Chapter 67
ထို့နောက် ရထားလုံးမောင်းသူသည် အဆုတ်ထဲမှ လေများကုန်သည်အထိ အသံကုန်အော်ပြောလိုက်သည်။
"လမ်းပေါ်ကဖယ်ကြစမ်း...ငါပြောတာကြားလား...မင်းတို့မဖယ်ရင် ငါတက်ကြိတ်သွားမှာနော်...မင်းတို့..."
မြင်းများ၏ခွာသံပြင်းပြင်းနှင့် ရထားလုံးဘီးလိမ့်သံများကိုနားထောင်၍ အရှိန်လျှော့တော့မည်မဟုတ်မှန်းသေချာသွားသောအခါမှပင် ချန်ရုံ၏ နှလုံးသည်လည်း အနည်းငယ်တည်ငြိမ်သွားသည်။
ရထားလုံးသည် ပို၍ ပို၍ အရှိန်မြန်လာသည်။
လမ်းလယ်ခေါင်၌ရပ်နေသော ကလေးနှစ်ယောက်နှင့် အမျိုးသမီးတို့ကတော့ ထိုနေရာ၌ပင် ရပ်နေကြ၍ ရှောင်ကြမည့်ပုံလည်းမပေါ်ချေ။
သူတို့ဘေးမှ ခေါင်းလောင်းကဲ့သို့ ပြူးကျယ်သောမျက်လုံးများဖြင့် လူတစ်ယောက်က အသားကုန်အော်ဟစ်နေသည်။
"ရထားလုံးကိုရပ်ပါ...ရထားလုံးကို အမြန်ရပ်ပါ..."
ထိုလူ၏ဘေးမှ ချောမောသည့် မိန်းမငယ်တစ်ဦးကလည်း အော်နေသည်။
"ရထားလုံးကိုရပ်ပါ...ရထားလုံးကိုရပ်ပါ...ရှင်တို့သူဌေးတွေက အရမ်းယုတ်မာတဲ့လူတွေပဲ..."
အနီးအနားမှ လူနှစ်ယောက်ကလည်း ထိုအဖြစ်အပျက်ကို မျက်လုံးသေများနှင့် ဘာမှမထူးဆန်းသလိုကြည့်နေကြသည်။
ရထားလုံးအောက်မှ ဖုန်များတထောင်းထောင်းထနေချိန်တွင် ချန်ရုံသည် ရထားလုံးမောင်းသူကို အမိန့်ပေးလိုက်သည်။
"သူတို့ကိုဂရုစိုက်မနေပဲ ဆက်သာမောင်း..."
"ဟုတ်ကဲ့..."
ရထားလုံးမောင်းသူအစေခံက ကြာပွတ်ကို ဝှေ့ယမ်း၍ မျက်လုံးများကို မှိတ်ကာအော်လိုက်သည်။
"ယား!..."
ရထားလုံးသည် ပိတ်နေသော လူများကို ဖြတ်ကျော်သွားတော့သည်။
ဒုန်း ဒုန်း ဒုန်း...
ထို့နောက် ရထားလုံးသည် ရုတ်တရက် စောင်းသွား၍ အရှိန်လျော့သွားသည်။
ဒုက္ခသည်များသည် ဟစ်ကြွေး၍ ဩဘာပေးကာ ရထားလုံးနားသို့ ဝိုင်းအုံလာကြတော့သည်။
ရထားလုံးမောင်းသူက မျက်လုံးကို အမြန်ပြန်ဖွင့်လိုက်သည်။ ထိုအစေခံ၏ ရထားလုံးမောင်းနှင်နိုင်စွမ်းမှာ ကျွမ်းကျင်လိမ္မာသောကြောင့် ဆင်းရဲသားများ အခါအနည်းငယ်သာ အော်ဟစ်ပြီးချိန်တွင် ရထားလုံးသည် ပုံမှန်အခြေအနေပြန်ဖြစ်သွားသည်။
ရထားလုံးသည် ရှေ့သို့ အရှိန်နှင့်ဆက်သွား၍ အနားမှ ဝိုင်းနေကြသော ဆင်းရဲသားဒုက္ခသည်များကို တွန်းတိုက်ကာ သွေးများချင်းချင်းနီနေသော ခန္ဓာကိုယ် သုံးခုကိုလည်း လွင့်စင်အောင်လုပ်၍ အနောက်၌ ချန်ထားခဲ့တော့သည်။
ရထားလုံးမောင်းသူသည် အနောက်သို့ လှည့်ကြည့်လိုက်သောအခါ မြင်လိုက်ရသောမြင်ကွင်းကြောင့် အန်ထွက်မိတော့မတတ်ပင် ဖြစ်သွားသည်။
ခေါင်းလောင်းကဲ့သို့သောမျက်လုံးများရှိသည့် လူသည် ဒဏ်ရာရနေသော ကလေးနှစ်ယောက်နှင့် အမျိုးသမီးငယ်ဆီသို့ ဓားတစ်ချောင်းကိုင်၍ လျှောက်သွားသည်။ ထို့နောက် ဓားကို တစ်ချက်ဝှေ့လိုက်ရာ တွန့်လိမ်နေသော ခန္ဓာကိုယ်များသည် ငြိမ်သက်သွားတော့သည်။
ထိုလူ၏ဘေး၌ လှပသော အမျိုးသမီးသည်လည်း အခြားလူများကို ဦးဆောင်ကာ ထိုခန္ဓာကိုယ်များမှထွက်နေသော သွေးများကို ကြွေအိုးများဖြင့် ခံယူနေလေသည်။
ရထားလုံးမောင်းသူသည် နှစ်ခါမျှ ပျို့အန်မိတော့မတတ်ဖြစ်၍ မထိန်းနိုင်ပဲ ချန်ရုံကို ပြောလိုက်မိသည်။
"သခင်မလေးက ထက်မြက်တဲ့စိတ်ကူးရှိလို့ တော်ပါသေးတယ်..."
ချန်ရုံကတော့ ဘာမှပြန်မပြောပေ။
ရထားလုံးသည် တစ်နာရီခန့် ဆက်လက်မောင်းနှင်လာပြီးသောအချိန်တွင် အရှေ့၌ ဖုန်လုံးကြီးတစ်ခုကိုမြင်လိုက်ရသည်။ ထိုဖုန်များအလယ်၌ "မင်း" ဟူသော စကားလုံးနှင့် အလံကိုမြင်နေရသည်။
"ရပ်တော့..."
ချန်ရုံက ထိုအလံကိုမြင်သောအခါ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့..."
ရထားလုံးသည် လမ်းမ၏ဘေး၌ ဖြည်းဖြည်းချင်းရပ်သွားသည်။
ချန်ရုံသည် လိုက်ကာကို မ၍ကြည့်လိုက်ရာ အဝေးမှ မီးခိုးများက တဖြည်းဖြည်းနီးကပ်လာသည်ကို မြင်လိုက်ရသည်။
ချန်ရုံသည် ရထားလုံးတံခါးကိုဖွင့်၍ အပြင်သို့ ကြည့်လိုက်သည်။
အလံအောက်၌ ချောမော၍ ရက်စက်သော အမည်းရောင်ချပ်ဝတ်တန်ဆာနှင့် ထိုလူသည် အခြားလူတစ်ယောက်က အနားကပ်၍ တီးတိုးပြောနေသည်ကို နားထောင်နေရင်းဖြင့် ချန်ရုံ့အား လှည့်ကြည့်လိုက်သည်။
ရန်မင်းက ညာဘက်လက်ကို ဝှေ့ယမ်း၍ လူနှစ်ရာပါသော လူတန်းရှည်ကြီးကို ရပ်ခိုင်းလိုက်သည်။
ထို့နောက် ချန်ရုံ့နားသို့ မြင်းကိုစီးလာလိုက်သည်။ ခဏအကြာတွင် ရန်မင်းသည် သူ၏ မြင်းနီကြီးကိုရပ်၍ ချန်ရုံ့အား အကဲခတ်လိုက်သည်။ ပြီးမှ ချိတ်ဆက်ထားသောလက်များကို မြှောက်ပြ၍ ယဉ်ကျေးစွာပြောလိုက်သည်။
"စွင်းယန်ရဲ့ ရိက္ခာစုဆောင်းမှု အောင်မြင်သွားတာ မင်းရဲ့ ကျေးဇူးတွေပါပဲ...ငါ မင်းကို ကျေးဇူးတင်ပါတယ်..."
ချန်ရုံကလည်း ရန်မင်းကို ပြန်ကြည့်လိုက်သည်။ ရန်မင်း၏ နက်မှောင်နေသော်လည်း ပြုံးယောင်သမ်းနေသည့် မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသောအခါ ချန်ရုံသည် ခေါင်းကို အနည်းငယ်ငုံ့၍ အရိုအသေပေးကာ ပြောလိုက်သည်။
"ကျွန်မနဲ့ ခဏလိုက်ခဲ့ပေးပါ တပ်မှူး...တပ်မှူးကို ပြောစရာစကားရှိလို့ပါ..."
ရန်မင်းက မြင်းကို ခြေနှင့်ကန်၍ ချန်ရုံ၏အနားသို့ ရောက်လာသည်။
ရန်မင်းသည် ချန်ရုံ၏နားသို့ အလွန်တိုးကပ်လာသောကြောင့် ချန်ရုံ ရင်းနှီးဖူးခဲ့သော ရန်မင်း၏ ကိုယ်သင်းရနံ့ကိုပင် ချန်ရုံ ခံစား၍ရနေလေသည်။
ချန်ရုံက ရန်မင်းအားမော့ကြည့်လိုက်သည်။ ထို့နောက် ရန်မင်း၏အနောက်သို့ လှမ်းကြည့်၍ တိုးတိတ်စွာပြောလိုက်သည်။
"တပ်မှူး နန်ယန်မြို့ကို ပြန်နေတာပါလား...'
"ဟုတ်တယ်..."
ရန်မင်းက အံ့ဩသွားပုံဖြင့် မျက်ခုံးတစ်ဖက်ကို မြှင့်လိုက်သည်။
"မင်း ငါ့ကိုရှာဖို့အတွက်နဲ့ မြို့ကနေ တစ်ယောက်တည်း ထွက်လာတာလား..."
ချန်ရုံက ခေါင်းငြှိမ့်လိုက်သည်။
ရန်မင်း၏မျက်နှာက တည်ကြည်သွားသည်။ ရန်မင်းသည် ချန်ရုံ့ရှေ့၌ ချိတ်ဆက်ထားသောလက်ကို ထပ်မြှောက်ပြလိုက်ပြန်သည်။
"မင်းပြောစရာရှိတာ ပြောပါ..."
ချန်ရုံက အောက်သို့ငုံ့၍ မေးလိုက်သည်။
"အခု တပ်မှူးရဲ့အဖွဲ့ထဲမှာ အထက်တန်းလွှာကဆင်းသက်လာတဲ့ အရံတပ်မှူးတွေ ရှိပါသလား..."
ရန်မင်းက ချန်ရုံ့အားကြည့်၍ မနှစ်မြို့သည့်ပုံဖြင့်ပြောလိုက်သည်။
"စွင်းယန်က မင်းလို မိန်းမတစ်ယောက်ကို ဒီလိုကိစ္စမျိုးတွေကိုတောင် ပြောပြတာလား..."
ချန်ရုံသည် ခေါင်းကို ဆတ်ခနဲမော့၍ ရန်မင်းအား စူးစူးဝါးဝါးစိုက်ကြည့်ကာ ပြောလိုက်သည်။
"အဲ့ဒီ ကျွန်မလို မိန်းမက ရှင့်ကို တစ်ခုတည်းသောကိစ္စကိုပြောဖို့ အသက်ကိုတောင်စွန့်ပြီး လာခဲ့တာပါ...အခုလောလောတယ် နန်ယန်မှာ ကောလဟလသတင်းတွေပျံ့နေတယ်...ပညာရှိတွေကြားမှာ ရှင်က ရှီဟူရဲ့အမိန့်နဲ့ နန်ယန်မြို့ကို တိုက်ခိုက်တော့မယ်လို့ပြောနေကြတယ်...ဒါပေမယ့် အဲ့ဒီစကားတွေကိုမယုံပဲ ရှင်က လူရိုင်းတွေကို အရမ်းရွံမုန်းတယ်ဆိုတာကို သိတဲ့လူတွေလည်းရှိသေးတယ်...ရှင်သာ နန်ယန်ကို ရောက်လာရင် ရှင့်ကို လာပြီး နှုတ်ဆက်ကြိုဆိုကြမယ့် အထက်တန်းလွှာက လူတွေလည်းအများကြီးရှိတယ်...ဒါပေမယ့် အဲ့ဒီလိုအချိန်မှာ ရှင့်ရဲ့တပည့်အချို့က မထင်မှတ်ပဲ လူအများလေးစားခံရတဲ့ အိမ်တော်အကြီးအကဲတွေကို သတ်ဖြတ်လိုက်မယ်ဆိုရင် ရှင် ဘာဆက်လုပ်တော့မလဲ..."
ထို့နောက် ချန်ရုံ၏ သူမ၏သေးငယ်သောမေးစေ့လေးကို မော့ကာ ရန်မင်းအား စိုက်ကြည့်လိုက်သည်။
"ဟွန့်...ကျွန်မက ဒီကိုအရမ်းလာချင်နေတယ်လို့ ရှင်က ထင်နေတာလား..."
ချန်ရုံက ဒေါသတကြီး ပြောလိုက်သည်။
"ကျွန်မသာ တီးတိုးပြောသံအချို့ကိုကြားပြီး တစ်ခုခုမှားနေတယ်လို့ မခံစားမိရင် ဒီကို အဖက်လုပ်ပြီးတောင် လာမှာမဟုတ်ဘူး..."
ထို့သို့ပြောပြီးသောအခါ ချန်ရုံသည် ညာဘက်လက်ထဲ၌ကိုင်ထားသောကြာပွတ်ကို ဝှေ့ယမ်း၍ ရထားလုံးမောင်းသူအား အော်လိုက်သည်။
"သွားကြမယ်..."
အစေခံကလည်း နာခံ၍ ရထားလုံးကို စထွက်ရန်ပြင်ဆင်လိုက်သည်။
ထိုအချိန်၌ပင် ရန်မင်းသည် ချန်ရုံ၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ ထို့နောက် ချန်ရုံ့အားစိုက်ကြည့်၍ အသံကို နှိမ့်ကာ ပြောလိုက်သည်။
"ငါနဲ့တူတူသွားမယ်..."
ရန်မင်းက တစ်ချက်လှမ်းကြည့်လိုက်ရာ ချန်ရုံ၏ ရထားလုံးနှင့် မြင်းပေါ်မှ သွေးများကိုတွေ့လိုက်ရသည်။ ထိုအခါ ရန်မင်းသည် ကျေနပ်စွာပြုံး၍ ချန်ရုံ့အား ကြည့်လိုက်သည်။
"မင်းက ငါနဲ့တွေ့ဖို့ လူ့အသက်တွေကိုတောင် နှုတ်ယူခဲ့ရတာလား မိန်းကလေး..."
ချန်ရုံက လှောင်သည့်အသံလုပ်လိုက်သည်။ ထို့နောက် သူမ၏ဘယ်ဘက်လက်ကို လိမ်၍ ရန်မင်း၏လက်ထဲမှ ရုန်းထွက်လိုက်သည်။
သို့သော် ရန်မင်းက ချန်ရုံ၏လက်အား ပို၍တင်းကျပ်စွာပင် ဆုပ်ကိုင်လိုက်သည်။
ထို့နောက် ချန်ရုံ့နားသို့ ပို၍တိုးကပ်ကာ ပြောလိုက်သည်။
"ငါ သူတို့ကို သွားစစ်ဆေးနေတုန်း မင်း ငြိမ်ငြိမ်နေခဲ့...ပြီးရင် ငါတို့တူတူ သွားမယ်..."
ရန်မင်း၏ပူနွေးသောထွက်သက်က စကားပြောနေချိန်တွင် ချန်ရုံ၏နားရွက်ကို ကလူကျီစယ်သလိုဖြစ်နေသည်။ ချန်ရုံ သတိမထားမိခင်မှာပဲ ချန်ရုံ၏မျက်နှာလေးသည် နီစွေးနေ၍ နှလုံးသားသည်လည်း ထိန်းမရအောင် ခုန်နေတော့သည်။
ရန်မင်းသည် မျက်ခုံးတစ်ဖက်ကို မြှင့်၍ ချန်ရုံ့အား သေချာကြည့်လိုက်သည်။
"မင်းက လူတွေကို အရူးအမူးဖြစ်စေလောက်အောင် လှမှန်း ငါအခုမှပဲ သတိထားမိတော့တယ် မိန်းကလေး..."
"ရှင်စကားပြောတာ သတိထားပါ..."
ချန်ရုံက စိတ်တိုစွာပြောလိုက်သည်။ ထို့နောက် လက်ထဲမှ ကြာပွတ်အား မြှောက်၍ ပြောလိုက်သည်။
"ဒီလိုစကားတွေထပ်ပြောနေမယ်ဆိုရင် ကျွန်မ ရိုင်းပျမိမှာကို အပြစ်မပြောပါနဲ့..."
ရန်မင်းက ခဏမျှကြောင်အသွားပြီးမှ ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ ထို့နောက် ရယ်မောရင်းဖြင့်ပင် မြင်းကိုပြန်လှည့်၍ သူ၏ စစ်တပ်ရှိရာသို့ ပြန်သွားသည်။
မြင်းပေါ်၌ထိုင်နေရင်းက ရန်မင်းသည် အေးစက်သောအကြည့်ဖြင့် သူ၏စစ်တပ်ကို ကြည့်နေလေသည်။ ခဏကြာသောအခါ ရန်မင်းသည် လှံဖြင့် ညွှန်ပြ၍ အော်ပြောလိုက်သည်။
"မင်း...မင်း...မင်း...မင်း...ပြီးတော့ မင်း... ငါ့နားကို ထွက်ခဲ့ကြစမ်း..."
ရန်မင်း ညွှန်လိုက်သော လူငါးယောက်သည် အချင်းချင်း အကြည့်ချင်းဖလှယ်၍ ခဏတုံ့ဆိုင်းနေပြီးမှ အပြင်သို့ ထွက်လာကြသည်။
ဝှစ်...
ရန်မင်း၏ လှံက အလယ်မှလူ၏ လည်မျိုတည့်တည့်ဆီသို့ ချိန်ရွယ်ထားလိုက်သည်။
လှံ၏အဖျားသည် အရိုးထဲထိစိမ့်နေအောင်အေးစက်၍ ကြောက်မက်ဖွယ်ဖြစ်နေသည်။ ထိုလူသည် မရည်ရွယ်ပဲနောက်သို့ တုန်ယင်စွာဆုတ်လိုက်၍ မေးလိုက်သည်။
"တပ်မှူး...ဘာဖြစ်လို့ ဒီလိုလုပ်ရတာပါလဲ..."
ရန်မင်း၏ချောမောသည့်မျက်နှာက ရေခဲတမျှ အေးစက်နေသည်။
"ပြောစမ်း..."
ရန်မင်းက အော်ပြောလိုက်သည်။
"ရှီဟူက မင်းတို့ကို ဘာရည်ရွယ်ချက်နဲ့ ဒီကို လွှတ်လိုက်တာလဲ..."
ဘုတ်...
ရန်မင်း ရွေးထုတ်ထားသော အထက်တန်းလွှာစစ်သည်ငါးယောက်ထဲမှ တစ်ဦးသည် ဒူးများပင်မခိုင်တော့ပဲ မြေပေါ်သို့ ပုံကျသွားသည်။
ထိုအခြင်းအရာကိုမြင်သောအခါ ရန်မင်းသည် ဒေါသဖုံးလွှမ်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ တစ်စုံတစ်ရာ မှားယွင်းနေသည်ကတော့ သေချာနေပေပြီ။
ရန်မင်းသည် ညာဘက်လက်ကို မြှောက်၍ လှံကို အရှေ့သို့ရွယ်လိုက်ပြန်သည်။
လှံဖြင့် ချိန်ရွယ်ထားခြင်းခံရသော စစ်သည်သည် မနေနိုင်တော့ပဲ မြေပေါ်သို့ ဒူးထောက်ကျ၍ အော်ပြောလိုက်သည်။
"ကျွန်-ကျွန်တော့်ကို မ-မသတ်ပါနဲ့...ကျွန်တော်ပြော...ကျွန်တော်ပြောပါ့မယ်...အရှင်မင်းကြီး-အရှင်မင်းကြီးက တပ်မှူးက ဟန်လူမျိုးတွေအတွက်ပဲ ခေါင်းထဲရှိတယ်လို့ပြောပါတယ်...အဲ့လိုမျိုးကို လက်မခံနိုင်လို့ တပ်မှူး မြို့ထဲဝင်တဲ့အခါ လူလေးစားခံရတဲ့ မျိုးနွယ်ခေါင်းဆောင်အချို့ကို သတ်ခိုင်းထားတာပါ..."
ချန်အိမ်တော်မှ အားရုံပြောသည့်အတိုင်းပင်ဖြစ်နေသည်။ သို့သော် ထိုမိန်းကလေးသည် ကလေးမငယ်လေးတစ်ဦးသာ ရှိသေးသည်မဟုတ်လား။ ဤကဲ့သို့သော မှန်ကန်လွန်းသည့် လျှို့ဝှက်သတင်းကို မည်သည့်နေရာမှ ကြားလာပါသနည်း။ ရန်မင်းသည် အနောက်သို့လှည့်၍ ချန်ရုံ့အား ငေးကြည့်လိုက်မိသည်။
သို့သော် ရန်မင်းမြင်ရသည်က လှပ၍ နူးညံ့သိမ်မွေ့သော မိန်းကလေးတစ်ဦးသာဖြစ်သည်။
ရန်မင်းသည် ချန်ရုံ့ထံမှအကြည့်လွှဲလိုက်၍ အရှေ့မှ ပညာရှိစစ်သည်များထံသို့ အာရုံပြန်စိုက်ကာ အသံကို ယခင်ကလောက်မကျယ်တော့ပဲ မေးလိုက်သည်။
"ဒါဆိုရင် နန်ယန်မင်းသားကရော... မင်းတို့ကို အရှင်မင်းကြီးက နန်ယန်မင်းသားကိုရော သတ်ခိုင်းထားတာလား..."
ပညာရှိက ခေါင်းကိုတွင်တွင်ခါရမ်းလိုက်ကြသည်။ သူသည် မြေပေါ်၌ ဝပ်တွား၍ အမြန်ဖြေလိုက်သည်။
"မဟုတ်ပါ...မဟုတ်ပါ...အရှင်မင်းကြီးက အဲ့ဒီ နုံချာတဲ့မင်းသားက ဘာမှအရေးမပါဘူးလို့ပြောပါတယ်..."
ရန်မင်းက လှံကိုပြန်ရုတ်၍ အော်ခေါ်လိုက်သည်။
"လီဝေ့..."
"ဟုတ်ကဲ့..."
"သူတို့ကိုဖမ်းချုပ်ပြီး တခြားဘာအကြံအစည်တွေ ရှိနေသေးလဲဆိုတာ စစ်မေးလိုက်စမ်း...ပြီးရင်တော့ မင်းပဲ သူတို့ကို ကြည့်စီစဉ်လိုက်တော့..."
"ဟုတ်ကဲ့..."
အရပ်ရှည်ရှည်နှင့် အသက်အနည်းငယ်ကြီးသော လူတစ်ယောက်က အရှေ့သို့ထွက်လာ၍ တောင်းပန်တိုးလျှိုးနေသော ပညာရှိအား ဆွဲခေါ်သွားလေတော့သည်။
ရန်မင်းသည် သူ၏မြင်းကို ချန်ရုံ့ဘက်သို့ ပြန်လှည့်လိုက်သည်။ ချန်ရုံက တစ်ဖက်သို့လှည့်နေသေးသည်ကိုမြင်သောအခါ ရန်မင်းက မသိမသာပြုံး၍ ပြောလိုက်သည်။
"အဲ့ဒီဘက်ကိုပဲကြည့်မနေပါနဲ့...အဲ့ဒီဘက်မှာ ကြည့်ကောင်းတဲ့ မြင်ကွင်းလည်းမရှိဘူး ချောမောတဲ့လူတွေလည်းမရှိဘူး..."
ချန်ရုံသည် တစ်ချက် လှောင်ရယ်ရယ်၍ ရန်မင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
Xxxx