အပိုင်း ၅၇
Viewers 18k



Chapter 57
ပညာရှိ၏ လွမ်းဆွတ်တမ်းတခြင်း



ချန်ရုံသည် အစေခံ၏ သနားညှာတာရိပ်များ လွှမ်းနေသော အကြည့်ကို ဂရုမစိုက်ပေ။ သူမသည် မီးပုံးပျံများကိုသာ အာရုံစူးစိုက်စွာလုပ်နေ၍ ကောင်းကင်ပေါ်သို့ တစ်ခုပြီး တစ်ခု လွှတ်တင်‌နေတော့သည်။

ညနေခင်းတစ်ခုလုံးသည် မီးပုံးပျံများ လုပ်ခြင်းနှင့် လွှတ်တင်ခြင်းများဖြင့်သာ ကုန်ဆုံးသွားခဲ့သည်။

ည‌သန်းခေါင်၌ ချန်ရုံ မောမောနှင့် အိပ်ပျော်သွားသောအခါ အသက်ငယ်သည့်အစေခံသည် သူမ၏ အဖော်အစေခံအား တို့၍ ခပ်တိုးတိုးပြောလိုက်သည်။

"ဒီအားရုံဟာ နောက်ထပ် သနားစရာ မိန်းမတစ်ယောက်ပါပဲ..."

ထိုအစေခံ၏အသံထဲ၌ စိတ်ညှိုးငယ်မှုအနည်းငယ် ပါဝင်နေပေသည်။

နောက်တစ်နေ့သည် လျင်မြန်စွာ ရောက်ရှိလာသည်။

မနက်စောစောတွင် တောအုပ်လေးထဲမှ ကျူရိုးတူရိယာသံက ပြတင်းပေါက်များကို ကျော်ဖြတ်၍ အဆောင်ထဲသို့ ဝင်လာသည်။ ချန်ရုံသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်၍ ပိုးသားလိုက်ကာများကို ကျော်၍ ကြည့်လိုက်သည်။

မိုးတိမ်များမှိုင်းညှို့နေသော ကောင်းကင်သည် မည်းမှောင်နေ၍ အချိန်မရွေး မိုးရွာချတော့မည်ကဲ့သို့ ဖြစ်နေသည်။

ချန်ရုံသည် လက်ကိုထောက်ကာ အားပြု၍ ထထိုင်လိုက်ပြီး စောင်ကို ရင်ဘတ်နားထိဆွဲယူလိုက်ကာ ကောင်းကင်သို့ မော့ကြည့်နေမိသည်။

ထိုအချိန်မှာပင် အသက်ငယ်သော အစေခံလေးက ပြောလိုက်သည်။

"သခင်မလေး...ကိုယ်လက်သန့်စင်ပါတော့မလား..."

အစေခံလေး၏အသံက မနေ့ကထက် ပိုပျော့ပျောင်းနေ၍ ချန်ရုံ့ကိုကြည့်နေသော မျက်လုံးများ၌လည်း သနားညှာတာမှုများ ပျော်ဝင်နေသည်။

ချန်ရုံက အစေခံလေးကိုမကြည့်ပဲ ခေါင်းခါပြလိုက်သည်။

ခံစားချက်မရှိပဲ မျက်နှာဗလာဖြစ်နေသော ချန်ရုံ့ကိုကြည့်၍ အစေခံအငယ်လေးက ရုတ်တရက်ပြောလိုက်သည်။

"သခင်မလေး...အရှင်မင်းသားက တစ်ခါတစ်လေ အသစ်အတွက် အဟောင်းကို စွန့်ပစ်ပြီး သူမကြိုက်တော့တဲ့လူတွေကို တပည့်တပန်းတွေဆီ စွန့်ကြဲတတ်ပေမယ့် သခင်မလေးကတော့ အဲ့ဒီလိုဖြစ်ခဲ့ရင်တောင်မှ ပိုးထည်တွေဝတ်ပြီး ချမ်းချမ်းသာသာနေရမှာပါ..."

ထိုသို့ပြောနေရင်းနှင့်ပင် ချန်ရုံသည် ဆင်းရဲသည့်ဘဝမှ လာခဲ့သည်မဟုတ်ပဲ ချမ်းသာကြွယ်ဝသည့် အိမ်တော်အကြီးစားမှ ဆင်းသက်လာ၍ ဤကဲ့သို့ အဆင့်အတန်းမျိုး၌ နေ့တိုင်းနေထိုင်လာခဲ့သူဖြစ်ကြောင်း အစေခံလေး သတိရသွားသည်။

ချန်ရုံက ခေါင်းကိုမော့လိုက်သည်။

မနက်ခင်း၌ မျက်နှာမသန့်စင်ရသေးခင်မှာပင် ချန်ရုံ၏မျက်နှာလေးသည် သန့်ရှင်းကြည်လင်နေသည်။ ချန်ရုံသည် အစေခံလေးအား ကြည့်၍ ‌"ကျေးဇူးတင်ပါတယ်..." ဟု တိုးတိတ်စွာပြောလိုက်သည်။

အစေခံလေးလည်း ခေါင်းကို ကိုင်းညွှတ်ကာ ထစ်အစွာဖြင့် "ရပါတယ် သခင်မလေး..." ဟုပြော၍ အပြင်သို့ ပြေးထွက်သွားတော့သည်။


တဖြည်းဖြည်းဖြင့် ကျူရိုးမှုတ်သံအပြင် ပလွေမှုတ်သံကပါ ရော၍ လွင့်ပျံလာသည်။ အဝေးမှ ပလွေမှုတ်သံက ကျူရိုးမှုတ်သံနှင့် ရောသွားသောအခါ နွေဦးရာသီကဲ့သို့ လွမ်းဆွေးဖွယ်ကောင်းနေလေသည်။

ချန်ရုံသည် မျက်လွှာကိုချ၍ နားထောင်နေရင်းက ခပ်တိုးတိုးပြောလိုက်သည်။

"ဒီလို မနက်အစောကြီးမှာတောင် ကျူရိုးမှုတ်သံကရှိနေတယ်...မင်းသားရဲ့ စံအိမ်တော်က တကယ်ပဲ ငြိမ်းချမ်းသာယာမှုတွေနဲ့ ပြည့်နေတာပဲ..."

ချန်ရုံသည် သစ်သားဖိနပ်များကိုစီး၍ လိုက်ကာများရှိရာသို့ လျှောက်သွားလိုက်ရာ ပြတင်းပေါက်‌မှနေ၍ ချောမောလှပသော အမျိုးသမီး နှစ်ဦးကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးနှစ်ယောက်သည် ချန်ရုံ့အား မြင်သောအခါ ချက်ချင်းလှည့်ထွက်သွားကြသည်။ ထိုနှစ်ယောက်သည် အသီးများမသီးသေးသော မက်မွန်ပင်ခြံနားသို့ရောက်သောအခါ တစ်ယောက်ကပြောလိုက်သည်ကို ချန်ရုံကြားလိုက်သည်။

"အရှင်မင်းသားက ဒီ မိန်းကလေးအသစ်လေးဆီကို ညက လာတော်မမူဘူးလား...ထူးဆန်းတယ်နော်..."

"ငါမေးပြီးပြီ..."

တခြားတစ်ယောက်က ပြန်ပြောလိုက်သည်။

"တခြားလူတွေပြောကြတာတော့ အဲ့ဒီမိန်းကလေးက ဧည့်သည်တဲ့...ဟွန့်...စံအိမ်တော်ကို လာလည်တဲ့ အလှလေးပေါ့...အရှင်မင်းသားက ဒီအကွက်မျိုးသုံးတာ စုစုပေါင်းမှ ငါးခါပဲရှိသေးတယ်..."

အသက်ကိုပြင်းပြင်းရှူ၍ ချန်ရုံက အမိန့်ပေးလိုက်သည်။

"ကျွန်မကို ရေယူခဲ့ပေးပါ..."

"ဟုတ်ကဲ့..."

အစေခံနှစ်ယောက်က ပြိုင်တူ ဖြေလိုက်ကြသည်။ ထို့နောက် သူတို့သည် ရေဇလုံ၊ တဘက်နှင့် သန့်စင်ရန် အပြာရောင်ဆားတို့ကို ယူ၍ ပြန်ဝင်လာကြသည်။

အစေခံနှစ်ယောက်က ဘာစကားမှမပြောပဲ ချန်ရုံ့အား ကိုယ်လက်သန့်စင်ရန်နှင့် ဆံပင်ဖြီးသင်ရန် ကူနေကြဆဲတွင် ချန်ရုံက မေးလိုက်သည်။

"ဒီစံအိမ်တော်ဝန်းထဲမှာ ကျွန်မ သွားခွင့်မရှိတဲ့ နေရာတွေ ရှိလား..."

အသက်ကြီးသောအစေခံက ချန်ရုံ၏ ဆံပင်ကို တိမ်လွှာပုံသဏ္ဍာန် ဆံထုံးထုံးပေးရင်းနှင့် ဖြေလိုက်သည်။

"ပင်မအဆောင်တော် အပါအဝင် အတွင်းအဆောင်တော်တွေနဲ့ အရှေ့ဘက်အနောက်ဘက်အဆောင်တွေဆီကို သခင်မလေး ကြိုက်သလို သွားလာလို့ရပါတယ်..."

ချန်ရုံက လည်ချောင်းသံဖြင့်သာ ပြန်ဖြေလိုက်သည်။ အစေခံ၏ ဆံထုံးထုံးပုံသည် ဆန်းသစ်လှသည်ကို ချန်ရုံ သတိထားမိလိုက်သည်။ လျော့တိလျော့လျဲဖြစ်နေသော တိမ်ပုံစံ ဆံထုံးက ပြေလျော့တော့မည့်ပုံနှင့် တစ်မျိုးလှနေလေသည်။ အပေါ်၌လည်း ဆံပင်အဆောင်အယောင်များ မတပ်ဆင်ထားသောကြောင့် ချန်ရုံကိုကြည့်ရသည်မှာ ချစ်ဖို့ကောင်းစွာနှင့် ဆွဲဆောင်မှုရှိနေသည်။

ချန်ရုံသည် အင်္ကျီဝတ်ရုံလက်များကို ဆုပ်ကိုင်လိုက်သည်။ ယမန်နေ့က ချန်ရုံ၏ခြိမ်း‌ခြောက်မှုကြောင့် ချန်ရုံ့အား ဆံထိုးမထိုးပေးလောက်မည်ကို ကြိုသိထားသောကြောင့် ချန်ရုံသည် မိမိကိုယ်ပိုင်ဆံထိုးကို ဆောင်ထားခဲ့ခြင်းဖြစ်သည်။

အစေခံနှစ်ဦးက လုပ်စရာရှိသည်များ ပြီးသွားသောအခါ ချန်ရုံသည် ထ၍ အပြင်သို့ ထွက်သွားတော့သည်။

အသက်ငယ်သောအစေခံက ချန်ရုံ၏ စကတ်ရှည်နှင့် သေးသွယ်သောခါးလေးကိုကြည့်၍ ခေါင်းကိုစောင်းကာ ခပ်တိုးတိုးပြောလိုက်သည်။

"သခင်မလေးရဲ့ ခန္ဓာကိုယ်က တကယ် ဆွဲဆောင်မှုရှိတာပဲ...အရှင်မင်းသားက သူ့ကို လိုချင်နေတာလည်း မဆန်းတော့ပါဘူးလေ..."

ချန်ရုံသည် စံအိမ်တော်ဝန်းထဲသို့ ရောက်သွားသောအခါ လှပခေတ်မီစွာဝတ်စားထားသော မိန်းမငယ်လေးများသည် လမ်းကြားလေးများ၊ ရင်ပြင်များနှင့် ခြံဝန်းအနှံ့အပြား၌ သွားလာနေကြသည်ကို တွေ့လိုက်ရသည်။

သို့သော် ထိုသို့တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ချန်ရုံ၏ ခြေလှမ်းများက ရပ်တန့်သွားကြတော့သည်။

ချန်ရုံ ထိုနေရာ၌ ရပ်နေဆဲမှာပင် အနည်းဆုံး မျက်လုံးတစ်ဒါဇင်ခန့်က ချန်ရုံရှိရာဘက်သို့ လှမ်းကြည့်နေကြလေသည်။ ထိုမျက်လုံးများကိုရင်ဆိုင်၍ ချန်ရုံ ရုတ်တရက်တွေးမိသွားသည်။

'ငါ ဒီ နန်ယန်မင်းသားရဲ့အိမ်တော်မှာ ကြာကြာနေလေ ငါ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်လေ ဖြစ်တော့မှာပဲ...ဒီက မိန်းမတွေနဲ့ အဆင်ပြေပြေနေနိုင်ပြီး ဘာဖြစ်နေတယ်ဆိုတာ အကုန်သိနေရင်တောင်မှ ကောလဟလတွေက တော်တော်ဆိုးမှာ...ငါအမှတ်တမဲ့နဲ့ပြောလိုက်မိတဲ့စကားတွေကို သူတို့တွေက ချဲ့ကားပြီး မဟုတ်တာကို အဟုတ်လုပ်ပြောနေရင် ဘယ်လိုလုပ်မလဲ...ထားလိုက်ပါတော့ ဒီကနေ အမြန်ဆုံးပြန်တာပဲ ငါ့အတွက် အကောင်းဆုံးဖြစ်မှာပါ...'

ချန်ရုံသည် အဆောင်ထဲသို့ ပြန်ဝင်၍ အမိန့်ပေးလိုက်သည်။

"ခြံဝန်းထဲဆင်းတဲ့တံခါးကို ပိတ်ထားလိုက်..."

အစေခံနှစ်ယောက်က ချန်ရုံ့အား နားမလည်စွာ ကြည့်လိုက်သည်။

ချန်ရုံက အစေခံများအား စိုက်ကြည့်၍ အမိန့်ထပ်ပေးလိုက်သည်။

"ခြံဝန်းထဲဆင်းတဲ့တံခါးကိုပိတ်ထားလိုက်...ဘယ်သူပဲလာလာ ကျွန်မ မဖွင့်ခိုင်းပဲမဖွင့်ပါနဲ့...ကျွန်မပြောတာ ရှင်းကြလား..."

အစေခံနှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ခေါင်းငြှိမ့်လိုက်သည်။

ခြံဝန်းတံခါးကိုပိတ်ပြီးသည်နှင့် ချန်ရုံသည် အစေခံများအား ဗျပ်စောင်းကို ယူလာစေ၍ စတင်တီးခတ်လိုက်သည်။

ချန်ရုံတီးခတ်သော တေးသွားမှာ ချန်ရုံ၏ အရင်ဘဝ၌ ရန်မင်းနှင့် လက်ထပ်ခဲ့စဉ်က ပညာရှိတစ်ဦး တီးခတ်သည်ကို ကြားဖူးခဲ့သော "ပညာရှိ၏လွမ်းဆွတ်တမ်းတခြင်း" ဟူသော တေးသွားဖြစ်သည်။

"ပညာရှိ၏လွမ်းဆွတ်တမ်းတခြင်း" တေးသွားသည် ဂီတပညာရှင်တစ်ဦး၏ မာန်မာနများနှင့် ပြည့်နေသော တေးသွားတစ်ခုဖြစ်သည်။ တေးသွားသံသည် နားဝင်ပီယံရှိ၍ အကွေ့အကောက်များကာ ခက်ခဲစွာတီးခတ်ရသောကြောင့် ထိုသို့သော တေးသွားများကို ကြိုက်တတ်သော ချန်ရုံက မှတ်မိနေခြင်းဖြစ်သည်။

ဗျပ်စောင်းသံသည်လည်း တိုးတိတ်စွာထွက်ပေါ်လာ၍ ကျူရိုးမှုတ်သံ၊ ပလွေသံတို့နှင့်အတူ ရောနှောသွားကာ မည်းမှောင်နေသော ကောင်းကင်ဆီသို့ လွင့်ပျံတက်သွားကြသည်။

ထိုနေရာ၌ရှိနေကြသော မိန်းမလှလေးများသည် ဗျပ်စောင်းမတီးတတ်လျှင်တောင်မှ ဂီတသံများကို နားယဉ်နေကြသူများဖြစ်သည်။ ချန်ရုံ၏ "ပညာရှိ၏လွမ်းဆွတ်တမ်းတခြင်း" တေးသွား ထွက်ပေါ်လာသောအခါ ချန်ရုံ၏ ပိတ်ထားသည့်တံခါးကို လက်ညှိုးများထိုး၍ ပြောဆိုနေကြသော မိန်းမလေးများသည် ငြိမ်ကျသွားကြသည်။

မိန်းကလေးများသည် နားထောင်နေရင်းဖြင့်ထိုတေးသွားသည် သူတို့တစ်ခါမှ မကြားဖူးသော တေးသွားဖြစ်၍ အဆင့်အတန်းမြင့်သော တေးသွားတစ်ခုဖြစ်သည်ကို သတိထားမိသွားကြသည်။

တဖြည်းဖြည်းနှင့် ဗျပ်စောင်းသံက ကျယ်လာသောအခါ ကျူရိုးနှင့် ပလွေမှုတ်သံတို့က ရုတ်တရက် ရပ်သွားကြသည်။

နောက်ဆုံးတွင် ကျယ်လောင်၍ အထီးကျန်ဆန်သော ဗျပ်စောင်းသံသာလျှင် အနောက်ဘက်အဆောင်များပေါ်ရှိ မည်းမှောင်သော တိမ်များထဲသို့ တိုးဝင်လျက်ရှိနေသည်။

လှပစွာဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးက မျက်လုံးများကိုမှိတ်၍ တိတ်ဆိတ်စွာ နားထောင်နေရင်းက "တကယ်ကို အဆင့်အတန်းမြင့်တာပဲ..." ဟု ခပ်တိုးတိုးပြောလိုက်သည်။

ရေကဲ့သို့ နူးညံ့သိမ်မွေ့သည့် မျက်နှာရှိသည့် အခြားမိန်းမပျိုတစ်ဦးကလည်း မျက်လွှာချ၍ နူးညံ့စွာပြောလိုက်သည်။

"အရှင်မင်းသားက အရမ်းကိုဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ မိန်းကလေးမျိုးကိုတောင် ဒီကို အတင်းအကျပ်လာခိုင်းနေတာလား...သူ့ရဲ့ဘဝကတော့ ပျက်စီးတော့မယ်ထင်ပါရဲ့..."

ထိုမိန်းမပျိုများနောက်မှ ရပ်နေသော ဆွဲဆောင်မှုရှိသည့် အသက်သုံးဆယ်အရွယ်ခန့် အမျိုးသမီးတစ်ဦးက လှောင်ရယ်ရယ်၍ ပြောလိုက်သည်။

"အဲ့ဒီမိန်းကလေးက အထက်တန်းလွှာမျိုးရိုးကလာတော့ ဘာဖြစ်လဲ...အရမ်းကို ရိုးသားဖြောင့်မတ်နေတော့ရော ဘာဖြစ်လဲ...အရှင်မင်းသားက သူနဲ့ မအိပ်ရသေးလို့ပါ...အဲ့ဒီကောင်မလေးက အရှင်မင်းသားရဲ့ ကုတင်ပေါ်ရောက်မယ့်အချိန်ကို စောင့်ကြည့်နေလိုက်...အဲ့ဒီအခါကျရင် ဒီလိုတေးသွားမျိုးကို တီးနိုင်တော့မှာမဟုတ်ဘူး..."

ထိုအမျိုးသမီးများမသိသည်က ချန်ရုံသည် ဤအိမ်တော်၌ ဧည့်သည်တစ်ဦးသာဖြစ်၍ နန်ယန်မင်းသားနှင့် နီးကပ်သည့်ဆက်ဆံရေးမျိုးမရှိကြောင်း သိစေရန် ဤတေးသွားကို တီးခတ်နေခြင်းဖြစ်ပေသည်။

တီးတိုးပြောသံများနှင့် ဗျပ်စောင်းတီးသံများကြားတွင် ညသည် တစ်ဖြည်းဖြည်းကျရောက်လာသည်။

ညစာစားချိန်သို့ရောက်သောအခါ ခပ်ကြမ်းကြမ်းတိုက်ခတ်နေသောလေက သစ်ရွက်များနှင့် သစ်ကိုင်းများကို ရိုက်ခတ်နေကာ အပြင်မှ ခေါင်မိုးများကိုလည်း လှုပ်ခါနေစေတော့သည်။ ချန်ရုံသည် တူများကို ချ၍ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

"ဒီည မိုးရွာမှာလား..."

ချန်ရုံက ပျော့ပျောင်းစွာ မေးလိုက်သည်။

ချန်ရုံ၏လေသံထဲမှ စိတ်ပျက်မှု‌ကြောင့် အစေခံအငယ်လေးက မနေနိုင်ပဲ ရယ်လိုက်မိသည်။

"ဒီညလည်း မီးပုံးပျံတွေ လွှတ်ချင်သေးလို့လား သခင်မလေး..."

ချန်ရုံက ခေါင်းငြှိမ့်၍ "အင်း..." ဟုဖြေလိုက်သည်။

ဤကဲ့သို့သော ချန်ရုံ၏ နူးညံ့သိမ်မွေ့သော အမူအယာကို မြင်ရခဲသောကြောင့် အစေခံလေးသည် သက်ပြင်းချ၍ အကြံပေးလိုက်သည်။

"သခင်မလေး...သူ့ကို မေ့လိုက်သင့်ပါပြီ..."

ချန်ရုံက ဘာမှပြန်မဖြေလိုက်ပေ။

ထိုအချိန်မှာပင် အပြင်၌ တိုက်ခတ်နေသောလေက ရပ်သွားသည်။ ချန်ရုံသည် တူများကိုပြန်ချ၍ ခြံဝန်းထဲသို့ လျှောက်သွားကာ တဖြည်းဖြည်းနှင့် လွင့်စင်သွားသော တိမ်မည်းများကို မော့ကြည့်၍ ပျော်ရွှင်စွာပြောလိုက်သည်။

"ကြယ်တွေ ပြန်ထွက်လာပြီ..."

ထို့နောက်ချန်ရုံသည် တောက်ပသောမျက်လုံးများဖြင့် အနောက်သို့ လှည့်လိုက်သည်။

"လိုအပ်တဲ့ပစ္စည်းတွေကို ပြင်ဆင်ပေးပါ...ဒီည ကျွန်မ မီးပုံးပျံ အနည်းဆုံး ဆယ်လုံးတော့ လွှတ်ချင်တယ်..."


Xxxxx