အပိုင်း ၅၂
Viewers 18k


Chapter 52:
လျှို့ဝှက်ထားသောအရာများ



အိမ်တော်သို့ပြန်ရောက်၍ ဖြစ်ပျက်သမျှကို ပြောပြီးသောအခါ အဖိုးစွင်း၏နှုတ်ခမ်းသည် မဝံ့မရဲဖြင့် တွန့်သွားသည်။

ချန်ရုံက အဖိုးစွင်းအား လှမ်းကြည့်၍ မေးလိုက်သည်။

"အဖိုး စိတ်ပူနေလို့လား..."

"ဟုတ်တယ်..."

အဖိုးစွင်းသည် ချန်ရုံ့ထံ၌ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သောကြောင့် ချန်ရုံ့နား၌ဆိုလျှင် သူ၏မိသားစုထက်ပင် ပို၍ သက်တောင့်သက်သာရှိနေသည်။

"အဖိုးတို့ရဲ့ ချီးမွမ်းမှုတွေကြောင့် ပညာရှိတွေက သခင်မလေးကို အမြင်မကြည်ဖြစ်သွားကြမလား..."

ချန်ရုံက ပြုံး၍ အဝေးမှကောင်းကင်ကိုလှမ်းကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"မဖြစ်ပါဘူး...ဒီနေ့ တပ်မှူးစွင်းက လမ်းမှာ ရိက္ခာတွေလာပို့ခိုင်းတဲ့ကိစ္စက အဓိကအိမ်တော်ကို ကျဉ်းထဲ ကျပ်ထဲ ရောက်သွားစေတာ...သူတို့ အိမ်ထဲမှာပဲ ပုန်းနေရုံရလွဲလို့ ဘာမှမတတ်နိုင်ဘူးလေ...ဒီအချိန်မှာ မြို့ထဲမှာလျှောက်သွားနေကြတဲ့ ပညာရှိတွေလည်း များများမရှိပါဘူး...အပြင်မှာက သာမာန်လူတန်းစားတွေနဲ့ အမျိုးသမီးတွေပဲ ရှိမှာပါ..."

ထို့နောက် ချန်ရုံက ခပ်မဲ့မဲ့ တစ်ချက် ပြုံးလိုက်သည်။

"ဒီလောကမှာ ဘယ်တော့မှ မပျောက်ကွယ်မယ့် ကျော်ကြားမှုကို လိုချင်တယ်ဆိုရင် ကောင်းမွန်တောင့်တင်းတဲ့ နောက်ခံမျိုးရိုးက ဆင်းသက်ချင်ဆင်းသက်လာ ဒါမှမဟုတ်လည်း ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့အရာတွေက တခြားလူတွေပါးစပ်က ဖြန့်ပေးမှပဲရမယ်...'လူသုံးယောက်ပေါင်းရင်ကျားဖြစ်တယ်' ဆိုတဲ့စကားက လူများများက ကိစ္စတစ်ခုကို ထပ်ခါထပ်ခါပြောလေ အဲ့ဒီကိစ္စက မှန်လာလေ ဆိုတဲ့ အဓိပ္ပာယ်ပါပဲ..."

ထို့နောက်တွင် ချန်ရုံက သူမ ‌အနောက်၌ ရပ်နေသော အထိန်းတော်ဖျင်ကိုပြောလိုက်သည်။

"ကျွန်မရဲ့ ဦးထုပ် ယူလာပေးပါ..."

ချန်ရုံ၏ မျက်လုံးများက လခြမ်းကွေးကဲ့သို့ မှေးစင်းနေသည်။

"တပ်မှုးလေးစွင်းကို သွားတွေ့ကြရအောင်..."

"ဟုတ်ကဲ့..."

ချန်ရုံက သူမ၏ ခြံဝန်းမှထွက်လာသောအခါ ဘေးမှတံခါးကပွင့်သွား၍ ချန်ဝေ့နှင့် အခြားမိန်းကလေးတစ်စုသည်လည်း ချန်ချမ်ကို ဝန်းရံ၍ လမ်းလျှောက်လာကြသည်ကို တွေ့လိုက်ရသည်။

ချန်ရုံက ထိုမိန်းကလေးများကိုတွေ့သောအခါ အရှိန်လျှော့လိုက်သည်။

သို့သော်လည်း ချန်ဝေ့က ချန်ရုံအား မြင်သွား၍ ပြုံးကာ လှမ်းခေါ်လိုက်သည်။

"အားရုံ..."

မိန်းကလေးများသည် လမ်းလျှောက်နေကြသည်ကို ရပ်၍ ချန်ရုံ့အား လှည့်ကြည့်လိုက်ကြသည်။

သူတို့၏ မျက်နှာများက အနည်းငယ်ထူးဆန်းနေကြသည်။ ခဏအကြာမှ ချန်ဝေ့နား၌ရပ်နေသော မိန်းကလေးတစ်ဦးက မေးလိုက်သည်။

"အားရုံ...တပ်မှူးစွင်းဆီ သွားမလို့လား..."

သူမ၏အသံက ဝမ်းနည်းနေဟန်ပေါက်နေသည်။

"ကျွန်မ ဒီတိုင်း လမ်းလျှောက်မလို့ပါ..."

ချန်ရုံက အရိုအသေပေး၍ ပြောလိုက်သည်။

"ဒါပေမယ့် အားရုံ နှစ်သက်တဲ့လူက ဝမ်ချီလန်မဟုတ်ဘူးလား..."

ချန်ဝေ့က ပြုံး၍ ပြောလိုက်သည်။

"အားရုံက တပ်မှူးစွင်းနဲ့ ဘာမှ မပတ်သတ်ဘူးမဟုတ်လား..."

ထိုမေးခွန်းကို ချန်ရုံက ဘာမှပြန်မဖြေပဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။

ထို့နောက် ချန်ရုံသည် အနောက်သို့အနည်းငယ်လှည့်၍ အထိန်းတော်ဖျင်ကို ခေါ်လိုက်သည်။

"အထိန်းတော်ဖျင်...သွားကြရအောင်..."

"အား...ဟုတ်ကဲ့ပါ မမလေး..."

ချန်ရုံက အရှေ့သို့ ပြန်လှည့်၍ မိန်းကလေးများကို အရိုအသေပေးကာ ပြောလိုက်သည်။

"ညီအစ်မတို့ ကျွန်မ အရင်သွားနှင့်ပါတော့မယ်..."

ချန်ရုံသည် ပြောပြီးသောအခါ ခါးကိုပြန်မတ်၍ တံခါးဆီသို့ ထွက်သွားတော့သည်။

ခဏမျှကြာသောအခါ မိန်းကလေးတစ်ဦးက ခေါင်းခါ၍ ပြောလိုက်သည်။

"အားရုံက လက်အောက်ခံအိမ်တော်က ကိုယ်လုပ်တော်က မွေးတဲ့သမီးပဲ...သူ ဒီလိုမျိုး မာနတွေ ဘယ်ကရတာလည်း ငါနားမလည်တော့ပါဘူး...ဘာဖြစ်လို့များ ငါတို့ကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်းပြောရဲရတာလဲ..."

ချန်ချမ်ကလည်း မကျေနပ်သည့်အသံပြုလိုက်သည်။

ထိုမိန်းကလေးများတွင် ချန်ဝေ့တစ်ယောက်သာ ချန်ရုံနှင့် အချိန်အကြာဆုံး တူတူနေဖူး၍ ချန်ရုံ့ကို အနည်းငယ် နားလည်နိုင်ပေသည်။ ချန်ရုံသည် ထိုကဲ့သို့တင်းမာသည့်မျက်နှာထားဖြင့်သာ မွေးဖွားလာသောကြောင့် မိန်းကလေးများနှင့် အဆင်မပြေပဲ ယောင်္ကျားလေးများနှင့်သာ ပေါင်းသင်း၍ ပိုအဆင်ပြေသူဖြစ်သည်။

ထိုအချိန်၌ နန်ယန်မြို့၏လမ်းများပေါ်၌ ဆူညံသံများ ပြန်ရောက်နေပြန်ပြီဖြစ်သည်။ ကောက်ပဲစပါးများသယ်လာသော လှည်းအစုလေးများစွာသည် မြို့လယ်ခေါင်သို့ သွားနေကြသည်ကို မြင်နေရသည်။

ချန်ရုံ၏ စပါးဆယ်စီး ပို့လိုက်ခြင်းက လူအများကို နှိုးဆော်လိုက်သကဲ့သို့ ဖြစ်သွားဟန်တူသည်။

"ဒီနေ့ ပွဲလမ်းသဘင်ရှိလို့လား..."

အထိန်းတော်ဖျင်သည် လမ်းပေါ်၌ လူများစွာ သွားလာလှုပ်ရှားနေကြ၍ အများစုမှာ လှပစွာဝတ်ဆင်ထားသောမိန်းကလေးများဖြစ်နေကြသည်ကို တွေ့၍ အံ့ဩစွာမေးလိုက်သည်။ သို့သော် ချက်ချင်းပင် အထိန်းတော်ဖျင်က သတိရသွား၍ ရယ်လိုက်သည်။

"ဪ ‌ဟုတ်သားပဲ တပ်မှူးလေးစွင်းကြောင့်ကိုး...မမလေးကို ကျွန်မ မပြောပြရသေးဘူးထင်တယ်...တပ်မှူးလေးစွင်းကလေ ဒီကိုလာတဲ့လမ်းမှာလည်း ကြည့်ကောင်းတယ်ဆိုပေမယ့် အခုက လုံးဝတခြားစီဖြစ်နေပြီ...အခုမှပဲ ချပ်ဝတ်တန်ဆာနဲ့ အမျိုးသားတွေက ဘယ်လောက်တောင် ချောမောခန့်ညားနိုင်လဲဆိုတာ ကျွန်မ သိတော့တယ်..."

ချန်ရုံကလည်း ရယ်လိုက်သည်။

"အထိန်းတော်ဖျင်ရယ်...ရှင်သာ သူ့ကို အဲ့ဒီလို သွားပြောလိုက်ရင် စွင်းယန်တို့ အပျော်လွန်နေတော့မှာပဲ..."

အထိန်းတော်နှင့် သူမ၏သခင်မလေးတို့သည် စိတ်ရွှင်လန်းစွာဖြင့် ရယ်မောကာ စွင်းယန်ရှိနေသည့် လမ်းသို့ ရောက်သွားသည်။

ထိုနေရာ၌ လူများ ကျိတ်ကျိတ်တိုးနေလေသည်။

စွင်းယန်နား၌ ရယ်မောနေကြသော မိန်းကလေးများအပြင် ကောက်ပဲစပါးများဖြင့် ပြည့်လျှံနေသော လှည်းများသည်လည်း စစ်သည်များ၏ ကွပ်ကဲမှုအောက်တွင် တစ်စီးပြီးတစ်စီး လာချနေသည်။

မည်သူ၏ အကြံဉာဏ်မှန်းမသိသော်လည်း အိမ်တော်တစ်ခုက ရိက္ခာပို့တိုင်း မှတ်တမ်းတင်သည့် အရာရှိက နာမည်များကို အော်ဖတ်နေလေသည်။

"လောယန်မြို့ရဲ့ ဝူအိမ်တော်က လှည်း ၅ စီးပို့လိုက်ပါတယ်..."

"ကျန်းမြို့ရဲ့ ဝူအိမ်တော်က လှည်း ၇ စီးပို့လိုက်ပါတယ်..."

[T/N: ဝူ အိမ်တော် နှစ်ခုရဲ့ နာမည်တွေက မတူပါဘူး။ ပထမတစ်ခုက 虞 ဖြစ်ပြီး ဒုတိယတစ်ခုက 吳 ဖြစ်ပါတယ်။]

ထိုကြေငြာသံများကို နားထောင်ရင်းဖြင့် ချန်ရုံသည် မအီမသာဖြစ်sןနေသည့် ဘဏ္ဍာစိုးများ၏ မျက်နှာများကို ကြည့်ကာ ရယ်ချင်လာမိသည်။ ဤကဲ့သို့သော လိမ္မာပါးနပ်သည့် နည်းလမ်းကို စဉ်းစားနိုင်သည့် စွင်းယန်တစ်ယောက် တော်ပါပေသည်။ အခြားအရာများထက် မျက်နှာကောင်းရရန်ကိုသာ အမြဲရှေ့တန်းတင်သည့် ဤအိမ်တော်များသည် ယခုတွင်တော့ ဤရိက္ခာပို့သည့်ကိစ္စတွင်လည်း ခိုကပ်မနေရဲကြတော့ချေ။

ချန်ရုံသည် ခေါင်းကိုစောင်း၍ မိန်းကလေးများ ဝိုင်းဝိုင်းလည်နေသော စွင်းယန်ကို ကြည့်လိုက်သည်။ လူအုပ်ကြားထဲမှ စွင်းယန်၏ ရွှေရောင်ချပ်ဝတ်တန်ဆာနှင့် ချောမော၍ စိတ်ကူးယဉ်ဖွယ်ကောင်းလှသည့် မျက်နှာလေးကို တွေ့လိုက်ရသည်။ သို့သော် ထိုချောမောသည့် မျက်နှာလေးသည် စိတ်မရှည်သည့်ပုံ ပေါက်နေလေသည်။


ထိုအချိန်၌ပင် စွင်းယန်သည် ခေါင်းကို လှည့်လိုက်သော‌ကြောင့် ချန်ရုံနှင့် အကြည့်ချင်းဆုံသွားသည်။

ချက်ချင်းပင် စွင်းယန်သည် ပြုံးသွား၍ ချန်ရုံ့အား မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

ချန်ရုံသည် စွင်းယန်က သူမကို လူကြားထဲ၌ ဤသို့ အသိအမှတ်ပြုလိမ့်မည်ဟု မထင်ထားခဲ့ချေ။ မည်သည့်အရာကိုမှ မကြောက်တတ်သော ထိုစွင်းယန်သည် ချန်ရုံ၏ နာမည်ကို ခေါ်လိုက်မည်စိုးသောကြောင့် ချန်ရုံသည် နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်၍ မျက်လုံးများကို ပြူးကာ သတိပေးလိုက်သည်။

စွင်းယန်က ချန်ရုံကိုကြည့်၍ ရယ်လိုက်သောကြောင့် မိန်းကလေးများကလည်း အော်ဟစ်လိုက်ကြတာ တစ်ယောက်က မေးလိုက်သည်။

"တပ်မှူးလေး...ဘာကြောင့်များ ဒီလိုရယ်လိုက်တာလဲဟင်..."

အရုပ်မလေးကဲ့သို့ ချစ်စရာကောင်းသည့် မျက်နှာဝိုင်းဝိုင်းလေးနှင့် ကောင်မလေးတစ်ဦးကလည်း ပျော်ရွှင်စွာ မေးလိုက်သည်။

"သခင်လေးစွင်းက အရမ်းကို ချောမောခန့်ညားတာပဲနော်...ရယ်သံလေးကလည်း ဒီကမ္ဘာလောကနဲ့တောင် မထိုက်တန်ပါဘူး...အား ကျွန်မဆီက ဒီထင်းရှူးကိုင်းလေးကို လက်ခံပေးပါ..."

ထို့နောက် ထိုမိန်းကလေးသည် သူမ၏ ကြီးမား၍ တဖျတ်ဖျတ်တောက်ပနေသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ ထင်ရှူးကိုင်းလေးကို စွင်းယန်ရှေ့၌ ထောင်ပြလိုက်သည်။

စွင်းယန်သည် တွေဝေသွား၍ အရယ်ရပ်သွားသည်။

စွင်းယန်က ထိုနေရာ၌ မလှုပ်မယှက်ဖြစ်သွားသည်ကို မြင်၍ ချန်ရုံသည် မနေနိုင်ပဲ အော်ရယ်လိုက်မိသည်။ ထို့နောက် စွင်းယန် စိတ်ဆိုးသွားမည်ကိုကြောက်၍ တစ်ဖက်သို့လှည့်ကာ ရယ်သံကို ထိန်းချုပ်လိုက်ရသည်။

မိန်းကလေးများက ပျော်ရွှင်စွာ အော်ဟစ်ရယ်မောနေကြချိန်တွင် ချန်ရုံ့ဘေးမှ ပညာရှိနှစ်ဦး ဖြတ်သွားကြ၍ တစ်ဦးက ခပ်တိုးတိုးပြော‌နေသည်။

"နန်ယန်မြို့က ကြာရှည် တောင့်ခံ‌နိုင်တော့မှာမဟုတ်ဘူး..."

အခြား ပညာရှိတစ်ဦးကလည်း ခါးသီးစွာ သက်ပြင်းချလိုက်သည်။

"သေချင်စရာပါပဲ‌ဗျာ...နန်ယန်မင်းသားက သူအတတ်နိုင်ဆုံး သတင်းတွေကို ပိတ်ပင်ပြီး ဘယ်သူ့ကိုမှ ထွက်ခွင့်မပြုခဲ့ဘူးလေ...ကျွတ် အခုရော သူက ဘယ်လိုလုပ်ဦးမှာလဲ..."

ပထမပညာရှိက စွင်းယန်၊ ချန်ရုံနှင့် အခြားမိန်းကလေးများကို ကြည့်၍ သရော်သည့်လေသံဖြင့်ပြောလိုက်သည်။

"ရယ်စရာကောင်းတာကတော့ နန်ယန်တစ်မြို့လုံးက ငြိမ်းချမ်းနေတယ်ထင်နေကြတာပဲ...ရန်မင်းရဲ့ ကတိနဲ့ ဘယ်သူကမှ နန်ယန်မြို့ကို မတိုက်ခိုက်တော့ဘူးလို့ ထင်နေကြတာလေ...ရန်မင်းရဲ့ မျိုးရိုးနာမည်က ရှီ ဆိုတာ သူတို့ အမှတ်မရကြတော့ဘူး...ဟွန်း.. ရှီဟူကိုယ်တိုင်က ရန်မင်းကို နန်ယန်မြို့ကို သိမ်းပိုက်ဖို့ အမိန့်ပေးထားတာ...အဲ့ဒီအချိန်သာရောက်လာရင်‌တော့ မြို့ပြင်က စစ်တပ်နဲ့ မြို့ထဲက အကူစစ်တပ်တွေပါရှိနေမှာ ဘယ်သူကများ မိုးပေါ်ပျံပြီး ထွက်ပြေးနိုင်တော့မှာလဲ..."

ထိုပညာရှိနှစ်ယောက် ထွက်သွားသည်ကို ကြည့်၍ အထိန်းတော်ဖျင်က စိတ်ပူစွာ မေးလိုက်သည်။

"မမလေး...သူတို့ပြောသွားတာ အမှန်တွေပဲလား..."

ချန်ရုံက ပြန်မဖြေချေ။ ချန်ရုံသည် အတွေးများဖြင့် အောက်သို့ ခဏမျှ ငုံ့ကြည့်နေပြီးမှ ပြောလိုက်သည်။

"ကျွန်မတို့ အရင် ပြန်ကြရအောင်..."

"ဟုတ်ကဲ့..."

ချန်ရုံတို့သည် အနည်းငယ်ကြောက်လန့်နေကြသောကြောင့် ခဏတွင်းချင်းမှာပင် အိမ်သို့ပြန်ရောက်သွားကြသည်။ ချန်ရုံက အိမ်တော်၏ခြံဝန်းထဲသို့ ဝင်လိုက်ချင်းမှာပင် ချန်အိမ်တော်မှ ဘဏ္ဍာစိုးက ထွက်လာ၍ ချန်ရုံ့ကို မြင်မြင်ချင်းပင် ဆူပူပြောဆိုနေတော့သည်။

"သခင်မ‌လေး ဘယ်တွေသွားနေတာပါလဲ...မင်းသားရဲ့ စံအိမ်က အရေးကြီးတဲ့ကိစ္စတစ်ခုပြောစရာရှိလို့ဆိုပြီး လူတွေရောက်နေပါတယ်...သူတို့ သခင်မလေးကို စောင့်နေကြတာ အရမ်းကြာနေကြပြီ..."



Xxxxxx