Chapter 66
ရန်မင်းနှင့်ချန်ရုံ
ချန်ကုန်းရန်းက ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ ချန်ယွမ်မျှော်လင့်နေသည့်အတိုင်း ချန်ကုန်းရန်းက ချန်ယွမ့်အား တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော် ထိုအကြည့်သည် ချန်ယွမ်အား မနှစ်မြို့သောအကြည့်ဖြစ်နေလေသည်။
"အဲ့ဒီ မိန်းမပျိုငါးဦးက ဝမ်ချီပိုင်တာမဟုတ်ပါဘူး..."
ချန်ကုန်းရန်းက အေးအေးဆေးဆေးပြောလိုက်သည်။
"ဪ..."
ချန်ယွမ်က ချန်ကုန်းရန်း၏မနှစ်မြို့မှုကို သတိမထားမိပဲ အံ့ဩစွာမေးလိုက်သည်။
"အဲ့ဒီအမျိုးသမီးငါးဦးက အရမ်းကိုပဲ ချောမောလှပလွန်းလို့ နန်ယန်မင်းသားကတောင် သူတို့ကို အဖိုးတန်ရတနာလေးတွေလို ဂရုစိုက်နေတယ်လို့ ကျွန်တော်ကြားထားတာ...အဲ့ဒီလို မိန်းမမျိုးတွေကို ဝမ်ချီကမှမပိုင်ရင် ဘယ်သူကများ ပိုင်မှာပါလဲ..."
"လန်ယာက ဝမ်အိမ်တော်ကနေ ဒီကိုလာတဲ့ လူအချို့လည်း ရှိသေးတယ်မဟုတ်လား...ဝမ်ချီရဲ့ဦးလေး ဝမ်ကျစ်ရှီလေ..."
ချန်ကုန်းရန်းက သူ့ကိုယ်သူ ဒေါသထွက်နေသည်ကိုမေ့၍ ရယ်လိုက်မိသည်။
"အဖြစ်အပျက်ကတော့ တော်တော်လေးရယ်ရတဲ့ကိစ္စပဲ...မနေ့ညက ဝမ်ချီ ဒီကိုပြန်ရောက်လာတော့ ချက်ချင်းပဲ ဝမ်အိမ်တော်ကို ရောက်ချလာတယ်လေ...အဲ့ဒီအချိန်တုန်းက ဝမ်ကျစ်ရှီက ငါနဲ့ ရေကန်ထဲကိုအပျော်ခရီးထွက်နေခဲ့တာ...ဝမ်ချီလန်ကလည်း ဘာတစ်ခွန်းမှမပြောပဲ ဝမ်ကျစ်ရှီရဲ့ အကောင်းဆုံး နန်းတွင်းသူငါးယောက်ကို ခေါ်သွားတာ...ဝမ်ကျစ်ရှီက အိမ်ပြန်ရောက်လို့ နန်းတွင်းသူတွေကိုမေးလည်းမေးရော သူတို့ကို နန်ယန်မင်းသားဆီဆက်သလိုက်ပြီ ဆိုတာပဲ ပြန်ကြားရတော့တယ်...ဝမ်ကျစ်ရှီလည်း မုန်တိုင်းတိုက်သလိုဒေါသတွေထွက်ပြီး ဝမ်ချီလန်ကို အတင်း ပြန်အလျော်ပေးခိုင်းနေတော့တာပဲ ဟားဟားဟား..."
ချန်ယွမ်က တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ သူသည် မနည်းအားယူ၍ပြုံးကာ ခက်ခက်ခဲခဲပြောလိုက်သည်။
"ဒါဆိုရင် အဲ့ဒီမိန်းမပျိုငါးဦးက ဝမ်ချီလန်ပိုင်တာမဟုတ်ဘူးပေါ့..."
ချန်ယွမ်၏အသံသည် စိတ်ပျက်မှုများဖြင့် ပြည့်နေလေသည်။
ချန်ကုန်းရန်းက ချန်ယွမ့်အား လှည့်ကြည့်လိုက်သည်။ ချန်ကုန်းရန်း၏မျက်လုံးများ၌လည်း ချန်ယွမ့်အပေါ် စိတ်ပျက်မှုများ ပြည့်နေလေသည်။ ထို့နောက် ချန်ကုန်းရန်းသည် သူ၏သည်းခံနိုင်မှုများ ကုန်သွားသကဲ့သို့ သက်ပြင်းချလိုက်၍ လက်များကိုဝှေ့ယမ်းကာပြောလိုက်သည်။
"မင်းသွားတော့...မင်းကိုမြင်တိုင်း ငါပျို့အန်ချင်မိတယ်..."
ချန်ယွမ်၏အပြုံးက သူ၏နှုတ်ခမ်းများပေါ်၌ အေးခဲသွားသည်။ ချန်ယွမ်သည် မကျေနပ်သည့်အသံပြုကာ ဝတ်ရုံလက်များကို လှုပ်ခါ၍ လှည့်ထွက်လာတော့သည်။
ချန်ယွမ် ခြေလှမ်း ခုနစ်လမ်း ရှစ်လမ်းမျှသာ လျှောက်ပြီးချိန်၌ အနောက်မှ ချန်ကုန်းရန်း၏အသံထွက်ပေါ်လာသည်။
"မင်းက မင်းစခဲ့တဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် မင်းရဲ့သမီးကို ထိုးကျွေးလိုက်ရတာကို မကျေနပ်သေးလို့ အခု အားရုံကိုပါ သူများကိုပေးပစ်ချင်နေတာလား...တကယ်တော့ အားရုံက ကလေးပဲရှိပါသေးတယ် သူများကိုပေးပစ်လိုက်ရင်လည်း ဘာမှတော့မဖြစ်ပါဘူး...ဒါပေမယ့် ဝမ်ချီလန်ရော တပ်မှူးစွင်းရောက အားရုံကို အထင်ကြီးလေးစားကြတာ မင်းလည်း သိနေတာပဲ...မင်းက ကြက်ကို မခိုးနိုင်တဲ့အပြင် လက်ထဲမှာရှိတဲ့အစာတွေကိုပါ လွှင့်ပစ်လိုက်မိတာပဲ...အခုတော့ မင်းလုပ်လိုက်တာက လူတိုင်းကို မထီမဲ့မြင်နဲ့စော်ကားသလိုဖြစ်သွားတဲ့အပြင် မင်းမျှော်လင့်ထားသလို မင်းသားဆီကရော အခွင့်အလမ်းကောင်းတွေ ရခဲ့လို့လား..."
ထို့နောက် ချန်ကုန်းရန်၏အသံက တိုးသွားသည်။
"နန်ယန်ကို လူရိုင်းတွေ ဘယ်တော့လာတိုက်မယ်ဆိုတာလည်း ဘယ်သူမှမသိကြဘူး...မင်း အကွက်ချကြံစည်ထားတာတွေက နောက်ဆုံးမှာ ဘာအကျိုးအမြတ်မှမရပဲလည်း ပျက်စီးသွားနိုင်တယ်နော်..."
ထိုစကားများမှာ ချန်ယွမ်မကြားချင်သောစကားများဖြစ်သည်။ လောယန်နှင့် နန်ယန်သည် အလွန်ဝေးကွာကြသည်မဟုတ်လား။ ထို့အပြင် ဟူစစ်သည်များကိုလည်း နန်ယန်မင်းသား၏စစ်တပ်က မတားဆီးနိုင်ဘူးဆိုသည်မှာ မဖြစ်နိုင်ပါ။ အကယ်၍ နန်ယန်မင်းသား ကျရှုံးခဲ့သည်ဆိုဦးတော့ သူတို့သွားနေစရာ ကျန့်ခန်းမြို့ ရှိသေးသည်ပင်။ အကြံပေးရှုကလည်း ချန်ယွမ်တို့ကို ကျန့်ခန်း၌ အခြေချနေထိုင်နိုင်ရန် ကူညီပေးမည်ဟု ကတိပေးထားသည်။ ထိုအတွေးများဖြင့် ချန်ယွမ်၏ခြေလှမ်းများသည် လျင်မြန်လာကာ ခဏအတွင်းမှာပင် သူ့ကို အပြစ်တင်ပြောဆိုနေသောချန်ကုန်းရန်းအား နောက်၌ ချန်ထားခဲ့တော့သည်။
ဝမ်ချီလန်က ချန်ရုံ့အား လက်ဆောင်ပစ္စည်းများပို့ပေးသည်ဆိုသော သတင်းအပြင် နန်ယန်မင်းသား၏စံအိမ်တော်၌ ဝမ်ချီလန်နှင့် ချန်ရုံတို့ နှစ်ရက်နှင့်နှစ်ည အတူနေခဲ့သည်ဆိုသော သတင်းကပါ တစ်ယောက်စကား တစ်ယောက်နားနှင့် ပျံ့နှံ့သွားတော့သည်။ ချက်ချင်းဆိုသလိုပင် မိန်းမပျိူလေးများသည် ရထားလုံးများနှင့် ချန်ရုံ၏အိမ်သို့ တဖွဲဖွဲရောက်လာကြတော့သည်။
ယနေ့သည် ချန်ရုံ အိမ်ပြန်ရောက်လာသည့် သုံးရက်မြောက်နေ့ဖြစ်သည်။
ဧည့်ခန်းဆောင်ထဲမှ ရယ်သံများက ချန်ရုံ၏နားထဲ၌ ဆူညံလာသောကြောင့် ချန်ရုံသာ် အထိန်းတော်ဖျင်အား မျက်စိတစ်ဖက်မှိတ်ပြ၍ ခန်းမဆောင်ထဲမှ အမြန်ထွက်လာလိုက်သည်။ လာရောက်စုံစမ်းကြသောလူများနှင့် တစ်နာရီခန့် စကားထိုင်ပြောပြီးသောအခါ မပြီးဆုံးနိုင်တော့သော မေးခွန်းများနှင့် မသိမသာရွဲ့စောင်းပြောသောစကားများကို ချန်ရုံ စိတ်ကုန်နေပြီဖြစ်သည်။
ချန်ရုံထွက်သွားသည်ကိုမြင်သောအခါ အထိန်းတော်ဖျင်သည်လည်း တိတ်တဆိတ်ခေါင်းငြှိမ့်လိုက်သည်။
ချန်ရုံသည် အနောက်ဘက်တံခါးမှထွက်၍ ဘေးသို့ကွေ့ကာ ခြုံပုတ်များထဲဆီသို့ တိုးဝင်လိုက်သည်။
ရာသီဥတုကနွေးထွေး၍ နေသာသောနေ့တစ်နေ့ဖြစ်သည်။ ချန်ရုံသည် ဘေးပတ်ဝန်းကျင်သို့ ကြည့်၍ ခဏရပ်လိုက်ကာ အခန်းထဲသို့ ပြန်၍ မြင်းစီးသည့်အခါသုံးသည့်ကြာပွတ်ကို သွားယူရန် စဉ်းစားလိုက်သည်။
ထိုအချိန်၌ ပန်းခြံ၏တံတိုင်းများတစ်ဖက်မှ ပျော့ပျောင်းသည့်စကားသံတစ်ခုထွက်ပေါ်လာသည်။
"အခု မြို့ပြင်မှာ လူရိုင်းတွေကို မကြာခဏတွေ့လာရတယ်လို့ ကျွန်ုပ်ကြားမိတယ်..."
ခဏတိတ်ဆိတ်သွားပြီးသောအခါမှ ပြန်ပြောလိုက်သည့်အသံက ချန်စူး၏အသံဖြစ်နေသည်။
"တပ်မှူးရန်လည်း အခု အပြန်လမ်းပေါ်ရောက်နေပြီပဲ...ဒီကို နေ့လယ်လောက်ဆို ရောက်မယ်လို့ ပြောတယ်..."
ချန်စူး၏အသံ၌ စိတ်ပူပန်မှုက အနည်းငယ် ကပ်ငြိနေသည်။
ရန်မင်း ပြန်လာတော့မည်တဲ့လား။
ချန်ရုံသည် မဲ့ပြုံးတစ်ချက်ပြုံးလိုက်၍ လှည့်ထွက်လာလိုက်သည်။
သို့သော် ခြေလှမ်းနှစ်လှမ်းမျှ လှမ်းပြီးသောအခါ ချန်ရုံတစ်ကိုယ်လုံးတောင့်တင်းသွား၍ ရှေ့သို့ တစ်လှမ်းမျှပင် ဆက်မသွားနိုင်တော့ချေ။
ရန်မင်းက အခုအချိန်မှာ ပြန်လာသည်တဲ့လား...
တစ်ခုခုလွဲမှားနေလေပြီ။
...ချန်ရုံ သေချာပြန်စဉ်းစားလိုက်သည်။ တစ်ခုခုဖြစ်ခဲ့သည်။ ဟုတ်သည်။ ယခုမှပင် ချန်ရုံ ပြန်၍ သတိရလာမိသည်။ ဤတစ်ခေါက် ရန်မင်းပြန်လာလျှင် ကြီးမားသောတစ်စုံတစ်ခု ဖြစ်တော့မည်ဖြစ်သည်။
ချန်ရုံသည် အိမ်သို့ လေကဲ့သို့သောအဟုန်ဖြင့် လျင်မြန်စွာပြန်ပြေးသွားသည်။ ထို့နောက် အိပ်ခန်းဆောင်ထဲမှ မြင်းစီးကြာပွတ်ကိုယူကာ အပြင်သို့ ပြန်ပြေးထွက်လာလိုက်သည်။
"အားရုံ...အားရုံ...နင်ဘယ်သွားမလို့လဲ..."
ချန်ချမ်ကအနောက်မှ လှမ်းအော်နေသည်။
"အားရုံ နင်ဘာဖြစ်လို့ ကြာပွတ်ကြီးကိုကိုင်ထားတာလဲ..."
ချန်ဝေ့ကလည်း အော်လိုက်သည်။
"အဲ့ဒါ ယောင်္ကျားအရိုင်းအစိုင်းတွေပဲ ကိုင်တာလေ..."
ချန်ရုံကတော့ ဘာမှပြန်မဖြေပေ။ ချန်ရုံ၏ ခြေထောက်များသည် သွက်လက်နေ၍ သူမ၏ခန္ဓာကိုယ်ကို မြှားတစ်စင်းကဲ့သို့ သယ်ဆောင်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ရုံသည် မိန်းကလေးများကို ဖုန်တောထဲ၌ ချန်ထားခဲ့တော့သည်။
မိန်းကလေးများက ကြောင်အစွာ ရပ်၍ ကျန်နေခဲ့လေသည်။
ချန်ရုံသည် မြင်းများထားရာနေရာသို့ တတ်နိုင်သမျှ အမြန်ဆုံးသွား၍ အစေခံအား အော်ပြောလိုက်သည်။
"ကျွန်မကို မြောက်ပိုင်းဂိတ်တံခါးဆီ ခေါ်သွားပေးပါ..."
အစေခံလေးသည် သူ၏သခင်မလေး ဤမျှ ကြောက်လန့်နေသည်ကို မမြင်ရသည်မှာ အတော်ကြာပြီဖြစ်သည်။
"ဟုတ်ကဲ့..."
အစေခံလေးက ဖြေလိုက်၍ ရထားလုံးကောင်းကောင်းတစ်စီးကိုရွေးကာ မောင်းနှင်သူနေရာသို့ ခုန်တက်လိုက်သည်။
ချန်ရုံသည် ကောင်းကင်မှနေကို လှမ်းကြည့်၍ အမိန့်ပေးလိုက်သည်။
"မြန်မြန်မောင်းပါ..."
"ဟုတ်ကဲ့..."
"နည်းနည်းထပ်မြန်ဦး..."
"ဟုတ်ကဲ့..."
ချန်ရုံ၏ ထပ်ခါတလဲလဲအမိန့်ပေးသံများအောက်တွင် ချန်ရုံ၏ရထားလုံးလေးသည် အရှိန်ပိုမြန်လာ၍ ဝင်းတံခါးစောင့်သူ၏ မေးခွန်းများကိုပင် ဂရုမစိုက်ပဲ ချန်အိမ်တော်ထဲမှ ထွက်ခွာလာတော့သည်။
နန်ယန်မြို့သည် လွန်ခဲ့သည့်နှစ်ရက်ကထက်ပင် ပို၍ ခြောက်သွေ့နေလေသည်။ လမ်းများပေါ်၌ သွားလာနေသူများမရှိ၍ အထက်တန်းလွှာများ၏ ရထားလုံးများကိုလည်း မတွေ့ရပေ။
ထိုသို့ရှင်းလင်းနေသောကြောင့် ချန်ရုံ၏ရထားလုံးသည် မြောက်ဘက်ဂိတ်တံခါးဆီသို့ ချောမောစွာ ရောက်ရှိသွားသည်။
ထို့နောက် ရထားလုံးသည် ရုတ်တရက် တုံ့ခနဲရပ်သွားသည်။
"သခင်မလေး..."
ရထားလုံးမောင်းသူက မသေမချာဖြစ်နေသောအသံဖြင့် ချန်ရုံ့အား လှမ်းခေါ်လိုက်သည်။
ချန်ရုံက လိုက်ကာများကို မလိုက်သည်။
ဂိတ်တံခါး၌ လက်နက်အပြည့်အစုံဖြင့် နေရာယူထား၍ တန်းနှစ်တန်း စီကာရပ်နေကြသော စစ်သည်များကို ချန်ရုံတွေ့လိုက်ရသည်။ ချန်ရုံ အပေါ်သို့မော့ကြည့်လိုက်သောအခါ ရှည်လျားသောဝတ်ရုံများနှင့် မြင့်မားသော ခေါင်းဆောင်းများဝတ်ထားကြသော သက်ကြီးပိုင်းပညာရှိအချို့ကို တံတိုင်းပေါ်၌ တွေ့လိုက်ရသည်။ ထိုလူများကို ချက်ချင်းပင် ချန်ရုံမှတ်မိလိုက်သည်။ ထိုလူများမှာ ဆရာယွီ၊ ကျန်းကုန်းချမ်နှင့် ချန်အိမ်တော်မှ ချန်းကုန်းရန်းပါ အပါအဝင် နန်ယန်မြို့မှ လွှမ်းမိုးမှုရှိသော အိမ်တော်များမှ အကြီးအကဲများဖြစ်ကြသည်။
ချန်ရုံက အကြည့်ကို ပြန်ရုတ်သိမ်း၍ ပြောလိုက်သည်။
"ရှေ့ကို ဆက်သွားပါ..."
ချန်ရုံ၏ ပြတ်သားသောပုံစံကိုမြင်သောအခါ အစေခံလေးက "ဟုတ်ကဲ့..." ဟုအော်၍ ရထားလုံးအား ရှေ့သို့ အရှိန်ဖြင့် ဆက်မောင်းရန်ပြင်လိုက်သည်။
ထိုအချိန်၌ ချန်ရုံသည် လိုက်ကာကို အကုန်ဆွဲတင်လိုက်၍ သူမကိုယ်တိုင်နှင့် ရထားလုံးအတွင်းပိုင်းတစ်ခုလုံးကို စစ်သည်များမြင်အောင် ပြလိုက်သည်။
စစ်သည်များသည် ချန်ရုံ့အား မြင်သောအခါ လှံများကို ပြန်ချလိုက်ကြသည်။
ခဏအကြာတွင် ရထားလုံးသည် မြောက်ပိုင်းဂိတ်တံခါးမှ မောင်းထွက်လာတော့သည်။
သူတို့ရထားလုံးက အပြင်သို့ မောင်းထွက်လာချိန်တွင် စစ်သည်တစ်ဦးက တီးတိုးပြောနေသည်ကို ချန်ရုံကြားလိုက်သည်။
"ဒီလိုအချိန်မျိုးမှာ ဒီသခင်မလေးက ခရီးထွက်မယ်ဆိုတာ ငါယုံတောင်မယုံနိုင်ဘူး.."
စစ်သည်၏စကားကြောင့် ကြောက်မိသွားသော ရထားလုံးမောင်းသူသည် အနောက်သို့လှည့်၍ပြောလိုက်သည်။
"သခင်မလေး...ကျွန်တော်တို့..."
ချန်ရုံက အစေခံစကားကို ဆုံးဖြတ်ချက်ခိုင်မာသောအသံဖြင့် ဖြတ်ပြောလိုက်သည်။
"ရှေ့ကို ဆက်သွားပါ..."
"ဟုတ်ကဲ့..."
သူတို့သည် မြို့၏အဝန်းအဝိုင်းကိုကျော်၍ အမြန်လမ်းမဆီသို့ ရောက်လာကြသည်။
လမ်းမသည် ညိုမှိုင်းခြောက်သွေ့နေကာ လမ်းတစ်ဖက်တစ်ချက်၌လည်း ခြောက်သွေ့နေသော သစ်ပင်များသာရှိသည်။ တစ်ခါတစ်ခါ၌ ချန်ရုံတို့သည် လမ်းဘေး၌ တဲအစုအဝေးလေးများနှင့် လမ်းဘေး၌ လဲနေကြသော ဆင်းရဲသားဒုက္ခသည်များကို တွေ့ကြရသည်။ ထိုဒုက္ခသည်များထံမှ အနံ့ဆိုးများက ချန်ရုံတို့၏ နှာခေါင်းများကို ထိုးနှက်နေကြသည်။
"သခင်မလေး..."
ရထားလုံးမောင်းသူက ထိုအခြေအနေများကိုမြင်သောအခါ ချန်ရုံ့အား အော်ခေါ်လိုက်ပြန်သည်။
"စကားမပြောနဲ့...ရထားလုံးကို ရှေ့တည့်တည့်ကိုပဲမောင်း...လမ်းပေါ်မှာ ဒုက္ခသည်တွေ လမ်းပိတ်နေမယ်ဆိုရင် သူတို့ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မ ဂရုမစိုက်ဘူး...ဖြတ်သာမောင်းသွားလိုက်..."
ရထားလုံးမောင်းသူသည်လည်း အင်တင်တင်ဖြင့် နာခံကာ ရထားလုံးအား ရှေ့သို့ဆက်မောင်းသွားသည်။
သူတို့ ရှေ့သို့ဆက်သွားလေလေ၊ သက်ငယ်များဖြင့်မိုးထားသောတဲများနှင့် ဒုက္ခသည်များကို လမ်းတစ်ဖက်တစ်ချက်၌ ပိုတွေ့ရလေဖြစ်သည်။ ကလေးအချို့ဆိုလျှင် မြက်များကိုပါတူး၍စားနေကြသည်ကို ချန်ရုံ မြင်ခဲ့ရသည်။ အနွေးဓာတ်ရရန်အတွက် လူဆယ်ယောက်မှ အယောက်နှစ်ဆယ်တို့ ပူးကပ်နေနေကြရသည်ကိုလည်း တွေ့ခဲ့ရသည်။ ချန်ရုံ၏ အထီးကျန်ရထားလုံးလေးမောင်းနှင်လာသည်ကို မြင်သောအခါ ဒုက္ခသည်များ၏မျက်လုံးများသည် အရောင်တောက်ပသွားကြသည်။ တစ်စုံတစ်ယောက်၏ တိမ်ဝင်နေသော အသံအက်အက်ဖြင့်အမိန့်ပေးလိုက်သံနှင့်အတူ ကလေးနှစ်ယောက်သည် ယိုင်တိယိုင်တိုင်ဖြင့် လမ်းမအလယ်သို့ တက်လာကြတော့သည်။
ရထားလုံးမောင်းသူသည်လည်း ထိုကလေးများကို လမ်းပေါ်၌မြင်သောအခါ အရှိန်ကို အလိုလိုလျှော့လိုက်မိသည်။
"ဘာဖြစ်လို့ အရှိန်လျော့သွားတာလဲ..."
ချန်ရုံက ရထားလုံးထဲမှ လှမ်းမေးလိုက်သည်။
"လမ်းပေါ်မှာ ကလေးနှစ်ယောက်ရောက်နေလို့ပါ သခင်မလေး..."
ရထားလုံးမောင်းသူက ကြောက်ကြောက်လန့်လန့်ဖြင့် ဖြေလိုက်သည်။
"တစ်ယောက်ဆိုရင် မိန်းကလေးငယ်ငယ်လေးပါ...သူတို့က လမ်းပိတ်ထားလို့..."
ချန်ရုံက ထိုစကားကြားသောအခါ မျက်နှာပျက်သွား၍ အမိန့်ပေးလိုက်သည်။
"သူတို့ကို လမ်းပေါ်ကနေဖယ်ဖို့ အော်ပြောလိုက်...ရထားလုံးကိုတော့ လုံးဝအရှိန်မလျှော့နဲ့..."
"ဟုတ်ကဲ့...."
ရထားလုံးမောင်းသူက ကြာပွတ်ကို တစ်ချက်ဝှေ့ယမ်းကာ အော်လိုက်သည်။
"လမ်းပေါ်ကဖယ်စမ်း...ဖယ်ကြစမ်း...လှည်းလာနေတာကို ဖယ်ကြစမ်း..."
အစေခံ၏အော်သံက တစ်စတစ်စပို၍ ပြင်းထန်လာသော်လည်း ကလေးနှစ်ယောက်ကတော့ လမ်းလယ်ခေါင်မှ တုတ်တုတ်မျှပင်မလှုပ်ပေ။ ပိုဆိုးသည်က မိန်းမငယ်တစ်ဦးကပါ ထလာ၍ ထိုကလေးနှစ်ယောက်၏အနောက်၌ ဝင်ရပ်လိုက်လေသည်။
အစေခံ၏အသံက တဖြည်းဖြည်း တုန်လှုပ်လာသည်။
"မင်းတို့ကို ဖယ်လို့ပြောနေတယ်လေ...နားပင်းနေကြတာလား..."
ချန်ရုံက နားထောင်၍ လိုက်ကာ၏ထောင့်စွန်းကို အသာအယာမကြည့်လိုက်သည်။ လမ်း၏ရှေ့နေရာ၌ လူ ခုနစ်ဆယ် ရှစ်ဆယ်ခန့် စုဝေးနေသည်ကို ချန်ရုံမြင်လိုက်ရသည်။ ထိုလူများ၏နောက်၌ ကလေးများ၏ အလောင်း တစ်ဒါဇင်ခန့်ရှိနေသည်။ အလောင်းဟုဆိုသော်လည်း ပြောင်စင်နေသော အရိုးများသာဖြစ်သည်။ အရိုးများမှာ အသားဟူ၍ တစ်မျှင်မျှမရှိတော့အောင် ပြောင်စင်အောင်လျက်ထား၍ အရိုးများကိုလည်း အခေါက်ခေါက်အခါခါ ပြုတ်ထားဟန်တူသည့် ပြောင်စင်နေသောာအရိုးများဖြစ်သည်။ ချန်ရုံသည် လမ်းပေါ်၌ ပိတ်ရပ်နေသော လူသုံးယောက်ကို ပြန်ကြည့်၍ လိုက်ကာကို ပြန်ချကာ အားမာန်အပြည့်ဖြင့် အမိန့်ပေးလိုက်သည်။
"အရှိန်အပြည့်နဲ့ဆက်သွား..."
"သူတို့တွေက ကလေးလေးတွေပဲရှိပါသေးတယ် သခင်မလေး!..."
ရထားလုံးမောင်းသူ အစေခံက အော်ပြောလိုက်သည်။
"ရှင် မသေချင်ဘူးဆိုရင်အရှိန်အပြည့်နဲ့သာ ဆက်သွားပါ..."
ချန်ရုံ၏လေသံသည် သေခြင်းတရားများနှင့် ရင်းနှီးနေသော လူကဲ့သို့ မာထန်နေသည်။ တကယ်တော့လည်း ချန်ရုံသည် ယခင်ဘဝ၌ ရန်မင်းနှင့် အတူလိုက်ရင်းက လူသတ်မှုများစွာကို မြင်ခဲ့ရဖူးပြီးဖြစ်သည်။
"သွား...ကျွန်မ ရှင့်ကို သွားဖို့ အမိန့်ပေးနေတယ်လေ..."
ရထားလုံးမောင်းသူထံမှ ပြန်ဖြေသံကို မကြားသောအခါ ချန်ရုံက အော်လိုက်သည်။
နောက်ဆုံးတွင်တော့ ရထားလုံးမောင်းသူသည် အံကိုကြိတ်၍ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့..."
Xxxxxx