အပိုင်း ၅၃
Viewers 18k


Chapter 53:
အိမ်တော်ထဲသို့ ဝင်ရောက်ခြင်း



ဘဏ္ဍာစိုးက ပြောစရာရှိသည်ကို ပြောပြီးသွားသောအခါ ချန်ရုံနှင့် အထိန်းတော်ဖျင်တို့၏ မျက်နှာများက ပြောင်းလဲသွားကြသည်ကို မြင်လိုက်ရသည်။

"ဘာလဲ..."

ဘဏ္ဍာစိုးက ဒေါသတကြီးနှင့် ခပ်ဆတ်ဆတ်မေးလိုက်သည်။

မည်သူကမှ ပြန်မဖြေကြချေ။ အထိန်းတော်ဖျင်က ချန်ရုံ့အား စိတ်ပူစွာ လှမ်းကြည့်လိုက်သည်။

ချန်ရုံ၏မျက်နှာသည် အပြာတစ်လှည့် အဖြူတစ်လှည့် အရောင်များပြောင်းနေသည်။ ယခုအချိန်အထိ အကြောင်းကိစ္စများသည် ချန်ရုံ၏ ယခင်ဘဝကအတိုင်း မပြောင်းမလဲ ရှိနေကြ၍ သူမ၏ လက်ခုပ်အတွင်းမှာပင် ရှိနေခဲ့သည်။

သို့သော် ယခု ချန်ရုံ၏ရှေ့မှောက်၌ ဖြစ်နေသည်က ချန်ရုံ၏ ယခင်ဘဝကနှင့် လုံးဝမတူတော့ပဲ ကွဲပြားနေလေသည်။

ချန်ရုံသည် သူမ၏ တုန်လှုပ်နေသော နှလုံးကို ငြိမ်သက်အောင်လုပ်လိုက်ပြီးမှ ညင်သာစွာမေးလိုက်သည်။

"ဘာတွေ အရမ်းအရေးကြီးနေတာလဲဆိုတာ ကျွန်မ သိခွင့်ရှိမလား..."

"ကျွန်တော်မျိုး ဘယ်လိုသိမှာပါလဲ..."

ဘဏ္ဍာစိုး၏ လေသံက အနည်းငယ်စိတ်မရှည်သည့်လေသံပေါက်နေသည်။ ထို့နောက် ဘဏ္ဍာစိုးက လောဆော်လိုက်ပြန်သည်။

"သခင်မလေး မြန်မြန်သွားပါ...မင်းသားရဲ့လူတွေ အကြာကြီး စောင့်မနေရပါစေနဲ့..."

"သခင်မလေး ရှေ့ကသွားပါ..."

ဘဏ္ဍာစိုးက ရထားလုံးရပ်ထားသည့် ရင်ပြင်နေရာသို့ လက်ညှိုး ညွှန်ပြလိုက်သည်။


ချန်ရုံက မလှုပ်မယှက်ရပ်နေသည်။ ခဏနေမှ ဘဏ္ဍာစိုးအား အရိုအသေပေး၍ ပြောလိုက်သည်။

"ခဏလောက်စောင့်ပေးပါ...အခုက ရုတ်တရက်ကြီးဖြစ်သွားတဲ့အတွက် ကျွန်မ ပြင်ဆင်စရာလေးတွေ ရှိလို့ပါ..."

"မလိုပါဘူး..."

ဘဏ္ဍာစိုးက ချန်ရုံ့အား စိတ်ပျက်လက်ပျက်ကြည့်ကာ အသံကလည် မာလာသည်။

"မင်းသားရဲ့စံအိမ်က လူတွေက လိုအပ်သမျှ အကုန်ပြင်ဆင်ထားပါတယ် သခင်မလေး..."

ထို့နောက် ဘဏ္ဍာစိုးက တိုက်တွန်းလိုက်ပြန်သည်။

"သွားကြရအောင်ပါ..."

ချန်ရုံသည် စဉ်းစား၍ အရိုအသေပေးလိုက်ကာ ဘေး၌ရပ်နေသော အထိန်းတော်ဖျင်ကို တီးတိုးပြောလိုက်သည်။

"အခုတော့ အထိန်းတော်ဖျင်ဒီမှာနေခဲ့ပြီး အခု ဖြစ်ပျက်သွားသမျှကို တပ်မှူးစွင်းကိုပြောပြလိုက်ပါ..."

"ဟုတ်ကဲ့ပါ မမလေး..."

ချန်ရုံက ခေါင်းငြှိမ့်၍ ရထားလုံးရပ်ထားရာနေရာသို့ လျှောက်လာလိုက်သည်။

ထိုနေရာ၌ မင်းသား၏အိမ်တော်မှ လူများသည် စောင့်ရသည်မှာကြာလွန်း၍ အိပ်ငိုက်နေကြသည်။ အစေခံတစ်ဦးက ချန်ရုံ့အား မြင်သောအခါ မျက်နှာကို မဲ့ရွဲ့၍ စိတ်မရှည်စွာ ငြူစူလိုက်သည်။

"သခင်မလေးက တခြားလူတွေကို ကောင်းကောင်းကြီး စောင့်ခိုင်းတတ်တာပဲနော်..."

ချန်ရုံကတော့ ဘာမှပြန်မပြောပဲ ခေါင်းကိုငုံ့၍ ရထားလုံးပေါ်သို့သာ တက်လိုက်သည်။

ထို့နောက်တွင်တော့ ရထားလုံးသည် ချန်အိမ်တော်၏ ဘေးတံခါးပေါက်မှ စတင်ထွက်ခွာစပြု‌တော့သည်။

ရထားလုံးထဲတွင် ချန်ရုံသည် အစေခံအမျိုးသမီးနှစ်ယောက်ကြား၌ ညပ်နေလေသည်။ ထိုအစေခံများသည် စူးရှ၍ ရိုင်းစိုင်းသောမျက်လုံးများဖြင့် ချန်ရုံ့တစ်ကိုယ်လုံးကို သိမ်းကြုံး၍ ကြည့်နေကြလေသည်။

ချန်ရုံကတော့ ကြိုးစား၍ သိမ်မွေ့စွာပင် ထိုင်နေလေသည်။

ကျယ်ပြန့်သော အင်္ကျီဝတ်ရုံလက်အောက်တွင် ချန်ရုံသည် လက်များကို တစ်ချောင်းနှင့်တစ်ချောင်း ဆုပ်ကိုင်၍ ဦးနှောက်ကို အစွမ်းကုန်အသုံးချ၍ စဉ်းစားနေမိသည်။ နောက်ဆုံးတွင်တော့ ချန်ရုံသည် ရှေ့သို့ တစ်လှမ်းချင်းစီသာ တိုးရန် ဆုံးဖြတ်လိုက်ရသည်။

မင်းသား၏အိမ်တော်သည် မြို့၏ တောင်ဘက်ပိုင်း၌ရှိ၍ အလွန်ကျယ်ပြန့်သော နေရာကိုယူထား၍ ခြံဝန်းထဲတွင် အိမ်များအများအပြား တည်ဆောက်ထားသောကြောင့် မြင်ရသည်မှ အသက်ရှူမှားလောက်အောင်ပင် ရင်သပ်ရှုမောဖွယ်ဖြစ်သည်။

ရထားလုံးက ပင်မဂိတ်တံခါးကို ကျော်ဖြတ်ပြီးသောအခါ လမ်းပေါ်မှနေ၍ ဘေးတံခါးပေါက်တစ်ခုဆီသို့ ကွေ့ဝင်လိုက်သည်။

ထိုတံခါးဝကိုကျော်လိုက်သောအခါ အိမ်စေအမျိုးသမီးများ သွားလာလှုပ်ရှားနေသော ပန်းခြံငယ်လေးတစ်ခုဆီသို့ရောက်သွားသည်။ ထိုအိမ်စေများအားလုံးသည် ပန်းထိုးပိုးထည်များ၊ ကျောက်စိမ်းရတနာများနှင့် အမွှေးအိတ်များကိုယ်စီ ဆင်ယင်ထားကြသည်။ ထိုအိမ်စေများသည် ချန်ရုံကဲ့သို့ အထက်တန်းလွှာအမျိုးသမီးတစ်ဦးထက်ပင် ပို၍ ခမ်းနားသား‌နားနေလေသည်။


ထိုပန်းခြံတစ်ခုလုံး၌ အစောင့်ဟူ၍ တစ်ယောက်မျှ မရှိသည်ကို ချန်ရုံသတိထားလိုက်မိသည်။

ချန်ရုံက အိမ်တော်၏ခြံဝန်းထဲသို့ ဝင်လာစဉ်တည်းက သေချာစူးစိုက်၍ လှည့်ပတ်ကြည့်နေသည်ကို မြင်သောအခါ အိမ်စေများက မထိန်းချုပ်နိုင်ပဲ ရယ်မောကုန်ကြသည်။

"ဒီလို ချမ်းသာကြွယ်ဝတဲ့ နေရာမျိုးကို သခင်မလေးက တစ်ခါမှ မတွေ့ဖူးဘူးထင်တယ်..."

ချန်ရုံကတော့ ဘာမှပြန်မဖြေလိုက်ပေ။

ထိုအခါ၌ ချန်ရုံ၏ညာဘက်မှ အသက်ကြီးသော အစေခံက သက်ပြင်းချ၍ ပြောလိုက်သည်။

"သခင်မလေးက ယဉ်ကျေးမှုမရှိဘူးလို့ လူတွေကပြောနေကြတာ...အခုမှပဲ ကျွန်မကိုယ်တိုင် မြင်တွေ့ရတော့တယ်..."

ထိုအစေခံ၏ သက်ပြင်းချသံက ရှည်လျား၍ လေးလံနေသည်။

ချန်ရုံသည် ဘေးသို့လှည့်၍ ထိုအစေခံအားကြည့်လိုက်ကာ ခေါင်းကို အနည်းငယ်ကိုင်း၍ လေးစားမှုကိုပြလိုက်သည်။

သို့သော်လည်း ချန်ရုံ၏ပုံစံက အခြားလက်အောက်ခံအိမ်တော်များမှဆင်းသက်လာသော မိန်းမပျိုများနှင့်မတူပဲ အနည်းငယ် ဆောင့်ကြွားကြွားနိုင်နေသောကြောင့် အသက်ငယ်သောအစေခံက မကျေနပ်သည့်လေသံ ပြုလုပ်လိုက်သည်။

ရထားလုံးက ပန်းခြံလေးကို ဖြတ်ပြီး၍ သစ်ပင်များအုပ်ဆိုင်း‌နေသော လမ်းလေးထဲသို့ ဝင်ပြီးသောအခါ ရေကန်ဘေးရှိ စင်္ကြန်လမ်းပေါ်သို့ ရောက်သွားသည်။ ထို့နောက် ရင်ပြင်တစ်ခုက ချန်ရုံ၏မြင်ကွင်းထဲသို့ ရောက်လာသည်။

အစေခံနှစ်ယောက်သည်လည်း ဘာစကားမှမပြောတော့ပဲ ချန်ရုံကို ရထားလုံးပေါ်မှဆင်းနိုင်ရန် တစ်ယောက်တစ်ဖက်စီ တွဲချပေး၍ တောင်ဘက်ပိုင်းသို့ ခေါ်ဆောင်သွားသည်။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးသောအခါမှာပင် ခြံဝန်းတစ်ခုစီသို့ရောက်သွားသည်။

ထိုခြံဝန်းဆီသို့ ချန်ရုံမရောက်ခင်မှာပင် အမျိုးသမီးများ၏ မြူးတူးပျော်ပါးနေသော ရယ်သံများကြားလိုက်ရသည်။

ချန်ရုံက ရပ်၍ ခပ်ဖြည်းဖြည်းမေးလိုက်သည်။

"အရှင်မင်းသားက အရေးကြီးတဲ့ကိစ္စပြောစရာရှိလို့ ကျွန်မကို ဒီကို ခေါ်လာတာမဟုတ်ဘူးလား...ရှင်တို့က ဘာဖြစ်လို့ အမျိုးသမီးတွေရဲ့အဆောင်ဆီကို ကျွန်မကို ခေါ်လာတာပါလဲ..."

အိမ်စေနှစ်ယောက်က ရယ်လိုက်ကြသည်။

အိမ်စေအငယ်က ပါးစပ်ကို အုပ်၍ ပြန်ပြောလိုက်သည်။

"အရှင်မင်းသားက အရေးကြီးကိစ္စရှိတယ်လို့ပြောပေမယ့် အဲ့ဒီအရေးကြီးကိစ္စက မနက်ဖြန်မှလည်း ပေါ်ရင်ပေါ်လာမယ်...ဒါမှမဟုတ် သန်ဘက်ခါမှလည်း ပေါ်ရင်ပေါ်လာမယ်...ရှင်းအောင်ပြောရရင်တော့ အရှင်မင်းသားရဲ့ အစီအစဉ်တွေ ရှင်းလင်းနေမှသာ အရှင်က သခင်မလေးကိုခေါ်မှာပါ...သခင်မလေးလို ဘာမှမဟုတ်တဲ့ မိန်းမငယ်လေးတစ်ယောက်အတွက်နဲ့ အရှင်မင်းသားက အလုပ်အကုန်လုံးကို ပစ်ချပြီး လာဆီးကြိုမယ်လို့တော့ သခင်မလေး ထင်နေတာတော့ မဟုတ်ဘူးမလား..."

ချန်ရုံက ခေါင်းကိုလှည့်လိုက်သည်။

ချန်ရုံ၏မျက်လုံးများ အိမ်စေနှစ်ယောက်ကို စူးရဲစွာ စိုက်ကြည့်နေသည်။ အိမ်စေနှစ်ယောက်သည် ထိုကဲ့သို့သော လူသတ်ချင်စိတ်ပြင်းပြသည့် အကြည့်မျိုးကို တစ်ခါမှ မတွေ့ဖူးကြချေ။ ထို့ကြောင့် လန့်သွားကြကာ ချက်ချင်းပင် နောက်သို့ ဆုတ်မိသွားကြသည်။

"ဪ ဟုတ်လား..."

ချန်ရုံက မဲ့ပြုံးတစ်ချက်ပြုံးကာ အင်္ကျီဝတ်ရုံလက်များကို လှုပ်ခါ၍ လှည့်ထွက်လိုက်သည်။

"ရှင်တို့ရဲ့ အရှင်မင်းသားက ရိုးသားမှုဆိုတာက တခြားလူတွေနဲ့သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံနိုင်မှုရဲ့ သော့ချက်ပဲဆိုတာ မေ့နေတယ်ထင်တယ်...သူက အရေးကြီးကိစ္စအတွက် ကျွန်မကို လိုအပ်တယ်လို့ ခေါ်တုန်းကခေါ်ပြီးတော့ အခုကျတော့ ကျွန်မကို လျစ်လျူရှုနေတယ်ပေါ့...ဒါကို ရင်းနှီးပျူငှာမှု လို့ခေါ်တာလား...ကျွန်မကို လျစ်လျူရှုတာနဲ့တင် တော်တော်ဆိုးနေပြီကို အခုက ကျွန်မကို မင်းသားရဲ့ အတွင်းအဆောင်တွေအထိပါ ခေါ်လာရဲတယ်ပေါ့...ဒီလို အရှက်ခွဲခံရခြင်းမျိုးကို သည်းခံဖို့ ကျွန်မမှာ စိတ်စေတနာမရှိဘူး..."

ချန်ရုံကပြောပြီးသောအခါ ခေါင်းမှ ရွှေဆံထိုးကိုဖြုတ်ယူ၍ ညာဘက်လက်ဖြင့် ‌လှည့်ကာ ချွန်ထက်သည့်အဖျားဖြင့် သူမ၏ လည်ပင်းဆီသို့ ချိန်ရွယ်ထားလိုက်တော့သည်။

ချန်ရုံ၏လှုပ်ရှားမှုများသည် အလွန်ပင် ချောမွေ့ကာ လျင်လည်းလျင်မြန်၍ တွန့်ဆုတ်ခြင်းလည်းမရှိပေ။

အိမ်စေနှစ်ဦးသည် ပထမတွင်တော့ ကြောင်အသွားကြ၍ ထို့နောက်တွင်တော့ ရယ်ချင်သွားကြသည်။ သို့သော် ချန်ရုံ၏ ပြင်းပြစူးရဲသောမျက်လုံးများကို တွေ့လိုက်ရသောအခါ အိမ်စေများသည် မရယ်ရဲကြတော့ချေ။ သူတို့၏ရှေ့မှမိန်းကလေးသည် မည်သည့်အရာကိုမဆို လုပ်ရဲသူမှန်း သတိထားမိသွားကြသည်။

အိမ်စေနှစ်ယောက်သည် မလှုပ်ရဲပဲ တောင့်တင်းသွားကြသည်။

ချန်ရုံသည် ရွှေဆံထိုးကို လည်မျိုသို့သာ ချိန်ရွယ်ထား၍ အိမ်စေနှစ်ယောက်အား မျက်တောင်မခတ်တမ်းစိုက်ကြည့်ကာ စကားတစ်ခွန်းမျှ မပြောချေ။

တိတ်ဆိတ်မှုက တဖြည်းဖြည်း ကြီးထွားလာသည်။

ထိုအချိန်၌ ချန်ရုံ‌၏နောက်ရှိ တံ‌ခါးပေါက်မှ စူးရှသောအသံတစ်သံထွက်ပေါ်လာသည်။

"ဟားဟား ဒီလောက်အထိ လုပ်စရာမလိုပါဘူး..."

အသက်ငါးဆယ်ခန့်ရှိပြီဖြစ်၍ ပညာရှိအဝတ်အစားများ ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါးလူတစ်ယောက်က ချန်ရုံ့နားသို့ ရောက်လာလေသည်။

ထိုလူကို ချန်ရုံသိလေသည်။ ထိုလူသည် နန်ယန်မင်းသားလက်အောက်၌ အမှုထမ်းသော အကြံပေးရှု ဖြစ်သည်။ အရင်ဘဝတုန်းက ထိုလူအိုကြီးသည် ချန်ရုံ့အား သားရဲတစ်ကောင်ကဲ့သို့ အမြဲအကဲခတ်၍ ချန်ရုံ့ကို ပိုင်ဆိုင်ခွင့်ရရန် အမြဲ ကြိုးစားနေသူဖြစ်သည်။

ထိုလူသည် အနားသို့ရောက်ရောက်ချင်းမှာပင် ကြွက်စုတ်ကဲ့သို့ ရွံရှာဖွယ်ကောင်းသည့် မျက်လုံးများက ချန်ရုံ၏ ရင်ဘတ်နှင့် တင်ဆီသို့ ရောက်သွားကြသည်။ ထိုလူ၏မျက်လုံးများက ထိုနေရာများမှ မရွေ့ပဲ ပါးစပ်ကပြောနေလေသည်။

"ချန်ရှုပြောတဲ့အတိုင်းပဲ မင်းက တကယ်လည်း မလွယ်တဲ့ မိန်းကလေး...ဟဲဟဲ အားရုံလေး မင်းဘာတွေဒေါသထွက်နေတာလဲ...သူတို့တွေက မင်းကိုစနေကြတာပါ...ဒီလို အစေခံလေးတွေနဲ့ ပြိုင်ပြီး ဒေါသထွက်နေတာက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရာမရောက်ဘူးလား..."

ထို့နောက် အကြံပေးရှုသည် လက်ခုပ်တီး၍ အော်ပြောလိုက်သည်။

"ရထားလုံးဘယ်မှာလဲ...အရှင်မင်းသားက ချန်ရုံ့ကို အခုထိ စောင့်နေတုန်းပဲ..."


Xxxxxx