတွက် ရိက္ခာတွေအများကြီးသွားပို့မှာဆိုတော့ ဒီအချိန်ပြောလိုက်တာ ကောင်းမယ်ထင်ပါတယ်..."
ဤတိုင်းပြည်တွင် အခွန်ရှောင်ရန်အတွက် ခြံမြေများကို ရာထူးကြီးသည့် မိတ်ဆွေနှင့် မိသားစုဝင်များနာမည်နှင့် ဝယ်ယူသည်မှာ လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်သည်။ ထို့ကြောင့် ယခု ချန်ရုံ၏အကြံဉာဏ်သည်လည်း အသစ်အဆန်းတော့မဟုတ်ပေ။ သို့သော် ချန်ရုံသည် တပ်မှူးရန်နှင့် သိကျွမ်းရုံအဆင့်သာရှိသေးသည်ကို အဘယ်ကြောင့်များ တပ်မှူးရန် အား ဤမျှယုံကြည်နေရပါသနည်း။
ချန်ရုံက ခေါင်းခါလိုက်သည်။
"မလိုပါဘူး...သူသိသွားမှသာ ပြောပြလိုက်ပါ..."
"ဟုတ်ကဲ့..."
အဖိုးစွင်းနှင့် အစေခံများပါဝင်သော ရိက္ခာများသွားပို့မည့်အဖွဲ့သည် ချန်အိမ်တော်မှ စထွက်လိုက်ချင်းမှာပင် လူအများ၏ အာရုံကို ဆွဲဆောင်လိုက်ကြသည်။
စွင်းယန်သည် လမ်းပေါ်၌ လှည်းအလွတ်များရပ်ကာ အဓိကအိမ်တော်များက ရိက္ခာလာပို့မည်ကို စောင့်နေခြင်းမှာ အတော်လေးတော့ လွန်သည့် အပြုအမူဖြစ်သည်။ နန်ယန်မြို့မှ အိမ်တော်များကလည်း သူတို့ကိုယ်တိုင်ပင် စားနပ်ရိက္ခာပြတ်လပ်မှုကို ခံစားနေကြရသည်မဟုတ်လား။ ထို့ကြောင့် ဤကဲ့သို့ အချိန်တိုလေးအတွင်းတွင် အိမ်တော်များသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မည်သူကမျှ စ၍ မပို့ကြချေ။
ထိုကဲ့သို့ တင်းမာနေသော အခြေအနေ၌ ချန်ရုံ၏အဖွဲ့က ပေါ်လာခြင်းဖြစ်သည်။
ချန်ရုံ၏လှည်းများသည် ဖျင်မြို့တော်မှ ချန်အိမ်တော်က ပိုင်ဆိုင်သည်ဖြစ်သောကြောင့် အဝါရောင်ဆေးသုတ်ထားကြကာ အစေခံများလည်း ဤဒေသရှိချန်အိမ်တော်မှ အဝတ်အစားများနှင့်မတူသည့် ဝတ်စုံများကိုဝတ်ထားကြသည်။ ထို့ကြောင့် ထိုလှည်းယာဉ်တန်းကိုကြည့်၍ သာမာန်လူတန်းစားများရော၊ အထက်တန်းလွှာများကပါ မနေနိုင်ပဲ စုံစမ်းမေးမြန်းနေမိကြသည်။
ဘေးနားမှ ဆူညံသော မေးမြန်းသံများကိုနားထောင်၍ အဖိုးစွင်းသည် အော်ရယ်ကာ ဂုဏ်ယူဝံ့ကြွားသည့်လေသံဖြင့် ပြောနေလေသည်။
"ကျွန်ုပ်ရဲ့သခင်မလေးက သူ့ရဲ့ ကိုယ်ပိုင်သိုလှောင်ရုံထဲက ရိက္ခာစပါးတွေကို ဒီရဲရင့်တဲ့စစ်သည်တွေကို လှူလိုက်တာလေ...သခင်မလေးက ချန်အိမ်တော်က အားရုံပေါ့...သခင်မလေးက ဒီတောင်ပိုင်းကိုလာတဲ့လမ်းမှာ ရှေ့ဖြစ်မယ့်ကိစ္စတွေကို သုံးကြိမ်တိုင်တိုင် မှန်အောင်ပြောနိုင်ခဲ့တဲ့ ဖျင်မြို့တော်က စိတ်စေတနာကောင်းလွန်းတဲ့ ချန်ရုံပဲပေါ့..."
အဖိုးစွင်း၏အသံထွက်ပေါ်လာသောအခါ ဘေးမှ အစေခံများကလည်း အဖိုးစွင်း၏ခြေရာကိုလိုက်၍ ပြောဆိုနေသောကြောင့် လူအယောက်တစ်ဒါဇင်ခန့်သည် ချန်ရုံ၏ ဇာတ်လမ်းကို ပြောဆိုဖြန့်ကျက်ပေးနေသကဲ့သို့ ဖြစ်သွားတော့သည်။
"ချန်အိမ်တော်က အားရုံ ဟုတ်လား..."
အဖိုးအိုတစ်ဦးက ပြောလိုက်သည်။
"သူက ကိုယ်လုပ်တော်က မွေးတဲ့သမီးမဟုတ်လား...သူက ဘယ်လိုများ ဒီလောက် ရိက္ခာတွေအများကြီး ရလာတာလဲ..."
"ဟုတ်တယ် ဟုတ်တယ် အဲ့ဒီ သခင်မလေးက တကယ်ကို ချမ်းသာတာပဲ...သူ့ရဲ့ လက်ဆောင်တွေချည်းကပဲ ချန်မျိုးရိုးတစ်ခုလုံးနဲ့ ယှဉ်လို့ရတယ်...သခင်မလေးက တကယ်ကို စေတနာကြီးမားတာပါပဲ...လေးစားဖို့ကောင်းလိုက်တာ..."
ဘေးမှလူများ၏ မေးမြန်းသံများကိုကြားသောအခါ အဖိုးစွင်း၏အသံက ပို၍ကျယ်လာသည်။ အဖိုးစွင်းသည် ချက်ချင်းပင် ချန်ရုံ လုပ်ခဲ့သမျှ ကိစ္စအားလုံးကို အသေးစိတ်ပြောပြနေတော့သည်။
စွင်းယန်ရှိနေသော လမ်းအလယ်သို့ ရောက်သွားကြသောအခါ အဖိုးစွင်းသည် သူ၏ ဇာတ်လမ်းပြောပြနေမှုကို မနည်းရပ်လိုက်ရသည်။ ရယ်ချင်စိတ်ကို မနည်းမျိုသိပ်နေရသော ရွှေရောင်ချပ်ဝတ်တန်ဆာနှင့် စွင်းယန်ကို လှမ်းကြည့်၍ အဖိုးစွင်းသည် လှည်းပေါ်အမြန်ဆင်းကာ အရိုအသေပေးလိုက်သည်။
"ကျွန်တော်မျိုးရဲ့ သခင်မလေး ချန်အိမ်တော်က အားရုံရဲ့ အမိန့်အရ လှည်းဆယ်စီးစာ စပါးရိက္ခာတွေပေးဖို့ ရောက်လာရခြင်းဖြစ်ပါတယ် တပ်မှူးလေး..."
စွင်းယန်ကလည်း ချိတ်ဆက်ထားသော လက်များကို မြှောက်ပြ၍ ပြန်ပြောလိုက်သသည်။
"အရမ်းကျေးဇူးတင်ပါတယ် အဖိုး..."
"မလိုပါဘူး တပ်မှုးလေး...တပ်မှူးလေးနဲ့ စစ်သည်တွေက ဒီနန်ယန်မြို့မှာ ပျော်ပျော်ရွှင်ရွှင်နေသင့်တယ်လို့ သခင်မလေးက ပြောပါတယ်...စားနပ်ရိက္ခာ လက်ဆောင်ပေးတာဟာ လုပ်သင့်တဲ့ အလုပ်ပါပဲ..."
စွင်းယန်က ရယ်၍ မှတ်ချက်ချလိုက်သည်။
"ချန်အိမ်တော်က အားရုံဟာ မိန်းမငယ်လေးသာဖြစ်ပေမယ့် သူ့ရဲ့ စေတနာကောင်းမှုနဲ့ ဧည့်ဝတ်ကျေပွန်မှုကတော့ ကျွန်တော်တို့ယောင်္ကျားတွေကို အရှက်ရစေပါတယ်..."
စွင်းယန်က ထိုသို့ပြောလိုက်သောအခါ ဘေးမှ သွားလာနေသူများသည် တိတ်တဆိတ်ပင် နောက်ဆုတ်သွား၍ အမြန်ပြန်လှည့်ပြေးသွားကြသည်။
စွင်းယန်က ဘေးပတ်ဝန်းကျင်မှဖြစ်ပျက်နေသမျှကို သေချာကြည့်၍ ပြုံးလိုက်ပြန်သည်။ ထိုအပြုံးကြောင့် အနီးအနားမှ မိန်ကလေးများထံမှ အော်ဟစ်မှုနှင့် ဩဘာပေးသံများ ထွက်လာလေသည်။
မိန်းကလေးများ၏ ချစ်ခင်မှုကို အသားကျနေဟန်ရှိသော စွင်းယန်သည် ရှေ့သို့တိုး၍ အရိုအသေပေးနေသော အဖိုးစွင်းကို ဆွဲထူကာ ခပ်တိုးတိုးရယ်၍ပြောလိုက်သည်။
"အဲ့ဒီ အားရုံဆိုတဲ့ကောင်မလေးက သူ့နာမည်ကို လူတွေဆီပြောပေးဖို့ အဖိုးကိုပြောလိုက်တာလား..."
"ဟုတ်ပါတယ် တပ်မှူးလေး..."
"ဟားဟား အဲ့ဒီကောင်မလေး ဘယ်တော့မှ အခွင့်အရေးကို လက်လွတ်မခံဘူးပဲ..."
စွင်းယန်က ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"ဒီနေ့လုပ်လိုက်တဲ့ ကိစ္စမှာ ကျွန်တော်လည်း နည်းနည်း ရိုင်းစိုင်းပြီး လွန်သလို ဖြစ်သွားတယ်...အဖိုးပြန်ရင် ကျွန်တော်က အားရုံကို ကျေးဇူးတင်တဲ့အကြောင်း ပြောပေးပါ...သူသာ ဒီလိုမကူညီရင် ကျွန်တော် တော်တော်ဒုက္ခရောက်သွားမှာ..."
အဖိုးစွင်းကတော့ သေချာနားမလည်ပဲ "ဟုတ်ကဲ့..." ဟုသာ ပြန်ဖြေလိုက်သည်။
"ပြီးတော့ ကျွန်တော် ဒီနေ့ လမ်းမှာ ချပ်ဝတ်တန်ဆာတွေနဲ့ ရပ်နေခဲ့တယ်ဆိုတာလည်း ချန်ရုံ့ကို ပြောလိုက်ပါ...ကျွန်တော်က အရမ်းကိုချောမောနေလွန်းလို့ ဘေးနားက မိန်းကလေးတွေတောင် မိန်းမောမတတ်ဖြစ်နေတာလို့....အဲ့ဒါဘာဖြစ်လို့ ဒီလောက်ကြည့်ကောင်းတဲ့ မြင်ကွင်းကို လာမကြည့်တာလဲ လို့လည်း မေးလိုက်ပါ အဖိုး..."
စွင်းယန်က သူ့ဘာသာသူပြောနေရင်းဖြင့် မထိန်းနိုင်တော့ပဲ ခွက်ထိုးခွက်လန် ရယ်နေလေသည်။
"ဟုတ်ကဲ့...တပ်မှူးလေးရဲ့ စကားတွေကို ကျွန်တော် သေချာပေါက်ပြန်ပြောပေးပါမယ်..."
အဖိုးစွင်းကတော့ ရိုးသားစွာပင် နာခံလိုက်သည်။
စိတ်ကြည်ရွှင်နေသောကြောင့် စွင်းယန်သည် အော်၍ ရယ်လိုက်ပြန်သည်။ ခဏအကြာမှာမှ အပြုံးကို မနည်းတည်လိုက်ကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်၍ ချိတ်ဆက်ထားသောလက်များကို အဖိုးစွင်းဆီသို့ မြှောက်ပြ၍ ပြောလိုက်သည်။
"အဖိုးရဲ့ သခင်မလေးကို တပ်မှူးရန်အစား ကျွန်ုပ် ကျေးဇူးတင်ပါတယ်...နှုတ်ဆက်ပါတယ်..."
"ဒီလိုတွေ ယဉ်ယဥ်ကျေးကျေးပြောစရာမလိုပါဘူး တပ်မှူးလေးရယ်..."
စွင်းယန်က လမ်းမအလယ်ခေါင်၌ သူကိုယ်တိုင်ချထားသော ခုံ၌ ပြန်ထိုင်လိုက်သည်။ အဖိုးစွင်းတစ်ယောက် လှည်းပေါ်သို့ ပြန်တက်၍ ချန်ရုံ၏ ချီးမွမ်းခန်းများကို ဆက်၍ပြောနေသည်ကို တွေ့သောအခါ စွင်းယန်သည် မနေနိုင်ပဲ ထပ်၍ ရယ်လိုက်မိပြန်တော့သည်။
Xxxx