အပိုင်း ၆၅
Viewers 18k

Chapter 65



မိန်းကလေးများက တစ်ယောက်ကိုတစ်‌ယောက်ကြည့်နေကြချိန်တွင် အထိန်းတော်ဖျင်သည်လည်း သူမ၏ သခင်မလေးနောက်သို့ ပြေးလိုက်သွားသည်။

အိပ်ခန်းဆောင်ထဲတွင် ချန်ရုံသည် ကုတင်၏ သစ်သားထောက်တိုင်များကို လက်ဖြင့်တွန်းထားသည်။ အနောက်မှကြည့်လျှင် ချန်ရုံသည် သူမ၏နှုတ်ခမ်းများကို အတင်းဖိကိုက်ထားသည်နှင့်တူနေသည်။ သူမ၏ သေးငယ်သောမျက်နှာလေးသည်လည်း နီစွေး၍ တစ်ချိန်တည်းမှာပင် ဖြူဖျော့နေလေသည်။

အထိန်းတော်ဖျင်သည်လည်း သူမ၏သခင်မလေးကို နားမလည်နိုင်စွာ ကြည့်နေလေသည်။ နောက်ဆုံးတွင်မှ တိုးတိတ်စွာမေးလိုက်သည်။

"မမလေး မမလေးက ဘယ်သူ့ရဲ့ ကိုယ်လုပ်တော်မှ အဖြစ်မခံနိုင်ဘူးလို့ ပြောခဲ့တယ်မဟုတ်ပါလား...ဘာဖြစ်လို့ မမလေးနဲ့ ဝမ်ချီလန်က..."

ချန်ရုံသည် ရုတ်တရက် လက်ကို လှုပ်၍ ကုတင်ပေါ်မှ ခေါင်းအုံးကို ကြမ်းပြင်ပေါ်သို့ပစ်ပေါက်လိုက်သည်။

"ကောင်းပါပေတယ် ဝမ်ချီလန်..."

ချန်ရုံသည် ဒေါသတကြီးနှင့် ပြောလိုက်သည်။

"ရှင် ဘာဖြစ်လို့များ ကျွန်မရဲ့ ဂုဏ်သတင်းကို ဒီလို ဖျက်ဆီးနိုင်ရတာလဲ..."

သို့သော် ချန်ရုံ ဘာမှဆက်ပြောစရာမရှိတော့ပါ။ တကယ်ဆိုလျှင်ချန်ရုံသည် မင်းသား၏အိမ်တော်၌ နှစ်ရက်နှင့် နှစ်ည နေခဲ့ရပြီဖြစ်သည်။ ချန်ရုံသည် မည်ကဲ့သို့သော အကြောင်းပြချက်မျိုးကို ပေးနိုင်စေကာမူ၊ ချန်ရုံ၏ဂုဏ်သတင်းက ညှိုးနွမ်းခဲ့ပြီဖြစ်သည်။ ဝမ်ချီလန်ကြောင့် ဂုဏ်သတင်းညှိုးနွမ်းရခြင်းက နန်ယန်မင်းသားကြောင့် ညှိုးနွမ်းရခြင်းထက်တော့ တော်ပါသေးသည်မဟုတ်ပါလား။

သို့သော်လည်း....

ချန်ရုံသည် ခဏမျှ အံကိုကြိတ်နေပြီးမှ ရုတ်တရက် စိတ်တိုစွာဖြင့် အထိန်းတော်ဖျင်ကို လှမ်းပြောလိုက်သည်။

"အထိန်းတော်ဖျင် ဝမ်ချီလန်ကို အရမ်းသဘောထားပြည့်ဝတဲ့ နတ်သားလေးလို့ ထင်မနေနဲ့...သူက သတ္တိနည်းပြီး သူရဲဘောကြောင်တဲ့လူ..."

အထိန်းတော်ဖျင်သည် မျက်တောင်တစ်ချက်ခတ်လိုက်၍ ရှက်သွေးဖြန်း၍ အလွန်ဒေါသထွက်နေသော ချန်ရုံကို နားမလည်စွာကြည့်နေမိသည်။

ချန်ရုံ၏မျက်နှာသည် ရှက်သွေးများဖြင့် အလွန်ပင်နီရဲနေပြီဖြစ်ဟည်။ ချန်ရုံသည် ဒေါသတကြီးဖြင့် ကြမ်းပြင်ကိုခြေနှင့်ဆောင့်ကာ ပြောလိုက်သည်။

"တစ်ယောက်ယောက်ကမေးလာရင် ကျွန်မက သူနဲ့အတူရှိနေတယ်လို့ပြောပါ လို့ ဝမ်ချီလန်ကပြောတယ်...ကျွန်မကတော့ သူ ကျွန်မအပေါ်ကို စဉ်းစားပေးရှာတယ်ဆိုပြီး ကျေးဇူးတွေတောင် တင်နေမိသေးတာ...ပြီးတော့ သူက ဒီတိုင်းထွက်သွားလို့ရတာကိုမသွားပဲ တခြားလူတွေရဲ့မေးခွန်းတွေကိုဖြေရင် သေချာစဉ်းစားပြီးမှဖြေ လို့ပြောသွားသေးတယ်...အဲ့ဒီတုန်းက ကျွန်မကလည်း ကြောက်ပြီး ပျော်နေမိလို့ ဘာမှသေချာမတွေးလိုက်မိပါဘူး..."

ချန်ရုံသည် ကြမ်းပြင်ကို ခြေထောက်နှင့် အဆက်မပြတ် နင်းဆောင့်လျက်ရှိ၍ မျက်နှာလေးကလည်း နီရဲနေကာ ပြည့်ဖြိုးသောရင်အစုံကလည်း ချန်ရုံအသက်ရှူလိုက်တိုင်း နိမ့်လိုက် မြင့်လိုက် ဖြစ်နေကြသည်။

ချန်ရုံသည် ခုနကပင် ချန်ချမ်နှင့် အခြားမိန်းကလေးများအား သူမသည် မင်းသားအိမ်တော်သို့ ဖိတ်ကြားခံရသောဧည့်သည်သပ်သပ်သာ ဖြစ်ကြောင်းပြောခဲ့သည်။ ထိုအိမ်တော်သို့ ဝမ်ချီလန်လည်း ရောက်လာခဲ့သောကြောင့် ချီလန်သည် ချန်ရုံ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးလိမ့်မည်ဟု ချန်ရုံထင်ခဲ့သည်။ ဝမ်ချီလန်၏အခြေအနေနှင့်ဆိုလျှင် သူ ဘာပဲပြောပြော လူတိုင်းက ယုံမည်သာဖြစ်သည်။ ချန်အိမ်တော်၏အားရုံက အပြစ်ကင်းစင်ပါသည်ဟု ဝမ်ချီလန်သာပြောပါက ကမ္ဘာကြီးတစ်ခုလုံးက ချန်ရုံ၏ အပြစ်ကင်းစင်မှုကို ယုံကြည်ကြမည်ဖြစ်သည်။

သို့သော် ယခုတွင်တော့ အစစ အရာရာ ပြောင်းလဲသွားပြီဖြစ်သည်။ ဝမ်ချီလန်သည် ချန်ရုံ၏အဖြစ်အပျက်ကို ရှင်းပြမပေးရုံသာမက လှည်းများနှင့် ကျောက်စိမ်းကိုပင် ပေးပို့လိုက်သေးသည်။ ထိုသို့လုပ်လိုက်ခြင်းအားဖြင့် ချန်ရုံနှင့် ဝမ်ချီလန်ကြား၌ လူသိမခံဝံ့သော တိတ်တိတ်ပုန်းအခြေအနေတစ်ခုရှိနေသည်ဟု လူတိုင်းကို ကြေငြာလိုက်သကဲ့သို့ ဖြစ်သွားသည် မဟုတ်ပါလား။

သူသည် လန်ယာဝမ်ချီဖြစ်၍ ချန်ရုံက ဖျင်မြို့မှ ချန်အိမ်တော်က ကိုယ်လုပ်တော်၏သမီးသာဖြစ်သည်ကို ဝမ်ချီလန် ကောင်းစွာသိပေသည်။ တစ်ဦးက ကောင်းကင်မှတိမ်များကဲ့သို့ ဖြစ်၍ တစ်ဦးက မြေပြင်ပေါ်မှ အနင်းခံရထားရသော ရွှံ့ဖြစ်နေသည်။ ချန်ရုံသည် ဝမ်ချီလန်၏ဇနီးမယားဖြစ်ရန် ထိုက်တန်သူမဟုတ်သည်သာမက ယခုတွင် ဝမ်ချီလန်သည် ချန်ရုံ၏ အခြားအမျိုးသားများကို လက်ထပ်နိုင်မည့်အခြေအနေကိုပါ ဖျက်ဆီးလိုက်ပြီဖြစ်သည်။ မည်မျှပင် အောက်တန်းကျသည့် လူပါပေလဲ။

ချက်ချင်းပင် ချန်ရုံ၏တစ်ကိုယ်လုံးသည် ဒေါသဖြင့် တောင့်တင်းသွားသည်။ ချန်ရုံသည် နှုတ်ခမ်းများကို ပွတ်သပ်လိုက်၍ သူမ၏ ချောမောလှပသည့်မျက်နှာလေးသည်လည်း ဝင်ခါနီးနေရောင်ကဲ့သို့ တဖြည်းဖြည်းနီရဲလာသည်မှာ...နောက်ဆုံး၌ ချန်ရုံ၏မျက်နှာသည် သွေးများယိုစီးကျတော့မတတ် နီရဲနေတော့သည်။

.....


"သခင်မလေး...သခင်ကြီးရောက်နေပါတယ်..."

ချန်ရုံဒေါသထွက်နေဆဲမှာပင် အဖိုးစွင်းက ချန်ရုံ့အား လှမ်းခေါ်လိုက်သည်။

ချန်ယွမ်ရောက်နေသည်လား။ မရည်ရွယ်ပဲနှင့် ချန်ရုံသည် နံရံပေါ်၌ ချိတ်ထားသောကြာပွတ်ကို လှမ်းယူလိုက်မိသည်။ ထို့နောက် အသက်ကိုတစ်ချက်ပြင်းပြင်းရှူလိုက်၍ ကြာပွတ်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီးမှ ပြန်ချလိုက်၍ တစ်ဖက်သို့လှည့်ကာ အပြင်သို့ထွက်လိုက်သည်။

"ဦးလေးကို ခဏစောင့်ခိုင်းထားလိုက်ပါ...ကျွန်မ အခုချက်ချင်း ထွက်ခဲ့ပါမယ်..."



"ဟုတ်ကဲ့..."



တံခါးနားသို့ ချန်ရုံရောက်သွားချိန်တွင် အပြင်မှ စကားသံများကိုကြားလိုက်ရသည်။ ထိုစကားသံများမှာ ချန်ယွမ်နှင့် ချန်ဝေ့တို့သားအဖနှစ်ယောက်၏အသံများဖြစ်သည်ကတော့ စဉ်းစားစရာပင်မလိုပါချေ။

ချန်ရုံက ခဏရပ်လိုက်ပြီးမှ ပြင်းထန်သောခြေလှမ်းများဖြင့် အပြင်သို့ထွက်လိုက်သည်။

အခန်းထဲမှ ရယ်သံများကတိတ်ဆိတ်သွားသည်။ တံခါးဝ၌ ချန်ရုံပေါ်လာသောအခါ ချန်ယွမ်သည် မျက်နှာတည်တည်ဖြင့် ချန်ရုံ့အား အကဲခတ်ကြည့်လိုက်သည်။ ပြီးမှ လက်ကို ဝှေ့ယမ်း၍ ညှင်သာစွာပြောလိုက်သည်။

"အားရုံ...ဒီမှာ လာထိုင်လေ..."

ချန်ရုံက အရိုအသေပေး၍ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့..."

ချန်ရုံသည် ချန်ယွမ် ညွှန်ပြသောထိုင်ခုံဆီသို့ လျှောက်သွား၍ ချန်ယွမ်နှင့် မျက်နှာချင်းဆိုင်နေရာ၌ ထိုင်လိုက်သည်။

ချန်ရုံထိုင်ပြီးသည်ကို မြင်သောအခါ ချန်ယွမ်သည် လက်ထဲမှ ဝိုင်အရက်ခွက်ကို ချလိုက်၍ ချန်ရုံ့အားကြည့်ကာ တင်းမာခက်ထန်သောအသံဖြင့်ပြောလိုက်သည်။

"အားရုံ ဝမ်အိမ်တော်ရဲ့ ချီလန်ဖြစ်တဲ့ ဝမ်ဟုန်က မင်းကို မနက်တုန်းက ကျောက်စိမ်းနဲ့ အဝတ်အစားတွေပို့လိုက်တယ်လို့ ငါကြားတယ်..."

"ဟုတ်ပါတယ် ဦးလေး..."

ချန်ရုံက တာဝန်အရ ပြန်ဖြေလိုက်သည်။


"ဪ ဝမ်ချီလန်နဲ့ မင်းရဲ့ ဆက်ဆံရေးက ဘယ်အခြေအနေအထိရောက်နေပြီလဲ..."

ချန်ယွမ်က စကားပြောရပ်လိုက်၍ ချန်ရုံက ဘာမှပြန်မဖြေသည်ကို မြင်သောအခါ မျက်မှောင်ကျုံ့၍ ဆက်ပြောလိုက်သည်။

"အားရုံ မင်းက လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်လေ...ဒီလို ယောင်္ကျားတစ်ဦးနဲ့ ရင်းရင်းနှီးနှီးဆက်ဆံနေတာဟာ မင်းရဲ့ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေနိုင်တယ်..."

ချန်ရုံကတော့ ခေါင်းကိုသာငုံ့ထားလေသည်။ သူမ၏ ပွယောင်းသောအင်္ကျီဝတ်ရုံလက်အောက်တွင်တော့ ချန်ရုံ၏ ညာဘက်လက်သည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိလေသည်။ ချန်ယွမ်အား လက်သီးဖြင့် ထထိုးချင်စိတ်ပင် တစ်ခဏမျှပေါ်လာသေးသည်။ ချန်ရုံက သူမ၏စိတ်ကို ပြန်၍ ထိန်းချုပ်လိုက်နိုင်၍ တော်ပါသေးသည်။

ချန်ရုံက ဘာမှပြန်မပြောသည်ကိုမြင်သောအခါ ချန်ယွမ်၏မျက်နှာလည်း အနည်းငယ် ပျော့သွားသည်။ ချန်ယွမ်သည် သက်ပြင်းချလိုက်၍ တစ်စုံတစ်ခုကို ယူကြုံးမရဖြစ်သည့်ပုံဖြင့် မရွှင်မပျသောလေသံဖြင့်ပြောလိုက်သည်။

"နန်ယန်မင်းသားက မင်းကို သူ့စံအိမ်တော်ထဲခေါ်ခဲ့တာက မင်းရဲ့ ထင်မြင်ချက်နဲ့ အကြံဉာဏ်ကိုသိချင်ရုံသက်သက်ပဲ...မင်းရဲ့ ဂုဏ်သိက္ခာကို ဘာမှမထိခိုက်ဘူးလေ...အခုတော့ မင်းက ဝမ်ချီလန်နဲ့ တော်တော့်ကို ရင်းနှီးတဲ့ ဆက်ဆံရေးအခြေအနေတစ်ခုကို ရောက်နေပြီ..."

ချန်ယွမ်က ပြောရင်းဖြင့် ခေါင်းခါလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ချန်ရုံအတွက် စိတ်မကောင်းဖြစ်နေပုံပေါက်နေသည်။

"မင်းရဲ့ နောက်ခံအခြေအနေနဲ့ ဝမ်ချီလန်ရဲ့ ဇနီးမယားဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး...သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် နေရမှာကလည်း မင်းအနေနဲ့ဆို မတန်ဘူးဖြစ်နေမယ် အားရုံ..."

ချန်ယွမ်၏စကားများကို ချန်ရုံသည် စိတ်ထဲမှ တိတ်တဆိတ်လှောင်ပြောင်လိုက်မိသည်။

ဦးလေး ဒီလိုတွေပြောနေတာ ဝမ်ချီလန်ရဲ့ လုပ်ရပ်တွေကြောင့် ဦးလေးရဲ့ အကြံအစည်တွေ ပျက်စီးသွားလို့မဟုတ်လား...ကျွန်မက ဝမ်ချီလန်ရဲ့ ကိုယ်လုပ်တော်ဖြစ်ရင်သာမကောင်းမှာ တခြားလူတွေရဲ့ကိုယ်လုပ်တော်ဖြစ်ရင်တော့ ဦးလေးတို့ အရမ်းဝမ်းသာနေကြမှာမဟုတ်လား...

ချန်ရုံသည် တတိယအကြိမ်မြောက် ဘာမှပြန်မပြော၍ သစ်သားတုံးကဲ့သို့ တိတ်ဆိတ်နေသည်ကို တွေ့သောအခါ ချန်ယွမ်သည် ခေါင်းခါလိုက်ပြန်သည်။ ထို့နောက် လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။

"အခု မင်းက ဝမ်ချီလန်ရဲ့ ကျောက်စိမ်းအဆင်တန်ဆာကို ရထားပြီဆိုတော့ မင်း ဝမ်အိမ်တော်ကို မကြာခဏဝင်ထွက်သွားလာသင့်တယ်...အခွင့်အရေးရရင် ဝမ်ချီလန်ကိုပါ ငါတို့အိမ်တော်ဆီကို ဖိတ်ရင်ဖိတ်လိုက်ပေါ့..."

ချန်ယွမ်သည် မျက်မှောင်ကျုံ့ကာ အော်လိုက်သည်။

"ငါပြောနေတာတွေကို နားရောထောင်နေရဲ့လား အားရုံ..."


"ဟုတ်ကဲ့..."

ချန်ယွမ်က စိတ်မရှည်သည့်အသံလုပ်လိုက်၍ မတ်တပ်ရပ်ကာ ပြန်ရန်လှည့်ထွက်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ခြေလှမ်းကိုရပ်၍ ချန်ရုံ့ဘက်သို့ ပြန်လှည့်လိုက်သည်။ ချန်ရုံကတော့ ခုနကကဲ့သို့ပင် ရှက်ရွံ့၍ ဖြူစင်သောပုံလေးဖြင့် ထိုင်နေဆဲပင်ဖြစ်သည်။ ချန်ယွမ်သည် အကြည့်ကိုလွှဲ၍ အမြန်ထွက်လာလိုက်တော့သည်။

ချန်ဝေ့သည်လည်း အမြန်ထ၍ ချန်ယွမ်နောက်သို့ လိုက်သွားသည်။

ချန်ရုံ၏ခြံဝန်းထဲမှ ထွက်လာပြီးသောအခါ ချန်ယွမ်သည် အနည်းငယ်စိတ်တိုနေသောကြောင့် ရထားလုံးအား ပြန်ခိုင်းလိုက်၍ စိတ်ပြေလက်ပျောက် လမ်းလျှောက်လာလိုက်သည်။

နာရီဝက်ခန့်လမ်းလျှောက်ပြီးသောအခါ ရယ်မောသံများထွက်‌နေသော ပန်းခြံတစ်ခုဆီသို့ ချန်ယွမ်ရောက်ရှိသွားသည်။ ချန်ယွမ်၏မျက်နှာသည် ပြုံးသွား၍ အေးစက်သောရာသီဥတုတွင် ပန်းခြံထဲ၌ထိုင်၍ ငါးမျှားနေသော အသက်ကြီးကြီးပညာရှိတစ်ဦးအား အဝေးမှနေ၍ လှမ်းအော်ခေါ်လိုက်သည်။

"အစ်ကိုကြီး..."

ထိုပညာရှိမှာ ချန်ကုန်းရန်းဖြစ်နေလေသည်။

သူ၏နာမည်ကိုကြားသောအခါ ချန်ကုန်းရန်းသည် ခေါင်းကိုမော့ကြည့်လိုက်သည်။ သို့သော် သူ့ကိုခေါ်လိုက်သူက ချန်ယွမ်ဖြစ်နေသည်ကိုမြင်သောအခါတွင်တော့ ချန်ကုန်းရန်း၏မျက်နှာက မာထန်သွား၍ မျက်နှာကိုတစ်ဖက်သို့ လှည့်လိုက်သည်။

ချန်ယွမ်၏မျက်နှာသည်လည်း အိုသွားသည်။ ချန်ယွမ်သည် အနားမှ အစေခံမိန်းကလေးများအား ခပ်ရှက်ရှက်ကြည့်လိုက်၍ ချန်ကုန်းရန်းအား နောက်တစ်ကြိမ်ထပ်၍ ပြုံးပြလိုက်ပြန်သည်။

ချန်ကုန်းရန်းသည် ရေကန်ကိုကြည့်နေလျက်နှင့် ရုတ်တရက် မေးလိုက်သည်။

"မင်း အားရုံကို သွားတွေ့ပြန်ပြီလား...ဒီတစ်ခေါက်ရော ကလေးမလေးကို ဘယ်သူ့လက်ထဲကို ထည့်ဖို့ကြံစည်နေပြန်တာလဲ..."

တုန်လှုပ်သွားသော ချန်ယွမ်သည် အပြုံးကိုတော့ မပျက်စေပဲ ထစ်အစွာ ပြောလိုက်သည်။

"အစ်ကိုကြီး ဘာတွေပြောနေတာပါလဲ...အားရုံက လက်ထပ်ထိမ်းမြားသင့်တဲ့ အရွယ်ရောက်နေပြီလေ...သူ့ဖခင်ကလည်း ဒီမှာမရှိတဲ့အတွက် ကျွန်တော်က အားရုံကို လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပေးနေရတာပါ..."

ချန်ကုန်းရန်းက မျက်မှောင်ကျုံ့လိုက်သည်။

"ငါ့ကို ဒါတွေ လာပြောပြနေဖို့မလိုပါဘူး..."

ချန်ယွမ်က ချက်ချင်းပင်စကားနားထောင်ကာ ပါးစပ်ပိတ်လိုက်သည်။ သို့သော် ချန်ကုန်းရန်းကိုကြည့်ရသည်မှာ စိတ်တိုသွားသည့်ပုံ‌ပေါက်နေသောကြောင့် ချန်ယွမ်သည် မနေနိုင်ပဲပြောလိုက်မိသည်။

"အစ်ကိုကြီး ဘာဖြစ်လို့များ ဒီမိန်းကလေးတစ်ယောက်အတွက်နဲ့ ကျွန်တော်တို့ ကတောက်ကဆဖြစ်နေရတာလဲ..."

ချန်ကုန်းရန်းက သူ့အား အဖက်မလုပ်သောအခါ ချန်ယွမ်က ခပ်တိုးတိုးဆက်ပြောလိုက်သည်။

"ဝမ်ချီလန်ကလည်း တကယ်တော့ ဘာမှမဟုတ်တဲ့ ရွံစရာလူပါပဲ...ဒီလို အားလုံး ဒုက္ခတွေ့နေတဲ့အချိန်မှာတောင် နန်းတွင်းသူ ငါးယောက်ကို သိမ်းပိုက်ထားသေးတယ်...ကျွန်တော့်ကို အဲ့ဒီအကြောင်း လာပြောပြတဲ့လူတိုင်းကလည်း ခေါင်းတခါခါနဲ့...အခုတော့ လန်ယာဝမ်ချီက ဘာအိန္ဒြေသိက္ခာမှမရှိတဲ့ သာမာန်လူတစ်ယောက်ပဲ လို့ပြောနေကြပြီ...နန်ယန်မင်းသားကို ချောမောတဲ့ မိန်းမပျိုတွေဆက်‌သနေတာ သူ့ရဲ့ဂုဏ်သတင်းနဲ့ သူ့ရဲ့လုပ်ရပ်တွေက တလွဲစီဖြစ်နေတာပေါ့..."

ချန်ယွမ်၏စကားများ၌ အထင်သေးစက်ဆုပ်မှုက‌ပေါ်လွင်နေပေသည်။



Xxxxx