Chapter 58
မီးပုံးပျံများအား ပစ်ချခြင်း
အစေခံနှစ်ဦးက ချန်ရုံ့အား သနားသည့်အကြည့်ဖြင့်ကြည့်၍ ပြန်ဖြေလိုက်ကြသည်။
"ဟုတ်ကဲ့..."
မကြာခင်မှာပင် ဝါးဖြတ်စများနှင့် ဖယောင်းတိုင်များသည် ချန်ရုံ့ရှေ့သို့ရောက်လာကြတော့သည်။
ချန်ရုံသည် အိန္ဒြေသိက္ခာများကို ဂရုမစိုက်နိုင်တော့ပဲ ဆောင့်ကြောင့်ထိုင်ချကာ မီးပုံးပျံများပြုလုပ်ခြင်း၌သာ အာရုံစိုက်နေတော့သည်။
ညက တဖြည်းဖြည်းကုန်ဆုံးသွားသည်။
တောက်ပနေသော နဂါးငွေ့တန်းတစ်လျှောက် ကြယ်များ ပြည့်နေသည်။ အချိန်ကုန်သွားသည်နှင့်အမျှ မီးပုံးပျံများကလည်း တစ်ခုပြီး တစ်ခု ကောင်းကင်သို့ ပျံလွင့်ကုန်ကြသည်။
ချန်ရုံသည် လက်ကို ဖြန့်လိုက်၍ လက်ဖဝါးပေါ်မှတစ်ဆင့် ကောင်းကင်ပေါ်သို့ မြင့်တက်သွားသော မီးပုံးပျံကို ငေးကြည့်နေမိသည်။ ဖယောင်းတိုင်၏ အနီရောင်မီးရောင်အောက်တွင် မီးပုံးပျံ၏စက္ကူပေါ်မှ လုလင်ပျိုသည် ချန်ရုံ မကြည့်ရဲသော အေးစက်စိမ်းကားသည့်အကြည့်မျိုးဖြင့် ခပ်ဖျော့ဖျော့ပြုံးနေလေသည်။
ခံတပ်တံတိုင်းပေါ်တွင်..
သူ့နားသို့ ဖြည်းညှင်းစွာချဉ်းကပ်လာသော တပ်မှူးကိုတွေ့၍ စစ်သားသည် ဦးညွှတ်အရိုအသေပြုလိုက်သည်။
"မင်္ဂလာပါ တပ်မှူး..."
တပ်မှူးက ခေါင်းငြှိမ့်လိုက်သည်။
တပ်မှူးသည် အရှေ့၌ရှိနေသော မှောင်မိုက်နေသည့် တောအုပ်ကို လှမ်းကြည့်လိုက်သည်။ သူ့ရှေ့မှ မြင်ကွင်းသည် ကြယ်ရောင်လေးသာရှိ၍ မှောင်မည်းနေလေသည်။ ထိုမြင်ကွင်းမှာ တောမီးကြောင့် ဤသို့ဖြစ်သွားရခြင်း ဖြစ်သည်။
လောယန်မြို့သိမ်းပိုက်ခံရစဉ်ကလည်း တပ်မှူးသည် ဤသို့ပင် ပထမဆုံး လုပ်ခဲ့သည်။
တပ်မှူးသည် ခံတပ်ပေါ်၌ တိတ်ဆိတ်စွာရပ်၍ မိုးကုတ်စက်ဝိုင်းဆီသို့ ငေးကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။
"အတိတ်ကို ပြန်စဉ်းစားကြည့်ရင် စွင်းကျုံးမိုနဲ့ လျန့်ကျူးကောတို့လည်း ကောင်းကင်ကို တိတ်တဆိတ်ကြည့်ပြီး တစ်ဖက်က တိုက်ခိုက်လာမယ့်အချိန်ကို စောင့်ခဲ့တာပဲ မဟုတ်ဘူးလား..."
တပ်မှူး၏ လေသံ၌ ကျေနပ်မှုနှင့် သက်တောင့်သက်သာရှိမှုတို့ ပါဝင်နေသည်။ သူ့နောက်မှ စစ်သားကတော့ ဘာမှပြန်မဖြေပေ။ တပ်မှူးသည် ပညာရှိတစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် တပ်မှူး၏ အတိတ်ကိုတမ်းတသည့်စကားများကို စစ်သားလေး နားမလည်ပါချေ။
တပ်မှူးက သက်ပြင်းချလိုက်ကာ အနောက်မှ ကျောက်ရုပ်လိုရပ်နေသောာစစ်သားကို လှည့်ကြည့်၍ ခေါင်းခါကာ တီးတိုးပြောလိုက်သည်။
"ဉာဏ်ပညာရှိတဲ့လူတွေက အမြဲ အထီးကျန်နေရတာပါပဲ..."
တပ်မှူးက ပြောပြီးသောအခါ သက်ပြင်းချလိုက်ပြန်သည်။
ထို့နောက် တပ်မှူးသည် ရုတ်တရက် တစ်စုံတစ်ခုကို မြင်လိုက်ရသောကြောင့် အော်ပြောလိုက်သည်။
"ဟိုမှာ ဘာလဲ..."
စစ်သားများက အနောက်သို့ အလျင်အမြန်လှည့်ကြည့်လိုက်ကြပြီးမှ တစ်ယောက်က ရယ်ချင်သည့်အသံဖြင့် ဖြေလိုက်သည်။
"မီးပုံးပျံပါ တပ်မှူး...မနေ့ကလည်း တော်တော်များများတက်လာတာ တွေ့တယ်...ဒီညတော့ ထပ်မပေါ်လာလောက်တော့ဘူး ထင်နေတာ..."
တပ်မှူးက မျက်မှောင်များကို ကျုံ့လိုက်သည်။
လေညှင်းတစ်ချက်က ပျံသန်းလာသော မီးပုံးပျံတစ်ခုကို တပ်မှူးနားသို့ တွန်းပို့လိုက်သည်။
တပ်မှူးသည် ထိုမီးပုံးပျံအား ငေးကြည့်နေရင်းဖြင့် မျက်နှာက ရုတ်တရက် သွေးဆုတ်ဖြူလျော်သွားကာ ထိတ်လန့်တကြား အော်လိုက်သည်။
"အဲ့ဒီမီးပုံးပျံကို ပစ်ချလိုက်စမ်း..."
ဘာမှမလုပ်ပဲ သူ့ကိုသာ ကြောင်ကြည့်နေကြသော စစ်သားများကို မြင်သောအခါ တပ်မှူးက ထပ်၍အော်ပြောလိုက်သည်။
"မီးပုံးပျံပေါ်မှာ ဟူစကားလုံးတွေပါနေတယ်..."
ဟူစကားလုံးတွေ?
ရုတ်တရက် မီးပုံပျံများသည် သေးဖွဲသော ကိစ္စမဟုတ်ကြတော့ပေ။
စစ်သားများသည် တုန်လှုပ်သွားကြသည်။ စစ်သားငယ်နှစ်ယောက်က တစ်ပြိုင်နက် လေးများကို ဆွဲထုတ်ကာ ကောင်းကင်သို့ ချိန်ရွယ်လိုက်ကြသည်။
ဝှီး...
မြှားများက ဥက္ကာခဲများကဲ့သို့ လွင့်ပျံသွားကြသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် မီးပုံးပျံသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
သို့သော် မီးပုံးပျံက မြေပေါ်သို့ ရောက်ရောက်သွားချင်းပင် တွန့်လိမ်နေသော ဖယောင်းတိုင်က စက္ကူကို စတင်လောင်ကျွမ်းတော့သည်။ စစ်သားများက ခံတပ်အောက်သို့ရောက်လာချိန်တွင် မီးကျွမ်းထားသော ဝါးဖြတ်စ အနည်းငယ်သာ ကျန်တော့သည်။
"ပစ်ချစမ်း...အကုန်လုံးကို ပစ်ချလိုက်..."
တပ်မှူးက အော်ပြောလိုက်သည်။
"ဟုတ်ကဲ့..."
ညီညာစွာ အော်လိုက်သံနှင့်အတူ စစ်သား တစ်ဒါဇင်ခန့်သည် လေးများကို ချိန်ရွယ်၍ ကောင်းကင်သို့ ပစ်လွှတ်လိုက်တော့သည်။
တပ်မှူးသည် ဘာမှမရှိသည့်နေရာသို့ လွင့်ပျံသွားကြသော မြှားများကိုကြည့်၍ အော်လိုက်သည်။
"ငါ့ရဲ့ လေးနဲ့ မြှားကို ယူခဲ့ကြစမ်း..."
"ဟုတ်ကဲ့..."
မကြာမီမှာပင် တပ်မှူး၏ ကိုယ်ရံတော်က လှပစွာ ဆေးသုတ်ထားသော အမည်းရောင် လေးနှင့် မြှားသုံးချောင်းကို ယူလာလေသည်။
တပ်မှူးက လေးကို မြှောက်၍ မြှားကို တပ်ဆင်လိုက်သည်။
ထိုအချိန်၌ မီးပုံးပျံများသည် ကောင်းကင်၏ အလွန်မြင့်သောနေရာသို့ ရောက်သွားပြီဖြစ်သောကြောင့် စစ်သားများ၏ မြှားများသည် မီးပုံးပျံများကို မမှီနိုင်တော့ချေ။ စစ်သားများသည် လေးများကိုချ၍ သူတို့၏ တပ်မှူးအား လှမ်းကြည့်လိုက်ကြသည်။
ဝှစ် ဝှစ် ဝှစ်...
မြှားသုံးစင်းက ညဉ့်ကောင်းကင်ဆီသို့ ဥက္ကာပျံများကဲ့သို့ ဆက်တိုက် ပျံတက်သွားကြသည်။
ပထမဆုံးသော မြှားချက်က မီးပုံးပျံတစ်ခုကို ထိသွားသည်။
အထဲမှ ဖယောင်းတိုင်ကကွေးသွားချိန်တွင် ဒုတိယမြှားကလည်း ဝင်ရောက်၍ တောက်လောင်နေသော မီးစာကို ငြှိမ်းသတ်လိုက်သည်။
တတိယမြောက် မြှားကတော့ နောက်ထပ်မီးပုံးပျံတစ်ခုကို တိုက်ရိုက်ထိ၍ တစ်ချက်တည်းနှင့် မီးစာကို ငြှိမ်းသတ်လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မီးပုံးပျံနှစ်ခုက မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။
စစ်သားများက အော်ဟစ်ကြွေးကြော်လိုက်ကြ၍ သူတို့၏ ခေါင်းဆောင်အား လေးစားအားကျသည့်အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။
တပ်မှူးကလည်း ရင်အုံကိုကော့၍ အော်ပြောလိုက်သည်။
"ကောက်လိုက်ကြစမ်း..."
"ဟုတ်ကဲ့..."
"ဟုတ်ကဲ့..."
စစ်သားနှစ်ယောက်က မီးပုံးပျံနှစ်ခု ကျသွားရာနေရာသို့ ပြေးသွားကြသည်။
ခဏအကြာမှာပင် မီးပုံးပျံနှစ်ခုက တပ်မှူးဆီသို့ ရောက်လာတော့သည်။
တပ်မှူးသည် ထိုမီးပုံးပျံနှစ်ခုကို ယှဉ်ကြည့်၍ မျက်မှောင်ကျုံ့လိုက်သည်။
"ဒီနှစ်ခုက တူတူပဲ..."
တပ်မှူးသည် တစ်ခုကို ကောက်ကိုင်၍ ပုံတူပန်းချီကို ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ဒါက ဘယ်သူလဲ..."
ပြောစရာမလိုအောင်ပင် မည်သူကမျှ မဖြေကြပါ။
ထို့နောက် တပ်မှူးသည် မီးပုံးပျံကို လှန်၍ အခြားတစ်ဖက်၌ရေးထားသော စာများကိုကြည့်လိုက်သည်။ ဟူမျိုးနွယ်များရေးသကဲ့သို့ ပန်းပွင့်ပုံစံရေးထားသည့်စာများကိုကြည့်၍ တပ်မှူးသည် မတ်တပ်ထကာ အော်လိုက်သည်။
"မီးပုံးပျံတွေအားလုံးကို ပစ်ချလိုက်စမ်း..."
"ဟုတ်ကဲ့..."
"အဲ့ဒီ မီးပုံးတွေ ဘယ်ကလာလဲဆိုတာကိုလည်း ဘေးနားပတ်ဝန်းကျင်ကို မေးမြန်းကြည့်ကြ..."
"ဟုတ်ကဲ့..."
"ဆရာယွီကိုလည်း ဒီကိုလာခိုင်းလိုက်...သူက ဟူစာလုံးတွေနဲ့ရင်းနှီးတယ်...ဒါ ဘာရေးထားတာလဲ ဆိုတာ သူသိနိုင်တယ်..."
"ဟုတ်ကဲ့..."
တပ်မှူးက အမိန့်များ တစ်ခုပြီးတစ်ခု ညွှန်ကြားနေဆဲမှာပင် စစ်သားတစ်ခုက ရုတ်တရက် နန်ယန်မင်းသား၏ အိမ်တော်ရှိရာနေရာသို့ လက်ညှိုးညွှန်၍ အော်ပြောလိုက်သည်။
"ဟိုမှာ...မီးပုံးတွေက အဲ့ဒီနေရာကနေ တက်လာကြတာ..."
တပ်မှူးက လှည့်ကြည့်လိုက်သည်။
တပ်မှူးသည် စုဝေးနေသော အဆောင်များကိုကြည့်၍ တီးတိုးပြောလိုက်သည်။
"မင်းသားရဲ့ အိမ်တော်လား..."
"အဲ့ဒီနေရာကို သေချာဂရုစိုက် စောင့်ကြည့်ထားကြ..."
"ဟုတ်ကဲ့..."
သူမ၏ မီးပုံးများ ပစ်ချခံလိုက်ရသည်ကို ချန်ရုံကတော့ မသိပဲ မမောနိုင် မပန်းနိုင်ဖြင့် မီးပုံးများ တစ်ခုပြီး တစ်ခု လုပ်နေဆဲဖြစ်သည်။
အစေခံအငယ်လေးက ချန်ရုံ့အနောက်သို့လာရပ်၍ ခပ်တိုးတိုးပြောလိုက်သည်။
"သခင်မလေး မပင်ပန်းသေးဘူးလား...ခဏလောက် အနားယူလိုက်ပါလား..."
ချန်ရုံက မော့ကြည့်လိုက်သည်။
ချန်ရုံ၏မျက်လုံးများသည် အစေခံငယ်လေး၏ သနားကြင်နာမှုများလွှမ်းနေသော မျက်လုံးများဖြင့် ဆုံသွားသည်။ ချန်ရုံက ရယ်၍ အကြည့်ကို အောက်ချကာ တိုးတိတ်စွာပြောလိုက်သည်။
"ကျွန်မ မပင်ပန်းပါဘူး..."
ချန်ရုံ၏အသံများသည် အက်ကွဲစပြုနေပြီဖြစ်သည်။
ယနေ့သည် မင်းသား၏အိမ်တော်သို့ ချန်ရုံရောက်သည်မှာ ဒုတိယမြောက်နေ့ဖြစ်သောကြောင့် ချန်ရုံ တုန်လှုပ်နေမိပြီဖြစ်သည်။
ယမန်နေ့က မင်းသားရှေ့၌ ပြုလုပ်ခဲ့သော လုပ်ရပ်သည် ချန်ရုံ့အား ဤတစ်ည၌ လုံခြုံအောင် ကာကွယ်ပေးနိုင်သော်လည်း မနက်ဖြန်ဆိုလျှင်တော့ ချန်ရုံ လုံခြုံနိုင်ပါဦးမည်လား။
"ကျွန်မတို့ ကူပေးပါ့မယ်..."
အစေခံအငယ်လေးက ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ချန်ရုံ၏မျက်လုံးများက တောက်ပသွား၍ ခေါင်းကို တဆတ်ဆတ်ငြှိမ့်လိုက်သည်။
"အို တကယ်လား...ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်..."
အစေခံလေးက ခေါင်းခါပြလိုက်သည်။
"မလိုပါဘူး သခင်မလေး..."
ထို့နောက် အစေခံအငယ်လေးသည် အသက်ကြီးသော အစေခံဆီသို့ လှမ်းကြည့်လိုက်သည်။
သို့သော် ထိုအသက်ကြီးသောအစေခံ၏မျက်နှာ၌ ချန်ရုံ့ကို မကူညီပေးချင်မှုက အထင်းသားပေါ်နေသည်။ ထို့ကြောင့် အစေခံအငယ်လေးသာ ချန်ရုံ့နား၌ ထိုင်လိုက်သည်။
ကူညီပေးမည့်လူ ရှိလာပြီဖြစ်သောကြောင့် ချန်ရုံသည် ညောင်းညာကိုက်ခဲနေသော လက်ကို ခါ၍ အနောက်သို့ ကျောဆန့်လိုက်သည်။
ထိုအချိန်၌ ဝမ်းနည်းဖွယ်ကောင်းသော ပလွေသံတစ်ခုက လေထုထဲသို့ လွင့်ပျံလာလေသည်။ ထိုပလွေသံနှင့်အတူ အမျိုးသမီးတစ်ဦး၏ သီချင်းဆိုသံကိုပါ ကြားလိုက်ရသည်။ မီးများထိန်လင်းစွာထွန်းထားသောအဆောင်ဆီသို့ ချန်ရုံ လှမ်းကြည့်နေသည်ကို မြင်သောအခါ အစေခံငယ်လေးက ပြောလိုက်သည်။
"ဟယ်တုံက ချွေးအိမ်တော်က ဒီည မိန်းကလေးတစ်ယောက်ကို ဆက်သလိုက်တယ်လို့ ကျွန်မ ကြားတယ်...အရှင်မင်းသားက အခု သူ့ဆီရောက်နေပြီထင်တယ်..."
အစေခံလေးသည် ချန်ရုံ့အားငေးကြည့်နေ၍ ချန်ရုံ၏မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေသည်ကို မြင်သောအခါ အစေခံလေးသည် မနေနိုင်ပဲ ချန်ရုံ့အား နှစ်သိမ့်ပေးလိုက်သည်။
"အဲ့ဒီမိန်းကလေးက အရှင်မင်းသားရဲ့နှလုံးသားကို ဖမ်းယူသွားနိုင်တယ်ဆိုရင်တော့ အရှင်မင်းသားက သခင်မလေးကို မေ့ချင်ရင်မေ့သွားမှာပါ..."
သို့သော် အစေခံလေး၏စကားများက ရင်ထဲမှ မပါသော စကားများဖြစ်ပေသည်။ မင်းသား၏မေ့လျော့ခြင်းကို ခံရသောမိန်းကလေးများကို မင်းသား၏ နောက်လိုက်တပည့်များက မမေ့ကြသည့် အချက်ကိုတော့ အစေခံလေး ထုတ်မပြောပဲ ချန်ထားခဲ့လိုက်တော့သည်။
Xxxxxx