အပိုင်း ၆၈
Viewers 16k

Chapter 68
ဆော့ကစားခံရခြင်း




သူတို့နှစ်ဦး မျက်နှာချင်းဆိုင်မိသွားသောအခါ ရန်မင်းသည် မျက်မှောင်ကျုံ့သွား၍ တကယ်ပင်စိုးရိမ်သည့်အသံဖြင့်မေးလိုက်သည်။

"မိန်းကလေး...ငါ မင်းကို တကယ်ပဲ စိတ်တိုအောင်လုပ်မိသွားတာလား..."

"မဟုတ်ပါဘူး..."

ချန်ရုံက အမြန်ပြန်ဖြေလိုက်သည်။

"သေချာရဲ့လား..."

"သေချာပါတယ်..."

ချန်ရုံက ရန်မင်းအား မာနကြီးသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"ရှင့်ရဲ့ကိစ္စတွေပြီးပြီဆိုတော့ ကျွန်မ ပြန်တော့မယ်..."

ချန်ရုံက ပြော၍ လိုက်ကာများကို ချရန် လက်လှမ်းလိုက်သည်။

လျှပ်စီးကဲ့သို့ပင် ရန်မင်း၏လက်က လိုက်ကာများမကျခင်၌ ချန်ရုံ၏လက်ကို ဖမ်းဆွဲလိုက်သည်။

ရန်မင်း၏ကြီးမားသောလက်က ချန်ရုံ၏သေးငယ်သောလက်လေးတစ်ခုလုံးကို အုပ်မိသွားသည်။ ချန်ရုံ၏ရှက်သွေးများသည် ချက်ချင်းပင် လည်ပင်းဆီသို့ရောက်သွား၍ နီမြန်းသွားသည်။ ချန်ရုံသည် ကြောက်လန့်သွားသောကြောင့် မျက်ရည်များဖြင့် ရန်မင်းအားမော့ကြည့်လိုက်သည်။

ချန်ရုံ၏မျက်ရည်များကြောင့် နားမလည်နိုင်ဖြစ်သွားသော ရန်မင်းသည် အနားသို့ ပို၍ တိုးကပ်လာသည်။ သူတို့နှစ်ဦးသည် လက်မအနည်းငယ်သာ ကွာတော့၍ နှစ်ဦးလုံး၏ ထွက်သက်များသည် အချင်းချင်း ရောယှက်ကုန်ကြသည်။

ရန်မင်းသည် ချန်ရုံ၏လှပသောမျက်နှာလေးကို ငေးကြည့်၍ ရည်ရွယ်သည်လား မတော်တဆဖြစ်သည်လား မသဲကွဲပဲ သူ၏ နှုတ်ခမ်းများဖြင့် ချန်ရုံ၏ နီမြန်းနေသောမျက်နှာလေးကို ထိကပ်လိုက်သည်။

ရန်မင်း၏နှုတ်ခမ်းများ၏အထိအတွေ့ကြောင့် ချန်ရုံသည် ဖော်ပြ၍မရနိုင်အောင် အလွန်ကြောက်လန့်သွားမိသည်။ ချန်ရုံသည် မျက်ရည်စများနှင့် ပါးစပ်လေးကိုဟကာ ရန်မင်းအား မော့ကြည့်လိုက်သည်။

ရန်မင်း၏ မျက်လုံးများက ချန်ရုံ့ထံမှမခွာပဲ ချန်ရုံ၏ မျက်နှာအမူအယာတစ်ခုချင်းစီ ပြောင်းလဲသွားသည်ကို အသေးစိတ်ကြည့်နေလေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အပြစ်တင်လိုသောအမူအယာမှ မျက်ရည်စများဝဲသွား၍ ထိုမှတစ်ဖန် ယူကြုံးမရ ဝမ်းနည်းသွားသော ချန်ရုံ၏မျက်နှာကိုကြည့်၍ ရန်မင်း၏ အပြစ်အနာအဆာတစ်ခုမှမရှိသည့် ချောမောသောမျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာသည်။ ရန်မင်း၏နှုတ်ခမ်းပါးများကအပေါ်သို့ တွန့်ကွေးသွား၍ ဩရှသည့်အသံဖြင့်ပြောလိုက်သည်။

"ချန်အိမ်တော်ရဲ့အားရုံ...ချန်အိမ်တော်ကို လာပြီး မင်းကိုငါ လက်ထပ်ခွင့်လာတောင်းမယ်..."

"ဟင့်အင်း..."

ချန်ရုံက ကျယ်လောင်သောအသံဖြင့် အော်လိုက်မိသည်။ ချန်ရုံသည် လက်များကိုမြှောက်၍ ရန်မင်း၏ရင်ဘတ်ကို ရိုက်ပုတ်လိုက်သည်။

"ကျွန်မနားကို မကပ်နဲ့..."

ရန်မင်းက မခွာသွားပဲ ချန်ရုံ၏တွန်းထိုးခြင်းကို ငြိမ်ခံနေကာ လက်လှမ်း၍ ချန်ရုံ၏မျက်နှာမှ မျက်ရည်စများကို သုတ်ပေးလိုက်သည်။ ထို့နောက်ရန်မင်းသည် သူ၏လက်ဖျားပေါ်မှ မျက်ရည်စက်လေးကို ငုံ့ကြည့်၍ ပါးစပ်ထဲသို့ စုပ်ယူလိုက်လေသည်။

ရန်မင်း၏လုပ်ရပ်ကြောင့် ချန်ရုံအလွန်အံ့ဩသွားမိသည်။ ချန်ရုံသည် သူမ၏ နှင်းဆီဖူးကဲ့သို့သောနှုတ်ခမ်းများကိုဖွင့်ဟ၍ ရန်မင်းအား မယုံနိုင်သည့်မျက်နှာဖြင့် ကြည့်နေလေသည်။

"နည်းနည်းငန်တယ်..."

ရန်မင်းက မျက်ရည်စက်ကို စုပ်ယူပြီးသောအခါ ပြောလိုက်သည်။ ထို့နောက် ချန်ရုံ့အားကြည့်၍ မေးလိုက်သည်။

"ငါ မင်းနဲ့ အရင်က မဆုံဖူးဘူးဆိုတာ သေချာလား..."

"မတွေ့ဖူးပါဘူးလို့ ကျွန်မပြောနေတယ်လေ..."

ရန်မင်းက ချန်ရုံ၏ရန်တွေ့လိုက်မှုကို သဘောကျသည့်ပုံဖြင့် ခပ်တိုးတိုးရယ်လိုက်သည်။ ထို့နောက် ချန်ရုံ၏မျက်နှာလေးကို လက်ဖြင့် လှမ်းကိုင်လိုက်ပြန်သည်။ ရန်မင်း၏ကြမ်းတမ်းသောလက်ချောင်းများက ချန်ရုံ၏မျက်နှာကို ခပ်ဖြည်းဖြည်းပွတ်သပ်နေရင်းက တဖြည်းဖြည်းနှင့် ချန်ရုံ၏မျက်ရည်များ အကုန်ပြောင်စင်သွားတော့သည်။ ထို့နောက် ရန်မင်းသည် သူ၏နှာခေါင်းက ချန်ရုံ၏နှာခေါင်းနှင့် ထိစပ်လုနီးပါးဖြစ်သည်အထိ ခေါင်းကိုငုံ့လိုက်ကာ နူးညံ့စွာမေးလိုက်သည်။

"မင်း ငါ့ကို လက်မထပ်ချင်ဘူးလား..."


ချန်ရုံ၏ အလွန်ရင်းနှီးခဲ့ရသောအမျိုးသားသည် ချန်ရုံ့နားသို့အလွန်တိုးကပ်နေ၍ နူးညံ့၍ ဆွဲဆောင်မှုရှိကာ အလွန်စိတ်ထက်သန်နေသောအသံဖြင့် ထိုစကားများကို ပြောလိုက်သည်။



ချန်ရုံ၏မျက်လုံးများ နီရဲလာကြသည်။

ချန်ရုံသည် မျက်ရည်များကိုထိန်း၍ နှုတ်ခမ်းများကို တင်းတင်းစေ့ကာ အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။

"လုံးဝလက်မထပ်ချင်ဘူး..."

"ဟုတ်ရဲ့လား..."

ရန်မင်း၏ ပူနွေးသောထွက်သက်က ချန်ရုံ့ဆီသို့ လွင့်ပျံလာကာ ချန်ရုံ၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားလေသည်။

ချန်ရုံသည် ရန်မင်းအား‌ အော်ဟစ်ပစ်လိုက်ချင်၍ သူမကဲ့သို့ ဂုဏ်သိက္ခာရှိသောမိန်းမပျိုတစ်ဦးအား စနောက်နေခြင်းအပေါ် အပြစ်တင်လိုက်ချင်နေမိသည်။ သို့သော် ရန်မင်း၏မျက်လုံးများထဲသို့ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ချန်ရုံ၏မျက်လုံးမှ မျက်ရည်များက တားဆီးမရအောဂ် လိမ့်ဆင်းလာတော့သည်။

ချန်ရုံသည် မျက်လွှာချလိုက်၍ သူမ၏လက်နှစ်ဖက်လုံးဖြင့် ရန်မင်း၏ရင်ဘတ်ကို ထုရိုက်ကာ အစွမ်းကုန် တွန်းလွှတ်နေတော့သည်။ ချန်ရုံသည် အားကုန်သုံးနေရသောကြောင့် မျက်နှာလေးတစ်ခုလုံးက နီရဲနေလေသည်။

ရန်မင်းသည် သူ့ကို အားကုန်သုံး၍ ငြင်းဆန်နေသော မိန်းကလေးကိုကြည့်၍ ခေါင်းကို အနည်းငယ်စောင်းလိုက်ကာ နှုတ်ခမ်း၏ထောင့်စွန်းတစ်ဖက်ကို တွန့်ကွေး၍ ပြုံးလိုက်သည်။ နောက်ဆုံးတွင်တော့ ရန်မင်းသည် မထိန်း‌နိုင်တော့ပဲ အော်ရယ်လိုက်မိသည်။

ထို့နောက် ရန်မင်းသည် ရုတ်တရက် နောက်သို့ဆုတ်လိုက်သည်။

ရန်မင်း၏အပြုအမူက လျင်မြန်လွန်းသောကြောင့် ရန်မင်းကို အစွမ်းကုန်အားသုံး၍ တွန်းနေသောချန်ရုံပင် သတိမပြုလိုက်မိချေ။ ရန်မင်းက နောက်သို့ ဆုတ်လိုက်ချင်းမှာပင် ချန်ရုံသည် အရှေ့သို့ အရှိန်လွန်သွားကာ ရထားလုံးပေါ်မှ ပြုတ်ကျသွားတော့သည်။

ထိုအချိန်မှာပင် သံမဏိကဲ့သို့ တောင့်တင်းသော လက်နှစ်ဖက်က ချန်ရုံ၏ခန္ဓာကိုယ်လေးကို ဖက်လိုက်၍ သက်သက်သာသာပင် မယူကာ မြင်းပေါ်သို့ ဆွဲတင်လိုက်သည်။ ရန်မင်းသည် ချန်ရုံ့အား တင်းကျပ်စွာဖက်ထား၍ သူ့မျက်နှာက ချန်ရုံ၏မျက်နှာနှင့် ထိကပ်ထားကာ ခပ်တိုးတိုးပြောလိုက်သည်။

"မင်း ဘာဖြစ်လို့များ ဒီလောက်နမော်နမဲ့နိုင်ရတာလဲ...မြင်ပြီလား ငါသာ လက်မမြန်ရင် မင်းအောက်ကို ပြုတ်ကျနေလောက်ပြီ...မင်းလို လှပတဲ့မိန်းကလေးက မျက်နှာတွေ ပေကျံကုန်ရင် မြင်လို့ကောင်းပါ့မလား..."

ရန်မင်း၏မျက်နှာထားကလည်း နူးညံ့၍ ချန်ရုံ့အတွက် အမှန်တကယ်ပင် စိတ်ပူနေသည့်ပုံပေါ်နေလေသည်။

ထိုအရာကိုမသိလိုက်သော စစ်သည်နှစ်ရာကျော်ကတော့ ခွက်ထိုးခွက်လန်အော်ရယ်နေကြတော့သည်။

မြင်းပေါ်၌ အဖက်ခံထားရချိန်တွင် ချန်ရုံသည် ဒေါသထွက်လွန်း၍ စကားပင်ပြောမထွက်နိုင်ဖြစ်နေသည်။ ချန်ရုံသည် ခဏမျှ တုန်ယင်နေပြီးမှ အသံပြန်ထွက်လာကာ အလျင်အမြန်ပြောလိုက်သည်။

"ကျွန်မကိုလွှတ်...ကျွန်မကို အခုချက်ချင်းလွှတ်..."

"ငါ မင်းကို တကယ်လွှတ်ပေးရမှာလား..."


"ဒါလေးတောင် ရှင်နားမလည်ဘူးလား..."



"ကောင်းပြီလေ...မင်းသဘောအတိုင်းပါပဲ..."

ရန်မင်းက ရယ်၍ လက်ကို လွှတ်ပေးလိုက်သည်။

လက်ကိုလွှတ်လိုက်သည့်အချိန်မှာပင် ရန်မင်းသည် ညာဘက်ခြေထောက်ဖြင့် မြင်းကိုကန်လိုက်သည်။

မြင်းနီကြီးသည် ရှည်လျားစွာဟီ၍ နောက်ခြေထောက်များကို ‌မြှောက်ကာ ကန်လိုက်သည်။

ထိုအချိန်၌ ချန်ရုံသည် ယခုမှ ရန်မင်း၏လက်လွှတ်ခြင်းကိုခံရ၍ မြေပေါ်သို့ ပြန်ဆင်းရန် ကြိုးစားနေဆဲဖြစ်သည်။ ထို့ကြောင့် မြင်းကရုတ်တရက်ကန်လိုက်သောအခါ ဟန်ချက်ပျက်သွား၍ လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ မြေပေါ်သို့ ဘုတ်ခနဲ ကျသွားလေတော့သည်။

ချန်ရုံသည် ဤခရီးကိုမလာခင်က ပြောစရာမလိုအောင် သပ်ရပ်သောအဝတ်အစားများနှင့် အလှပြုပြင်ခဲ့သည်။ သို့သော် ယခုတွင်တော့ သဲများဖြင့်ပြည့်နေသောမြေပေါ်၌ အလူးလူးအလှိမ့်လှိမ့်ဖြစ်သွားသောအခါ ချန်ရုံသည် မျောက်တစ်ကောင်ကဲ့သို့ ညစ်ပတ်ပေကျံသွားတော့သည်။

မြေပေါ်သို့ ‌မျက်နှာအပ်၍ကျသွားသောချန်ရုံသည် ရုတ်တရက်ကြောင်အသွား၍ ထထိုင်လိုက်သောအခါ လှောင်ပြောင်ရယ်မောရိပ်များဖြင့်ပြည့်နေသော မျက်လုံးအစုံနှစ်ရာကျော်နှင့် ရင်ဆိုင်လိုက်ရလေသည်။ ထို့နောက် မြင်းပေါ်မှ ရန်မင်း၏ ညစ်ပေပေအပြုံးကိုလည်း ချန်ရုံမြင်လိုက်ရသည်။

ရှက်ကြောက်မှုနှင့် ဒေါသတို့၏ ချန်ရုံ၏နှလုံးသားထဲသို့ တိုးဝင်လာကြသည်။ ချန်ရုံသည် နှုတ်ခမ်းများကိုတင်းတင်းစေ့လိုက်၍ မျက်ရည်ဝဲနေသောမျက်လုံးများဖြင့် ရန်မင်းအား စူးစူးရဲရဲကြည့်လိုက်သည်။ ကြည့်နေရင်းဖြင့် ချန်ရုံ၏မျက်လုံးများသည် တစ်စတစ်စနီရဲလာကာ နောက်ဆုံးတွင် မခံနိုင်တော့ပဲ မျက်ရည်များစီးကျလာတော့သည်။ ချန်ရုံသည် ပထမဆုံးတစ်ကြိမ် အော်ငိုလိုက်၍ ထို့နောက်တွင်တော့ မျက်နှာကို အင်္ကျီဝတ်ရုံလက်နှင့်ကွယ်၍ ခပ်တိုးတိုးရှိုက်ငိုနေတော့သည်။

ငိုသံများကို ဖိနှိပ်ဖုံးကွယ်၍ ငိုနေ‌သောချန်ရုံ့ကိုကြည့်ရသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။


ရန်မင်းကသက်ပြင်းချ၍ မြင်းပေါ်မှဆင်းလိုက်သည်။

ရန်မင်းသည် ချန်ရုံ့အားဆွဲထူ၍ ရင်ခွင်ထဲ၌ ဖက်ထားလိုက်သည်။ ထို့နောက် ချန်ရုံ၏ မျက်နှာကိုအုပ်ထားသောလက်များကိုဖယ်၍ မျက်နှာမှဖုန်များကို သုတ်ပေးရင်း သက်ပြင်းချ၍ ပြောလိုက်သည်။

"မင်း ဒီကိုလာတုန်းက လူတွေကိုတောင်သတ်ခဲ့သေးတာပဲမဟုတ်လား...ဘာဖြစ်လို့ အခုမှ မြင်းပေါ်ကလိမ့်ကျတာလေးကို ရှိုက်ကြီးတငင်ငိုနေရတာလဲ...တကယ်တော့လည်း မင်းရဲ့စိတ်က ကလေးလေးပဲရှိသေးတယ်ထင်ပါရဲ့ကွာ..."

ရန်မင်းသည် ချန်ရုံ၏မျက်နှာအား နှစ်ချက်ခန့်သုတ်ပေး၍ ညာဘက်လက်ဖြင့် ပွေ့ချီကာ သူ၏မြင်းပေါ်သို့ တင်ပေးလိုက်ပြန်သည်။

ချန်ရုံက ရန်မင်း၏လက်ထဲမှ အတင်းရုန်းကန်နေသည်။ ချန်ရုံသည် သူ၏နီရဲနေသောမျက်လုံးများဖြင့် ငိုယိုရင်းဖြင့် ပြောနေသည်။

"ကျွန်မရဲ့ ရထားလုံးထဲမှာပဲထိုင်ချင်တယ်..."

ထို့နောက် ချန်ရုံသည် တွန်းထိုး၍ အောက်သို့ အတင်းခုန်ဆင်းသွားသည်။

မြေပေါ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် ချန်ရုံသည် သူမ၏ရထားလုံးဆီသို့ပြေး၍ လိုက်ကာများကို ဆွဲချလိုက်သည်။ ယုန်လေးကဲ့သို့ ပြေးသွားသော ချန်ရုံကိုကြည့်၍ ရန်မင်းသည် မနေနိုင်ပဲ ပြုံးလိုက်မိကာ ခေါင်းကို ခပ်ဖြည်းဖြည်း ခါရမ်းလိုက်သည်။ ထိုအချိန်၌ပင် ချန်ရုံ၏ ရထားလုံးမှလိုက်ကာသည် ဝှစ်ခနဲ ပြန်ပွင့်သွားသည်။ အထဲမှချန်ရုံသည် သူမ၏ ကြာပွတ်ကို မြှောက်၍ ရန်မင်းအား ချိန်ရွယ်ကာ အေးစက်ပြင်းထန်သောအသံဖြင့်ပြောလိုက်သည်။

"ရှင့်ရဲ့ မဟုတ်မမှန်တဲ့နည်းလမ်းတွေကို သတိထားပါ အရှင်ရန်...ဒီ့ထက်လွန်လာရင်တော့ ရှင့်ကို တစ်ခုခုလုပ်မိမှ ကျွန်မကို အပြစ်မတင်ပါနဲ့..."

ချန်ရုံ၏အသံသည် ကျယ်လောင်၍ တကယ့်ရင်ထဲမှပြောနေသည်မှန်း သိသာနေသည်။ ထိုစကားများမှာ ချန်ရုံ၏ ဟစ်ကြွေးသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။

သို့သော် ချန်ရုံ၏မျက်နှာ၌ ဖုန်မှုန့်အညစ်အကြေးများနှင့် မျက်ရည်စများရှိနေသေးကာ သူမ၏တစ်ကိုယ်လုံးသည် အကွက်များပါသောကြောင်လေးကဲ့သို့ ဖြစ်နေသည်။


Xxxxx