Chapter 69
ချန်ရုံ၏ ခြိမ်းခြောက်သောစကားများနှင့်အတူ ချန်ရုံ၏ပုံစံကိုမြင်လိုက်ရကာ ချန်ရုံခြိမ်းခြောက်နေသောလူမှာလည်း အခြားလူမဟုတ်ပဲ သူတို့၏ ကောင်းကင်ဘုံမှမင်းသားဖြစ်သူ တပ်မှူးရန်မင်းဖြစ်နေသောအခါ စစ်သည်များအားလုံးသည် အော်ဟစ်၍ ရယ်မိကြပြန်လေသည်။
ချန်ရုံက စကားပြောသည်ကိုရပ်၍ လှည့်ကြည့်လိုက်သည်။
ချန်ရုံ၏မျက်နှာကိုမြင်သောအခါ အယောက်နှစ်ရာကျော်သောစစ်သည်များ၏ရယ်သံများက ပို၍ကျယ်လောင်လာသည်။ ယခင်က ဒေါသများနှင့် ပြည့်နေသောချန်ရုံ၏မျက်နှာသည်လည်း ရှက်ကြောက်မှုနှင့် စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားသည်။ ချန်ရုံသည် ရထားလုံးထဲ၌ အမြန်ပြန်ထိုင်၍ ခဏကြာသောအခါ သူမ၏လက်ဖြူဖြူလေးထွက်လာ၍ လိုက်ကာကို ဆွဲချလိုက်လေသည်။
ရန်မင်းသည်လည်း ကျယ်လောင်စွာ အော်ဟစ်ရယ်မောနေလေသည်။
ထို့နောက် ရန်မင်းသည် သူ၏ မြင်းနီကြီးပေါ်သို့ပြန်ခုန်တက်၍ ညာဘက်လက်ကိုဝှေ့ယမ်းကာ အော်လိုက်သည်။
"သွားကြမယ်..."
ဖုန်များ၊သဲများသည် တစ်ဖန်ပြန်၍ ထောင်းထောင်းထသွားသည်။
အမိန့်ပေးသံများနှင့် အားပြင်းသောခြေသံများကြားတွင် ရန်မင်းသည် ချန်ရုံ၏ရထားလုံးနားသို့ မြင်းကိုစိးလာပြန်၍ ခပ်တိုးတိုးရယ်ကာ လှမ်းပြောလိုက်သည်။
"မိန်းကလေး...မင်းက ငါ မင်းကို ထိကိုင်ပြီး နမ်းတာကို ခွင့်ပြုပြီးပြီပဲ...ငါ့ကို လက်ထပ်လိုက်ပါတော့လား..."
ချန်ရုံ၏ ခပ်အုပ်အုပ်ဒေါသသံလေးက ရထားလုံးထဲမှထွက်လာသည်။
"ရှင့်အိပ်မက်ထဲမှာပဲ ရမယ်..."
ချန်ရုံ၏စကားကြောင့် စစ်သည်များက ရယ်လိုက်ကြပြန်သည်။
ရန်မင်းလည်း ရယ်၍ ပြောလိုက်သည်။
"ဟုတ်ပါပြီကွာ...ငါ မင်းကို မစတော့ပါဘူး..."
ထို့နောက် ရန်မင်းသည် လူအုပ်၏အရှေ့သို့ပြန်သွား၍ မျက်နှာကို တည်လိုက်ကာ အမိန့်ပေးလိုက်သည်။
"တခြား ကြံရာပါလူတွေ ထွက်လာသေးလား..."
မျက်နှာတည်တည်နှင့် လီဝေ့က ရှေ့သို့ထွက်လာ၍ လက်များကို မြှောက်ကာ ပြောလိုက်သည်။
"နှစ်ယောက်တွေ့ထားပါတယ် တပ်မှူး...ကျွန်တော်တို့ စစ်မေးကြည့်တော့ နှစ်ယောက်လုံး အဖြေတူတူပဲပေးကြပါတယ်..."
ရန်မင်းက ခေါင်းငြှိမ့်လိုက်သည်။
"သတ်ပစ်လိုက်..."
လီဝေ့က တုံ့ဆိုင်းသွားသည်။
"တပ်မှူး...အဲ့ဒီလူတွေကို ချည်တုပ်ပြီး နန်ယန်က အထက်တန်းလွှာသူဌေးတွေလက်ထဲ ထည့်ပေးလိုက်ရင်ရော...အဲ့ဒီလိုဆိုရင် သူတို့လည်း တပ်မှူးကို စွပ်စွဲနေတာတွေ ရပ်သွားမှာ..."
"ငါက ယောင်္ကျားပဲ..."
ရန်မင်းက မာထန်သောမျက်နှာဖြင့်ပြောလိုက်သည်။
"အသုံးမကျပြီး ယုတ်ညံ့တဲ့လူတွေရဲ့စကားကို ငါဘာဖြစ်လို့ ဂရုစိုက်နေရမှာလဲ...ပြီးတော့ အဲ့ဒီသစ္စာဖောက်တွေကို သူတို့လက်ထဲထည့်လိုက်ရင်တောင်မှ သူတို့က တခြားအကြောင်းပြချက်တွေနဲ့ စွပ်စွဲကြဦးမှာပဲ..."
လီဝေ့က ရန်မင်း၏စကားများကိုသေချာစဉ်းစား၍ ခေါင်းငြှိမ့်လိုက်ကာ ဘာမှဆက်မပြောတော့ပေ။
နာရီဝက်ခန့် ခရီးဆက်သွားပြီးသောအခါ နန်ယန်မြို့ကို မြင်လာရတော့သည်။
ရထားလုံးထဲမှ ချန်ရုံ၏အေးစက်သောအသံထွက်ပေါ်လာသည်။
"တပ်မှူးရန်...အခု နန်ယန်ကိုရောက်ပြီဆိုတော့ ကျွန်မကို တစ်ယောက်တည်း အရှေ့ကနေ အရင်သွားခွင့်ပြုပါ..."
ရန်မင်းက တိတ်ဆိတ်နေသည်။ ရန်မင်းသည် တလှပ်လှပ်လွင့်နေသော လိုက်ကာစနှင့် နောက်ကွယ်မှထင်ဟပ်နေသော အရိပ်လေးကို လှည့်ကြည့်လိုက်သည်။ ခဏအကြာမှ ရန်မင်းကပြုံး၍ ပြောလိုက်သည်။
"မင်း ငါ့ကိုစိတ်ဆိုးနေတယ်ဆိုရင်တောင်မှ အဲ့ဒီလိုလေသံနဲ့ ပြောစရာမလိုပါဘူး..."
ရထားလုံးထဲမှ ချန်ရုံ၏မကျေနပ်သည့်အသံသာ ထွက်လာသည်။
ထိုအပြုအမူကိုသဘောကျသွားသောရန်မင်းက ရယ်၍ လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"သွားပါ...သွားပါ..."
ချန်ရုံက ကျေးဇူးတင်စကားတစ်ခွန်းမပြောပဲ ရထားလုံးမောင်းသမားကိုသာ အော်ပြောလိုက်သည်။
"ဒီ့ထက်ပိုမြန်မြန် မောင်းပါ..."
"ဟုတ်ကဲ့..."
သူ၏သခင်မလေးနှင့် ရန်မင်းတို့ကြားမှ ရင်းနှီးမှုကို အံ့ဩနေသော အစေခံလေးသည်လည်း ယခုမှပင် အသိစိတ်ပြန်ဝင်လာတော့သည်။ သူသည် ချန်ရုံ၏စကားကို ချက်ချင်းနာခံ၍ ရထားလုံးကို အရှိန်တင်လိုက်သည်။
ရန်မင်းသည် ထပ်ရယ်လိုက်ပြန်၍ ချန်ရုံ၏ရထားလုံး မောင်းထွက်သွားသည်ကို ကြည့်နေလိုက်လေသည်။
ချန်ရုံ၏ရထားလုံးလေးသည် လေထဲ၌ မီးခိုးနှင့် ဖုန်မှုန့်များတထောင်းထောင်းထအောင် အရှိန်အဟုန်ဖြင့် သွားနေသည်။ မြို့တံခါးသို့ရောက်ရန် နှစ်မိုင်ခန့်အလိုတွင် ချန်ရုံသည် အစေခံအား ရေကန်တစ်ကန်နား၌ ရပ်ခိုင်းလိုက်သည်။ ရေကန်၌ ရထားလုံးနှင့် မြင်းပေါ်မှ သွေးများကို သေချာဆေးကြောပြီးသောအခါမှ ပြန်၍ ခရီးဆက်လိုက်ကြသည်။
ခရီးဆက်ပြီးမကြာခင်တွင် တောင်ဘက်ပိုင်းမှ တလူလူလွင့်လာသောမီးခိုးများကိုတွေ့လိုက်ရသည်။ မြင်းများစီးလာသော လူအယောက်တစ်ထောင်ခန့်က ရှေ့တူရူသို့လာနေကြသည်။ မီးခိုးများအလယ်၌ တလူလူလွင့်နေသော အလံနှစ်ခုကို ချန်ရုံတွေ့လိုက်ရသည်။ အလံတစ်ခု၌ "မင်း" ဟု ရေးထား၍ နောက်တစ်ခု၌ "စွင်း" ဟုရေးထားသည်။ စွင်းယန်သည် သူ၏စစ်တပ်ကိုခေါ်၍ ရန်မင်း၏ပြန်အလာကို ကြိုဆိုရန်ရောက်လာခြင်းဖြစ်သည်။
စည်းကမ်းများအရ စွင်းယန်၏ လူတစ်ထောင်ပါသောစစ်တပ်သည် ရန်မင်းနှင့်အတူ မြို့ထဲသို့ လိုက်ဝင်မည်မဟုတ်မှန်း ချန်ရုံသိထားသည်။ စွင်းယန်သည် ရန်မင်းအား ဂိတ်တံခါး၌ ကြိုဆို၍ အခြေအနေများကိုတင်ပြကာ သူ၏စစ်တပ်ကို နန်ယန်မြို့ပြင်ရှိ စခန်းချထားရာနေရာသို့ ပြန်ခေါ်သွားမည်ဖြစ်သည်။
ချန်ရုံသည် "စွင်း" ဟုရေးထားသော အလံကို ကြည့်၍ ချီတုံချတုံဖြစ်ကာ နှုတ်ခမ်းများကို ဖိကိုက်လိုက်သည်။ ချန်ရုံသည် ရထားလုံးမောင်းသူ အစေခံအား ရပ်ရန် အမိန့်မပေးလိုက်ချေ။ စွင်းယန်ရှေ့၌ ရန်မင်းနှင့် ထပ်တွေ့ရမည်ကို ချန်ရုံ အလွန်ရှက်နေမိသည်။
မကြာခင်မှာပင် ချန်ရုံ၏ရထားလုံးလေးသည် မြို့ရိုးနားသို့ ရောက်သွားတော့သည်။
ထင်ရှားသော အထက်တန်းလွှာအများစုသည် ဝင်ပေါက်၏တစ်ဖက်တစ်ချက်၌ ရပ်နေကြသည်။ သူတို့သည် အချင်းချင်းစကားပြောနေကြခြင်း၊ ဗျပ်စောင်းများတီးခတ်နေခြင်း၊ နန်းတွင်းသူများအား သီချင်းနှင့်အကများ ကခိုင်းခြင်း စသည်တို့ဖြင့် အလုပ်ရှုပ်နေကြသည်။ ချန်အိမ်တော်၏အကြီးအကဲဖြစ်သူ ချန်ကုန်းရန်းကတော့ ဂိတ်တံခါး၏အလယ်၌ရပ်နေ၍ ဆရာယွီနှင့် စကားပြောနေလေသည်။
ချန်ရုံသည် ဝတ်ရုံရှည်ကိုဝတ်ဆင်ထား၍ ရှည်လျားသောမုတ်ဆိတ်များနှင့် သဘောကောင်းပုံပေါက်သော မျက်နှာထားပိုင်ရှင် ချန်ကုန်းရန်းအားကြည့်၍ တွေးနေမိသည်။
ဒီတစ်ခါတော့ ဦးလေး ဓားထိုးခံရပြီး မသေလောက်တော့ဘူး မဟုတ်လား...
ချန်ရုံ၏ယခင်ဘဝ၌ ဤမတော်တဆမှုတွင် ချန်ကုန်းရန်းသေဆုံးခဲ့သည်။ အကြီးအကဲများကြား၌ ခွန်းကြီးခွန်းငယ်စကားများပြီးသောအခါ ချန်ယွမ်သည် နန်ယန်မြို့ရှိ ချန်အိမ်တော်၏ပိုင်ဆိုင်မှုများကို လက်ဝါးကြီး အုပ်လိုက်တော့သည်။ သူ့အားထိန်းသိမ်းမည့် ချန်ကုန်းရန်းမရှိတော့သောအခါ ချန်ယွမ်သည် တစ်ကိုယ်ကောင်းဆန်စွာဖြင့် အာဏာရှင်ဆန်ဆန်ပြုမူတော့သည်။ ဤတစ်ခေါက်၌လည်း နန်ယန်မြို့ရှိ ချန်အိမ်တော်တစ်ခုလုံးကို ချန်ယွမ်သာအုပ်စိုးသွားပါက သူမဘဝ မည်သို့ဖြစ်သွားမည်ကို ချန်ရုံတွေးပင်မတွေးရဲချေ။
ချန်ရုံသည် လိုက်ကာကိုမတင်၍ ချန်ကုန်းရန်း၏အံ့ဩသောအကြည့်အောက်တွင် မြို့ထဲသို့ ဝင်လာလိုက်သည်။
ရထားလုံးသည် ချန်အိမ်တော်ရှိ ချန်ရုံ၏ အဆောင်ဆီသို့ တန်းတန်းမတ်မတ်မောင်းသွားလေသည်။
အဆောင်တော်ဆီသို့ပြန်ရောက်သောအခါ အထိန်းတော်ဖျင်နှင့် အဖိုးစွင်းတို့က ချန်ရုံ့အား လာကြိုကြ၍ ချန်ချမ်၊ ချန်ချီနှင့် ချန်ဝေ့တို့အုပ်စုကလည်း ထွက်ကြည့်နေကြသည်။ ချန်ရုံ၏ညစ်ပတ်ပေကျံနေသော မျက်နှာနှင့် အဝတ်အစားများကိုမြင်သောအခါ သူတို့သည် အလွန်အံ့ဩတုန်လှုပ်သွားကြသည်။ ချန်ဝေ့နှင့် အခြားမိန်းကလေးများက မျက်လုံးများပြူး၍ စတင်လှောင်ပြောင်နေကြတော့သည်။
ချန်ရုံကတော့ သူတို့ကို လျစ်လျူရှုထားလိုက်သည်။ ချန်ရုံသည် သူတို့လူအုပ်အား အရိုအသေပေး၍ စကားတစ်ခွန်းမျှမပြောပဲ အိမ်၏နောက်ဘက်သို့ဝင်ကာ စတင်၍ ကိုယ်လက်သန့်စင်နေလိုက်သည်။
ချန်ချမ်သည် ချန်ရုံနောက်ဖေးဘက်သို့ ဝင်သွားသည်ကိုကြည့်၍ ရထားလုံးမောင်းသူအားမေးလိုက်သည်။
"ရှင့်ရဲ့ သခင်မက ဘာဖြစ်လာတာလဲ..."
ရထားလုံးမောင်းသူက ခေါင်းငုံ့၍ ဖြေလိုက်သည်။
"ကျွန်တော်လှည်းကို ကြမ်းကြမ်းတမ်းတမ်းမောင်းမိပြီး သခင်မလေးကို ပြုတ်ကျအောင်လုပ်မိသွားတာပါ..."
"သူလည်း အမြဲပဲ ကံဆိုးနေတော့တာပဲ..."
ချန်ချမ်က လှောင်ပြောင်လိုက်သည်။
"အထက်တန်းလွှာက လူတွေ ဘယ်သူမှ မမြင်သွားတာ တော်သေးတာပေါ့...မဟုတ်ရင်တော့ လူတိုင်းပြောစရာဖြစ်ကုန်တော့မယ်..."
ရထားလုံးမောင်းသူအစေခံလေးသည် ဘာမှပြန်မပြောပဲ ရထားလုံးအား အနောက်ဘက်ခြံထဲသို့ မောင်းသွားလိုက်တော့သည်။
ချန်ရုံသည် တစ်နာရီခန့် ခန္ဓာကိုယ်ကို ရေချိုးသန့်စင်နေလေသည်။ ချန်ရုံပြန်ထွက်လာသောအခါ ချန်ဝေ့နှင့် အခြားမိန်းကလေးများသည် ပြန်သွားကြပြီဖြစ်သည်။
ချန်ရုံသည် စိတ်အေးစွာ သက်ပြင်းချလိုက်၍ ခေါင်းကိုငုံ့ကာ ခန်းမဆောင်ထဲသို့ လျှောက်လာလိုက်သည်။
သို့သော် မကြာမီတွင်ပင် ချန်ရုံ့နားသို့ အထိန်းတော်ဖျင်နှင့် အဖိုးစွင်းရောက်လာလေသည်။
ချန်ရုံက ခေါင်းကိုမော့ကြည့်လိုက်သောအခါ သူမ၏အစေခံများ၏ ပြုံးရွှင်နေသောမျက်နှာများကိုမြင်လိုက်ရသည်။ အထိန်းတော်ဖျင်က ချန်ရုံ့နားသို့ ရောက်လာကာ ချန်ရုံ၏လက်များကိုဆွဲကိုင်၍ ပျော်ရွှင်စွာပြောလိုက်သည်။
"မမလေး...တပ်မှူးရန်က မမလေးကို လက်ထပ်ခွင့်တောင်းနေတယ်လို့ အစေခံလေးပြောနေတာ ကျွန်မကြားခဲ့တယ်..."
ဘေးနားမှရပ်နေသော အဖိုးစွင်းကလည်း ကျယ်ပြန့်သောအပြုံးဖြင့် ဝင်ပြောလိုက်သည်။
"သခင်မလေး...တပ်မှူးရန်က တကယ်ကို လေးစားဖို့ကောင်းတဲ့ ဂုဏ်သိက္ခာရှိတဲ့လူပဲ...ဖျင်မြို့တော်မှာတုန်းက သူ့ရဲ့နာမည်ကိုကြားတဲ့အခါတိုင်း သခင်မလေးက သူ့ကို အမြဲချီးကျူးခဲ့တယ်မဟုတ်လား...အခုတော့ သူ့ကို လက်ထပ်ခွင့်ရတော့မှာ ဘယ်လောက်တောင် ကောင်းလိုက်တဲ့အခွင့်အရေးလဲ...အဖိုးပြောသားပဲမဟုတ်လား သခင်မလေးက ကံအရမ်းကောင်းတဲ့လူပါလို့..."
ချန်ရုံ၏မျက်နှာလေးကတော့ ညှိုးနွမ်းနေလေသည်။
ချန်ရုံက ဘာမှပြန်မပြောပဲ နေနေ၍ ခဏကြာသောအခါမှ အထိန်းတော်ဖျင်၏မျက်နှာသည်လည်း ချန်ရုံ့ကဲ့သို့ ရုတ်တရက် ညှိုးငယ်သွားကာပြောလိုက်လေသည်။
"ဒါပေမယ့် ဝမ်ချီလန်ကိုရော ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ..."
Xxxxxx