Chapter 63
ချက်ချင်းပင် ဗျပ်စောင်းသံက ဗုံသံကဲ့သို့ ပြင်းထန်လာ၍ အရှိန်အဟုန်နှင့် မြန်ဆန်လာသည်။
ထိုအသံနှင့်အတူ မိန်းမပျိုငါးဦးသည် ခါးများကို လှည့်ခါ၍ ခြေထောက်များကို လေပေါ်သို့ အသာအယာမြှောက်လိုက်ကြသည်။ စည်းချက်ကျသော ဂီတသံဆယ်ချက်နှင့်အတူ သူတို့၏ဖိနပ်များသည် နန်ယန်မင်းသားထံသို့ ပြိုင်တူ လွင့်ပျံသွားကြသည်။ မင်းသား၏အနောက်မှ အစောင့်က အလျင်အမြန် ထရပ်လိုက်ချိန်တွင် ဖိနပ် ဆယ်ခုက မင်းသား၏ခြေထောက်နား၌ ပုံကျစွာ ကျသွား၍ ဇီးပန်း၏ ပွင့်ချပ်ငါးခုသဏ္ဍာန်ဖြစ်သွားသည်။
မင်းသားသည်လည်း အလွန်သဘောကျသွားသောကြောင့် လက်ခုပ်တီးကာ အော်ရယ်လိုက်သည်။
ချန်ရုံသည် မျက်လုံးများကိုမှိတ်၍ ရွှေဆံထိုးအား အင်္ကျီလက်ထဲသို့ ဖြည်းညှင်းစွာ ပြန်၍ထိုးထည့်လိုက်ကာ လတ်ဆတ်သောလေကို တဝရှူလိုက်သည်။
ခန်းမဆောင်ထဲတွင်တော့ အလျင်အမြန် ပြောင်းလဲနေသော စည်းချက်များဖြင့် ဗျပ်စောင်းသံက ပျံ့လွင့်လျက်ရှိသည်။ ထိုဗျပ်စောင်းသံနှင့်အတူ မိန်းမပျိုလေးငါးဦးက ခါးများကို တွန့်လိမ်၍ ခြေထောက်များကို မြှောက်တင်ကာ တစ်ခါ တစ်ခါ ပေါ်ထွက်လာသော ဖြူဖွေးသည့် ခြေသလုံးလေးများဖြင့် အလွန်ဆွဲဆောင်မှုရှိသော ကကွက်ကို ကနေလေသည်။
တဖြည်းဖြည်းနှင့် ဂီတသံက အဆုံးသတ်နားသို့ ရောက်လာသည်။ အကမယ်လေးများသည်လည်း ကရင်းဖြင့် နန်ယန်မင်းသားနားသို့ ရောက်သွာကာ အင်္ကျီဝတ်ရုံလက်များကို ဝှေ့ယမ်း၍ မင်းသားအား ကလူမြူဆွယ်သည့်အကြည့်များဖြင့် ကြည်စယ်နေကြသည်။ ထိုမိန်းမပျိုလေးများ၏အပြုံးမှာ ချိုမြ၍ ခြေထောက်လေးများကလည်း ဖြူဖွေးသွယ်လျနေကြသည်။
မင်းသားသည် မိန်းမပျိုလေးများကိုကြည့်နေရင်းဖြင့် နောက်ဆုံးတွင်တော့ သက်ပြင်းချကာ သဘောတူသည့်လေသံဖြင့် ပြောလိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီ မင်းစိတ်တိုင်းကျသာလုပ်ပါတော့ ချီလန်..."
ထိုသို့ပြောရင်းဖြင့် မင်းသားသည် လက်ကို ဆန့်တန်း၍ မိန်းမပျိုလေးတစ်ယောက်ကို ဖမ်းဆွဲရာ တင်ပါးကို ခပ်ဆတ်ဆတ်ရိုက်လိုက်သည်။ ထို့နောက် ဝမ်ဟုန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"မင်းကလည်း ချန်အိမ်တော်က မထင်မရှား ကိုယ်လုပ်တော်ရဲ့သမီးအပေါ် မေတ္တာရှိပုံရတယ်..."
ဝမ်ဟုန်က ပြုံးလိုက်၍ ဝိုင်ခွက်ကို ချကာ မတ်တပ်ထရပ်လိုက်သည်။ မင်းသားကိုနှုတ်ဆက်ပြီးသောအခါ ဝမ်ဟုန်သည် ချန်ရုံ့ဘက်သို့လှည့်၍ပြောလိုက်သည်။
"သွားကြရအောင်..."
ထို့နောက် တစ်ဖက်သို့လှည့်ကာ ထွက်သွားတော့သည်။ စကားတစ်ခွန်းမှ ထပ်မပြောတော့ချေ။
ချန်ရုံသည်လည်း ခေါင်းကိုငုံ့၍ ဝမ်ဟုန်နောက်သို့လိုက်၍ အလျင်အမြန်ထွက်သွားလိုက်သည်။
မကြာမီတွင်ပင် ချန်ရုံတို့၏ ပုံရိပ်များသည် ခန်းမဆောင်၏ တံခါးများထံမှ ပျောက်ကွယ်သွားတော့သည်။
နန်ယန်မင်းသား၏အနောက်၌ထိုင်နေသော အကြံပေးတစ်ဦးက ချန်ရုံတို့၏ နောက်ကျောများကိုကြည့်ရင်းဖြင့် သူ၏ရှည်လျားသောမုတ်ဆိတ်များကို သပ်ကာ ပြောလိုက်သာ်။
"သူက တကယ်ပဲ လန်ယာဝမ်ချီပီသပါပေတယ်...အခု သူ့ရဲ့လုပ်ရပ်က တကယ့်ကိုပညာရှိတစ်ဦးရဲ့ စဉ်းစားပုံမျိုးပါပဲ..."
ထိုအချိန်၌ အကြံပေးရှုက စတင်၍ နန်ယန်မင်းသားကို ပြောလိုက်သည်။
"ဒီလို လှပတဲ့အမျိုးသမီး ငါးဦးကို သိမ်းပိုက်ခွင့်ရလိုက်လို့ ဂုဏ်ယူပါတယ် အရှင်မင်းသား..."
ထို့နောက် အကြံပေးရှုသည် မွှေးကြိုင်၍ ချွေးများအနည်းငယ်စို့နေသော မိန်းမပျိုလေးများကို တဏှာစိတ်လွှမ်းသောအကြည့်များဖြင့်ကြည့်၍ ဆက်ပြောလိုက်သည်။
"ဒီမိန်းမပျိုတွေက လန်ယာကဝမ်အိမ်တော်မှာ သေချာလေ့ကျင့်ပျိုးထောင်ခံထားရတဲ့ မိန်းမပျိုတွေဖြစ်ပါလိမ့်မယ်...သူတို့ရဲ့ အမူအရာနဲ့ ဆွဲဆောင်မှုတွေကို နန်ယန်က ကချေသည်တွေ ဘယ်လိုမှ လိုက်မမှီပါဘူး အရှင်မင်းသား..."
နန်ယန်မင်းသားက ခေါင်းငြှိမ့်လိုက်သည်။ ထို့နောက် သူဖက်ထားသောမိန်းမပျိုလေး၏ ရင်သားကို အကြိမ်အနည်းငယ်ဆုပ်နယ်လိုက်ပြီးမှ ကျေနပ်သည့်လေသံဖြင့်ပြောလိုက်သည်။
"သူတို့တွေ ဘယ်လောက်ပဲ ဖြူစင်ပြီး အိန္ဒြေရှိပါစေ၊ နွဲ့နှောင်းပြီး တင့်တယ်နေပါစေ၊ မာနကြီးပြီး စိတ်မဝင်စားတဲ့ပုံပေါက်နေပါစေ အဝတ်အစားတွေဖယ်လိုက်ရင်တော့ အကုန်လုံးက အရသာရှိတဲ့ မျက်စိပဒါဿ တွေပဲ...လန်ယာရဲ့ ဝမ်အိမ်တော်က တကယ်ကိုပဲ လေ့ကျင့်ပေးတာ ကောင်းလှပါတယ်..."
အကြံပေးရှုက တဖြည်းဖြည်းထွက်ခွာသွားသော ချန်ရုံကိုကြည့်၍ သက်ပြင်းချလိုက်သည်။
"ချန်အိမ်တော်ရဲ့ အားရုံက လူအများရဲ့ နှစ်သက်ခြင်းကိုခံနေရတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ပုံပေါ်ပါတယ် အရှင်မင်းသား..."
နန်ယန်မင်းသားက ခေါင်းကိုငုံ့၍ လက်ထဲမှ မိန်းမပျိုလေးကို နမ်းလိုက်ကာ စိတ်မဝင်စားသကဲ့သို့ ပြောလိုက်သည်။
"မနက်ဖြန်ကိစ္စကို မနက်ဖြန်မှပြောမယ်...ဝမ်ချီလန်ကလည်း နန်ယန်မှာ ကြာကြာမနေလောက်ပါဘူး..."
ချန်ရုံသည် ဝမ်ဟုန်နောက်သို့ အပြေးလိုက်သွားသည်။ မီးရောင်အောက်တွင် ချန်ရုံသည် ဝမ်ဟုန်အား ကြာမြင့်စွာစိုက်ကြည့်နေသော်လည်း စကားတစ်ခွန်းမှ ပြောမထွက်ဖြစ်နေသည်။
ထိုအချိန်မှာပင် ဝမ်ဟုန်ကလည်း ရပ်သွားသည်။ ထို့နောက် ခေါင်းကိုအနည်းငယ်စောင်း၍ ချန်ရုံ့အား လှမ်းကြည့်လိုက်သည်။
ဝမ်ဟုန်၏အကြည့်များကို ရင်ဆိုင်၍ ချန်ရုံသည် နှုတ်ခမ်းများကို ဖိကိုက်၍ ပြောလိုက်သည်။
"ကျွန်မ...ကျွန်မရဲ့ခန္ဓာကိုယ်က မညစ်နွမ်းသေးပါဘူး..."
ချန်ရုံ၏စကားကြောင့် ဝမ်ဟုန် အံ့ဩသွားမိသည်။
ချန်ရုံပင်လျှင် သူမကိုယ်သူမ အံ့ဩသွားမိသည်။ ချန်ရုံသည် ထိုစကားများပြောလိုက်မိသည်ကို မယုံနိုင်သကဲ့သို့ ပါးစပ်လေးပွင့်ကာ ဘာမှမပြောနိုင်ဖြစ်နေသည်။ လည်ပင်းအထိလည်း ရှက်သွေးဖြင့် နီရဲသွား၍ အချိန်အတော်ကြာ ခေါင်းကို ငုံ့နေပြီးမှ ထစ်အစွာဖြင့် ပြောလိုက်သည်။
"ကျွန်မ-ကျွန်မ-ကျွန်မ..."
ထိုသို့ထစ်အနေစဉ်မှာပင် ကျက်သရေရှိသည့် အဖြူရောင်ပုံရိပ်လေးသည် အဝေးသို့ လျှောက်သွားပြီဖြစ်သည်။ ကြယ်ရောင်အောက်မှ ဝမ်ဟုန်၏ မြင့်မားသော ပုံသဏ္ဍာန်ကိုကြည့်၍ ချန်ရုံသည် ခဏမျှ ကြောင်နေပြီးမှ ဝမ်ဟုန်နောက်သို့ အပြေးလေး လိုက်သွားလိုက်သည်။
ဝမ်ဟုန်သည် သူ၏ ရထားလုံးနားသို့ရောက်သောအခါ ရထားလုံးကိုယ်ထည်ကို ခဏမျှမှီ၍ ရုတ်တရက်ပြောလိုက်သည်။
"တခြားလူတွေမေးရင် မင်း မင်းသားရဲ့အိမ်တော်ကို ရောက်နေတဲ့တစ်ချိန်လုံး ငါနဲ့အတူရှိနေတယ်လို့ဖြေပါ..."
ထိုသို့ပြောပြီးသောအခါ ဝမ်ဟုန်သည် လိုက်ကာကိုမ၍ ရထားလုံးထဲသို့ ဝင်သွားတော့သည်။
ချန်ရုံသည် ခေါင်းကိုငုံ့ထားရင်းမှ တိုးတိတ်စွာ ဖြေလိုက်သည်။
"ဟုတ်ကဲ့..."
ထို့နောက် ချန်ရုံသည်လည်း ရထားလုံးပေါ်သို့ တက်လိုက်သည်။
မြင်းဆွဲသော ရထားလုံးသည် စတင်ထွက်ခွာစပြုလေသည်။ ဘီးများက စည်းချက်ကျစွာလိမ့်နေ၍ ခဏကြာသောအခါ ခြံဝန်း၏သံတံခါးများဖွင့်လိုက်သံကို ချန်ရုံကြားလိုက်ရသည်။
ချန်ရုံသည် နန်ယန်မင်းသား၏အိမ်တော်ထဲမှ ထွက်လာခဲ့ရပေပြီ။ နောက်ဆုံးတော့ ချန်ရုံ လွတ်မြောက်ခဲ့ရပြီဖြစ်သည်။ ချန်ရုံသည် ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားကာ နှုတ်ခမ်းများက ပြုံးလာမိသည်။ ထို့နောက် ချန်ရုံမရည်ရွယ်ပါပဲနှင့် မျက်လုံး၌ မျက်ရည်များပြည့်လာကာ မျက်ရည်စက်များက ပါးပြင်ပေါ်သို့စီးကျလာကြသည်။ ချန်ရုံသည် လိုက်ကာကို တိတ်ဆိတ်စွာမလိုက်၍ အေးစက်နေသောလေဖြင့် မျက်ရည်များကိုသွေ့ခြောက်အောင်လုပ်လိုက်သည်။ သို့သော် ချန်ရုံ၏မျက်ရည်များက တသွင်သွင်စီးကျနေသောကြောင့် လေဖြင့်လည်း မခြောက်သွေ့နိုင်ဖြစ်နေသည်။ ချန်ရုံသည် အမှောင်ထဲ၌ နှာခေါင်းကိုရှုံ့ကာမျက်ရည်များကိုသုတ်နေမိသည်။
မထင်မှတ်စွာပင် ဝမ်ဟုန်၏ နူးညံ့၍ သာယာသောအသံက ချန်ရုံ့နား၌ကပ်၍ တီးတိုးပြောလိုက်သံ ထွက်လာသည်။
"မင်း ငိုနေတာလား..."
အံ့ဩသွားသဖြင့် ချန်ရုံသည် အင်္ကျီလက်များဖြင့် ပါးကို အမြန်သုတ်၍ ပြန်ဖြေလိုက်သည်။
"မငိုပါဘူး..."
ဝမ်ဟုန်က ခပ်တိုးတိုးရယ်လိုက်သည်။
ဝမ်ဟုန်၏ ရယ်သံကြောင့် ချန်ရုံအနည်းငယ် စိတ်ခုသွားမိသည်။
"အရှင်က ဘာကိုရယ်နေတာပါလဲ..."
ချန်ရုံသည် အနည်းငယ် မာထန်စွာပြောလိုက်သည်။
ဝမ်ဟုန်က တစ်ချက်ထပ်ရယ်လိုက်ပြီးမှ ပြောလိုက်သည်။
"ချန်အိမ်တော်က အားရုံရဲ့ စိတ်က ရေကန်လိုမျိုး နက်ရှိုင်းသိမ်မွေ့တယ်လို့ ငါထင်ထားခဲ့တာ..."
ဝမ်ဟုန်၏စကားကြောင့် အံ့ဩသွားသော ချန်ရုံသည် အချိန်အတော်ကြာသောအခါမှ စကားပြန်ပြောနိုင်တော့သည်။
"ဒီတစ်ကြိမ်မှာ အရှင်ရောက်လာတာ အရမ်းကို ကံကောင်းသွားတာပါပဲ...ကျွန်မရဲ့အသက်ကို ကယ်ပေးခဲ့တဲ့အတွက် အရှင့်ရဲ့ကျေးဇူးကို ကျွန်မ သေချာပေါက် ပြန်ဆပ်ပါ့မယ်..."
ဝမ်ဟုန်က ထိုစကားကြောင့် ကြောင်အသွားမိသည်။ ခဏအကြာမှ ဝမ်ဟုန်က အံ့ဩသောအသံဖြင့် ပြောလိုက်သည်။
"အသက်ကိုကယ်ပေးတယ် ဟုတ်လား...မင်းက မင်းကိုယ်မင်း သတ်သေဖို့တောင် ရည်ရွယ်ထားတာလား..."
ချန်ရုံက ဘာမှ ပြန်မဖြေလိုက်ချေ။
ရထားလုံး၏လှုပ်ရှားမှုနှင့် လေအဝေ့တွင် ချန်ရုံ့ဘက်မှ လိုက်ကာစက လွင့်သွားသည်။ ကြယ်ရောင်အောက်တွင် ဝမ်ဟုန်၏ ချောမော၍ အိန္ဒြေကြီးကာ နားလည်ရခက်ခဲသော မျက်နှာကို ချန်ရုံမြင်လိုက်ရသည်။
ဝမ်ဟုန်သည် ချန်ရုံ့အား မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသောကြောင့် ဝမ်ဟုန်၏အကြည့်ကို ရှောင်လွှဲရန် ချန်ရုံသည် မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်ရသည်။
"နန်ယန်မင်းသားက တကယ်ပဲ သည်းမခံနိုင်စရာကောင်းတာလား..."
အမှောင်ထဲ၌ ချန်ရုံက ခေါင်းကို အသာအယာငြှိမ့်လိုက်သည်။
"အဲ့ဒီလိုလူတွေက ပုံမှန်အားဖြင့် သည်းမခံနိုင်လောက်အောင် ရွံရှာဖို့ကောင်းတဲ့လူတွေပါပဲ..."
"မင်းက သေဖို့ကိုရော မကြောက်ဘူးလား..."
ချန်ရုံက မျက်လွှာကို ချလိုက်သည်။
"ကြောက်ပါတယ်...ဒါပေမယ့် သေဆုံးခြင်းထက် ဆိုးတဲ့အရာတွေလည်း အများကြီးရှိသေးတယ်လေ..."
ဝမ်ဟုန်က ချန်ရုံ့ကို အကဲခတ်နေလေသည်။ နောက်ဆုံးတွင်တော့ ဝမ်ဟုန်က နူးညံ့သောအသံဖြင့်ပြောလိုက်သည်။
"ငါအချိန်မှီရောက်လာတာ ကံကောင်းသွားခဲ့တာပေါ့..."
ထို့နောက် လိုက်ကာများကို ပြန်ဆွဲချလိုက်လေသည်။
လိုက်ကာများပိတ်သွားသည်နှင့်အတူ ချန်ရုံသည် ခေါင်းကိုလှည့်၍ ဖျော့တော့သောကြယ်ရောင်အောက်မှ မြင့်မားသောအရိပ်ကို ကြည့်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ရထားလုံးထဲ၌ တိတ်ဆိတ်မှုက ကြီးစိုးသွားတော့သည်။
"ချန်အိမ်တော်ရဲ့ အားရုံ..."
အချိန်အတော်ကြာသောအခါမှ ဝမ်ဟုန်က ခပ်တိုးတိုး ခေါ်လိုက်သည်။
"ဟုတ်ကဲ့..."
"မင်း ငါ့ကို တကယ်နှစ်သက်တာလား..."
ဝမ်ဟုန်က ခဏရပ်ပြီးမှ မေးလိုက်သည်။
ရင်ခုန်သွားသော ချန်ရုံက နှုတ်ခမ်းများကို ဖြည်းညှင်းစွာဖွင့်ဟ၍ ပြန်ဖြေလိုက်သည်။
"မိန်းကလေးဘယ်နှယောက်ကများ အရှင့်ကို မနှစ်သက်ပဲ နေနိုင်မှာပါလဲ..."
ဝမ်ဟုန်က ဘာမှထပ်မပြောတော့ပေ။
လှည်းဘီးများလိမ့်သံနှင့်အတူ လှည်းမောင်းသူ၏အသံကိုကြားလိုက်ကြရသည်။
"ချန်အိမ်တော်ကို ရောက်ရှိပါပြီ..."
အဲ့ဒီလောက်တောင် မြန်တာလား...
ချန်ရုံသည် ယခုမှပင် ရင်ခုန်မူးဝေနေရာမှ နိုးလာကာ လိုက်ကာကို အလျင်အမြန်မလိုက်သည်။
ထိုအချိန်၌ ဝမ်ဟုန်၏ပျော့ပျောင်းသောအသံက ချန်ရုံ၏မျက်နှာချင်းဆိုင်မှ ထွက်ပေါ်လာသည်။
"အိမ်ပြန်တော့ အားရုံ...အခုအကြောင်းတွေကို တစ်ယောက်ယောက်ကမေးလာရင် အဖြေကို အရင်သေချာစဉ်းစားပြီးမှ ဖြေပါ...
ချန်ရုံက "ဟုတ်ကဲ့..." ဟုပြောလိုက်၍ ရထားလုံးပေါ်မှ ခုန်ဆင်းကာ ချန်အိမ်တော်၏ ဝင်ပေါက်ရှိရာသို့ လျှောက်သွားလိုက်သည်။ လျှောက်နေဆဲမှာပင် ချန်ရုံသည် တုံ့ခနဲရပ်လိုက်၍ အနောက်သို့ ဖြည်းညှင်းစွာ ပြန်လှည့်လိုက်သည်။ ချန်ရုံ၏ မျက်လုံးများသည် အမှောင်ထုထဲ၌ တည်ငြိမ်၍ တောက်ပနေကာ ရထားလုံးနှင့် ရထားလုံးထဲရှိ ခပ်ဝါးဝါးအရိပ်ကို ငေးကြည့်နေမိသည်။ ထို့နောက် ချန်ရုံသည် ရထားလုံးဆီသို့ ခြေလှမ်းကြဲများဖြင့် အမြန်သွားလိုက်၍ လိုက်ကာကိုမလိုက်ကာ ဝမ်ဟုန်၏ မျက်လုံးများကို ရင်ဆိုင်လိုက်သည်။
ချန်ရုံသည် သူမ၏တဆတ်ဆတ်တုန်နေသောနှုတ်ခမ်းများကို ဖိကိုက်၍ ဝမ်ဟုန်အား ကြည့်လိုက်သည်။ ခဏကြာသောအခါမှ ချန်ရုံသည် အနောက်သို့ဆုတ်၍ ခါးကိုကိုင်းညွှတ်ကာ တုန်ယင်နေသောအသံဖြင့်ပြောလိုက်သည်။
"ဒီနေ့ အရှင့်ရဲ့ကျေးဇူးကို ကျွန်မ အမြဲတမ်း အမှတ်ရနေပါမယ်..."
ထို့နောက် စကားပြောသည်ကိုရပ်၍ လှုပ်ယမ်းနေသော မီးအိမ်အလင်းရောင်အောက်မှ ချောမောသော မျက်နှာကို ကြည့်ကာ ချန်ရုံသည် မျက်တောင်ကိုခတ်၍ မျက်ရည်များကိုအကျရပ်စေပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ချန်ရုံ၏အပြုံးသည် အလွန်ပင် တောက်ပနေပေသည်။ ထို့နောက် ဝမ်ဟုန်၏ အံ့ဩနေသော မျက်နှာကိုကြည့်၍ ချန်ရုံက ဆက်ပြောလိုက်သည်။
"ဝမ်ချီလန်...အရှင်သာ လန်ယာရဲ့ ဝမ်အိမ်တော်က မဟုတ်ဘူးဆိုရင် အရှင်ရွေးချယ်စရာမရှိတော့ပဲ ကျွန်မကို လက်ထပ်ရတဲ့အထိ အရှင့်ကို ကျွန်မ ဖက်တွယ်ထားမိမှာပဲ..."
ထိုသို့ပြောပြီးသောအခါ ချန်ရုံသည် ချစ်ဖို့ကောင်းစွာရယ်လိုက်၍ အင်္ကျီလက်များကို ခါယမ်းကာ လှည့်ထွက်သွားတော့သည်။
ခြေလှမ်းငါးလှမ်းမျှ လှမ်းပြီးသောအခါ ဝမ်ဟုန်၏ သိမ်မွေ့၍ သာယာသောအသံက ချန်ရုံ့အားလှမ်းခေါ်လိုက်သည်။
"ချန်အိမ်တော်ရဲ့ အားရုံ..."
ချန်ရုံက ရပ်၍ ခေါင်းကိုလှည့်ကာ ဝမ်ဟုန့်အား ကြည့်လိုက်သည်။ ချန်ရုံ၏မျက်လုံးများထဲတွင် သူမကိုယ်တိုင်ပင် သတိမထားမိသော မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။
ဝမ်ဟုန်က ချန်ရုံ့အား စေ့စေ့ကြည့်၍ ဖြူဖွေးသောသွားများပေါ်အောင် ပြုံးလိုက်သည်။
"မင်း ငါ့အပေါ်မှာ အထက်တန်းစားနန်းတွင်းသူ ငါးဦး အကြွေးရှိတယ်ဆိုတာလည်း မမေ့ပါနဲ့..."
ထို့နောက် ဝမ်ဟုန်သည် လိုက်ကာကိုချ၍ အမိန့်ပေးလိုက်သည်။
"သွားကြစို့..."
ရထားလုံးသည် ချန်အိမ်တော်၏ဝင်းထဲမှ ထွက်ခွာသွားတော့သည်။
Xxxx