အပိုင်း ၆၄
Viewers 18k


Chapter 64
ဝမ်ချီလန်၏ "ကြင်နာမှု"?



ချန်ရုံသည် ထွက်ခွာသွားသော ရထားလုံးကို အချိန်အတော်ကြာ ကြည့်နေပြီးမှ ပြန်လှည့်ကာ ချန်အိမ်တော်၏ ဝင်ပေါက်တံခါးသို့ ပြန်လျှောက်လာခဲ့သည်။

ချန်ရုံ ခြေလှမ်းအနည်းငယ်သာလျှောက်ပြီးသောအခါ လမ်းဘေးတစ်နေရာမှ အရိပ်မည်းကြီးတစ်ခု ထွက်ပေါ်လာသည်။

ရုတ်တရက် လန့်သွားသောချန်ရုံက အော်ဟစ်မည်အလုပ်မှာပင် ထိုအရိပ်သည် ချိတ်ဆက်ထားသော လက်များကိုမြှောက်ပြ၍ ပြောလိုက်သည်။

"သခင်မလေးက ချန်အိမ်တော်က အားရုံပါလား...တပ်မှူးစွင်းက ကျွန်တော့်ကို ဒီမှာ သခင်မလေးကို စောင့်ခိုင်းထားလို့ပါ..."

စွင်းယန်က စောင့်ခိုင်းထားသည်လား။ ချန်ရုံသည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ ထိန်းသိမ်းလိုက်ပြီး မေးလိုက်သည်။

"သူ အခု ဘယ်မှာလဲ..."

"နန်ယန်မင်းသားက စေလွှတ်လိုက်တဲ့ အကြံပေးနှစ်ယောက်ကို တပ်မှူးက ဓားနဲ့ ခုတ်လိုက်တာကြောင့် ဝမ်ချီလန်ရဲ့ အကြံပေးချက်အရ မြို့ပြင်မှာ ခဏနေနေပါတယ်..."

ထိုလူက ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"တပ်မှူးစွင်းက သခင်မလေးကို စိတ်ပူနေလို့ ကျွန်တော့်ကို ဒီမှာ စောင့်နေခိုင်းခဲ့တာပါ...အခု သခင်မလေး အိမ်ကို ‌ပြန်ရောက်လာပြီဆိုတော့ ကျွန်တော်ပြန်ပါတော့မယ်..."

ထိုလူသည် လက်များကို ထပ်မြှောက်ပြ၍ လှည့်ထွက်သွားတော့သည်။ ထိုလူက လမ်းဘေးအမှောင်ထဲသို့ ဆင်းသွားသောအခါ အခြားအရိပ်များကပါ ထိုလူနှင့်အတူ လာပူးပေါင်း၍ အတူတကွ ထွက်ခွာသွားသည်ကို ချန်ရုံ မြင်လိုက်ရသည်။

ထိုလူထွက်သွားသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်၌ တိတ်ဆိတ်မှုက ဆက်လက်ကြီးစိုးလာသောကြောင့် ချန်ရုံသည် ဝင်းတံခါးဝသို့ အမြန်ပြေးသွားလိုက်သည်။

ချန်ရုံ တံခါးရှေ့သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သံဝင်းတံခါးများသည် ချက်ချင်းပွင့်သွားကြသည်။ တံခါးစောင့်နှစ်ဦးက ချန်ရုံ့အား ရိုကျိုးစွာ အရိုအသေပေး၍ ပြိုင်တူ ပြောလိုက်ကြသည်။

"သခင်မလေး ပြန်ရောက်လာပြီပဲ..."

ချန်ရုံက ခေါင်းငြှိမ့်လိုက်သည်။ ဤ တံခါးစောင့်နှစ်ဦးသည် အပြင်မှအသံများကို ကြားကြ၍ တံခါး၌ ကြိုစောင့်နေခြင်း ဖြစ်ပေလိမ့်မည်။ ချန်ရုံသည် အထဲသို့ဝင်၍ သူမ၏ အဆောင်တော်ရှိရာသို့ အမြန်သွားလိုက်သည်။

အချိန်က အတော်နောက်ကျနေပြီဖြစ်သည်။ အလှဆင်ထားသော ကျိုးတိုးကျဲတဲမီးအိမ်များမှလွဲ၍ ချန်အိမ်တော်အတွင်း၌ ပိုးကောင်များ၏ အော်မြည်သံများသာ ပြည့်နေလေသည်။

သူမ၏ အဆောင်တော်နားသို့ရောက်သောအခါ ချန်ရုံ၏ ခြေလှမ်းများက ပိုမြန်လာကြသည်။ တံခါးဝသို့ရောက်သောအခါ ချန်ရုံသည် တံခါးကို ထု၍ အော်လိုက်သည်။

"အဖိုးစွင်း...အထိန်းတော်ဖျင်...ကျွန်မပြန်လာပြီ...တံခါးဖွင့်ပါဦး..."

ချန်ရုံ၏ကျယ်လောင်သောအော်သံက တိတ်ဆိတ်သည့်ညတွင် ပဲ့တင်သံများရိုက်ခတ်နေသည်။ ချန်ဝေ့၏ အဆောင်တော်ဝင်းထဲတွင် ဖယောင်းတိုင်များ‌ထွန်းထားသော်လည်း ချန်ရုံ၏အဆောင်ထဲတွင်တော့ မည်သည့်လှုပ်ရှားမှုမျိုးကိုမှ မတွေ့ရသည်ကို ချန်ရုံ သတိထားလိုက်မိသည်။

ချန်ရုံသည် ရုတ်တရက် အော်နေသည်ကို ရပ်လိုက်၍ တံခါးကို ပို၍ပြင်းထန်စွာ ခေါက်နေလိုက်မိသည်။

ခဏကြာသောအခါမှ ခြေသံများထွက်ပေါ်လာသည်။

"အပြင်က ဘယ်သူလဲ..."

တံခါး၏တစ်ဖက်ခြမ်းမှ ကြောက်လန့်နေသော အထိန်းတော်ဖျင်၏ အသံထွက်ပေါ်လာသည်။


"ကျွန်မပါ..."


အထိန်းတော်၏အသံက တုန်ယင်အက်ကွဲစွာဖြင့် ထပ်မေးလိုက်သည်။

"မမလေးလား..."

"ဟုတ်ပါတယ်..."

ရုတ်တရက် တံခါးဖွင့်ထား၍ အထိန်းတော်ဖျင်နှင့် မီးအိမ်ကို ကိုင်မြှောက်ထားသော အဖိုးစွင်းတို့ ထွက်လာကြသည်။ နှစ်ယောက်လုံးသည် ချန်ရုံ့ကိုတွေ့ရ၍ အံ့ဩတုန်လှုပ်နေကြဟန်တူသည်။

ချန်ရုံ၏ တောက်ပ၍ လန်ဆန်းနေသော မျက်နှာလေးကို မြင်သောအခါ အထိန်းတော်ဖျင်တို့နှစ်ဦးလုံး မျက်ရည်များ ဝဲလာကြသည်။ အထိန်းတော်ဖျင်သည် ချန်ရုံ့နားသို့ အမြန်လျှောက်လာ၍ ချန်ရုံ၏မျက်နှာလေးကို ထိကိုင်ကာ ပင့်သက်ရှိုက်၍ပြောလိုက်သည်။

"မမလေး...မမလေး...မမလေး တကယ်ပြန်လာတာလား..."

"ဟုတ်တယ် ကျွန်မပါ..."

ချန်ရုံ၏အသံကလည်း အထိန်းတော်ဖျင်ကဲ့သို့ပင် အက်ကွဲနေသည်။ မင်းသား၏စံအိမ်တော်၌ နေနေခဲ့ရသောအချိန်တွင် အထိန်းတော်ဖျင်နှင့် အဖိုးစွင်းတို့အကြောင်းကို ချန်ရုံ နေ့တိုင်း စဉ်းစားသတိရ‌မိနေခဲ့သည်။ ချန်ရုံ့အတွက်တော့ ယခု သူမ၏ရှေ့၌ ရပ်နေသောလူနှစ်ယောက်သည် ချန်ရုံ၏ ဖခင်နှင့်အစ်ကိုထက်ပင် ပို၍ ချန်ရုံနှင့် ရင်းနှီးချစ်ခင်ကြရသူများဖြစ်ပေသည်။

အထိန်းတော်ဖျင်က လက်ကိုမြှောက်၍ မျက်နှာပေါ်မှ မျက်ရည်စများကိုသုတ်လိုက်တာ ချန်ရုံ၏ အင်္ကျီလက်ကို ဆွဲ၍ ထပ်ခါတလဲလဲပြောနေသည်။

"လာ မမလေး အထဲကိုလာ..."

တံခါးပိတ်သွားသည့်အချိန်တွင် ချန်ဝေ့၏ အဆောင်တော်ထဲ၌ မီးအိမ် လေး ငါးလုံးမျှ ထွန်းထားပြီဖြစ်သည်။

ချန်ရုံသည် ချန်ဝေ့၏အဆောင်ဘက်သို့ လှမ်းကြည့်၍ အထိန်းတော်ဖျင်အား အသံကိုနှိမ့်၍ မေးလိုက်သည်။

"အထိန်းတော်ဖျင်...အဲ့ဒီနေ့က ကျွန်မ ထွက်သွားတော့..."

အထိန်းတော်ဖျင်သည် အသံကို အနည်းထွက်အောင် ကြိုးစား၍ ဖျစ်ညှစ်ပြောလိုက်သည်။

"အဲ့ဒီနေ့က မမလေးတောင် ခြံဝန်းထဲက ထွက်သွားတာမကြာသေးဘူး သခင်ကြီးက ကျွန်မတို့ကို စောင့်ကြည့်ဖို့ လူတွေလွှတ်လိုက်တာပဲ...ခြံဝန်းထဲမှာ ကျွန်မတို့ လုပ်သမျှ အလုပ်တိုင်းကိုလည်း စောင့်ကြည့်ခံရတယ်...အဖိုးစွင်းဆိုရင် ညဘက် ခြံဝန်းကနေ ကျော်ထွက်ဖို့ ခဏခဏကြိုးစားတယ်...ဒါပေမယ့် အမြဲဖမ်းမိသွားတာပါပဲ..."

ချန်ရုံ၏မျက်နှာက ညိုမှောင်သွားသည်။

"ချန်ယွမ်က အဲ့ဒီလူတွေကို အထိန်းတော်ဖျင်တို့ကို စောင့်ကြည့်ဖို့လွှတ်လိုက်တာပေါ့...အခုရော...ထွက်သွားကြပြီလား..."

"လွန်ခဲ့တဲ့ တစ်နာရီလောက်က ထွက်သွားကြပြီထင်ပါတယ်..."

ချန်ရုံ၏ မျက်နှာကို သတိထားမိသွားသောအခါ အထိန်းတော်ဖျင်သည် အလျင်အမြန်ပင် ချန်ရုံ၏ အင်္ကျီဝတ်ရုံလက်ကို ဆွဲ၍ တိုးတိုးလေးပြောလိုက်သည်။

"မမလေး...သခင်ကြီးက မမလေးရဲ့ အကြီးအကဲလေ...လူကြီးမိဘတွေကိုရိုသေလေးစားခြင်းက သူတော်ကောင်းကျင့်ဝတ်တွေထဲက အရေးအကြီးဆုံးကျင့်ဝတ်ပဲ...ဘယ်တော့မှ စကားကို လက်လွတ်စပယ်မပြောလိုက်ပါနဲ့..."

ချန်ရုံက သူမ၏ ပွက်ပွက်ဆူနေသော ဒေါသနှင့် အမုန်းတရားကို မျိုသိပ်ကာ ခေါင်းငြှိမ့်ပြ၍ ခပ်တိုးတိုးပြန်ပြောလိုက်သည်။

"ကျွန်မ သိပါတယ်..."

ဘဝကို နှစ်ခါမြောက်နေထိုင်ပြီးသောကြောင့် လူကြီးမိဘ အကြီးအကဲကို ရိုသေလေးစားခြင်းက မည်မျှအရေးပါကြောင်းကို ချန်ရုံ သိလေသည်။ နိမ့်ပါးသောမျိုးရိုးမှ ဆင်းသက်လာသော်လည်း သူတို့၏ လူကြီးသူမအပေါ်ရိုသေလေးစားမှုကြောင့် နာမည်ကျော်ကြားသွားသော ပညာရှိ အများအပြားရှိသည်။ ထို့အတူ လူကြီးမိဘများအပေါ် မရိုမသေဆက်ဆံခြင်းကလည်း လူတစ်ယောက်၏ ဂုဏ်သိက္ခာကို လုံးဝပျက်စီးသွားစေနိုင်သည်။

အနောက်၌ ရပ်နေသော အဖိုးစွင်းက ချန်ရုံ့အား စိတ်ပူစွာကြည့်လိုက်သည်။

"သခင်မလေးကိုကြည့်ရတာ အားနည်းဖြူဖျော့နေတာပဲ...သခင်မလေး အခုထိ ကောင်းကောင်းအနားမယူရသေးဘူးထင်တယ်...အခု နောက်တောင်ကျနေပြီ...ပြောစရာရှိတာတွေကို မနက်မှဆက်ပြောကြတာပေါ့..."

ထို့နောက် အဖိုးစွင်းသည် ဘေးမှ ချန်ဝေ့၏ အလွန်တောက်ပလင်းထိန်နေသော ခြံဝန်းဆီသို့ လှမ်းကြည့်လိုက်သည်။

ချန်ရုံနှင့် အထိန်းတော်ဖျင်တို့သည်လည်း အဖိုးစွင်းပြောချင်သည့်အဓိပ္ပာယ်ကို သဘောပေါက်လိုက်ကြ၍ ခေါင်းများငြှိမ့်လိုက်ကြကာ ဘာမှဆက်မပြောကြတော့ချေ။

ချန်ရုံသည် အိပ်ယာထဲ၌ လူးလှိမ့်ရင်းနှင့်ပင် တစ်ညတာ ကုန်ဆုံးသွားသည်။

နောက်တစ်နေ့နံနက်တွင် ချန်ရုံ ကောင်းစွာမနိုးသေးခင်မှာပင် အပြင်မှ အသံများကို ကြားလိုက်ရသည်။ မိန်းကလေးများ၏ စကားပြောသံများက ချန်ရုံ့ထံသို့ တစ်ချက် တစ်ချက် ဝင်ရောက်လာသည်။

"အားရုံ ဘာဖြစ်လို့ အခုထိ မနိုးသေးတာလဲ..."

"အဖိုးကြီး ဘာဖြစ်လို့ အဲ့ဒီမှာရပ်နေရတာလဲ...ရှင့်ရဲ့ သခင်‌မလေးကို သွားနှိုးလေ...ဧည့်သည်တွေက စောင့်နေတာကို အခုထိ ထွက်မလာသေးတာ အရမ်းရိုင်းစိုင်းတာပဲ..."

စကားများကိုနားထောင်ရင်းဖြင့် ချန်ရုံသည် အိပ်ယာမှထ၍ ပြောလိုက်သည်။

"ကျွန်မ ကိုယ်လက်သန့်စင်ဖို့ လာကူညီပေးပါ..."

အပြင်မှအသံများက ရုတ်ချည်း တိတ်တိတ်သွားကြတော့သည်။

အထိန်းတော်ဖျင်နှင့် အခြား အစေခံတစ်ယောက်က အခန်းထဲသို့ ရေဇလုံကိုသယ်လာကြသည်။

အထိန်းတော်ဖျင်သည် ချန်ရုံ၏ ဆံပင်ကို ဖြီးသင်ပေးနေရင်းဖြင့် ဒေါသတကြီးဖြင့် အသံကို နှိမ့်ကာ ပြောနေသေည်။

"သူတို့တွေ တစ်ယောက်မှ အကောင်းနဲ့လာကြတာမဟုတ်ဘူး..."

ထို့နောက် အထိန်းတော်ဖျင်သည် ချန်ရုံ့အား စိတ်ပူစွာကြည့်၍ တစ်စုံတစ်ခုပြောရန်ပြင်လိုက်သော်လည်း နောက်မှ တစ်ခုခုကိုတွေးမိသွားဟန်ဖြင့် ဘာမှမ‌ပြောတော့ချေ။

ကိုယ်လက်သန့်စင်၍ ဆံပင်ဖြီးသင်‌ပြီးသွားသောအခါ အထိန်းတော်ဖျင်သည် ချန်ရုံ့အားကြည့်၍ စိတ်ပူစွာပြောလိုက်သည်။

"မမလေး...စကားပြောမယ်ဆို အမြဲ နှစ်ခါစဉ်းစားပြီးမှပြောပါနော်..."

ချန်ရုံက ခေါင်းငြှိမ့်ကာ အပြင်သို့ ထွက်လိုက်သည်။

ချန်ရုံ ထွက်ထွက်လာချင်းမှာပင် ချန်ဝေ့၊ ချန်ချမ်နှင့် အခြားမိန်းကလေးများသည် ချန်ရုံ့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် တောက်ပသောမျက်လုံးများဖြင့် ချန်ရုံ့အားကြည့်နေကြ၍ သူတို့၏မျက်နှာများ၌ စူးစမ်းမှုနှင့် သနားမှုများ ပေါ်နေကြသည်။

ချန်ရုံက ပြုံး၍ ထိုမိန်းကလေးများအား အရိုအသေပေးလိုက်ကာ အိမ်ရှင်နေရာ၌ ထိုင်၍ ပြောလိုက်သည်။

"ညီအစ်မတို့...ဒီကို အစောကြီးရောက်နေကြပါလား..."

ချန်ချမ်က ရယ်လိုက်သည်။

"အဲ့ဒီလောက်လည်း မစောပါဘူး...နေတောင်ထွက်နေပြီလေ..."

ချန်ချမ်က ချန်ရုံ့နားသို့တိုးကပ်ကာ စိတ်ပူသည့်အသံဖြင့်ပြောလိုက်သည်။

"နင် ဘာဖြစ်လို့ မင်းသားရဲ့အိမ်တော်ကနေ ညဘက်ကြီး ပြန်ရောက်လာတာလဲ...လွန်ခဲ့တဲ့နှစ်ရက်မှာလည်း နင်တော်တော် ဒုက္ခရောက်ခဲ့မှာပဲနော်..."

ချန်ချမ်၏စကားများသည် ချန်ရုံ့အပေါ်ဂရုစိုက်သည့်ပုံပေါက်နေသော်လည်း ထိုစကားများ၌ အမုန်းများဖြင့် ရွဲ့စောင်းပြောနေခြင်းများလည်း ပါနေပေသည်။

ချန်ရုံက ပြုံးလိုက်သည်။ ထို့နောက် ဘေးမှ အစေခံဆီမှ ရေနွေးခွက်ကိုလှမ်းယူကာ တစ်ငုံသောက်လိုက်၍ ရှက်ရွံ့သည့်ပုံဖြင့် မျက်လွှာကိုချကာ အနည်းငယ်ကြွားဝါသည့်လေသံဖြင့်ပြောလိုက်သည်။

"ငါ့လိုပဲ ဝမ်ချီလန်ကလည်း မင်းသားရဲ့အိမ်တော်ကို ဖိတ်ကြားခံရတယ်လေ...မနေ့က ဝမ်ချီလန်ကိုယ်တိုင်ပဲ ငါ့ကို အိမ်ပြန်လိုက်ပို့ပေးခဲ့တာပေါ့..."

"နင်မလိမ်နဲ့..."

အော်လိုက်သူမှာ ချန်ချမ်ဖြစ်သည်။ ချန်ချမ်သည် မညှာမတာပင် ချန်ရုံ့စကားထဲမှ အမှားကိုထောက်ပြလိုက်သည်။

"ဝမ်ချီလန်က မနေ့ကမှ နန်ယန်ကိုပြန်ရောက်တာလေ..."

"ဪ ဟုတ်လား..."

ချန်ရုံက ပြုံး၍ ချန်ချမ်နှင့်ဖက်ပြိုင်၍ ရန်ဖြစ်ဖို့ပင် စိတ်မဝင်စားသကဲ့သို့ ကြည့်လိုက်သည်။

"နင်မယုံရင် နင် ဝမ်ချီလန်နဲ့ တွေ့မှပဲ ကိုယ့်ဘာသာကိုယ် မေးကြည့်လိုက်တော့ပေါ့..."

ချန်ချမ်က လှောင်ရယ်ရယ်လိုက်သည်။ သူမသည် ချန်ရုံပြောသည်ကို ပြန်၍ ‌ပြောရန်ပြင်လိုက်သော်လည်း ထိုအချိန်၌ အပြင်မှ ဆူညံသံများထွက်ပေါ်လာသည်။

မိန်းကလေးများသည် ထိုအသံများထွက်လာရာသို့ ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။

လှည်းယာဉ်သုံးစီးက အိမ်တော်၏ခြံဝန်းထဲသို့ ဖြည်းညှင်းစွာ မောင်းဝင်လာကြသည်။ ထိုလှည်းများဘေး၌ အားကောင်းမောင်းသန် အစောင့်နှစ်ဦး လိုက်ပါလာသည်။ သူတို့သည် မြင်းများပေါ်မှခုန်ဆင်း၍ ချိတ်ဆက်ထားသောလက်များကို အတွင်းခြံဝန်းဆီသို့ မြှောက်ပြကာ အော်ပြောလိုက်သည်။

"ဒီမှာ ချန်အိမ်တော်ရဲ့ အားရုံ ရှိပါသလား..."

ချန်ရုံက မတ်တပ်ထ၍ "ဟုတ်ကဲ့..." ဟုလှမ်းပြောကာ အပြင်သို့ အမြန်ထွက်သွားလိုက်သည်။

အစောင့်နှစ်ဦးသည် သူတို့၏ ချိတ်ဆက်ထားသောလက်များကို ချန်ရုံ့ထံသို့မြှောက်ပြ၍ မြင်းဆွဲသောလှည်းယာဉ်သုံးစီးကို ညွှန်ပြလိုက်သည်။

"မနေ့ညက သခင်မလေးကို အိမ်ကို အမြန်ပြန်ပို့လိုက်ရလို့ ခရီးမှာ သခင်မလေးအတွက် အထူးသီးသန်းမှာထားတဲ့ အဝတ်အစားတွေနဲ့ ပစ္စည်းတွေကို မပေးလိုက်ရပါဘူး...ဒါကြောင့် ချီလန်က ဒီလက်ဆောင်ပစ္စည်းတွေကို သခင်မလေးဆီ အခုမှ ပို့ခိုင်းလိုက်တာပါ..."

ချန်ချမ်နှင့် ချန်ဝေ့သာမက ချန်ရုံသည်ပင်လျှင် အလွန်အံ့ဩသွားကြ၍ နေရာမှမရွေ့နိုင်ဖြစ်သွားကြသည်။

အစောင့်နောက်တစ်ဦးက သူ၏ဝတ်ရုံထဲမှ ကျောက်စိမ်းအဆင်တန်ဆာတစ်ခုကိုထုတ်ကာ ရှေ့သို့တစ်လှမ်းတိုး၍ ချန်ရုံ့ထံသို့ ကမ်းပေးလိုက်သည်။ ထို့နောက် ခါးကိုကိုင်းညွှတ်၍ အရိုအသေပေးကာ ပြောလိုက်သည်။

"ဒါကလည်း ချီလန် ပေးခိုင်းလိုက်တာပါပဲ...သခင်မလေး လိုအပ်တဲ့အခါမှာ နန်ယန်ကဝမ်အိမ်တော်ရော လန်ယာကဝမ်အိမ်တော်ရောကို အလွယ်တကူ ဝင်ထွက်သွားလာနိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်..."

ချန်ရုံသည်လည်း အံ့ဩနေရင်းဖြင့်ပင် ထိုကျောက်စိမ်းအဆင်တန်ဆာကို လက်ခံလိုက်သည်။

အစောင့်များက နောက်သို့ ပြန်ဆုတ်သွားကြသည်။ လှည်းများပေါ်မှ ‌သစ်သားသေတ္တာများအားလုံးချပြီးသွားသောအခါ အစောင့်များသည် လက်များကိုဝှေ့ယမ်း၍ လှည်းမောင်းသမားများကို ပြန်ရန်ပြောလိုက်သည်။ ခဏအကြာမှာပင် လှည်းများရော အစောင့်များရောတို့သည် ချန်ရုံ၏ခြံဝန်းထဲမှ ပျောက်ကွယ်သွားကြတော့သည်။

သို့သော် မိန်းကလေးများကတော့ သူတို့နေရာများ၌ပင် မလှုပ်မယှက်နှင့် တောင့်တင်းနေကြသည်။

အချိန်မည်မျှကြာသွားသည်မသိတော့သည့်အခါမှ ချန်ချမ်က ရုတ်တရက် လှည့်၍ ချန်ရုံ့အားကြည့်လိုက်သည်။

"အားရုံ နင်က ဝမ်ချီလန်နဲ့ ဒီလောက်တောင်ရင်းနှီးတာလား...နင်-နင် နင့်သဘောနဲ့နင် သူ့ရဲ့အပိုင်ဖြစ်ဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်..."

ချန်ဝေ့နှင့် အခြားမိန်းကလေးများကလည်း ခေါင်းများကိုပြိုင်တူလှည့်၍ ချန်ရုံ့အား စိုက်ကြည့်နေကြတာ ချန်ရုံ့ထံမှ အဖြေကို စောင့်နေကြလေသည်။

သို့သော် ချန်ရုံက ဘာပြောနိုင်ပါမည်နည်း။ ချန်ရုံသည် ပါးစပ်ကိုသာ ဖွင့်ထား၍ ဘာစကားမှ ထွက်မလာချေ။ အချိန်အတော်ကြာသွားသောအခါမှ ချန်ရုံသည် ကြောင်တောင်တောင်အပြုံးကိုပြုံး၍ မိန်းကလေးများကို အရိုအသေပေးကာ ပြောလိုက်သည်။

"ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီးသက်တောင့်သက်သာနေကြပါ...ငါ ခဏလောက် အိမ်ထဲပြန်သွားလိုက်ဦးမယ်..."

ထိုသို့ပြောပြီးသောအထါ ချန်ရုံသည် သူမ၏ အခန်းဆီသို့ ပြန်ပြေးသွားတော့သည်။



Xxxxxx