Chapter 55:
အညံ့မခံသောချန်ရုံ
"မင်း တပ်မှူးစွင်းကို တကယ်ပဲ ရိက္ခာဆယ်စီး ပေးခဲ့တာလား..."
ပညာရှိတစ်ဦးက မေးလိုက်သည်။
"ဟုတ်ကဲ့..."
ချန်ရုံက ပျော့ပျောင်းစွာဖြေလိုက်သည်။
ပညာရှိက ခေါင်းငြှိမ့်၍ ထပ်မေးလိုက်ပြန်သည်။
"မင်းက တပ်မှူးစွင်းနဲ့ နန်ယန်မြို့ကို လာတဲ့လမ်းမှာ တွေ့ခဲ့တာလား...တပ်မှူးစွင်းက ဒီမြို့ကို ရောက်ရောက်ချင်းမှာပဲ မင်းကိုပထမဆုံး ပြေးတွေ့ခဲ့တယ်လို့ ငါကြားတယ်...အဲ့ဒီသတင်းက မှန်ပါသလား..."
"မှန်ပါတယ် အရှင်..."
ဒီပညာရှိက ဘာဖြစ်လို့ ပါးစပ်ဖွင့်လိုက်တာနဲ့ စွင်းယန်အကြောင်းကိုပဲ မေးနေရတာလဲ...
ချန်ရုံက တွေးလိုက်မိသည်။
သူတို့တွေက ရန်မင်းက နန်ယန်မြို့ကို တိုက်ခိုက်မယ်ဆိုတာကို တကယ်ယုံနေကြတာလား...
ချန်ရုံက အတွေးများဖြင့် စိတ်ရှုပ်နေခိုက်တွင် မင်းသား၏ အသံကထွက်ပေါ်လာသည်။
"ဒါဆို မင်းရဲ့အမြင်အရ တပ်မှူးစွင်းက ဘယ်လိုလူမျိုးလဲ..."
ယခုမှပင် အဓိကအကြောင်းအရာ လာတော့သည်။
ချန်ရုံက ခေါင်းမော့လိုက်၍ ကြည်လင်သော်လည်း တည်ငြိမ်သည့်အသံဖြင့်ပြောလိုက်သည်။
"တပ်မှူးစွင်းက အသက်ငယ်ရွယ်ပေမယ့် တကယ်ပဲ လေးစားရတဲ့ သိက္ခာရှိတဲ့လူတစ်ယောက်ပါ..."
ချန်ရုံက ထိုသို့ ပြောလိုက်သည့်အချိန်မှာပင် ပညာရှိက အော်ရယ်လိုက်သည်။
"မင်းဒီလိုပြောတာ တပ်မှူးစွင်းရဲ့ ချောမောတဲ့ မျက်နှာကြောင့်များလား..."
ချန်ရုံသည် မတ်တပ်ထ၍ ကန့်လန့်ကာကို မလိုက်ကာ သူမ၏ နူးညံ့သော်လည်း ဒေါသထွက်နေသည့် မျက်နှာလေးကို ထုတ်ပြလိုက်သည်။
"တပ်မှူးစွင်းက ကျန်းတုံဒေသက စွင်းကျုံးမိုရဲ့ မျိုးဆက်ဖြစ်ပြီးတော့ တပ်မှူးက တကယ်ပဲ လေးစားဖို့ကောင်းတဲ့ လူတစ်ယောက်ပါ...သူ့ရဲ့မိသားစုက ဒီတောင်ပိုင်းကိုလာတဲ့လမ်းမှ လူရိုင်းစစ်သည်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ...တပ်မှူးနဲ့ အဲ့ဒီလူမျိုးတွေကြားမှာ ဘယ်တော့မှပြေလည်မှာမဟုတ်တဲ့ အမုန်းရန်စွယ်တွေရှိနေပါတယ်...အဲ့ဒီလို လူတစ်ယောက်ကို ဘယ်လိုကြောင့်များ လှောင်ပြောင်သရော်ရက်ရတာပါလဲ အရှင်..."
ထိုသို့ပြောပြီးသောအခါ ချန်ရုံသည် သူမ၏ ရှည်လျားသော အင်္ကျီဝတ်ရုံလက်များကို လှုပ်ခါ၍ အပြစ်တင်ပြောဆိုလိုက်သည်။
"ဟွန့်...အရှင်တို့လို လူမျိုးတွေနဲ့ ကျွန်မ စကားဆက်မပြောချင်တော့ပါဘူး..."
ထို့နောက်ချန်ရုံသည် တကယ်ပင် နောက်သို့လှည့်ကာ ထွက်ခွာရန် လျှောက်သွားလိုက်တော့သည်။
ချန်ရုံသည် ဤမျှ စိတ်မြန်လက်မြန်ရှိလိမ့်မည်ဟု ပညာရှိများက မထင်ထားကြချေ။ ခုန ပြောလိုက်မိသော ပညာရှိသည် အမြန် ထ၍ ချန်ရုံ့ဘက်သို့ လှည့်၍ ခါးကို အလွန်ကိုင်းညွှတ်ကာပြောလိုက်သည်။
"ကျွန်ုပ် တကယ်ပဲ အရှက်ရမိပါတယ်...ကျွန်ုပ်စကားမှားသွားခဲ့တယ်...ကျွန်ုပ်ရဲ့စကားတွေအတွက် မကျေမနပ်မဖြစ်ပါနဲ့ မိန်းကလေး..."
ထိုစကားများမှာ တကယ်ပင်ရင်ထဲမှ လာသော စကားများဖြစ်သည်။
ချန်ရုံ၏မျက်နှာကတော့ တင်းမာနေဆဲဖြစ်ကာ ပညာရှိအား ဘာမှပြန်မပြောပဲ ခန်းမ၏အပြင်သို့သာ တည့်တည့်မတ်မတ် ဆက်ထွက်သွားလိုက်သည်။
"သူ့ကို တားလိုက်ကြစမ်း..."
နန်ယန်မင်းသားထံမှ ကျယ်လောင်သောအသံက ဟိန်းထွက်လာသည်။
ထိုအမိန့်ကိုကြားသောအခါ အစောင့်များသည် တံခါးကို ပိတ်ဆို့ထားလိုက်ကြလေသည်။
ချန်ရုံသည် ခြေလှမ်းများကိုရပ်လိုက်သည်။ ချန်ရုံ့ကိုကြည့်ရသည်မှာ အလွန်ဒေါသထွက်နေပုံပေါက်၍ မျက်နှာတစ်ခုလုံးကလည်း နီရဲနေတော့သည်။ ချန်ရုံသည် ခြေလှမ်းအနည်းငယ်မျှသာ ကွာဝေးတော့သော တံခါးပေါက်ကိုကြည့်၍ ပင့်သက်ရှိုက်လိုက်မိသည်။
ချန်ရုံ၏နောက်၌ နန်ယန်မင်းသားသည် ချောမောသောအမျိုးသမီး၏အကူအညီဖြင့် မတ်တပ်ရပ်လိုက်သည်။ မင်းသားသည် ချန်ရုံ့အား ဒေါသနှင့်ကြည့်ကာ အေးစက်သည့်အသံနှင့် ပြောလိုက်သည်။
"မင်းက ချန်အိမ်တော်ရဲ့လက်အောက်ခံအိမ်တော်က ကိုယ်လုပ်တော်ရဲ့သမီးသာဖြစ်ပြီး တခြား ဘာအရေးအရာမှမရှိတာတောင်မှ ပညာရှိလိုမျိုး ဟန်ဆောင်ချင်နေတာလား...ဒါမှမဟုတ် အရေးမပါတဲ့ အထက်တန်းလွှာတွေဆီကနေ တတ်မြောက်လာတဲ့အတတ်တွေလား...ချန်အိမ်တော်ရဲ့အားရုံ...မင်းရဲ့ ရဲရင့်မှုတွေက နေရာမှားနေတာပဲ...ဒီလို စိတ်ဓာတ်မျိုးနဲ့ မိန်းမတွေကို ငါမကြိုက်ဘူး..."
ရှင်ကျွန်မကို မကြိုက်ဘူးလို့ကြားရတာထက် တခြားပိုပျော်မိတာ ဘာမှမရှိတော့ဘူး...
ချန်ရုံကလည်း စိတ်ထဲမှ တွေးလိုက်မိသည်။
သို့သော် ပြင်ပတွင်တော့ ချန်ရုံသည် တစ်ချက် လှောင်ပြောင်သရော်လိုက်၍ ခေါင်းကို မင်းသားရှိရာဘက်သို့ ဖြည်းညှင်းစွာ လှည့်လိုက်သည်။
ခေါင်းကိုလှည့်၍ ချန်ရုံသည် နန်ယန်မင်းသားကို မျက်လုံးထောင့်မှကြည့်ကာ မာနကိုမချသောအသံဖြင့် ပြောလိုက်သည်။
"ဒါဆိုလည်း ဒီက ဘာမှမရေးမပါတဲ့မိန်းမကို သတ်ပဲသတ်လိုက်ပါတော့လား အရှင်..."
ထို့နောက် ချန်ရုံသည် ခေါင်းကိုမော့၍ ဟက်ဟက် ပက်ပက်ရယ်လိုက်သည်။
"လောယန်မြို့ကလည်း သိမ်းပိုက်ခံလိုက်ရပြီ...ဒီလိုအခြေအနေမှာတောင်မှ အရှင်မင်းသားက တပ်မှူးရန် နဲ့ တပ်မှူးစွင်းတို့ရဲ့ ကူညီမှုကို သံသယဝင်နေသေးတယ်...ရန်သူတွေရဲ့ အကြံဉာဏ်တွေကို စိုးရိမ်နေရင်းနဲ့ ကိုယ့်ရဲ့ အားကိုးရတဲ့ လက်ရုံးတွေကို ဖြတ်မိသွားမှာ မစိုးရိမ်ပါဘူးလား..."
ချန်ရုံ၏ စကားများက အလွန်ပင် စိတ်အားထက်သန်၍ ယုံကြည်နိုင်ဖွယ်စကားများဖြစ်နေသည်။ မင်းသားသည် မရည်ရွယ်ပဲ ဘေးမှ ပညာရှိ နှစ်ဦးထံ လှည့်ကြည့်လိုက်မိသည်။
ပညာရှိနှစ်ဦးသည် နှစ်ကိုယ်ကြား တီးတိုးပြောနေ၍ ပညာရှိတစ်ယောက်က ခေါင်းတငြှိမ့်ငြှိမ့်လုပ်ကာ ချန်ရုံ့အား ပြောလိုက်သည်။
"မင်းရဲ့အသက်အရွယ်အရ မင်းဒီလောက် ထိုးထွင်းသိမြင်နိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး..."
ယခင်ဘဝတုန်းက ရန်မင်းနှင့် အတူ ရှေ့တန်းသို့ အခါများစွာလိုက်ပါခဲ့ဖူးသော ချန်ရုံ့အတွက် ထိုသို့ သိမြင်နိုင်ရန်မှာ မခက်ခဲလှပါ။ ထို့အပြင် ယခင်ဘဝ၌လည်း ဤကဲ့သို့ပင် ရန်မင်းအပေါ် သံသယများ ဝင်ခဲ့ကြဖူးသည်။
"မိန်းကလေး...နေရာမှာပြန်ထိုင်ပါ..."
ပညာရှိနောက်တစ်ဦးက ပြောလိုက်သည်။
ချန်ရုံက မလှုပ်ရှားပဲ မာနကြီး၍ ထီမထင်သောမျက်နှာဖြင့်သာ မင်းသားနှင့် ပညာရှိများကို ကြည့်နေလေသည်။
နန်ယန်မင်းသားက ထပ်၍ ဒေါသထွက်လာ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။
"အစောင့်တွေ..."
"အရှင်မင်းသား...ဒေါသထွက်တော်မမူပါနဲ့..."
ပညာရှိတစ်ဦးက ပြောလိုက်သည်။ အခြားပညာရှိနောက်တစ်ဦးကလည်း ချန်အိမ်တော်၏အားရုံသည် မထင်ရှားသည့် ကိုယ်လုပ်တော်၏သမီးသာဖြစ်သော်လည်း နန်ယန်မြို့၌ နာမည်ကြီးသူဖြစ်သောကြောင့် သွား၍ မထိရန် သတိပေးလိုက်သည်။
မင်းသားသည်လည်း ဒေါသကို မျိုသိပ်၍ အမိန့်ပေးလိုက်သည်။
"ချန်အိမ်တော်ရဲ့ အားရုံကို သူ့အိမ်ကိုပြန်ပို့ပေးလိုက်..."
"ဟုတ်ကဲ့ပါ အရှင်..."
ခန်းမဆောင်၏အပြင်၌ စောင့်နေကြသော အစေခံနှစ်ဦး ပြန်ဖြေလိုက်၍ ချန်ရုံ့ဆီသို့ လျှောက်သွားကြသည်။
ချန်ရုံက မကျေနပ်သည့်အသံလုပ်လိုက်၍ အင်္ကျီဝတ်ရုံလက်များကို လှုပ်ခါကာ ပြောလိုက်သည်။
"ကျွန်မဘာသာ သွားနိုင်ပါတယ်..."
ပြောပြီးသောအခါ ချန်ရုံသည် အပြင်သို့ ထွက်သွားတော့သည်။
တဖြည်းဖြည်းဝေးကွာသွားသော ချန်ရုံ၏ပုံသဏ္ဍာန်ကိုကြည့်၍ နန်ယန်မင်းသားသည် ခေါင်းကိုက်ကိုက်ဖြင့် ခုံ၌ နောက်ကျောမှီထိုင်လိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ဘာဖြစ်လို့များ ဒီလောက်တောင် လှပတဲ့မိန်းကလေးက ဒီလို ဒေါသမျိုးရှိနေရတာလဲ..."
မင်းသားသည် ခေါင်းကိုသာ တွင်တွင်ခါနေတော့သည်။
နန်ယန်မင်းသားတစ်ယောက် အတွေးနယ်ချဲ့နေသည်ကို မြင်သောအခါ ပညာရှိတစ်ဦးက မင်းသားနားသို့ တိုးကပ်၍ အကြံပေးလိုက်သည်။
"အရှင်မင်းသား...ဒီမိန်းကလေးက သာမာန်မိန်းကလေးမျိုးမဟုတ်ပါဘူး...ဘာမှမဖြစ်ခဲ့ရင်တောင်မှ ဒီမိန်းကလေးရဲ့ စကားတွေ ပျံ့သွားရင် တပ်မှူးရန် နဲ့ တပ်မှူးစွင်းဆီ အရှင့်ရဲ့စကားတွေ ရောက်သွားနိုင်ပါတယ်..."
မင်းသားက လက်ကာပြလိုက်သည်။
"ဒီနေ့ ဒီမှာဖြစ်ပျက်ခဲ့သမျှ အပြင်ကို လုံးဝမပေါက်ကြားရဘူး လို့ ငါ့အမိန့်ကိုကြေငြာလိုက်..."
"ဟုတ်ကဲ့ပါ အရှင်..."
ပညာရှိများက နာခံလိုက်ကြသည်။
မင်းသားက နားထင်ကို ပွတ်၍ ခပ်တိုးတိုးပြောနေသည်။
"ကျိန်စာပါပဲ...သူ့လိုမိန်းကလေးကများ ပညာရှိတွေလိုမျိုး ပြုမူရတယ်လို့...သူပြောသမျှစကားတိုင်းက မာထန်ပြီး...မျက်နှာထားကိုလည်း ကြည့်ဦး...ဘယ်လောက်တောင်စိတ်တိုဖို့ကောင်းလိုက်သလဲ...သူ့အပေါ်စိတ်ဝင်စားမိတာတောင် ပျောက်သွားပြီ..."
မင်းသား၏ ရာဂစိတ် ပျောက်ကွယ်သွားသည်ဆို၍ ပညာရှိနှစ်ဦးက သက်ပြင်းချလိုက်နိုင်ကြသည်။
မင်းသား၏ အစေခံနှစ်ယောက်မှ ကူ၍တွဲပေးသည်ဆိုသော်လည်း ပြန်ပေးဆွဲခံရသကဲ့သို့ ဆွဲခေါ်သွားခြင်းခံရ၍ ချန်ရုံသည် မင်းသား၏ ခြံဝန်းထဲမှထွက်ကာ ရထားလုံးပေါ်သို့တက်၍ အနောက်ဘက်ဆီသို့ ပြန်ထွက်သွားသည်။ ချန်ရုံသည် မျက်လုံးများမှိတ်ထားသော်လည်း မျက်နှာကတော့ ဘာမှမဖြစ်ခဲ့သလို ခပ်တည်တည်ပင်ရှိနေသည်။
အစေခံများက တစ်ယောက်နှင့်တစ်ယောက် လှမ်းကြည့်လိုက်ကြသော်လည်း ဘာစကားမှတော့ မပြောလိုက်ကြချေ။ ယခုမှသာ သူတို့၏ရှေ့မှ မိန်းကလေးသည် နန်ယန်မင်းသားအား နည်းနည်းလေးမျှပင် ဂရုမစိုက်သည်ကို အစေခံနှစ်ယောက် သိသွားတော့သည်။ သူတို့သည် ချန်ရုံ့အား မလေးမစား မလုပ်ရဲကြတော့ချေ။
ချန်ရုံ၏မျက်နှာက ရေပြင်ကဲ့သို့ တည်ငြိမ်နေသော်လည်း လက်များကတော့ ကျစ်ကျစ်ပါအောင် ဆုပ်နယ်နေမိသည်ကိုတော့ အစေခံနှစ်ဦး မသိလိုက်ကြပါ။
ငါဘာလုပ်ရမလဲ...စွင်းယန်ကိုယ်တိုင်က သံသယအဝင်ခံနေရတဲ့လူဖြစ်နေပြီ...သူကပါ တခြားလူတွေရဲ့ စောင့်ကြည့်တာကို ခံနေရမှတော့ တစ်ခုခုဆို ငါ့ကို ဘယ်လိုများ လာကယ်နိုင်တော့မှာလဲ...ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် ငါ အထိန်းတော်ဖျင်ကို ဝမ်ဟုန်ဆီကနေ အကူအညီတောင်းဖို့ ပြောခဲ့ရမှာ...ဟွန့် အဲ့ဒီလူက ငါ့အပေါ်မှာ အခွင့်ကောင်းလည်း ယူသွားသေးတယ်...တစ်ခုခုဖြစ်ခဲ့ရင် သူ ငါ့ကို တစ်ခါလောက်တော့ လာကယ်သင့်တယ်...
Xxxxxx