အပိုင်း ၅၆
Viewers 16k



Chapter 56
မီးပုံးပျံများ



မင်းသား၏ စံအိမ်တော်၏ အနောက်ဘက်ခြံဝန်းသည် ပင်မအိမ်တော်နှင့် အတွင်းအဆောင်များ၏ကြား၌ ရှိသည်။ ထိုအနောက်ဘက်အိမ်တော်သည် သစ်ပင်များ၊ အလှကျောက်တုံးများ၊ စမ်းချောင်းလေးများဖြင့် ရင်သပ်ရှုမောလောက်အောင်ပင် အလှဆင်ထားသည်။

အစေခံများက ချန်ရုံ့အား ရထားလုံးပေါ်မှ ဆင်းနိုင်ရန် ကူညီပေးနေကြချိန်တွင် အဆောင်များအတွင်းမှ ခေါင်းလေးများ တစ်ခါတစ်ရံ ပြူထွက်လာကြသည်ကို မြင်နေရသည်။ ထိုခေါင်းလေးများမှာ ချောမောလှပသည့် မိန်းမငယ်လေးများဖြစ်၍ သူတို့သည် ချန်ရုံအားမြင်သောအခါမျက်လုံး၌ သနားကြင်နာသော အရိပ်အယောင်များ ပေါ်လာကြသည်။

မကြာမီတွင် ချန်ရုံနှင့် အစေခံနှစ်ယောက်တို့သည် အဆောင်အသေးလေးတစ်ခုဆီသို့ရောက်လာကြသည်။ အစေခံနှစ်ဦးက ချန်ရုံ့အား အရိုအသေပေး၍ ပြောလိုက်သည်။

"ဒီနေရာက သခင်မလေး နေရမယ့် နေရာပါပဲ...ကျွန်တော်မျိုးမတို့ နှစ်ယောက်လည်း သခင်မလေးရဲ့ အနီးအနားမှာပဲ ရှိနေပါမယ်..."

ချန်ရုံက မော့ပင်မကြည့်ပဲပြောလိုက်သည်။

"ချန်အိမ်တော်ကိုသွားပြီး ကျွန်မရဲ့ အဝတ်အစားတွေယူပြီး အိမ်စေတွေကို ခေါ်လာပေးပါ..."


"မလိုပါဘူး သခင်မလေး..."

ငယ်ရွယ်သည့်အစေခံက ပြုံး၍ပြောလိုက်သည်။

"သခင်မလေး လိုအပ်သမျှကို ဒီမှာ ကျွန်မတို့ ပြင်ဆင်ထားပါတယ်..."

ထို့နောက် ထိုအစေခံလေးသည် နောက်သို့လှည့်၍ အခန်းထဲမှ ဝတ်စုံတစ်ထည်ကို ယူလာကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

"သခင်မလေး ဒီကိုလာခဲ့ရတာ ကိုယ့်ကိုယ်ကိုယ် မသန့်ရှင်းသလို ခံစားနေရမှာပေါ့...အဝတ်အစားတွေ လဲလိုက်ပါလား..."

ချန်ရုံက မော့ကြည့်လိုက်သည်။

ချန်ရုံသည် နှုတ်ခမ်းကိုတင်းတင်းစေ့၍ အစေခံ၏လက်ထဲမှ အင်္ကျီကို ကြည့်လိုက်သည်။ အင်္ကျီမှာ ခရမ်းရောင်အနားသတ်ထားသော အဝါဖျော့ရောင်ဝတ်စုံဖြစ်သည်။ ဝတ်စုံ၏ ပုံစံ‌ရော အရောင်များကပါ ချန်အိမ်တော်က ချန်ရုံအတွက် ဝယ်ပေးသည့် ဝတ်စုံနှင့် အလွန်ဆင်တူနေသည်။

အစေခံအငယ်က ချန်ရုံ၏ အံ့ဩသွားသည့် မျက်နှာကို ကြည့်ကာ ရယ်လိုက်သည်။

"အထဲမှာ အများကြီး ကျန်သေးတယ်..."

အစေခံလေးသည် ချန်ရုံ့အား အဆောင်ထဲသို့ခေါ်သွား၍ အဝတ်အစားများဖြင့် ပြည့်လျှံနေသော သစ်သားသေတ္တာ သုံးလုံးကို လက်ညှိုး ညွှန်ပြလိုက်သည်။ ပိုဆိုးသည်က ထိုသေတ္တာများထဲရှိ အဝတ်အစားတိုင်းသည် ခရမ်းရောင်အနားသတ်ထားသည့် အဝါဖျော့ရောင် ဖြစ်လျှင်ဖြစ်၊ မဟုတ်ပါက ခရမ်းရောင်အနားသတ်ထားသည့် တောက်ပသည့်အဝါရောင် သို့မဟုတ် အဝါပုတ်ရောင် စသည့် အရောင်များသာဖြစ်နေသည်။ ထိုသေတ္တာသုံးလုံးလုံး၌ ရှိနေသည့်အဝတ်အစားများသည် ဆင်တူသည့် ပုံစံနှင့် အရောင်များသာဖြစ်နေလေသည်။

ချန်ရုံ၏ မျက်နှာက တောင့်‌တင်းသွားသည်။

"ဒီအဝတ်အစားတွေက ဘယ်တုန်းတည်းက ချုပ်ထားတာလဲ..."

ချန်ရုံက တစ်လုံးချင်းစီမေးလိုက်သည်။

အစေခံလေးက ပျော်ရွှင်စွာပြုံး၍ ‌ဖြေလိုက်သည်။

"နည်းနည်းတော့ကြာပါပြီ သခင်မလေး...ဒါ‌ပေမယ့် စိတ်မပူပါနဲ့...ဒီအဝတ်အစားအသစ်တွေအကုန်လုံးက သခင်မလေးရဲ့ ကိုယ်တိုင်းနဲ့ ကွက်တိဖြစ်အောင် ချုပ်လုပ်ထားတာပါ...အရောင်တွေကတောင်မှ သခင်မလေးနဲ့ လိုက်ဖက်တဲ့ အရောင်တွေကြီးပဲလေ..."

ထို့နောက် အစေခံကောင်မလေးသည် ခေါင်းကို အနည်းငယ်မော့၍ အကြံပေးသည့်အသံဖြင့် ပြောလိုက်သည်။

"နန်ယန်မြို့မှာတင်မဟုတ်ဘူး...ကျန့်ခန်းမှာတောင်မှ ကျွန်မတို့ရဲ့ မင်းသာလောက် ကြွယ်ဝချမ်းသာတဲ့လူမျိုး ရှာမရနိုင်ဘူး..."

ချန်ရုံသည် မျက်လုံးများမှေးစင်းသွားသည်အထိ ပြုံးပြလိုက်သည်။

သို့သော် ချန်ရုံ၏ နှလုံးသားထဲတွင်တော့ အလွန်ပင် စိတ်ရှုပ်စိတ်ညစ်နေမိသည်။ နန်ယန်မင်းသားသည် သူမအပေါ် စိတ်ဝင်စားမှုရှိသည်ဟု ချန်ရုံသိထားသော်လည်း ထိုစိတ်ဝင်စားမှုက ဤမျှပြင်းထန်လိမ့်မည်ဟုတော့ မမျှော်လင့်မိထားခဲ့ချေ။ နန်ယန်မင်းသားသည် ချန်ရုံ့အား ထိုည၌ တွေ့ပြီးခဲ့စဉ်တည်းက ဤအဝတ်အစားများကို ချုပ်လုပ်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သေတ္တာကလည်း သုံးလုံးတောင်ပင်ဖြစ်သည်။ နန်ယန်မင်းသားသည် ချန်ရုံ့အား သိမ်းပိုက်ရန် အဝတ်အစားများကို သေတ္တာသုံးလုံးနှင့်အပြည့် ချုပ်ထားပေးသည်အထိ ဇောကပ်နေသည်လား။

ထိုသို့ စဉ်းစားနေရင်းဖြင့် ချန်ရုံ မပြုံးနိုင်တော့ချေ။ ချန်ရုံ၏ လှပသောမျက်နှာလေးသည် ဖြူဖျော့သွား၍ အင်္ကျီဝတ်ရုံလက်အောက်၌ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသောကြောင့် လက်သည်းများက လက်ဖဝါးထဲသို့ တိုးဝင်နေကြသည်။

အစေခံနှစ်ယောက်သည်လည်း ချန်ရုံ၏အခက်အခဲကို နားလည်ကြပုံရသည်။ သူတို့သည် ခေါင်းများကိုငုံ့ထား၍ ဘာမှဆက်မပြောကြတော့ချေ။

ခဏမျှကြာသောအခါတွင်မှ ချန်ရုံသည် ကိုယ့်စိတ်ကိုယ် ပြန်ထိန်း၍ တိုးတိတ်စွာပြောလိုက်သည်။

"ဒီအဝတ်အစားတွေကို သိမ်းလိုက်ပါ..."

"ဟုတ်ကဲ့..."

အစေခံနှစ်ဦးသည် သေတ္တာများကို ပိတ်လိုက်သည်။

"ဒီဟာကိုပါ သိမ်းလိုက်ပါ..."

ချန်ရုံက အစေခံအငယ်လေး၏လက်ထဲမှ အင်္ကျီကိုပါ လက်ညှိုးထိုးပြ၍ အမိန့်ပေးလိုက်သည်။

အစေခံလေးကပြုံး၍ ရိုသေစွာမေးလိုက်သည်။

"ဒါဆိုရင် သခင်မလေးက ဘာဝတ်ပါမလဲ..."

ချန်ရုံ၏မျက်နှာက တင်းသွားသည်။

"ချန်အိမ်တော်‌ဆီကိုပြန်ပြီး ကျွန်မ အဝတ်အစားတွေ သွားယူပေးပါ..."

အစေခံအငယ်လေးက မထိန်းနိုင်ပဲ ရယ်လိုက်သည်။ ထို့နောက် ချန်ရုံကို ကြည့်၍ ပျော့ပျောင်းစွာပြောလိုက်သည်။

"သခင်မလေး မေ့သွားပါပြီလား...သခင်မလေး အလိုရှိရင် ဒီမှာပဲ အဝတ်အစားတွေရှိတယ်ဆိုတာ ကျွန်မ ‌ပြောပြီးပြီလေ...သခင်မလေး အကူအညီလိုရင်လည်း ကျွန်မတို့ရှိပါတယ်...ချန်အိမ်တော်ကို ပြန်ဖို့ကိစ္စကိုတော့ နောက် အနာဂတ်မှာ လုံးဝမပြောမိပါစေနဲ့..."

"အနာဂတ်မှာ ဟုတ်လား..."

ချန်ရုံကလည်း အေးစက်စွာပြုံး၍ ခေါင်းကိုမော့ကာ တစ်လုံးချင်းပြောလိုက်သည်။

"ရှင်တို့ရဲ့ သခင်မင်းသားက ကျွန်မကို ဒီမှာ တစ်သက်လုံး ဖမ်းချုပ်ထားဖို့ စိတ်ကူးနေတာလား..."

ချန်ရုံ၏မျက်လုံးများက စူးရှနေ၍ ချက်ချင်းပင် အခြေအနေက တင်းမာလာသကဲ့သို့ ဖြစ်သွားသည်။

အစေခံအငယ်လေးသည်လည်း လန့်သွား၍ နောက်သို့ ဆုတ်လိုက်ကာ ခေါင်းကိုငုံ့၍ တုန်ယင်နေသော အသံဖြင့်ပြောလိုက်သည်။

"ဘာဖြစ်လို့များ ကျွန်မတို့လို အစေခံတွေအပေါ် ဒေါသထွက်နေရတာပါလဲ သခင်မလေး...အရှင်မင်းသားက သဘောတူတယ်ဆိုတာနဲ့ သခင်မလေး အချိန်မရွေး ဒီက ထွက်သွားလို့ရပါတယ်..."

ချန်ရုံသည်လည်း ထိုအခါမှပင် အကြည့်ကို လွှဲလိုက်သည်။

ဤစံအိမ်တော်ထဲသို့ ခြေချလိုက်စဉ်တည်းက ဤကဲ့သို့ ဖြစ်တော့မည်ကို ချန်ရုံ ကြိုမြင်ပြီးဖြစ်သည်။ မကြာမီက နန်ယန်မင်းသားနှင့် တွေ့ခဲ့စဉ်တုန်းကလည်း ပညာရှိနှစ်ဦးသည် မင်းသား၏လက်အောက်၌ အလွန်ကျိုးနွံနေကြ၍ ပညာရှိတစ်ဦး၌ ရှိသင့်ရှိထိုက်သော မာနနှင့် ဂုဏ်သိက္ခာများ နည်းနည်းမျှပင် မရှိကြတော့ချေ။ ထို့ကြောင့် ချန်ရုံ့အား မတရားခေါ်လာသည့်အကြောင်းကို ထိုပညာရှိများ သိခဲ့လျှင်တောင်မှ ဘာမှ လုပ်ပေးနိုင်မည်မဟုတ်သောကြောင့် ချန်ရုံသည်လည်း ဤစံအိမ်မှ ထွက်သွားချင်သည့်အကြောင်းကို တစ်ခွန်းမှ မဟမိခဲ့ချေ။

ချန်ရုံသည် အသက်ပြင်းပြင်းတစ်ချက်ရှူပြီးမှ အခန်းထဲသို့ လှမ်းဝင်ကာ ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်စေရန် သတိပေးလိုက်သည်။

ငါ အနည်းဆုံးတော့ ဒီညမှာ အန္တရာယ်ကင်းမှာပါ...မဟုတ်ဘူး နောက်နှစ်ရက်လောက်အထိတော့ ငါ့ကို နှောင့်ယှက်ဦးမှာ မဟုတ်ဘူး...

အစေခံနှစ်ဦးသည် ချန်ရုံ၏ နောက်ကျောကို ကြည့်နေကြ၍ ခဏကြာသောအခါ အစေခံအငယ်က စိတ်တိုတိုနှင့် ပြောလိုက်သည်။

"သူ့လို လူမျိုးကို ကျွန်မဖြင့် တစ်ခါမှ မတွေ့ဖူးပါဘူး...သူက သူ့ကိုယ်သူ အထက်တန်းလွှာမိသားစုရဲ့ တရားဝင်သမီးလို့ထင်နေတာလား...သူက အမျိုးကောင်းသားတွေလို သူ့ရဲ့ သိက္ခာကို ထိန်းသိမ်းနိုင်မယ်လို့ ထင်နေတာလား..."

အသက်ကြီးသည့် အစေခံကတော့ ခေါင်းကိုသာခါ၍ ဘာမျှ ပြန်မပြောချေ။

ချန်ရုံသည် ဒေါသကို မျိုသိပ်၍ ရေကို တတ်နိုင်သမျှ အမြန်ဆုံးချိုးကာ နန်ယန်မင်းသားပေးထားသည့် ခရမ်းရောင်အနားသတ်ထားသော အဝါဖျော့ရောင်ဝတ်စုံကိုဝတ်၍ ခြံဝန်းထဲ၌ ဆင်း၍ ထိုင်နေလိုက်သည်။

အချိန်က နေဝင်ချိန်ဖြစ်၍ ကောင်းကင်သို့ မီးပုံးများ ပျံတက်စပြုလာသည်။ ချန်ရုံ၏ရှေ့၌ အလွန်သေသပ်လှပစွာ ပြုလုပ်ထားသော ဗျပ်စောင်းတစ်ခုလည်း ရှိနေသည်။ ထိုဗျပ်စောင်းသည် အလွန်တန်ဖိုးကြီးမည်ကို ချန်ရုံ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင်သိနိုင်သည်။ နန်ယန်မင်းသားသည် ချန်ရုံ့အတွက် ငွေကြေးများစွာ အကုန်ကျခံထားဟန်တူသည်။

ချန်ရုံသည် ခေါင်းကိုငုံ့၍ ဗျပ်စောင်းအား အချိန်အတော်ကြာ ငေးကြည့်ပြီးနောက်တွင် ရုတ်တရက် ပြောလိုက်သည်။

"ကျွန်မဆီကို ဝါးနည်းနည်း စာရွက်နဲ့ ဖယောင်းတိုင်အချို့ ယူလာပေးပါ...ကျွန်မ ဒီကိုရောက်နေတုန်း မီးပုံးပျံလေးတွေ လုပ်ချင်လို့..."

"ဟုတ်ကဲ့..."

အသက်ကြီးသောအစေခံက ပြောလိုက်သည်။

အသက်ကြီးသည့်အစေခံက ပစ္စည်းများသွားယူရန် ခြေလှမ်းအနည်းငယ် လှမ်းပြီးသောအခါ အစေခံအငယ်က လှမ်းအော်ပြောလိုက်သည်။

"သခင်မလေး ညကျရင် အထီးကျန်မနေအောင် အပိုများများယူခဲ့ပါ..."

ထိုအစေခံလေး၏ လေသံက ရွဲ့သည့်လေသံမျိုးဖြစ်နေသည်။

ချန်ရုံကတော့ ထိုစကားကို အဖက်လုပ်၍ ခေါင်းပင်မော့မကြည့်လိုက်ပေ။

မကြာခင်မှာပင် ချန်ရုံ့ရှေ့၌ ပစ္စည်းများ အားလုံး အဆင်သင့်ဖြစ်နေတော့သည်။

ချန်ရုံသည် ဒူးထောက်ထိုင်လိုက်၍ မီးအိမ်မှ မီးရောင်၏အကူအညီနှင့်အတူ ဝါးဖြတ်စများကို စ၍ ချည်နှောင်လိုက်သည်။

ချန်ရုံသည် သေသေချာချာ အာရုံစူးစိုက်၍ ဖြည်းညှင်းစွာ ပြုလုပ်နေသည်။

အစေခံနှစ်ဦးသည်လည်း အစကတော့ ချန်ရုံ့အား ကြည့်နေကြသော်လည်း ချန်ရုံက နာရီဝက်ခန့်ကြာသည်အထိ တုန်တုန်ချိချိနှင့် မီးပုံးပျံတစ်ခုကိုပင် ပြီးအောင် မလုပ်နိုင်သောကြောင့် သူ့တို့အလုပ်များကို ဆက်လုပ်ရန် ထွက်သွားကြတော့သည်။

အစေခံများ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ချန်ရုံ၏ လှုပ်ရှားမှုများက မြန်ဆန်လာကြသည်။

ခဏအတွင်းမှာပင် ချန်ရုံသည် မီးပုံးပျံ သုံးခုကို လုပ်ပြီးသွားသည်။ သို့သော် ချန်ရုံ၏ မီးပုံပျံများမှာ ကြည့်ရသည်မှာအလွန်ထူးဆန်းနေသည်။ အဘယ်ကြောင့်ဆိုသော် မီးပုံးပျံတိုင်း၏ ပိုးသားမျက်နှာပြင်၌ စုတ်တံဖြင့် ဆွဲထားသော မျက်နှာတစ်ခု ရှိနေသောကြောင့်ဖြစ်သည်


ထိုမျက်နှာမှာ လုလင်ပျိုတစ်ဦး၏ မျက်နှာဖြစ်သည်။ အစေခံအငယ်သည် ချန်ရုံ့နောက်သို့ရောက်လာ၍ ခေါင်းကိုစောင်းကာ ကြည့်၍ မေးလိုက်သည်။

"အဲ့ဒါ ဘယ်သူပါလဲ သခင်မလေး..."

ချန်ရုံက အစေခံမလေးကို လျစ်လျူသာရှုနေလိုက်သည်။

ချန်ရုံသည် ထိုမျက်နှာကို မီးပုံးပျံ၏ မျက်နှာပြင်နှစ်ဖက်၌ ရေးဆွဲလိုက်သည်။ ကျန် မျက်နှာပြင်နှစ်ဖက်တွင် ရန်မင်း၏ ရှီအိမ်တော်မှ လူများ သုံးလေ့ရှိသော စာသားဖြင့် ပန်းပွင့်နှင့်ဆင်တူသော စကားလုံးများဖြင့် "ဝမ်ဟုန်...အားရုံ..." ဟု ရေးလိုက်သည်။

ရေးပြီးသောအခါ ချန်ရုံသည် မီးပုံးပျံများအတွင်းမှ ‌ဖယောင်းတိုင်လေးများကို မီးထွန်းညှိ၍ ညှင်သာစွာ လက်မှ လွှတ်လိုက်သည်။ ရိုးရှင်းသော မီးပုံးပျံလေးများသည် တဖြည်းဖြည်း မြင့်တက်သွား၍ မျက်စိတစ်မှိတ်အတွင်းမှာပင် အဆောင်တော်များ အပေါ်သို့ တက်သွားတော့သည်။

အစေခံလေးသည်လည်း ချန်ရုံလုပ်သကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားသော မီးပုံးပျံများကို မော့ကြည့်လိုက်သည်။ ချန်ရုံက နောက်ထပ်မီးပုံးပျံများ ထပ်လုပ်နေသည်ကို မြင်သောအခါ အစေခံလေးသည် သိချင်စိတ်ကို မထိန်းနိုင်တော့ပဲ မေးလိုက်မိသည်။

"အဲ့ဒီပုံထဲက လူက သခင်မလေး ချစ်ခင်ရတဲ့လူပါလား...သခင်မလေး သူနဲ့ ကတိစကား ထားခဲ့တာမျိုး ရှိလို့ပါလား..."

စကားအဆုံးတွင် အစေခံလေး၏အသံက တိုးဝင်သွား၍ ချန်ရုံကိုသနားသွားသည့်လေသံ ပေါက်သွားလေသည်။


Xxxxx