အပိုင်း ၇၀
Viewers 18k

Chapter 70
ဝံပုလွေအတွက် ချွန်မြထားသော ဓားတစ်လက်



ချန်ရုံက စိတ်တိုစွာပြောလိုက်သည်။

"ဘယ်သူမှ ဒီအကြောင်းကို ထပ်မပြောရဘူး..."

အထိန်းတော်ဖျင်တို့လည်း စကားပြောသည်မှ ရပ်သွားကြသည်။

ထို့နောက် ချန်ရုံသည် ရထားလုံးမောင်းသူအစေခံလေးအား စိုက်ကြည့်၍ ဒေါသနှင့်ပြောလိုက်သည်။

"ရှင်လည်း ဒီအကြောင်းကို ဘယ်တော့မှထပ်မပြောရဘူး...ဒီနေ့ လမ်းခရီးမှာ ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ မြဲမြဲမှတ်ထားပါ..."

ချန်ရုံ့အား အနည်းငယ်ကြောက်လန့်နေသော အစေခံလေးသည် ချက်ချင်းပင် ခေါင်းငြှိမ့်၍နာခံလိုက်သည်။ သို့သော် အထိန်းတော်ဖျင်ကတော့ စကားနားမထောင်ပဲ အလျင်အမြန်ထပ်၍မေးလိုက်သည်။

"ဘာဖြစ်လို့လဲ မမလေး...တခြားအထက်တန်းလွှာက ယောင်္ကျားတွေလို နောက်ခံအသိုင်းအဝိုင်းကို သိပ်ပြီးအရေးမထားတဲ့အမျိုးသားဆိုလို့ တပ်မှူးရန်တစ်ယောက်ပဲရှိတာလေ...သူကသာ မမလေးကို လက်ထပ်ယူနိုင်မှာ...တပ်မှူးရန်ကို လက်လွှတ်လိုက်ရင် မမလေး ဘာဆက်လုပ်မှာပါလဲ..."

ချန်ရုံ၏မျက်လုံးများက ရဲရဲနီနေကြလေသည်။ ချန်ရုံသည် ခေါင်းမာစွာဖြင့် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ သူမ၏ရပ်တည်ချက်ကို ကာကွယ်ပြောဆိုလိုက်သည်။

"ကျွန်မဘဝတစ်လျှောက်လုံး ဘယ်သူ့ကိုမှ လက်ထပ်လို့မရရင်တောင် အဲ့ဒီလူကိုတော့ ကျွန်မလုံးဝ လက်မထပ်နိုင်ဘူး..."

ထို့နောက် ချန်ရုံသည် အနောက်သို့လှည့်ကာ အိပ်ခန်းဆီသို့ ပြန်သွားလေသည်။

"သခင်မလေး..."

အဖိုးစွင်းက အနောက်မှ လှမ်းခေါ်လိုက်သည်။

"အိမ်တော်ကတော့ သခင်မလေးကို လက်ထပ်မပေးပဲ ဒီတိုင်းထားမှာမဟုတ်ဘူး...တခြားလူတစ်ယောက်ရဲ့ ကိုယ်လုပ်တော်အဖြစ်နေရတာထက်စာရင် တပ်မှူးရံရဲ့ ဇနီးမယားဖြစ်ရတာ ပိုမကောင်းပါဘူးလား..."

အဖိုးစွင်း၏စကားကိုပြန်ဖြေလိုက်သည်က အခန်းတံခါးကို ဆောင့်ပိတ်လိုက်သံသာဖြစ်သည်။

ချန်ရုံသည် နေ့လည်အချိန်အထိ အခန်းထဲ၌ အပြင်မထွက်ပဲနေနေလေသည်။ နေ့ခင်းသို့ရောက်သောအခါ လမ်းပေါ်မှ ရယ်သံများကို ချန်ရုံကြားလိုက်ရသည်။

ထိုအသံများကို ခဏမျှနားထောင်ပြီးသောအခါ ချန်ရုံသည် မနေနိုင်တော့ပဲ တံခါးနားကပ်၍ အော်ခေါ်လိုက်သည်။

"အထိန်းတော်..."

ခဏအကြာတွင် အထိန်းတော်ဖျင်က ပြန်ထူးလိုက်သည်။

"ကျွန်မ ရောက်ပါပြီ...ကျွန်မရောက်ပါပြီ...ဘာလိုချင်လို့လဲ မမလေး..."

ချန်ရုံက ခေါင်းကိုစောင်း၍ ပိုးလိုက်ကာများမှတစ်ဆင့် အပြင်ကိုလှမ်းကြည့်၍ မေးလိုက်သည်။

"အပြင်မှာ ဘာတွေဖြစ်နေတာလဲ...ဘာဖြစ်လို့ ဒီလောက် ဆူ‌ညံနေရတာလဲ..."

အထိန်းတော်ဖျင်သည် ချန်ရုံ့အား ငယ်စဉ်တည်းက ထိန်းလာသည်ဖြစ်သော‌ကြောင့် အပြင်၌ ဘာဖြစ်နေမှန်းသိချင်စိတ်သည် ချန်ရုံ့အား ထိုးဆွနေကြောင်း သိနေလေသည်။ ထို့ကြောင့် အထိန်းတော်ဖျင်က ပြောလိုက်သည်။

"မမလေး သိချင်ရင် အပြင်ကိုထွက်ကြည့်လိုက်ပါလားဟင်..."

ချန်ရုံက ဘာမှပြန်မပြောတော့ချေ။

ထို့ကြောင့် အထိန်းတော်ဖျင်သည်လည်း မတတ်နိုင်ပဲ ရှင်းပြလိုက်ရသည်။

"တပ်မှူးရန်က နန်ယန်မြို့ကို စစ်သည်နှစ်ရာ ခေါ်လာ‌တယ်လေ...တပ်မှူးက မြို့ကို ကာကွယ်ပေးဖို့ ပြန်လာတယ်လို့ထင်ပြီး လူတွေက ဝမ်းသာပျော်ရွှင်နေကြတာပါ..."

ချန်ရုံက "အင်း..." ဟုသာ အသံပြုလိုက်သည်။

ချန်ရုံတစ်ယောက် ပြန်၍တိတ်ဆိတ်သွားသည်ကိုမြင်သောအခါ အထိန်းတော်ဖျင်သည် အခန်းနားသို့လျှောက်သွား၍ သတိထားကာ မေးလိုက်သည်။

"မမလေး...အခုထိမနက်စာလည်း မစားရသေးဘူးမဟုတ်လား...အခု မွန်းတည့်ချိန်တောင်ကျော်သွားပြီ...ဗိုက်မဆာသေးဘူးလား...အပြင်ထွက်လာပြီး တစ်ခုခုစားပါလား..."

ချန်ရုံက ဘာမှပြန်မဖြေပေ။

"ထမင်းတောင်ထွက်မစားနိုင်လောက်အောင် မမလေး ဘယ်သူ့ကိုစိတ်တိုနေတာလဲဆိုတာ ကျွန်မလည်း မသိတော့ပါဘူး..."

အထိန်းတော်ဖျင်က ညည်းတွားလိုက်သည်။

"တကယ်ပါပဲ...မမလေးက အသက်ကြီးလာလေလေ ပိုပြီး ကလေးဆန်လေလေ ဖြစ်နေပြီ..."

ထိုအချိန်၌ ချန်ရုံ၏အခန်းတံခါးသည် ရုတ်တရက်ပွင့်သွား၍ ချန်ရုံသည် လေအလျင်ကဲ့သို့ ထွက်ပေါ်လာတော့သည်။ ချန်ရုံ၏လက်ထဲ၌ ပြောင်လက်သောအရာတစ်ခုကိုလည်း ကိုင်ဆောင်ထားလေသည်။

အထိန်းတော်ဖျင်က လန့်သွား၍ ခုန်ပင်ခုန်လိုက်မိသည်။

"မမလေး...ဘာလုပ်မလို့ပါလဲ..."

အထိန်းတော်ဖျင်က ကြောက်ကြောက်လန့်လန့်နှင့် အနောက်မှ လှမ်းမေးလိုက်သည်။

ချန်ရုံက နောက်သို့ လှည့်မကြည့်ပဲ အနောက်ဘက်ခြံထဲသို့ ဆင်းသွားရင်းဖြင့် အော်ပြောလိုက်သည်။

"ကျွန်မရဲ့ ဓားမြှောင်ကို သွေးမလို့..."

ကြောင်အသွားသော အထိန်းတော်ဖျင်သည် သူမ၏သခင်မလေးအား ကြောင်တောင်တောင်ကြည့်နေပြီးမှ သက်ပြင်းချလိုက်မိသည်။ သခင်မလေးက တစ်ယောက်ယောက်ကို သတ်တော့မည်ထင်၍ အထိန်းတော်ဖျင်လန့်ဖြန့်သွားရခြင်းဖြစ်သည်။ ထို့နောက် အထိန်းတော်ဖျင်သည် ယခုတလော သခင်မလေး၏စိတ်ထဲ၌ မည်သည့်အရာများကြီးစိုးနေသည်ကို မသိတော့သောကြောင့် ခေါင်းကိုသာခါယမ်းလိုက်မိသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နေ့တာသည် ကုန်ဆုံးသွားလေသည်။

နောက်တစ်နေ့ညနေ၌ ချန်ရုံသည် ရေတွင်းဘေး၌ ထိုင်၍ ရေထဲမှပေါ်နေသော သူမ၏ ပုံရိပ်ကိုကြည့်ကာ ထပ်ခါထပ်ခါပြောနေလေသည်။

"နင်ငိုလို့မဖြစ်ဘူး...ငါပြောတာကြားလား...နောက်တစ်ခါ သူနဲ့တွေ့ရင် နင်လုံးဝငိုလို့မဖြစ်ဘူး..."

ချန်ရုံသည် မျက်လုံးများကိုအတင်းပြူး၍ ရေထဲမှပုံရိပ်က စိတ်ဓာတ်ခိုင်မာပြတ်သား၍ မျက်ရည်တစ်စက်မှမကျတော့မည့်ပုံဖြစ်လာ‌သည့်အခါမှ ချန်ရုံသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းကိုပြန်မော့လိုက်သည်။

ထိုအချိန်မှာပင် အစေခံတစ်ယောက်၏အသံကို ချန်ရုံကြားလိုက်ရသည်။

"သခင်မလေး...တပ်မှူးစွင်း ရောက်နေပါတယ်..."

ဘယ်လို...

စွင်းယန်ရောက်နေသည်တဲ့လား...

ချန်ရုံသည် ပျော်ရွှင်စွာ ပြေးသွားလိုက်သည်။ ‌ခြေလှမ်းအနည်းငယ်လှမ်းပြီးသောအခါမှပင် ချန်ရုံသည် လက်ထဲ၌ ဓားမြှောင်ကိုင်ထားသည်ကို သတိရ၍ အနောက်ဘက်သို့ ဆတ်ခနဲ လွှင့်ပစ်လိုက်သည်။

တံခါးဆီသို့ ချန်ရုံရောက်သွားချိန်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာများနှင့် ချောမောသောလူငယ်လေးသည် တောက်ပသောနေရောင်အောက်၌ ခြံဝန်းထဲသို့ လှမ်းဝင်လာနေပြီဖြစ်သည်။

နှစ်ဦးသားသည် တစ်ယောက်ကိုတစ်ယောက် ပြိုင်တူမြင်သွားကြ၍ ပြိုင်တူ ပြုံးမိသွားကြသည်။

စွင်းယန်သည် ချန်ရုံ့အား ခေါင်းအစ ခြေအဆုံး ကြည့်ပြီးသောအခါ သူ၏ ချောမောသောမျက်နှာ၌ ဒေါသများ ဖုံးလွှမ်းသွားသည်။

"ငါတောင်းပန်ပါတယ် အားရုံ...မင်းကို ကူညီပြီး အဲ့ဒီ တဏှာစိတ်ပြင်းပြနေတဲ့အဖိုးကြီးကို ငါမသတ်ပေးနိုင်ခဲ့ဘူး..."

စွင်းယန်က ကျိတ်မနိုင် ခဲမရပြောနေသည်။

စွင်းယန်၏မျက်လုံးများက ချန်ရုံ့အား တောင်းပန်နေသယောင်ဖြစ်နေသည်။ ချန်ရုံ၏ မင်းသား၏အိမ်တော်၌ နှစ်ညတာနေခဲ့ရမှုအကြောင်းသည် တစ်မြို့လုံး၏ ပြောစရာဖြစ်နေသည်။ ပြင်ပမှလူများက ချန်ရုံသည် နန်ယန်မင်းသားနှင့် တူတူအိပ်လျှင်အိပ်၊ မဟုတ်လျှင် ဝမ်ချီလန်နှင့်အတူ အိပ်ခဲ့သည်ဟု ပြောဆိုနေကြသည်။ အတိုချုံးပြောရလျှင် ချန်ရုံ၏ ဂုဏ်သတင်းသည် ပျက်စီးနေပြီဖြစ်လေသည်။

ချန်ရုံသည် ခေါင်းကို‌တွင်တွင်ခါ၍ နွမ်းလျသောအပြုံးလေးကိုပြုံးပြလိုက်သည်။

"ရှင်လုပ်နိုင်သမျှ လုပ်ပေးခဲ့တာပါပဲ..."

ချန်ရုံသည် သူမအတွက်နှင့် နန်ယန်မင်းသားအား တိုက်ရိုက်အတိုက်အခံပြုရဲသော လူငယ်လေးကို ကျေးဇူးတင်စွာလှမ်းကြည့်လိုက်မိသည်။ ဤလောက၌ စွင်းယန်ကဲ့သို့ သူမအပေါ်ကောင်းသည့်လူ အလွန်ရှားပါးပါသည်။

စွင်းယန်သည် ခါး၌ချိတ်ထားသော ဓားကိုပုတ်၍ အထဲသို့ လှမ်းဝင်လာသည်။

"အဲ့ဒီစောက်အဖိုးကြီးကတော့ကွာ...သေစမ်း...ဟူလူမျိုးတွေ နန်ယန်ကို လာတိုက်မယ့်အန္တရာယ်ကိုသာ ငါစိုးရိမ်မနေရရင် အဲ့ဒီအဖိုးကြီးကို ညှာနေမိမှာမဟုတ်ဘူး..."

စွင်းယန်သည် သစ်ပင်တစ်ပင်အောက်၌ရှိသော ကျောက်တုံးစားပွဲနားသို့သွား၍ ချန်ရုံသောက်လက်စဝိုင်အရက်ပုလင်းကို လှမ်းယူကာ ခေါင်းကိုမော့၍ သောက်ချလိုက်သည်။ ချန်ရုံက စွင်းယန်အား သူတို့နှစ်ယောက် အတူတူအရက်သောက်၍မရကြောင်း လှမ်း၍သတိပေးမည်ကြံသော်လည်း စွင်းယန်က အရက်ပုလင်းကို ကုန်စင်အောင်သောက်လိုက်ပြီဖြစ်သောကြောင့် ဘာမှမပြောပဲ ပါးစပ်ကို ပြန်ပိတ်လိုက်သည်။

စွင်းယန်က ထိုင်ချလိုက်ကာ ရှေ့မှနေရာကို ပုတ်ပြ၍ ချန်ရုံ့အား လှမ်းခေါ်လိုက်သည်။

"ဘာဖြစ်လို့ အဲ့ဒီမှာရပ်နေတာလဲ...ဒီကိုလာပြီး ငါနဲ့ စကားပြောပါဦး..."

ချန်ရုံက အမြန်လျှောက်သွားလိုက်သည်။

သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်၍ ထိုင်ပြီးသောအခါ ချန်ရုံက စွင်းယန်အား စိတ်ပူသောအကြည့်ဖြင့် မေးလိုက်သည်။

"ရှင်တို့က မြို့ပြင်ကို ပြောင်းရွှေ့သွားပြီမဟုတ်ဘူးလား...ဘာဖြစ်လို့ မြို့ထဲကို ပြန်ဝင်လာတာလဲ..."

စွင်းယန်က ဝိုင်အရက်ကို ခွက်ထဲငှဲ့ထည့်၍ ဂျုံမုန့်တစ်ဖဲ့ကိုယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် မုန့်ကိုဝါးရင်းဖြင့် ဗလုံးဗထွေးပြောနေသည်။

"စစ်တပ်က အပြင်မှာပဲ...ငါပဲ မြို့ထဲကိုလာလို့ရတာ..."

စွင်းယန်က ချန်ရုံ့အားမော့ကြည့်၍ ဝိုင်အရက်ကို တစ်ငုံထပ်သောက်ကာ အေးအေးဆေးဆေးပုံစံဖြင့်မေးလိုက်သည်။

"ဒါပေမယ့် ငါ့အကြောင်းကိုထားပါ...မင်းကရော...အဆင်ပြေရဲ့လား အားရုံ...အဲ့ဒီနေ့က တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ...အဲ့ဒီနေ့က ငါ တပ်မှူးဝမ်နဲ့တွေ့တော့ မင်းက မီးပုံးပျံတွေ လွှတ်နေတယ်လို့ သူပြောတယ်...မင်းရဲ့နာမည်နဲ့ ဝမ်ဟုန်ရဲ့နာမည်တွေကိုလည်း မီးပုံးပျံတွေပေါ်မှာ ဟူစာလုံးတွေနဲ့ ရေးထားတယ်တဲ့...မင်းသားရဲ့အိမ်တော်ဆီကို မင်းရောက်နေတယ်လို့ ငါကြားကြားချင်း မင်းတော့ အန္တရာယ်နဲ့ကြုံနေရပြီလို့ ငါတွေးလိုက်မိတယ်...မဟုတ်ရင် ဟူစာလုံးတွေနဲ့မီးပုံးပျံတွေကိုတော့ တမင်သတ်သတ်လွှတ်ပြီး သူများကိုတွေ ထိတ်လန့်အောင်လုပ်မှာမဟုတ်ဘူးလေ..."

ထို့နောက်စွင်းယန်က စားပွဲပေါ်သို့ အရက်ခွက်ကိုဆောင့်ချ၍ ချန်ရုံ့ကိုစိုက်ကြည့်ကာ ဒေါသတကြီးမေးလိုက်သည်။

"မင်း ဘာဖြစ်လို့ ဝမ်ဟုန်ရဲ့နာမည်ကိုရေးတာလဲ...ဘာဖြစ်လို့ ငါ့နာမည်ကိုမရေးရတာလဲ..."

ချန်ရုံသည် ဒေါသများထွက်နေသော လူငယ်လေးကိုကြည့်၍ မနေနိုင်ပဲပြုံးလိုက်မိသည်။

ချန်ရုံ၏အပြုံးကိုမြင်သောအထါ စွင်းယန်သည် သူ၏စကားများက အနည်းငယ်စည်းကျော်သွားမှန်း သတိထားလိုက်မိကာ သုန်သုန်မှုန်မှုန်ဖြင့် ခေါင်းကိုငုံ့လိုက်သည်။

ချန်ရုံသည်လည်း ဤကိစ္စနှင့်ပတ်သတ်၍ စွင်းယန်အား ပြောပြချင်နေသည်ဖြစ်သည်။ ယခု စွင်းယန်ဘက်မှ စကားစလာသောအခါ ချန်ရုံသည် လည်ချောင်းရှင်း၍ ပြောပြလိုက်တော့သည်။

နားထောင်နေရင်းဖြင့် စွင်းယန်၏မျက်နှာက ညိုမှောင်သွားသည်။ လူငယ်လေးသည် ကျောက်တုံးစားပွဲအား ရိုက်ကာ ဒေါသတကြီးပြောလိုက်သည်။

"ချန်ယွမ်က အဲ့ဒီလိုလူမျိုးဆိုတာ ငါမယုံနိုင်ဘူး..."

ထို့နောက်စွင်းယန်သည် ခေါင်းကိုမော့၍ စိတ်ပူစွာပြောလိုက်သည်။

"မင်းရဲ့အဖေနဲ့ အစ်ကိုက နန်ယန်ကို ဘယ်တော့မှပြန်လာကြမှာလဲ...ဒါမှမဟုတ်...မင်းကို ကျန့်ခန်းကိုခေါ်သွားဖို့ ငါ တစ်မျိုးတစ်ဖုံစီစဉ်ကြည့်လိုက်ရမလား...အဲ့ဒီလူရဲ့ အုပ်ထိန်းမှုအောက်မှာ ဆက်နေနေရင်တော့ တစ်နေ့ မဟုတ် တစ်နေ့ ဒီလိုဒုက္ခတွေကြုံနေရဦးမှာပဲ..."

အဖေနဲ့အစ်ကိုက ကျန့်ခန်းမှာရှိနေကြတာလား...

ချန်ရုံက တမ်းတလွမ်း‌ဆွေးစွာပြုံးလိုက်၍ ခေါင်းကိုခါလိုက်သည်။

စွင်းယန်က ချန်ရုံ့အားသေချာကြည့်လိုက်၍ ချန်ရုံဝမ်းနည်းနေပုံပေါက်နေသည်ကိုမြင်သောအခါ အတွေးတစ်ခုက ခေါင်းထဲရောက်လာ၍ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"နန်ယန်မင်းသားနဲ့ ဝမ်ဟုန်ကြောင့် မင်းရဲ့ ဂုဏ်သိက္ခာကပျက်စီးလုနီးပါးဖြစ်နေပြီလေ...အဲ့ဒီလိုမှမဟုတ်ရင်တော့ ငါ့ရဲ့မိသားစုရဲ့ခွင့်ပြုချက်ကို ငါ‌မစောင့်ပဲ မင်းကို လက်ထပ်မှာပါ..."

ချန်ရုံက ဘာမှမပြောပဲခေါင်းကိုသာငုံ့နေသည်။ စွင်းယန်ဆိုလိုသည့်အဓိပ္ပာယ်ကို ချန်ရုံနားလည်ပါသည်။ ထိုလူငယ်လေးသည် စိတ်လွတ်ကိုယ်လွတ်နေတတ်သော်လည်း သူသည် ကျန်းတုံမှစွင်းအိမ်တော်၏ မျိုးနွယ်ပင်မဟုတ်လား။ သူ၏မိဘများမရှိတော့လျှင်တောင်မှ သူ၏မိသားစုနှင့် ဘိုးဘေးများကိုနာမည်ပျက်စေမည့် လက်ထပ်ထိမ်းမြားမှုမျိုးကို သူ့စိတ်နှင့်သူ မစီစဉ်နိုင်ပေ။ စွင်းယန်ကဲ့သို့လူတစ်ယောက်က နာမည်ပျက်ရှိနေသော ချန်ရုံကဲ့သို့ မိန်းမပျိုနှင့် လက်ထပ်ဖို့ဆိုလျှင် မိသားစု၏ခွင့်ပြုချက်ကို အရင်တောင်းခံရပေမည်။

ထိုသို့တွေးနေရင်းဖြင့် ချန်ရုံသည် ဝမ်ချီလန်အား ဒေါသထွက်လာမိပြန်သည်။

ချန်ရုံသည် နှုတ်လမ်းကို တင်းတင်းစေ့၍ ဒေါသတကြီးပြောလိုက်သည်။

"ရှင်တို့အားလုံးက မကောင်းတဲ့လူတွေပဲ..."

ချန်ရုံ၏စကားများကြောင့် စွင်းယန်ရယ်ချင်သွားသည်။

"ငါက ဂုဏ်သိက္ခာရှိတဲ့လူပါ...ပြီးတော့ တပ်မှူးရန်ရောပဲ..."

ထိုအချိန်၌ပင် အမျိုးသမီးတစ်ဦး၏အသံထွက်ပေါ်လာသည်။

"အားရုံရှိလား...အားရုံနဲ့တွေ့ဖို့ ကျဲကျဲလာခဲ့တာ..."

ထိုအသံမှာ ချန်ဝေ့၏အသံဖြစ်ပေသည်။

ချန်ဝေ့က ဘာဖြစ်လို့ ဒီကိုရောက်နေရတာလဲ...

"အားယန် ရှင်ပြန်တော့..."

ချန်ရုံက စွင်းယန်အား အမြန်ပြောလိုက်သည်။

"ကျွန်မရဲ့ ဝမ်းကွဲညီအစ်မတွေက အရမ်း ဒုက္ခပေးတယ်..."

စွင်းယန်က ခေါင်းငြှိမ့်ကာ မတ်တပ်ရပ်၍ ပြန်ရန် လှည့်ထွက်လိုက်သည်။

ချန်ဝေ့က အိန္ဒြေသိက္ခာအပြည့်နှင့် အိမ်ထဲသို့ ဝင်လာချိန်တွင် စွင်းယန်က တံခါးဝ၌သာရှိနေသေးသည်။

စွင်းယန်နှင့် ရုတ်တရက်တွေ့လိုက်ရသောကြောင့် ချန်ဝေ့သည် ခဏရပ်သွား၍ ချန်ရုံ့အား မနာလိုသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီးမှ စွင်းယန်အား အရိုအသေပေးလိုက်သည်။

"မင်္ဂလာပါ တပ်မှူးစွင်း..."

ချန်ဝေ့က ချိုသာစွာပြောလိုက်သည်။

စွင်းယန်က နှာခေါင်းတစ်ချက်ရှုံ့၍ အင်္ကျီဝတ်ရုံလက်များကို လှုပ်ခတ်ကာ ချန်ဝေ့အား အနည်းငယ်မျှပင် အသိအမှတ်မပြုပဲ ထွက်သွားလေတော့သည်။

ချန်ဝေ့သည် ဤကဲ့သို့ လျစ်လျူရှုခံရခြင်းအပေါ် ကြောင်အသွားမိသည်။ သူမသည် စွင်းယန်၏တဖြည်းဖြည်းဝေးကွာသွားသောကျောပြင်ကိုကြည့်၍ မျက်နှာက တဖြည်းဖြည်း ရုပ်ဆိုးလာသည်အထိ ရှုံ့မဲ့သွားသည်။

သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ချန်ဝေ့သည် အပြုံးတစ်ခုကို ဟန်ဆောင်ပြုံး၍ သူမ၏ ဝမ်းကွဲညီမဘက်သို့ လှည့်လိုက်သည်။

"အားရုံ..."

ချန်ရုံက အရိုအသေပေး၍ ပြုံးကာပြောလိုက်သည်။

"ကျဲကျဲ...ထိုင်ပါ..."

ချန်ဝေ့က ခေါင်းငြှိမ့်လိုက်သည်။ သူမသည် ထိုင်ခုံနေရာသို့ လျှောက်သွားရင်းက မေးလိုက်ဩ်။

"တပ်မှူးစွင်းက နင့်ကို လာတွေ့တာလား...အရမ်းကြင်နာတတ်တာပဲနော်..."

ထို့နောက် ချန်ဝေ့သည် ချန်ရုံ့အား ထိခိုက်လိုသောစိတ်ဖြင့် ဆက်ပြောလိုက်သည်။

"မင်းသားရဲ့အိမ်တော်မှာ နင်နေခဲ့တယ်ဆိုတာရော သူသိရဲ့လား..."

ထိုစကားများကိုကြားသောအခါ ချန်ရုံ၏မျက်နှာလေးသည် မထိန်းနိုင်တော့ပဲ ညိုမှောင်သွားသည်။



Xxxxxx