Chapter 61
သူရောက်လာခဲ့သည်
စွင်းယန်ရောက်လာသည်တဲ့လား။
ချန်ရုံသည် ပျော်လွန်း၍ မနေနိုင်ပဲ တောက်ပနေသောမျက်လုံးများဖြင့် တံခါးသို့ လှည့်ကြည့်လိုက်မိသည်။
"သူက ဘာဖြစ်လို့ဒီကိုရောက်နေရတာလဲ..."
ရှုံ့မဲ့နေသောမျက်နှာဖြင့် နန်ယန်မင်းသားက ပြောလိုက်သည်။
အကြံပေးတစ်ဦးက ကုန်း၍ မင်းသား၏နားရွက်နားသို့ တစ်စုံတစ်ရာကို ခပ်တိုးတိုးပြောလိုက်သည်။
မင်းသားက ခေါင်းငြှိမ့်၍ လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
"ငါကိုယ်တော် အလုပ်ရှုပ်နေတယ်လို့ တပ်မှူးစွင်းကိုပြောလိုက်...သူပြောချင်တာ ဘာကိစ္စပဲဖြစ်ဖြစ် မနက်မှ ပြောကြမယ်..."
ထို့နောက် မင်းသားသည် အသံကို မြှင့်၍ ထပ်ပြောလိုက်ပြန်သည်။
"ဒီညမှာ ငါ ဘယ်သူ့ကိုမှ မတွေ့တော့ဘူး..."
"ဟုတ်ကဲ့..."
အစောင့်က ပြန်ပြောလိုက်၍ ပြောပြီးပြီးချင်းမှာပင် ခြေသံများက တဖြည်းဖြည်း ဝေးကွာသွားတော့သည်။
ချန်ရုံသည် နှုတ်ခမ်းကို ဖိကိုက်၍ တံခါးကိုငေးကြည့်နေပြီးမှ မင်းသားဘက်သို့ ပြန်လှည့်လိုက်သည်။
အကြံပေးရှုသည် ချန်ရုံ၏မျက်နှာကို သေချာအကဲခတ်နေ၍ လှောင်ပြောင်သည့် အသံဖြင့် ပြောလိုက်သည်။
"မိန်းကလေး အဲ့ဒီလောက် ဝမ်းနည်းသွားဖို့မလိုပါဘူး...အချိန်ကရွှေပဲ...အချိန်ရှိတုန်း ပျော်ရွှင်မှုကို ရသလောက်ယူထားရမယ်..."
အကြံပေးရှု၏မျက်လုံးများက ချန်ရုံ၏ ရင်ဘတ်နှင့် ခြေထောက်များမှ မခွာနိုင်ဖြစ်နေသည်။
ချန်ရုံသည် မျက်လွှာကိုချ၍ မင်းသား၏တိုက်တွန်းမှုကို စောင့်မနေပဲ ဂီတပညာရှင်များရှိရာသို့ လျှောက်သွားလိုက်သည်။
"အလှလေး...မင်း ဘာလုပ်မလို့လဲ..."
မင်းသားက အံ့ဩစွာမေးလိုက်သည်။
ချန်ရုံက ပြန်မဖြေချေ။ ချန်ရုံ ဂီတပညာရှင်များဆီသို့ လျှောက်နေဆဲမှာပင် အပြင်မှ ဆူညံသံများ ထွက်ပေါ်လာပြန်သည်။
"အရှင်မင်းသား..."
အသံတစ်သံက အော်လိုက်သည်။
"တပ်မှူးစွင်းက နန်းဆောင်ထဲကို ဝင်မယ်ပဲပြောပြီး အခု အတင်းဝင်လာနေပါပြီ..."
"ဘာ..."
မင်းသား၏မျက်နှာက ညိုမည်းသွား၍ အော်ပြောလိုက်သည်။
"ဘယ်လိုတောင် အတင့်ရဲရတာလဲ...အဲ့ဒီတပ်မှူးက ငါ့ကို ဘယ်လိုသဘောထားနေတာလဲ...ပြီးတော့ ငါ့ရဲ့ အိမ်တော်ကို ဘာထင်နေတာလဲ..."
"တပ်မှူးစွင်းက အရှင့်ကို လုပ်ကြံသတ်ဖြတ်ဖို့များ ရောက်လာတာများလား..."
အကြံပေးတစ်ဦးက စိတ်မသက်မသာဖြင့် ဝင်ပြောလိုက်သည်။
ဘယ်လိုတောင် မိုက်မဲသည့်စကားပါလဲ။ တိတ်တဆိတ်လှုပ်ရှားခြင်းသည် လုပ်ကြံသတ်ဖြတ်ရန်အတွက် သော့ချက်ဖြစ်သည်ကို ချန်ရုံပင် သိသည်။ မည်သို့သော လုပ်ကြံသတ်ဖြတ်မည့်သူက ဤကဲ့သို့ ဝင်ခွင့်ပေးရန် တောင်းဆိုနေပါမည်နည်း။ ထို့အပြင် နန်ယန်မင်းသားသည် လုပ်ကြံသတ်ဖြတ်ရန်နှင့်ပင် မတန်သူတစ်ဦးလည်းဖြစ်နေသည်။
ဝမ်းနည်းဖို့ကောင်းစွာပင် ထိုကဲ့သို့ လူပြိန်းပင်နားလည်မည့်ကိစ္စကို နန်ယန်မင်းသားက နားမလည်ပါချေ။ မင်းသား၏မျက်နှာသည် ချက်ချင်းပင် သွေးဆုပ်ဖြူလျော်သွား၍ အလျင်အမြန် အော်ဟစ်လိုက်သည်။
"သူ့ကိုနှင်ထုတ်စမ်း...အကုန်လုံးကို နှင်ထုတ်လိုက်ကြစမ်း..."
"ဟုတ်ကဲ့..."
အမိန့်နာခံသောအသံများနှင့်အတူ ညီညာသော ခြေသံများက စံအိမ်တော်ထဲမှ ထွက်သွားသံကို ကြားလိုက်ရသည်။
ချန်ရုံ၏မျက်နှာသည် သွေးဆုတ်ဖြူလျော်သွားလေသည်။ သူမသည် နှုတ်ခမ်းကိုကိုက်၍ မျှော်လင့်ချက်မဲ့စွာ တွေးလိုက်မိသည်။
အခုတော့ ဘာမှလုပ်လို့မရတော့ဘူးထင်ပါတယ်...
အနှောင့်အယှက်များဝင်လာသောကြောင့် မင်းသား၏မျက်နှာသည် အလွန်ပင် ပုပ်သိုးနေတော့သည်။ မင်းသားသည် တရှူးရှူး တရှဲရှဲဖြင့် အသက်ကို ပြင်းစွာရှူကာ ချန်ရုံ့အား ဒေါသတကြီးကြည့်၍ အော်ပြောလိုက်သည်။
"ဟိုမိန်းမ...ငါ မင်းကို ဒီကိုလာခိုင်းတာလေ ဘာဖြစ်လို့ ဟိုဘက်ကိုသွားနေတာလဲ...နောက်တစ်ကြိမ်ထပ်ဖြစ်ရင်တော့ ငါသည်းခံနေတော့မှာမဟုတ်ဘူး..."
မင်းသား၏အော်သံနှင့်အတူ လှံရှည်များကိုင်ဆောင်ထားသောအစောင့်များသည် ခန်းမဆောင်ကို ပတ်ပတ်လည်ဝန်းရံလိုက်ကြသည်။ ထိုအစောင့်များသည် ချန်ရုံ့အား အေးစက်စွာကြည့်နေကြ၍ တစ်ယောက်ဆိုလျှင် လှံကို ကိုင်မြှောက်ကာ ချန်ရုံ့အား ရေခဲကဲ့သို့ အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
ချန်ရုံ၏မျက်နှာက ပို၍ပင် ဖြူဖပ်ဖြူလျော်ဖြစ်သွားသည်။
ဆူညံနေသည့် ရယ်မောသံနှင့် ဂီတသံများလည်း တိတ်ဆိတ်သွားသည်။
မင်းသား၏အနောက်မှ အကြံပေးများပင် ခေါင်းများကိုငုံ့၍ အသံမထွက်ရဲကြတော့ပေ။
မင်းသား၏မျက်နှာသည်လည်း မာထန်သွားသည်။ မင်းသားသည် အသက်ကို ပြင်းထန်စွာရှူ၍ ထိုင်ခုံကို ရိုက်ကာ ဒေါသတကြီးပြောလိုက်သည်။
"ဒီလောက ကတော့ တစ်နေ့တခြားကို ဆိုးရွားနေတော့တာပဲ...နို့နံ့တောင်မစင်သေးတဲ့ စွင်းယန်က ငါ့ရဲ့အိမ်တော်ကို ဝင်လာရဲတယ်ပေါ့...အစောင့်တွေ..."
"ဟုတ်ကဲ့..."
မင်းသားသည် အပြင်သို့ လက်ညှိုးထိုး၍ အော်လိုက်သည်။
"စွင်းယန်နဲ့ သူ့ရဲ့လူတွေကို မောင်းထုတ်..."
မင်းသား၏အသံက ရုတ်တရက် ပျောက်ကွယ်သွားသည်။
အပြင်သို့ညွှန်ပြနေသော မင်းသား၏လက်ညှိုးမှာ တဆတ်ဆတ်တုန်နေ၍ မင်းသားသည် အသက်ကိုပြင်းစွာရှူ၍ အထဲသို့ ပြန်လှည့်လိုက်သည်။ သူ၏ မှုန်မှိုင်း၍ ဖောင်းအစ်နေသော မျက်လုံးများသည် ခန်းမထဲရှိ လူအုပ်ကို ဝေ့ဝဲကြည့်၍ မျက်လုံးအိမ်ထဲမှ ခုန်ထွက်တော့မည့်ပုံပေါ်နေသည်။
မင်းသား၏အကြည့်အောက်တွင် လူတိုင်းသည် ခေါင်းမထောင်ရဲအောင်ဖြစ်နေကြသည်။ မိန်းမပျိုအချို့ဆိုလျှင် တစ်ကိုယ်လုံးပင် တုန်ယင်နေကြတော့သည်။
ထို့နောက် မင်းသား၏မျက်လုံးများက ချန်ရုံရှိရာ၌ ရပ်သွားကြသည်။
ဂီတပညာရှင်များ၏ရှေ့၌ရပ်နေသော ချန်ရုံကိုကြည့်ရင်းဖြင့် မင်းသား၏ မှုန်မှိုင်းသောမျက်လုံးအိုများထဲ၌ မဖော်ပြနိုင်သော ကြမ်းတမ်းမှုက ပေါ်ထွက်လာသည်။ မင်းသားသည် အသက်ကို ခက်ခဲစွာရှူ၍ အံကြိတ်ကာ ပြောလိုက်သည်။
"မင်းက ဘာမှအသုံးမကျတဲ့ ကိုယ်လုပ်တော်ရဲ့သမီးပဲ...ငါ မင်းကို နှစ်သက်တာကတောင် မင်းအတွက် ကံကောင်းခြင်းတစ်ခုပဲလေ...မင်း ဘာဖြစ်လို့များ အခေါက်ခေါက်အခါခါ ငါ့ကို လွန်ဆန်နေရတာလဲ...တော်ပါပြီကွာ အဲ့ဒီလိုတွေသာဖြစ်နေမယ်ဆိုရင် မင်းကို ဒီကိုခေါ်ထားရတာ ဘာကောင်းကျိုးရှိတော့မှာလဲ..."
ထို့နောက် မင်းသားသည် လက်ကိုဝှေ့ယမ်း၍ တုန်လှုပ်နေ၍ ပါးစပ်ဟလိုက်သော အကြံပေးရှုကို ဘာမျှမပြောစေရန် တားလိုက်သည်။
"မင်းတို့အားလုံးက ချီးဦးနှောက်တွေပါပဲ...အမြဲတမ်း ငါ့ကိုစိတ်ထိန်းဖို့ပဲပြောနေတာ...'လူမှုရေးသဘောတူညီမှုတွေကို အမြဲသတိရပါ' ဟုတ်လား...တော်စမ်းပါ ငါ့မှာ မိန်းကလေးတွေနဲ့တောင် ကောင်းကောင်းမပျော်ရတော့ဘူး..."
ထိုသို့ပြောပြီးသောအခါ မင်းသားသည်တဆတ်ဆတ်တုန်လှုပ်နေသော ချန်ရုံအား လက်ညှိုးထိုး၍ပြောလိုက်သည်။
"အစောင့်တွေ...ဒီ မိန်းမပျက်မကို ငါ့ရှေ့ကနေ ဆွဲထုတ်ပြီး သတ်ပစ်လိုက်ကြ..."
ထိုအချိန်၌ ခြေသံများပေါ်လာပြန်၍ အသံတစ်ခုက အော်ပြောလိုက်ပြန်သည်။
"အရှင်မင်းသား...လန်ယာဝမ်ချီက တွေ့ဆုံခွင့်တောင်းနေပါတယ်..."
"လန်ယာဝမ်ချီ ဟုတ်လား..."
နန်ယန်မင်းသားသည် ဖြည်းညှင်းစွာ လှည့်၍ မေးလိုက်သည်။
"ဟုတ်ကဲ့..."
မင်းသား၏လက်သည် လေထဲ၌ပင် ဆန့်ထားဆဲရှိသေးသောကြောင့် လက်ကို ဖြည်းညှင်းစွာ ပြန်ဆွဲယူ၍ မျက်မှောင်ကျုံ့ကာပြောလိုက်သည်။
"သူက ဒီကို ဘာလာလုပ်တာလဲ..."
"ကျွန်တော်မသိပါဘူး အရှင်..."
မင်းသားသည် သူ၏ ညောင်စောင်းနေရာသို့ ပြန်သွား၍ ဝိုင်ခွက်ကိုယူကာ တစ်ငုံချင်းသောက်နေလိုက်သည်။
ဝိုင်အရက်သောက်ပြီးသွားသောအခါ မင်းသား၏ ရှုံ့မဲ့နေသောမျက်နှာသည် သိသိသာသာပင် ပြေပြစ်သွားသည်။ မင်းသားသည် ခွက်ကိုပြန်ထားလိုက်၍ ပျော့ပျောင်းသောလေသံဖြင့်ပြောလိုက်သည်။
"ဝမ်ချီက စိတ်ဝင်စားဖို့ကောင်းတဲ့လူပဲ...သူရောက်လာတယ်ဆိုရင်တော့ ဝင်ခွင့်ပေးလိုက်ပါ..."
"ဟုတ်ကဲ့..."
အစောင့်က မင်းသား၏အမိန့်နှင့် ထွက်သွားချိန်မှပင် ခန်းမဆောင်တစ်ခုလုံးသက်ပြင်းချနိုင်တော့သည်။
လူအုပ်ကြီးက သက်ပြင်းချနေချိန်မှာပင် ချန်ရုံ၏ခြေထောက်များသည် တုန်ယင်လာ၍ ကြမ်းပေါ်သို့ လဲကျမလိုပင်ဖြစ်သွားသည်။ ထိုအခါမှသာလျှင် နဖူးမှချွေးများသည် မျက်လုံးထဲသို့ စီးဝင်၍ စပ်ဖျင်းဖျင်းဖြစ်နေသည်ကို ချန်ရုံသတိထားလိုက်မိသည်။
ချန်ရုံသည် အောက်သို့ငုံ့ကြည့်လိုက်၍ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသော ညာဘက်လက်ကို ဖြန့်လိုက်သောအခါ အနီရောင်သွေးစက်အချို့က ကြမ်းပေါ်သို့ ကျသွားလေသည်။ ချန်ရုံသည် အလွန်ကြောက်လန့်နေမိသောကြောင့် လက်ထဲမှဆံထိုးကို ချန်ရုံ၏ လက်ဖဝါးကို စိုက်မိသွားခြင်းဖြစ်သည်။
အပြင်မှ ခြေသံများထွက်ပေါ်လာပြန်သည်။
ချက်ချင်းပင် လူတိုင်း၏ အာရုံစိုက်မှုသည် တံခါးဆီသို့ ရောက်သွားသည်ကို ချန်ရုံသတိထားလိုက်မိသည်။ နန်ယန်မင်းသားကလည်း ထပ်ခါ ထပ်ခါပြောနေသည်။
"မြန်မြန် တံခါးကိုဖွင့်လိုက်...တံခါးကိုဖွင့်လိုက်..."
မည်သူကမျှ သူမ အား အရေးစိုက်ကြည့်မနေတော့သည်ကို သတိထားမိသောအခါ ချန်ရုံသည် အနောက်သို့ တိတ်တဆိတ်ပြန်သွား၍ အမျိုးသမီးအုပ်စုကြား၌ ရောနေလိုက်သည်။ သို့သော် အကြံပေးရှုသည် ချန်ရုံ၏လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်၍ ခေါင်းတငြှိမ့်ငြှိမ့်လုပ်နေသည်ကိုတော့ ချန်ရုံ မသိလိုက်ပါချေ။
တံခါးသည် ကျွိခနဲပွင့်သွား၍ လူတိုင်း၏မျက်လုံးများကို ကျိန်းသွားစေသည့် အလင်းရောင်တစ်ခုပေါ်လာသည်။
ထိုအလင်းရောင်၏အဆုံးတွင် ခန်းမဆောင်ဆီသို့ လျင်မြန်စွာလာနေသော တဖျတ်ဖျတ်လွင့်နေသည့် အဖြူရောင်အင်္ကျီဝတ်ရုံတစ်ခုကို မြင်လိုက်ကြရသည်။
အနားသို့မရောက်ခင်ကပင်လျှင် ဝမ်ဟုန်၏ပုံသဏ္ဍာန်သည် လူတိုင်းအား စိတ်ငြိမ်သက်မှုနှင့် အိန္ဒြေရမှုများ ပေးစွမ်းနေလေသည်။
နန်ယန်မင်းသားသည် မတ်တပ်ထရပ်၍ ဝမ်ဟုန်အား ကြိုဆိုရန် အပြင်သို့ အမြန်သွားလိုက်သည်။
"ချီလန် ဒီကိုရောက်နေတာလား...ကောင်းပါပေတယ်...ကောင်းပါပေတယ်...'
နန်ယန်မင်းသားကရယ်၍ နှင်းကဲ့သို့ဖြူဖွေးနေသော ပုံစံကိုကြည့်ကာ မှတ်ချက်ပေးလိုက်သည်။
"အိုး မင်းက ဘာဖြစ်လို့ အလျင်လိုနေတဲ့ပုံပေါက်နေရတာလဲ ချီလန်...ဒီကို ခရီးပန်းနေတုန်းကြီး ရောက်လာတာလား..."
မင်းသား၏အသံသည် အံ့ဩခြင်းနှင့် လှောင်ပြောင်မှုများ ရောယှက်နေလေသည်။
Xxxxxx