Chapter 59:
ဧည့်ခံပွဲသို့ တက်ရောက်ခြင်း
ဆရာယွီ ရောက်ရှိလာသည်။
ဆရာယွီသည် စကားတစ်ခွန်းမှမပြောပဲ မီးပုံးပျံပေါ်ရှိ ဟူစကားလုံးများကိုသာ ကြာမြင့်စွာ စိုက်ကြည့်နေသည်။
လူလတ်ပိုင်းအရွယ် တပ်မှူးက စိတ်မရှည်တော့ပဲ မျက်မှောင်ကျုံ့၍ မေးလိုက်သည်။
"ဆရာယွီ...စာက ဘာရေးထားတာပါလဲ..."
ဆရာယွီက တပ်မှူးအား မော့ကြည့်၍ စာလုံးများကို ထိုးပြကာပြောလိုက်သည်။
"ဒါက ဝမ်...ဒါက ဟုန်..."
"ဝမ်ဟုန် ဟုတ်လား...အဲ့ဒီစာက တကယ်ပဲ ဝမ်ဟုန်လို့ ရေးထားတာလား..."
တပ်မှူးက မေးလိုက်သည်။
ဆရာယွီက ခေါင်းငြှိမ့်လိုက်သည်။
"အနောက်မှာလည်း စာလုံး နှစ်လုံးရှိတယ်...အားရုံတဲ့...ဒါလည်း တစ်ယောက်ယောက်ရဲ့နာမည်ပဲ...တပ်မှူးဝမ် မီးပုံးပျံရဲ့ မျက်နှာပြင်နှစ်ဖက်ကို ပေါင်းလိုက်ရင် စာလုံး လေးလုံးရတယ်...ဝမ်ဟုန်...အားရုံ...နှစ်ခုလုံးက နာမည်တွေပဲ..."
တပ်မှူးဝမ်က ရုတ်တရက် ဘာမှစဉ်းစားမရဖြစ်ကာ တစ်ကိုယ်တည်း ခပ်တိုးတိုးပြောနေသည်။
"ဝမ်ချီလန်လား...ဒီဟာက ဝမ်ချီလန်နဲ့ ပတ်သတ်နေတာလား..."
တပ်မှူး၏မျက်နှာက စဉ်းစားရင်းဖြင့် ပြောင်းလဲသွားပြန်သည်။ အချိန်အတော်ကြာသောအခါမှ တပ်မှူးသည် ဆရာယွီအား ဦးညွှတ်အရိုအသေပေး၍ မေးလိုက်သည်။
"ဆရာ...ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သင့်တယ်လို့ ထင်ပါသလဲ..."
ဆရာယွီကတော့ ဘာမှမထူးခြားသည့်ပုံဖြင့် ပြန်ဖြေလိုက်သည်။
"ဘာများ အရေးကြီးလို့လဲ...ဒီမီးပုံးပျံတွေကို ဝမ်ချီလန်ကိုပဲ ပြန်ပေးလိုက်ပေါ့..."
ထို့နောက် တပ်မှူးဝမ်၏ တုံ့ဆိုင်းနေမှုကို သတိထားမိသွားသောကြောင့် ဆရာယွီက ထပ်ပြောလိုက်သည်။
"ဝမ်ချီလန်နဲ့ပတ်သတ်မယ်ဆိုရင်တော့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရမယ်..."
ထို့နောက် ဆရာယွီက စကားပြောရပ်၍ သက်ပြင်းချလိုက်သည်။
"ဒါပေမယ့် ဝမ်ချီလန်က အခုလောလောဆယ် နန်ယန်မှာမရှိဘူး...တပ်မှူး သူ့ကိုတွေ့ဖို့ဆိုရင် နောက်နှစ်ရက်လောက် ထပ်စောင့်ရလိမ့်မယ်..."
တပ်မှူးဝမ်က ခေါင်းငြှိမ့်၍ ရယ်ကာ ပြောလိုက်သည်။
"ဒီမီးပုံးပျံတွေက ဝမ်ချီလန်ရဲ့ နာမည်ရေးထားတာဆိုတော့ ဟူလူမျိုးတွေနဲ့တော့ ဘာမှ မပတ်သတ်လောက်ပါဘူး...ကျွန်တော်တို့ နောက်နှစ်ရက်စောင့်လိုက်ပါမယ်..."
တပ်မှူးကရယ်နေသော်လည်း ထိုရယ်သံတွင် မသေချာမရေရာမှုများလည်း ပါဝင်နေပေသည်။
ဆရာယွီက ခေါင်းငြိမ့်၍ ဘာမှထပ်မပြောတော့ပဲ အရိုအသေပေးကာ ပြန်ထွက်သွားတော့သည်။
မင်းသား၏အိမ်တော်တွင်..
နောက်တစ်ည ကုန်ဆုံးသွားပြန်သည်။
ချန်ရုံသည် တစ်ညလုံး မီးပုံးပျံများကို လွှင့်တင်နေခဲ့သည်။ နောက်ဆုံး၌ ချန်ရုံ မောမောနှင့် အိပ်ပျော်သွားသောအခါ အိပ်မက်ထဲ၌ မီးပုံးပျံများအပြင် ထိုမီးပုံးပျံပေါ်၌ ချန်ရုံ ရေးဆွဲခဲ့သောလူကိုပါ တွေ့နေမိလေသည်။
နောက်တစ်နေ့မနက်စောစောတွင် ငှက်များ၏ စိုးစီမြည်သံများနှင့်အတူ ချန်ရုံနိုးထလာခဲ့သည်။
အစေခံနှစ်ဦး၏အကူအညီဖြင့် ချန်ရုံသည် ကိုယ်လက်သန့်စင်၍ အဝတ်အစားဝတ်ဆင်ကာ ပုံမှန်လုပ်နေကျအတိုင်း "ပညာရှိ၏လွမ်းဆွတ်တမ်းတခြင်း" တေးသွားကို တီးခတ်တော့သည်။ ထိုတေးသွားမှာ နားဝင်ပီယံရှိသော တေးသွားဖြစ်၍သာ တော်တော့သည်။ မဟုတ်ပါက ထိုတေးသွားအား ချန်ရုံက နေ့စဉ်အဆက်မပြတ်တီးခတ်နိုင်သော်လည်း အစေခံနှစ်ဦးနှင့် အနီးအနားမှ အမျိုးသမီးများက သည်းခံနိုင်တော့မည်မဟုတ်ချေ။ နေ့လည်ခင်းသည် လျင်မြန်စွာရောက်ရှိလာလေသည်။
ဗျပ်စောင်းတီးရသည်မှာ ပင်ပန်းသွားသောကြောင့် ချန်ရုံသည် အဆောင်ထဲသို့ ပြန်ဝင်၍ အနားယူနေလေသည်။ ထိုအချိန်၌ အပြင်မှ အစေခံအငယ်လေး၏အသံ ထွက်ပေါ်လာသည်။
"သခင်မလေး...နိုးနေပါသလား...အရှင်မင်းသားက သခင်မလေးကို စားသောက်ဧည့်ခံပွဲကို ဖိတ်ခေါ်ဖို့ လူလွှတ်လိုက်ပါတယ်..."
ချန်ရုံသည် အိပ်မက်မက်နေရာမှ နိုးသွားသောကြောင့် ထထိုင်ကာ တံခါးသို့လှမ်းကြည့်ရင်း မေးလိုက်သည်။
"ဧည့်ခံပွဲ ဟုတ်လား..."
"ဟုတ်ပါတယ်..."
အစေခံလေးက ဖြေလိုက်သည်။
"ဧည့်ခံပွဲကို သခင်မလေး နာရီဝက်အတွင်း တက်ရောက်ဖို့ ကိုယ်လက်သန့်စင်ထားဖို့လည်း ပြောပါတယ်..."
ချန်ရုံသည် အင်္ကျီလက်များကို ဖြည်းညှင်းစွာ ဆွဲဆန့်လိုက်သည်။ နဖူးပေါ်မှ ချွေးများကို သုတ်ပြီးသောအခါ မျက်တောင်တစ်ချက်ခတ်၍ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"ရေနွေး ပြင်ထားလိုက်ပါ..."
"ဟုတ်ကဲ့..."
အစေခံလေးက ခဏမျှ တိတ်နေပြီးမှ ဖြေလိုက်သည်။
မင်းသား၏ စံအိမ်တော်မှာပင်လျှင် အဆောင်တိုင်း၌ ရေချိုးခန်းမရှိပေ။ ထို့အပြင် ချန်ရုံ၏ အနေအထားကလည်း ဇိမ်ခံပစ္စည်းများကို သုံးခွင့်ပြုရမည့် အနေအထားမဟုတ်သေးချေ။
အစေခံနှစ်ဦးသည် ရေကို အလျင်အမြန်ကြိုလိုက်၍ ကြီးမားသော စည်ပိုင်းထဲသို့ ဖြည့်လိုက်သည်။
မှုန်မှိုင်းနေသော ရေနွေးငွေ့များအနောက်တွင် ချန်ရုံသည် စည်ပိုင်းထဲရှိ လှုပ်ခတ်နေသော ရေများထဲမှ သူမ၏ ပုံရိပ်ကို ပြန်ကြည့်နေမိသည်။
အစေခံနှစ်ဦးက ချန်ရုံ၏ တစ်ဖက်တစ်ချက်တွင်ရပ်နေသော်လည်း ချန်ရုံ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ဘာမှ မတိုက်တွန်းကြပေ။
ခဏကြာသောအခါ ချန်ရုံက လက်များကိုမြှောက်၍ ပြောလိုက်သည်။
"အဝတ်အစားတွေ ချွတ်ပေးပါ..."
"ဟုတ်ကဲ့..."
ချန်ရုံ ရေချိုး၊ ခေါင်းဖြီးသင်ပြီး၍ ဝတ်စုံဝတ်ပြီးသောအခါ နာရီဝက်အချိန်သည် ကုန်ဆုံးသွားပြီဖြစ်သည်။
ပင်မအဆောင်တော်ခြံဝန်းထဲမှ ကျူရိုးမှုတ်သံနှင့် သီချင်းသီဆိုသံများ ပျံ့လွင့်လာသည်။ ချန်ရုံရှိရာနေရာနှင့် အနည်းငယ်ကွာဝေးနေသော်လည်း ထိုပင်မနန်းဆောင်မှ ပေါင်ဒါမှုန့်နှင့် ရေမွှေးနံ့များကိုရနေလေသည်။
"သွားကြရအောင်..."
ချန်ရုံက ခြေလှမ်းများကို မြန်လိုက်သည်။
အစေခံနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အစေခံအငယ်လေးက ခါးကိုကိုင်း၍ အရိုအသေပေးကာ ပြောလိုက်သည်။
"သခင်မလေး...ကျေးဇူးပြုပြီးတော့ ဆံထိုးကို ထားခဲ့ပေးပါ..."
ချန်ရုံက ထိုအစေခံနှစ်ဦးအား ငေးသာကြည့်နေ၍ အေးစက်စွာပြုံးကာ ထပ်ပြောလိုက်သည်။
"သွားကြရအောင်..."
ထို့နောက် ချန်ရုံသည် အင်္ကျီလက်များကို လှုပ်ယမ်း၍ လှည့်ထွက်သွားတော့သည်။
အစေခံများက ထွက်သွားသော ချန်ရုံ၏ကျောပြင်ကို ကြည့်နေကြသည်။
"ကျွန်မတို့ ဘာလုပ်ကြမလဲ..."
အစေခံအငယ်လေးက တီးတိုးပြောလိုက်သည်။
အသက်ကြီးသည့်အစေခံကခေါင်းခါကာ ပြောလိုက်သည်။
"ငါတို့ မသိသလို ဟန်ဆောင်နေလိုက်မယ်...အခုတော့ သူ့နောက်ကို လိုက်သွားကြရအောင်..."
"ဟုတ်ကဲ့..."
နေဝင်ဆည်းဆာချိန်က တဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည်။
အနောက်ဘက်မှမိုးကုတ်စက်ဝိုင်းသည် အနီရောင်တောက်ပနေသော တိမ်များဖြင့် နီရဲနေလေသည်။ ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ ချန်ရုံ၏ တောင့်တင်းနေသောခြေလှမ်းများက အနည်းငယ် အေးဆေးစပြုလာသည်။
ငယ်ရွယ်၍ ချောမောလှပသောမိန်းကလေးအများအပြားသည် ဧည့်ခံပွဲသို့တက်ရောက်လာကြသည်။ သို့သော် ထိုအလှလေးများအားလုံးသည် ချန်ရုံ့ကို မြင်သောအခါ မနေနိုင်ပဲ ခေါင်းများလှည့်ကြည့်လိုက်မိကြသည်။
ချန်ရုံသည် စိတ်ကို မနည်းချုပ်တည်း၍ အစေခံနှစ်ယောက်၏ အဝတ်အစားဝတ်ပေးခြင်းကို သည်းခံခဲ့ရသည်။ ချန်ရုံ၏ ခန္ဓာကိုယ်သည် ယခင်တည်းက လှပပြီးသားဖြစ်သောကြောင့် သူမ၏ အသားအရောင်နှင့် ခန္ဓာကိုယ်နှင့် လိုက်ဖက်သော အဝတ်အစားများကို ဝတ်လိုက်သည့်အခါ ချန်ရုံသည် အလွန်ပင် လှပတောက်ကြွားနေသောကြောင့် ဘေးအနီးအနားမှ မိန်းကလေးများအားလုံးသည် ချန်ရုံနှင့်ယှဉ်သောအခါ မှေးမှိန်သွားကြရလေသည်။
ချန်ရုံသည် ဝတ်ရုံလက်များကို လှုပ်ခတ်ကာ လက်နာကျင်သည်အထိ ဆံထိုးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ မိန်းကလေးများ၏ အံ့ဩကြောင်အနေသောအကြည့်များကို ရင်ဆိုင်လိုက်သည်။
ထို့နောက် ချန်ရုံသည် အနောက်ဘက်အဆောင်တန်းဆီမှ ထွက်ခွာလာတော့သည်။
ပင်မနန်းဆောင်သို့သွားသည့်လမ်း၌ လျှောက်နေရင်းဖြင့် နန်းဆောင်ထဲမှ ပျံ့လွင့်လာသော သီချင်းသံနှင့် အမွှေးအကြိုင်နံ့များက ကြွယ်ဝချမ်းသာပျော်ရွှင်နေသည့် ပုံစံကိုပြသနေကြသည်။ ချန်ရုံသည် သွားလာလှုပ်ရှားနေကြသော မိန်းကလေးများကြည့်၍ ရုတ်တရက် တွေးလိုက်မိသည်။
နန်ယန်မင်းသားလိုမျိုးလူက ရန်မင်းနဲ့သူ့လူတွေရဲ့ အသက်စွန့်ပြီး ကာကွယ်ပေးမှုနဲ့ ထိုက်တန်ရဲ့လား...
သို့သော် ထိုအတွေးက ခဏသာခံလိုက်သည်။ နန်ယန်မြို့သာ ကျသွားပါက မြို့ရှိ လူများအားလုံးဒုက္ခရောက်သွာမည်ကို ချန်ရုံတွေးမိသွား၍ နှလုံးသားထဲ၌ ဖြစ်ပေါ်နေသာ ရွံရှာမှုကို မေ့ပျောက်ကာ ရှေ့သို့ဆက်သွားလိုက်သည်။
အနောက်ဘက်အဆောင်မှ ပင်မနန်းဆောင်ဆီရောက်ရန် ခြေလှမ်း တစ်ရာခန့်သာသွားလိုက်ရသည်။ ချန်ရုံသည်ရထားလုံးကို မစီးပဲ တတ်နိုင်သမျှ အချိန်ဆွဲ၍ လျှောက်နေသော်လည်း ပင်မနန်းဆောင်သို့ နာရီဝက်ပင်မကြာလိုက်ပဲ ရောက်သွားတော့သည်။
ခြံဝန်းထဲ၌ရပ်၍ အလင်းရောင်များဖြင့် လင်းထိန်နေသော ခန်းမဆောင်ကို ကြည့်၍ ချန်ရုံသည် ပင့်သက်ရှိုက်ကာ အထဲသို့ လှမ်းဝင်လိုက်သည်။
မင်းသား၏ စံအိမ်တော်သည် အခြားအိမ်တော်များနှင့် ကွဲပြားသည့်အရာတစ်ခုရှိသည်။ ထိုအရာမှာ အမျိုးသမီးများသည် မည်သည့်အဆင့်အတန်းကမဆို ဧည့်ခံပွဲသို့တက်ရောက်ရန်လာသူဖြစ်ပါက ပင်မတံခါးပေါက်ကပင် ဝင်ခွင့်ရခြင်းဖြစ်သည်
ခန်းမဆောင်ထဲသို့ ချန်ရုံဝင်လိုက်ချိန်တွင် ချန်ရုံ၏ရှေ့၌ ချောမောလှပသော မိန်းမပျိုများ အများအပြားရှိ၍ ချန်ရုံ၏အနောက်တွင်လည်း မိန်းမပျိုများရှိနေသေးသည်။
ခန်းမဆောင်၏ထိပ်တွင် နန်ယန်မင်းသားနှင့် သူ၏ တပည့်အပေါင်းအပါများသည် ညောင်စောင်းပေါ်၌ထိုင်၍ ဝိုင်အရက်များကို ရွှင်မြူးစွာသောက်နေကြသည်။ ဂီတသံနှင့်အတူ တဖွဲဖွဲဝင်ရောက်လာနေသော အမျိုးသမီးလေးများကို မျက်စိအရသာခံ၍ ကြည့်နေကြလေသည်။
Xxxxxx