အပိုင်း ၆၀
Viewers 18k



Chapter 60
စိတ်ဝင်စားမှုရရှိခြင်း



ချန်ရုံသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်ထပ်တိုးလိုက်သောအခါ ချောမောလှပသော မိန်းကလေးများကြားသို့ရောက်သွားသည်။ မည်သူကမှ ချန်ရုံ့အား စိတ်ဝင်တစားဂရုစိုက်မနေသည်ကို မြင်သောအခါ ချန်ရုံစိတ်ထဲ၌ အတွေးတစ်ခုပေါ်သွားသည်။

ချန်ရုံသည် အရှိန်ကိုလျှော့လိုက်၍ ဘာမှမဖြစ်သလိုလုပ်ကာ အနောက်သို့ ပြန်ဆုတ်လိုက်သည်။

ထိုအချိန်၌ ခန်းမဆောင်ထဲရှိ အမျိုးသမီးများအားလုံးသည် စုရုံးနေကြ၍ မည်သူကမှ ချန်ရုံထွက်သွားသည်ကို သတိမထားလိုက်မိကြချေ။ ထို့အပြင် ချန်ရုံသည် ခန်းမဆောင်ထဲသို့ ဝင်ကာစဖြစ်သောကြောင့် တံခါးနှင့် ခြေလှမ်းအနည်းငယ်သာ ကွာသေးသည်။ ချန်ရုံသည် ဖြည်းဖြည်းချင်းဖြင့် အပြင်သို့ ပြန်ထွက်သွားသည်။

အပြင်၌ စောင့်ဆိုင်းနေသော အစေခံနှစ်ဦးသည် ချန်ရုံပြန်ထွက်လာသည်ကို မြင်သောအခါ တုန်လှုပ်သွားကြသည်။ သူတို့သည် ချန်ရုံ့နောက်သို့ အမြန်လိုက်၍ ချန်ရုံ၏ အင်္ကျီဝတ်ရုံလက်ကို ဆွဲလိုက်သည်။ ချန်ရုံက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကျွန်မရဲ့ ဗျပ်စောင်းကို ဒီကိုယူခဲ့ပေးပါ..."

ချန်ရုံသည် ထိုစကားကို အနောက်သို့မလှည့်ပဲပြောလိုက်၍ မျက်နှာကလည်း ပြုံးနေလေသည်။

အစေခံနှစ်ဦးက အကြည့်ချင်းဖလှယ်လိုက်ကြကာ အစေခံအငယ်လေးက မျက်မှောင်ကြုတ်၍ ချန်ရုံ့အား သတိပေးလိုက်သည်။

"သခင်မလေး...ပြဿနာရှာ‌တာတွေ ရပ်ပါတော့..."

အစေခံငယ်လေး၏အသံထဲ၌ စိတ်မရှည်မှုက အတိုင်းသား ပေါ်လွင်နေသည်။

အသက်ကြီးသည့် အစေခံကလည်း ပင်ပန်းနေသည့် အသံဖြင့် ဝင်ပြောလိုက်သည်။

"ကျွန်မတို့ ဘယ်နေရာရောက်နေတယ်လို့ သခင်မလေး ထင်လို့ပါလဲ...ဒီလိုနေရာမျိုးမှာသခင်မလေးက ဗျပ်စောင်းက ဘာဖြစ်လို့ လိုမှာပါလဲ..."

ချန်ရုံက အနောက်သို့ ခပ်ဖြည်းဖြည်း လှည့်လိုက်၍ အစေခံနှစ်ယောက်အား စိုက်ကြည့်လိုက်သည်။

အစေခံနှစ်ဦးသည် လန့်သွား၍ အနောက်သို့ ဆုတ်လိုက်ကြမိသည်။

ချန်ရုံသည် ခြေထောက်များကို ကြွ၍ အရှေ့သို့ ပြန်သွားကာ မိန်းမချောလေးများရှိသော ခန်းမ‌ဆောင်ထဲသို့ ပြန်ဝင်လိုက်သည်။

ထိုအခါမှပင် အစေခံများသည်လည်း စိတ်အေးသွား၍ သက်ပြင်းချနိုင်တော့သည်။

ချန်ရုံသည် လမ်းလျှောက်ရင်းဖြင့် ဘေးဘီသို့ စူးစမ်းနေမိသည်။ ကြီးမားသော ခန်းမဆောင်ထဲတွင် များပြားလှသော ဂီတအနုပညာရှင်များနှင့် မိန်းမလှလေးများမှလွဲ၍ အဓိကနေရာများ၌ ထိုင်နေကြသူများမှာ အမျိုးသားအနည်းငယ်သာရှိသည်။ ထိုလူများမှာ မင်းသား၏ မျက်နှာသာအပေးခံရဆုံး လက်အောက်ခံတပည့်များ ဖြစ်ကြပုံရသည်။ ချန်ရုံသည် အင်္ကျီဝတ်ရုံအောက်၌ လက်များကို ဆုပ်နယ်၍ ပတ်ဝန်းကျင်ကို သေချာလေ့လာနေသည်။

ထိုအချိန်၌ ချန်ရုံ့အရှေ့မှ ဝင်သွားကြသော မိန်းမချောလေးများသည် သူတို့ထိုင်စရာနေရာများကို ရှာတွေ့သွားကြပြီဖြစ်သည်။

အမျိုးသမီးများ၏ ထိုင်ခုံနေရာများသည် အမျိုးသားများ၏ထိုင်ခုံများနှင့် ကွဲပြားနေသည်။ အမျိုးသမီးများ ထိုင်ရသည့်ခုံများမှာ ခွေးခြေကဲ့သို့ ထွင်းထုထားသော ကျောက်စိမ်းတုံးများဖြစ်သည်။ ကြည်လင်သော ကျောက်စိမ်းတုံးတစ်တုံးချင်းစီသည် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားလှသော်လည်း ယခုတွင်တော့ အမျိုးသမီးများထိုင်ရန်အတွက် ထိုင်ခုံများကဲ့သို့ ပြုလုပ်ထားခြင်း ခံနေရလေသည်။

ထိုကျောက်စိမ်းတုံးများကို မထိခိုက်စေရန်နှင့် သူတို့၏ လှပမှုကို ပို၍ ပေါ်လွင်စေရန် အမျိုးသမီးများသည် ကျောက်စိမ်းတုံးများပေါ်၌ တစ်ဝက်သာထိုင်၍ ခန္ဓာကိုယ်ကို ဖြောင့်မတ်အောင်လုပ်ထားကြသည်။

ချန်ရုံသည်လည်း ထိုကဲ့သို့သော ကျောက်စိမ်းတုံးပေါ်၌ ဝင်ထိုင်လိုက်သည်။

ချန်ရုံ သေချာပင်မထိုင်ရသေးခင်မှာပင် နန်ယန်မင်းသား၏ အမိန့်ပေးသံကိုကြားလိုက်ရသည်။

"ပင်မဂိတ်တံခါးတွေကို ဖွင့်လိုက်..."

"ဟုတ်ကဲ့..."

ဘေးပတ်ပတ်လည်မှ ပြန်ဖြေလိုက်သံများထွက်လာ၍ ချောမောသော လုလင်ပျိုလေးယောက်လည်း ပေါ်ထွက်လာသည်။ ထိုလုလင်ပျိုများသည် ဝင်ပေါက်သို့သွား၍ အရှေ့နှင့် အနောက်တံခါးများကို ဖွင့်လိုက်ကြသည်။

တံခါးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အအေးဓာတ်များက အလုံးအရင်းဝင်လာကြသည်။ ခန်းမထဲသို့ လေများ ဝင်ရောက်တိုက်ခတ်လာသောအခါ ဖယောင်းတိုင်မီးများကို လှုပ်ခါသွားစေ၍ အမျိုးသမီးများ၏ စကတ်ရှည်များကိုလည်း ကြာရွက်များကဲ့သို့ လွင့်ကားသွားစေသည်။ ချက်ချင်းပင် ရာချီသော အမျိုးသမီးများနှင့် ရာချီသော အရောင်အသွေးစုံသည့် ဝတ်ရုံများသည် လေထဲ၌ ဖူးပွင့်ကားလွင့်နေကာ မျက်နှာခြယ်နှင့် ရေမွှေးနံ့များကလည်း သင်းပျံ့နေတော့သည်။ ခန်းမဆောင်ထဲမှ အခြေအနေမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေလေတော့သည်။

နန်ယန်မင်းသားက ရယ်မော၍ လက်ခုပ်လက်ဝါးတီးကာ လူအုပ်ကို ပြောလိုက်သည်။

"လူကြီးမင်းတို့...ထာဝရအသက်ရှင်နိုင်ခြင်းကတောင်မှ ဒီမှာ‌မြင်တွေ့နေရတဲ့ ပျော်ရွှင်မှုကို မှီမယ်မထင်ဘူး..."

အမျိုးသားများကလည်း မင်းသား၏စကားကို ထောက်ခံ၍ ရယ်လိုက်ကြသည်။

ထိုအချိန်၌ အကြံပေးရှုသည် မျက်လုံးများကိုမှေးစင်း၍ အမျိုးသမီးများကို ခေါင်းအစ ခြေအဆုံးကြည့်နေလေသည်။ ထို့နောက် အမျိုးသမီးအချို့အား လက်ညှိုးညွှန်ပြ၍ ပြောလိုက်သည်။

"အရှင်မင်းသား...လှပတဲ့ မိန်းမပျိုလေးတွေက တိမ်တွေနဲ့ဆင်တူတယ်ဆိုပေမယ့် အနီးအနားက ဝန်းရံထားတဲ့ ကြယ်တွေရဲ့ စောင့်ရှောက်မှုကိုခံနေရတဲ့ လရောင်လိုမျိုး...အစိမ်းရောင်သစ်ရွက်တွေနဲ့ ဝိုင်းရံခြင်းခံထားရတဲ့ အနီရောင်ပန်းပွင့်လေးလိုမျိုး ထူးခြားပြောင်မြောက်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့ အမျိုးသမီးငါးဦးကို ကျွန်တော်မျိုးတွေ့ထားပါတယ်...သူတို့တွေကို တစ်ချက်ကြည့်မိလိုက်ရုံနဲ့ ကျွန်တော်မျိုးကြီးရဲ့ အကြည့်တွေကို လွှဲဖယ်လို့မရတော့ပါဘူး..."

မင်းသားသည်လည်း သူ၏ မို့မောက်အစ်ထွက်နေသော မျက်လုံးများဖြင့် အကြံပေးရှုညွှန်ပြနေသည့်နေရာသို့ စိတ်ဝင်တစားလှမ်းကြည့်လိုက်သည်။ မကြာမီမှာပင် မင်းသား၏မျက်လုံးများသည် ချန်ရုံပေါ်သို့ ‌ကျရောက်သွားတော့သည်။

ချန်ရုံ၏ အနည်းငယ်ငုံ့ထားသောခေါင်း၊ ပြည့်‌မောက်သောရင်သား၊ ကျောက်စိမ်းတုံးပေါ်မှ လုံးဝန်းသောတင် နှင့် သေးသွယ်သောခါးလေးတို့က အလွန်ဆွဲဆောင်မှုရှိသော ရုပ်သွင်ကို ဖော်ပြနေလေသည်။ မင်းသားသည် သူ၏ ပြည့်ဖောင်းသောနှုတ်ခမ်းများကို လျှာဖြင့်သက်၍ ပြောလိုက်သည်။

"အကြံပေးရှုပြောတာ မှန်ကန်ပါပေတယ်..."

မင်းသားသည် ချန်ရုံ့အား လက်ညှိုးကိုကွေး၍ ခေါ်ကာ ပြောလိုက်သည်။

"မိန်းမလှလေး...ဒီကို လာခဲ့ပါ..."

များစွာသောမျက်လုံးများသည် ချန်ရုံရှိရာသို့ တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

ချန်ရုံက ဖြည်းညှင်းစွာမော့၍ မင်းသား၏မျက်လုံးများနှင့် ရင်ဆိုင်လိုက်သည်။

နန်ယန်မင်းသားသည် ထိုမိန်းကလေးက ချန်ရုံဖြစ်နေမည်ဟု မထင်ထားမိချေ။ ချန်ရုံ့ကိုမြင်လိုက်သောအခါ မင်းသား၏ မျက်လုံးများ ပြူးကျယ်သွား၍ ပြီးမှ ရယ်လိုက်သည်။

"ဪ ဒီမိန်းကလေးဖြစ်နေတာကိုး...မင်း ဒီည အရမ်းကိုလှနေလွန်းလို့ ငါကိုယ်တော် သဘောကျတော်မူတယ်...ဒီနားကိုလာခဲ့ပါဦး လာ လာ..."

မင်းသား၏လေသံက အလွန်ပင် အချေမငံရိုင်းစိုင်းနေ၍ အပြုံးကလည်း မုန်းတီးရွံရှာဖွယ်ဖြစ်နေသည်။ မင်းသားသည် ချန်ရုံ့အား သူ၏ မောင်းမ များထဲမှ တစ်ယောက်အနေဖြင့် ဆက်ဆံနေခြင်းဖြစ်ပေသည်။

ချန်ရုံက ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်သည်။

ချန်ရုံသည် ထို့နောက် ခါးကိုဆန့်၍ မင်းသားဆီသို့ လျှောက်သွားလိုက်သည်။

ကြီးမားကျယ်ပြန့်သော ခန်း‌မဆောင်ထဲ၌ အေးမြသောလေသည် ချန်ရုံ၏ ဝတ်ရုံကို အစွမ်းကုန်ပွင့်အာနေသော ကြာပန်းကဲ့သို့ ပြန့်ကား‌အောင်လုပ်နေ၍ ချန်ရုံ၏ သေးသွယ်သောခါးလေးကို ပို၍ ပေါ်လွင်နေစေသည်။

မင်းသား၏မျက်လုံးများသည်လည်း ချန်ရုံ၏ခန္ဓာကိုယ်၌ ကပ်နေ၍ အကြည့်များကို မလွှဲတော့ချေ။

ချန်ရုံ၏ မျက်နှာက ဘာစကားမျှမပြောပဲ တိတ်တိတ်သာနေလိုသည့်ပုံ ပေါ်နေသည်။ ကျယ်ပြန့်သော အင်္ကျီဝတ်ရုံလက်အောက်တွင်တော့ ချန်ရုံ၏ညာဘက်လက်သည် အနည်းငယ်လှုပ်ရှားသွား၍ ချက်ချင်းပင် ရွှေရောင်ဆံထိုးက လက်ဝါးထဲသို့ ကျလာသည်။

မင်းသားသည် မျက်လုံးများကိုမှေးစင်း၍ ချန်ရုံ၏ နွဲ့နှောင်းနေသော ခန္ဓာကိုယ်ကိုကြည့်ကာ လူအုပ်အား ပြုံး၍ ပြောလိုက်သည်။

"ဒီမိန်းကလေးဟာ ပိုးချည်မျှင်တွေပေါ်ကိုတက်နင်းပြီး ရေလှိုင်းလိုမျိုးရောက်လာတာပဲ..."

ထို့နောက် မင်းသား၏မျက်လုံးများက ချန်ရုံ၏ ခြေထောက်များဆီသို့ရောက်သွားသည်။ မင်းသားသည် သူ၏ အဖြူရောင်များရောနေသော မုတ်ဆိတ်မွှေးတိုတိုကို သပ်ကာ ပြောလိုက်သည်။

‌"နောက်ကျရင် သူ့ကို ကျောက်စရစ်ခဲတွေရှိတဲ့လမ်းမှာ ခြေဗလာနဲ့ လျှောက်ခိုင်းရမယ်...ဒါမှ လေထဲက နှင်းဆီပွင့်လိုမျိုး ဟိုဘက်ဒီဘက် ယိမ်းယိုင်နေမှာပဲ..."

မင်းသား၏ နောက်လိုက်တပည့်များကလည်း ပြိုင်တူပင် အားပေးထောက်ခံလိုက်ကြသည်။

"အရှင်မင်းသားရဲ့ စာပေအနုပညာက တကယ်ကို ထက်မြက်လှပါပေတယ်...အရှင်မင်းသားပြောသမျှ စကားလုံးတိုင်းက ကဗျာဖြစ်လာတာပဲ..."


"'လေထဲက နှင်းဆီပွင့်လို ဟိုဘက်ဒီဘက် ယိမ်းယိုင်နေမယ်'...ကျောစစ်ရဲ့ မြို့တော်သုံးခုသို့တမ်းချင်း ကဗျာတွေကတောင် အရှင်မင်းသားရဲ့ စာသားတွေနဲ့ယှဉ်ရင် မှေးမှိန်သွားရပါတယ်..."

[T/N: ကျောစစ်ဟာ အနောက်ကျင်းခေတ်ရဲ့ ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ်။ ကျောစစ်ရဲ့ မြို့တော်သုံးခုသို့တမ်းချင်း ကဗျာများမှာ 'ရှုမြို့တော်သို့တမ်းချင်း'၊ 'ဝူမြို့တော်သို့တမ်းချင်း' နဲ့ 'ဝေ့မြို့တော်သို့တမ်းချင်း' တို့ ဖြစ်ပါတယ်။]

"ဟုတ်ပါပေ့ဗျာ...အရှင်မင်းသား‌ရဲ့စကားတွေက ချောင်ကျစ်ကျန့်ရဲ့ 'လောယန်သို့တမ်းချင်း' ကိုတောင် အုပ်မိုးနိုင်ပါတယ်..."

[T/N: ချောင်ကျစ် လို့ လူသိများကြတဲ့ ချောင်ကျစ်ကျန့်ဟာ သုံးပြည်ထောင်ခေတ်က ချောင်ချောင်ရဲ့ သားတော်မင်းသားတစ်ပါးဖြစ်ပါတယ်။]

နန်ယန်မင်းသားသည်လည်း သူ့အပေါ် အမွှန်းတင် ချီးမြှောက်နေသည်များကို သဘောကျနေဟန်တူသည်။ မင်းသားသည် လက်ကိုမြှောက်၍ သူ၏ မုတ်ဆိတ်တိုတိုကိုသပ်ကာ ကျေနပ်စွာဖြင့် ခေါင်းတငြှိမ့်ငြှိမ့်လုပ်နေလေသည်။

ခဏအကြာတွင် ဆူညံနေသော မြှောက်ပင့်သံများကြား၌ အင်အားပြင်းထန်လှသောခြေသံများ မြေပြင်မှတစ်ဆင့် ကြားလိုက်ကြရသည်။

ထို့နောက် အရှေ့ဘက်ခန်းမနှင့် ခြေဆယ်လှမ်းမျှအကွာသို့ အစောင့်စစ်သည်တစ်ဦးရောက်လာ၍ လက်များကို ချိတ်ဆက်ကာ ပြောလိုက်သည်။

"အရှင်မင်းသား...တပ်မှူးဝမ်က တွေ့ခွင့်တောင်းနေပါတယ်..."

မင်းသားက မျက်နှာကိုရှုံ့မဲ့၍ လက်ကိုဝှေ့ယမ်းကာ အော်ပြောလိုက်သည်။

"ငါသူ့ကိုမတွေ့ချင်ဘူး...တကယ်ပဲ ဘာဖြစ်လို့ ဒီလိုအချိန်မျိုးမှာမှ သူက တွေ့ချင်နေရတာလဲ...ကျိန်စာပဲ..."

"ဟုတ်ကဲ့ပါ အရှင်မင်းသား..."

အစောင့်က ပြန်ဖြေ၍ လှည့်ထွက်သွားလေသည်။

အစောင့်ထွက်သွားသောအခါ အားရုံက ရပ်နေ၍ ရှေ့သို့ဆက်မတိုးလာသည်ကို အကြံပေးရှုက မြင်သွားသည်။

"မိန်းကလေး ဘာဖြစ်လို့ အဲ့ဒီနေရာမှာ ရပ်နေရတာလဲ...ဒီကို အမြန်လာခဲ့လေ..."

နန်ယန်မင်းသားသည်လည်း ချန်ရုံ့အား လှည့်ကြည့်လိုက်၍ ကျေနပ်စွာပြုံးလိုက်သည်။

"အလှလေး မကြောက်ပါနဲ့...ကိုယ်တော့်ဘဝမှာ အကောင်းဆုံးလုပ်တတ်တာ နှစ်ခုရှိတယ်...အဲ့ဒီထဲကမှ တစ်ခုက မိန်းမချောလေးတွေကို ကျောက်စိမ်းနဲ့ ကျောက်သံပတ္တမြားတွေလိုမျိုး တန်ဖိုးထားတတ်တာပါပဲ ဟားဟားဟား..."

မင်းသား၏လူအုပ်ကလည်း မင်းသားနှင့်အတူ လိုက်ရယ်နေကြလေသည်။

ချန်ရုံသည် ဖြည်းညှင်းစွာမော့ကြည့်၍ ခြေထောက်များကိုကြွကာ ဂီတပညာရှင်များရှိရာဘက်သို့ ဦးတည်လိုက်သည်။

ချန်ရုံ ခြေလှမ်းတစ်လှမ်းမျှပင် မလှမ်းရသေးခင်မှာပင် ခြေသံနောက်တစ်သံက ထွက်ပေါ်လာပြန်သည်။ ထို့နောက် အစောင့်တစ်ဦးသည် အသံကို မြှင့်၍ ပြောလိုက်သည်။

"အရှင်မင်းသား...တပ်မှူးစွင်းယန်က တွေ့ခွင့်တောင်းနေပါတယ်..."


Xxxxx