အပိုင်း ၅၄
Viewers 18k


Chapter 54
နန်ယန်မြို့၏မင်းသား



ထိုကဲ့သို့ ရွံရှာဖွယ်ကောင်းသော ကြွက်စုတ်မျက်လုံးများဖြင့် ခန္ဓာကိုယ်ကို အကြည့်ခံနေရသောကြောင့် ချန်ရုံသည် မသက်မသာဖြစ်လာမိသည်။ ထို့ကြောင့် ချန်ရုံသည် သူမ၏ ဦးထုပ်ကို ဆွဲယူ၍ ထွက်လာသော ရထားလုံးဆီသို့ လျှောက်သွားလိုက်သည်။

ချန်ရုံ ရထားလုံးပေါ်သို့တက်သွားမှပင် အကြံပေးရှု၏ မျက်လုံးများက ချန်ရုံ့ထံမှ ခွာသွားတော့သည်။ အကြံပေးရှုသည် ရထားလုံးမောင်းသူကို လှမ်းအော်ပြောလိုက်သည်။

"သွားကြမယ်..."

"ဟုတ်ကဲ့..."

မင်းသား၏ အိမ်တော်ခြံဝန်းသည် တကယ်ပင် အလွန်ကျယ်ဝန်းလှပါသည်။ နာရီဝက်ခန့် ကွေ့ပတ်၍ မောင်းပြီးကာမှ အပြင်မှ အော်သံထွက်လာသည်။

"အရှင်မင်းသားရဲ့ အဆောင်တော်ဆီ ရောက်ပါပြီ..."

ရထားလုံးဆီမှ လိုက်ကာပွင့်သွား၍ အစေခံလေးတစ်ဦးက ချန်ရုံ့ကိုတွဲ၍ ချပေးလိုက်သည်။

ချန်ရုံသည် ရထားလုံးပေါ်မှဆင်း၍ ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ အဆောင်တော်သည် အနောက်မှ အဆောက်အအုံများနှင့် တစ်သီးတစ်သန့်ဖြစ်နေသော အိမ်ငယ်လေးဖြစ်သည်။ ထိုအိမ်ပတ်ဝန်းအနီး၌ သွားလာနေကြသော ပညာရှိများကိုကြည့်၍ ချန်ရုံသည် အနည်းငယ်စိတ်အေးသွားသောကြောင့် သက်ပြင်းချလိုက်မိသည်။

အကြံပေးရှု၏ မျက်လုံးများက ချန်ရုံ့ပေါ်သို့ ရောက်လာကြပြန်သည်။ အကြံပေးရှုသည် သူ၏ ဝါကျင်နေသောသွားများပေါ်အောင်ပြုံး၍ ချန်ရုံ့အား ကြည့်နေလေသည်။

"ချန်အိမ်တော်ရဲ့ အားရုံက အရှင်မင်းသားကို သိပ်ယုံကြည်ပုံမရဘူးထင်တယ်..."

အကြံပေးရှု၏ လေသံက ထူးဆန်းနေသည်။

ချန်ရုံက ရှေ့သို့သာလျှောက်သွား၍ နောက်သို့ ပြန်လှည့်မကြည့်တော့ပေ။

"ကိုယ့်ကို တခြားလူတွေက ယုံကြည်စေချင်ရင် လူတွေကိုလည်း မလှည့်စားနဲ့ပေါ့ရှင်..."

ချန်ရုံ၏ ခေါင်းမာသောလေသံက အကြံပေးရှုကို တုန်လှုပ်သွားစေသည်။ ချန်ရုံသည် မင်းသားနှင့် သူ့ကို စော်ကားမိမည်ကိုတော့ ကြောက်လိမ့်မည်ဟု အကြံပေးရှုထင်ထားမိခဲ့သည်။ ထိုမိန်းမငယ်လေးသည် မည်သူ့ကိုမှစော်ကားမိမည်ကို ဂရုမစိုက်မှန်း အကြံပေးရှု မသိခဲ့ပါ။

ချန်ရုံ၏ စိတ်နေစိတ်ထားသည် အခြားလူများအတွက်တော့ တကယ်ပင် ဒေါသထွက်ချင်စရာဖြစ်ပေသည်။

ချန်ရုံသည် ခြေလှမ်း ဆယ်လှမ်းမျှသာ လျှောက်ပြီးသောအခါ အရှေ့မှ ရင်းနှီးနေသော ရယ်သံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် ချန်ယွမ်နှင့် ချန်အိမ်တော်မှ အခြားပညာရှိအချို့တို့က အိမ်တော်ထဲမှ ထွက်လာကြသည်ကို တွေ့လိုက်ရလေသည်။

ချန်ယွမ်တို့ကို တွေ့သောအခါ ချန်ရုံ၏ခြေလှမ်းများရပ်သွားသည်။

ချန်ယွမ်ကလည်း ရယ်နေရင်းဖြင့် ချန်ရုံကို လှမ်းကြည့်လိုက်သည်။ ချန်ယွမ်သည် ရှေ့သို့ တိုး၍ ညင်သာစွာ မေးလိုက်သည်။

"မင်း ရောက်လာပြီလား အားရုံ..."

"ဟုတ်ကဲ့..."

ချန်ရုံက မော့ကြည့်လိုက်သည်။

"ဦးလေးက ဘယ်သွားမလို့ပါလဲ..."

ချန်ရုံသည် နှုတ်ခမ်းများကို တင်းတင်းကိုက်ထားမိသည်။ အကာအရံပါသော ဦးထုပ်နောက်ကွယ်၌ ချန်ရုံ၏ မျက်လုံးများသည် မျက်ရည်များဝိုင်းလာမိသော်လည်း အသံကတော့ မာထန်နေဆဲပင်။

"လင်ယောင်္ကျားမရှိတဲ့ ကျွန်မလို မိန်းမငယ်တစ်ယောက်ကို မင်းသားရဲ့အိမ်တော်မှာ တစ်ယောက်တည်းထားခဲ့ပြီး ထွက်သွားဖို့ စဉ်းစားနေတာတော့မဟုတ်ပါဘူးနော် ဦးလေး..."

ချန်ယွမ်က တောင့်တင်းသွားသည်။

စက္ကန့်အနည်းငယ်ကြာသောအခါမှ ချန်ယွမ်သည် သုန်မှုန်သော မျက်နှာနှင့် ခပ်ဆတ်ဆတ်ပြောလိုက်သည်။

"ဘာအဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေတာလဲ အားရုံ...အရှင်မင်းသားက မင်းရဲ့ ဒီကိုလာတဲ့လမ်းမှာ သုံးခါတိတိမှန်ကန်ခဲ့တဲ့ ခန့်မှန်းမှုတွေအကြောင်းကိုကြားပြီး မင်းရဲ့ အသိပညာကို နှစ်သက်တော်မူလို့ စစ်ပွဲအကြောင်းတွေမေးဖို့ခေါ်လိုက်တာ...ဘယ်လောက်တောင် ကြီးမြတ်တဲ့ ဂုဏ်ယူစရာလဲ...မင်းဟာ ဘယ်လိုတောင် မိုက်မဲတဲ့ ကလေးမ လဲ..."

ချန်ရုံက ချန်ယွမ်အား အရိုအသေပေးလိုက်သော်လည်း ခေါင်းမာစွာဖြင့် ဆက်ပြောလိုက်သေးသည်။

"ကျွန်မ သိတာကတော့ ကျွန်မက ကာမပိုင် လင်ယောင်္ကျားမရှိတဲ့ အမျိုးသမီးဖြစ်ပါတယ်...အဲ့ဒါကြောင့် အမျိုးသားတွေရှိနေတဲ့ အဆောင်တော်မှာ တစ်ယောက်တည်းနေခဲ့ရမှာ မသင့်တော်ဘူးလို့ မြင်မိပါတယ်..."

"မသင့်တော်ဘူး ဟုတ်လား..."

ချန်ယွမ်က လှောင်ပြောင်သရော်၍ တစ်စုံတစ်ခုပြောမည်ပြင်လိုက်သော်လည်း မပြောတော့ပဲ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။

ထို့နောက် ချန်ယွမ်သည် အင်္ကျီဝတ်ရုံလက်များကို လှုပ်ခတ်၍ စိတ်မရှည်စွာပြောလိုက်သည်။

"တော်ပြီ...အရှင့်သားက မင်းကိုစောင့်နေရတာ အတော်ကြာနေပြီ...အထဲကို ဝင်တော့..."

ချန်ယွမ်က ပြောပြီးသောအခါ ချန်ရုံစကားပြန်ပြောသည်ကို စောင့်မနေတော့ပဲ အလျင်အမြန်ပင် ထွက်သွားတော့သည်။

ချန်ရုံက ချန်ယွမ်၏ နောက်ကျောကို မလှုပ်မရှား ငေးကြည့်နေမိလေသည်။

ထိုအချိန်၌ ချန်ရုံ၏ဘေးသို့ အစေခံနှစ်ဦး ရောက်လာလေသည်။ သူတို့ ဘာမှမပြောနိုင်ခင်မှာပင် ချန်ရုံက ခေါင်းကိုငုံ့၍ ရှေ့သို့ ဆက်သွားလိုက်သည်။

အကြံပေးရှုက ချန်ရုံတို့အား အရှေ့ဘက်သို့ အရင်ခေါ်သွား၍ ထို့နောက် အနောက်ဘက်သို့ ချိုးကာ ရေကန်ငယ်လေးတစ်ခုဘေးမှ ဘေးတံခါးကိုဖြတ်ကျော်ဝင်ပြီးမှ ခန်းဆောင်တစ်ခုဆီသို့ ရောက်သွားတော့သည်။

ခန်းဆောင်အနည်းငယ်ကို ကျော်ဖြတ်ပြီးသောအခါမှ ပင်မခန်းမဆောင်က ချန်ရုံ၏ မျက်စိရှေ့၌ ပေါ်လာတော့သည်။ ချန်ရုံတို့သည် ထိုခန်းမဆောင်နှင့် အနည်းငယ် ကွာဝေးသေးသော်လည်း မွှေးရနံ့များက ချန်ရုံ၏နှာခေါင်းထဲသို့ တိုးဝင်လာကြသည်။ ထိုရနံ့များအပြင် သက်ကြီးပိုင်းလူတစ်ဦး၏ ရယ်သံခပ်တိုးတိုးကိုလည်း ကြားလိုက်ရလေသည်။

အကြံပေးရှုကတော့ တောက်ပစွာ ပြုံးနေ၍ မျက်လုံးများကို ချန်ရုံ၏ ခန္ဓာကိုယ်မှ အကြည့်လွှဲကာ ပြောလိုက်သည်။

"အထဲဝင်သွားလေ...အရှင်မင်းသားက အထဲမှာ ရှိတယ်..."

ချန်ရုံက ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်း၍ အကြံပေးရှုကို အရိုအသေပေးလိုက်သည်။

"အရှင်မင်းသားက ကျွန်မနဲ့စကားပြောမယ်ဆိုရင် ကျွန်မကို ကန့်လန့်ကာနောက်မှာ ထိုင်ခွင့်ပေးပါ..."

အကြံပေးရှုက သုန်မှုန်စွာဖြင့် ချန်ရုံအား မျက်စောင်းထိုးလိုက်သည်။

"မင်းက ဘာဖြစ်လို့ အရမ်း ဒုက္ခပေးရတာလဲ..."

ထို့နောက် အစေခံနှစ်ယောက်ဘက်သို့ လှည့်ကာ အော်လိုက်သည်။

"သူ့ကို အထဲခေါ်သွားလိုက်..."

အကြံပေးရှု၏ အမိန့်တွင် အစေခံနှစ်ယောက်သည် ချန်ရုံ၏ တစ်ဖက်တစ်ချက်သို့ ရောက်လာ၍ ချန်ရုံ့အား အရိုအသေပေးကာ ငေးကြည့်နေကြသည်။

ထိုအချိန်၌ ချန်ရုံသည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ မာန်တင်ပြီးဖြစ်၍ မျက်နှာအိုအိုဖြင့်ပြောလိုက်သည်။

"အရှင်မင်းသားရဲ့ အိမ်တော်ကလူတွေက ယဉ်ကျေးမှုကို နားမလည်ကြဘူးလား..."

အကြံပေးရှုက စိတ်မရှည်ဖြစ်လာသည်။

"အရှင်မင်းသားက ယဉ်ကျေးမှုတွေ ထုံးတမ်းစဉ်လာတွေကို နားမလည်ပဲ အိမ်တော်က အရမ်းကို ဖရိုဖရဲဖြစ်နေတယ်လို့ မင်းက ပြောချင်နေတာလား..."

ချန်ရုံက သူ့စကားကြောင့် တောင့်တင်းသွား၍ ချန်ရုံ၏မျက်နှာလေးကလည်း ကြောက်လန့်သွားသည်ကိုကြည့်၍ အကြံပေးရှု ကျေနပ်သွားသည်။

အကြံပေးရှုသည် ရယ်လိုက်၍ ချန်ရုံ့ဆီသို့ လက်ကို လှမ်းလိုက်ရာ ချန်ရုံ၏ ဖွံ့ဖြိုးသော ရင်အုံကို ပွတ်မိသွားသည်။

"အထဲကိုဝင်တော့...မိန်းကလေးတွေက ဒီလို ခေါင်းမာနေရင် ဒုက္ခတွေ့မယ်နော်...ယောင်္ကျားတွေက မင်းအပေါ်မှာ အာဏာတွေသုံးဖို့ မင်းကိုယ်တိုင်ကပဲ ဖိအားပေးနေသလို ဖြစ်သွားလိမ့်မယ်..."

အကြံပေးရှုက ပြောပြီးသောအခါ ချန်ရုံ၏ကျောကုန်းပေါ်သို့ လက်တင်၍ ခန်းမဆောင်ထဲသို့ တွန်းပို့လိုက်တော့သည်။

ခန်းမဆောင်ထဲ၌ နူးညံ့ပါးလွှာသော လိုက်ကာလေးခုက လေထဲ၌ လွင့်နေကြ၍ သော်ကပန်းရနံ့ကလည်း အခန်းထောင့်ရှိ အမွှေးနံ့သာမီးဖိုမှ တငွေ့ငွေ့ သင်းပျံ့နေသည်။

ချန်ရုံသည် ခေါင်းကိုမော့၍ အိမ်ရှင်၏ ထိုင်နေရာသို့ ကြည့်လိုက်သည်။

ထင်ထားသည့်အတိုင်းပင် ဝဝဖိုင့်ဖိုင့်အမျိုးသားကြီးတစ်ဦးသည် ကွပ်ပျစ်ညောင်စောင်းပေါ်၌ ခြေထောက်များကိုကား၍ ထိုင်နေပြီး ထိုလူ၏ဘေးတစ်ဖက်စီ၌ အလွန်လှပစွာ ဝတ်စားထားသော အမျိုးသမီးတစ်ဦးစီ ရှိနေလေသည်။

ချန်ရုံသည် ဘယ်ညာ သို့ ကြည့်လိုက်၍ နောက်ဆုံးတွင်မှ ညာဘက်အခန်းထောင့်တွင် လူတစ်ဦးက စာများကုန်းရေးနေသည်ကို မြင်လိုက်ရသည်။

ချန်ရုံသည် ခဏစဉ်းစားလိုက်၍ အစေခံများမှ တိုက်တွန်းစရာပင်မလိုပဲ ရှေ့သို့ တိုးကာ အရိုအသေပေး၍ ပြောလိုက်သည်။

"နှုတ်ခွန်းဆက်သပါတယ် မြင့်မြတ်တဲ့အရှင်မင်းသား..."

"ချန်အိမ်တော်ရဲ့အားရုံလား...ဟဲဟဲ လာပါ လာပါ..."

နန်ယန်မင်းသားသည် ဘေးမှ ‌အလှလေးနှစ်ဦးကို တွန်းဖယ်ပစ်၍ ချန်ရုံ့အား မျက်နှာ၏ အဆီပြင်များကြားမှ သေးငယ်သောမျက်လုံးအစုံနှင့် စူးစိုက်ကြည့်နေလေသည်။

ချန်ရုံသည် ဝတ်ရုံအောက်၌ လက်များကို အချင်းချင်းဆုပ်နယ်၍ နှုတ်ခမ်းများကို ဖိကိုက်ကာ ရှေ့သို့ တစ်လှမ်းထပ်တိုးလိုက်သည်။

ထိုအချိန်မှာပင် လူရိပ်နှစ်ရိပ်က တံခါးမှဝင်လာကြသည်။

ထိုအရိပ်နှစ်ခုမှ ထူထပ်သောစာရွက်ပုံနှစ်ပုံကို သယ်လာသော ပညာရှိနှစ်ဦးဖြစ်ပေသည်။ ပညာရှိနှစ်ဦးလုံးသည် ဝတ်ရုံရှည်များကိုဝတ်၍ မျက်နှာများကလည်း တည်ငြိမ်နေကြသည်။

ထိုပညာရှိနှစ်ဦးကိုမြင်လိုက်သောအခါမှ ချန်ရုံလည်း အနည်းငယ် စိတ်အေးသွားသည်။

ပညာရှိများသည် ချန်ရုံ့နားမှ ဖြတ်ကျော်သွား၍ မင်းသား၏ ရှေ့၌ ထိုင်လိုက်သည်။ ဘယ်ဘက်မှပညာရှိက စာရွက်ထပ်ကြီးမှ စာရွက်အချို့ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။

"အရှင်...ဒါတွေက ဟူလူမျိုးတွေကို ပြန်လည်တော်လှန်ဖို့ အထက်တန်းလွှာက ပညာရှိတွေ ရေးဆွဲထားတဲ့ ဗျူဟာတွေပါ..."

"ဖွင့်လိုက်..."

ပညာရှိနောက်တစ်ဦးက ပိုးပေစာတစ်ခုကို ဖြန့်လိုက်၍ စုတ်တံဖြင့် စုတ်ချက်အချို့ရေးဆွဲပြီးမှ ချန်ရုံ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဒါ ချန်အိမ်တော်က မိန်းကလေးလား..."

"ဟုတ်ကဲ့..."

ချန်ရုံက ယဉ်ကျေးစွာ အရို‌အသေပေးလိုက်သည်။

"ဒီမိန်းကလေးဖို့ ထိုင်ဖုံနဲ့ ကန့်လန့်ကာ ယူလာပေးလိုက်ပါ..."

"ဟုတ်ကဲ့ပါ သခင်..."

"မိန်းကလေး ထိုင်ပါ..."

ပညာရှိက ချန်ရုံ့အား လှည့်ကြည့်၍ ပုံမှန်အတိုင်းပင်ပြောလိုက်သည်။

"ဟုတ်ကဲ့..."

ချန်ရုံက ခြေထောက်ကိုကြွလိုက်၍ ကန့်လန့်ကာနောက်သို့ဝင်ကာ ထိုင်လိုက်သည်။

ထိုအချိန်တွင် ချန်ရုံ၏နှလုံးသားထဲ၌ တိတ်တခိုးလေးမျှော်လင့်နေမိသည်။

နန်ယန်မြို့ရဲ့မင်းသားက တကယ်ပဲ ဟူလူမျိုးတွေအကြောင်းပြောဖို့အတွက် ငါ့ကို ဖိတ်ခေါ်ခဲ့တာများလား...



Xxxxxx