အပိုင်း ၇၁
Viewers 16k

Chapter 71
ပိုင်ဆိုင်မှုများ



ချန်ဝေ့သည်လည်း သူမ၏ပါးစပ်မှ ထိုစကားများထွက်သွားသွားချင်းမှာပင် အနည်းငယ်နောင်တရသွားမိသည်။ ချန်ရုံ၏ သုန်မှုန်သွားသောမျက်နှာကို မြင်သောအခါ ချန်ဝေ့က အမြန်ပြုံးပြလိုက်သည်။

"ကျဲကျဲ တောင်းပန်ပါတယ်...ငါ အဲ့ဒီလိုစကားမျိုးမပြောလိုက်သင့်ဘူး..."

ချန်ရုံသည်လည်း ချန်ဝေ့၏တောင်းပန်မှုကို လက်ခံသည့်ပုံဖြင့် ခေါင်းကိုငုံ့လိုက်သည်။

"ကျဲကျဲက ဘာသဘောမှမပါပဲပြောလိုက်တာ ငါနားလည်ပါတယ်...ကျဲကျဲက ငါ့ရဲ့ ဧည့်သည်ပဲလေ...ထိုင်ပါ..."

ချန်ဝေ့က စွင်းယန်ထိုင်သွားသောခုံ၌ ဝင်ထိုင်လိုက်သည်။ သူမသည် ချန်ရုံကမ်းပေးသော ဝိုင်ခွက်ကိုလှမ်းယူ၍ သူမ၏ သေးသွယ်ဖြူဖျော့သောလက်ချောင်းများဖြင့် ပွတ်သပ်နေသော်လည်း စကားတစ်ခွန်းမှ‌မပြောချေ။

ထိုအခြင်းအရာကိုမြင်သောအခါ ချန်ရုံသည် ချန်ဝေ့အား အံ့ဩစွာ လှမ်းကြည့်လိုက်မိသည်။ ချန်ဝေ့၏ရှက်ရွံ့နေသောအမူအယာကို တွေ့သောအခါ ချန်ရုံသည် တမင်သပ်သပ်ပင် ဘာမှမမေးပဲ နေနေလိုက်သည်။

"အားရုံ..."

အချိန်အတန်ကြာသောအခါမှ ချန်ဝေ့က တိုးတိတ်စွာ ခေါ်လိုက်သည်။


"ဟင်..."


ချန်ရုံ၏လေသံက စိတ်မဝင်စားသောလေသံပေါက်နေသည်။

ချန်ဝေ့ကတော့ သူ့စိတ်နှင့်သူရှုပ်နေသဖြင့် ချန်ရုံ၏ သိပ်ဂရုမစိုက်သောလေသံကို သတိမထားလိုက်မိချေ။ ချန်ဝေ့သည် လက်ထဲမှ ခွက်ကို ပွတ်သပ်နေရင်းက နောက်ဆုံးတွင်တော့ အားယူကာ မေးလိုက်တော့သည်။

"အရင်တစ်ခေါက်တုန်းက တပ်မှူးရန်က မပွင့်လင်းတဲ့အမျိုးသမီးတွေကို မကြိုက်ဘူးလို့‌နင်ပြောတယ်လေ...အဲ့ဒါ နင်တကယ်ပြောဝာာလား..."

ချန်ရုံထင်ထားသည့်အတိုင်းပင် ရန်မင်းအကြောင်းမေးရန် ချန်ဝေ့ရောက်လာခြင်းဖြစ်ပေသည်။


ချန်ရုံက အနည်းငယ်ပြုံးလိုက်ကာ ‌ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်..."

ချန်ဝေ့က မော့ကြည့်လိုက်သည်။

ချန်ဝေ့၏မျက်နှာသည် ရှက်သွေးဖြင့် နီနေ၍ မျက်လုံးများကလည်း တောက်ပနေသည်။ ‌ရှက်ကြောက်နေသည့်အချိန်မှာပင် ချန်ဝေ့၏တစ်ကိုယ်လုံးမှ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများဖြာထွက်နေလေသည်။ ထို့နောက် ချန်ဝေ့က ထပ်မေးလိုက်သည်။

"အားရုံ...တပ်မှူးရန် နန်ယန်မြို့ကိုပြန်ရောက်နေတာ နင်သိလား..."

ချန်ရုံက ခေါင်းငြှိမ့်ကာပြန်ဖြေလိုက်သည်။

"အစေခံတွေဆီက ငါကြားပါတယ်..."

ချန်ဝေ့က ပြုံးရွှင်သွား၍ ပျော်ရွှင်စွာပြောလိုက်သည်။

"ဟုတ်တယ် အဲ့ဒါအမှန်ပဲ...အခုလည်း နန်ယန်မြို့တစ်ခုလုံးက သူ့အ‌ကြောင်းပဲပြောနေကြတာ...အိမ်ထဲကနေ ခြေတစ်လှမ်းတောင်မထွက်ရတဲ့ အစေခံတွေတောင် သူ့အကြောင်းကိုသိနေကြပြီ...ဒီတစ်ခေါက်သူက စစ်သည် နှစ်ရာတောင်ခေါ်လာတယ်လေ...အဲ့ဒီလိုစစ်သည်တွေခေါ်ဆောင်လာတာက ဟန်လူမျိုးတွေနဲ့ ဒီမြို့ကို တပ်မှူးရန်က တကယ်ကာကွယ်ပေးချင်တယ်ဆိုတာရဲ့သက်သေပဲ လို့ ချန်ကုန်းရန်းကပြောတယ်..."

ထိုသို့ပြောပြီးသောအခါ ချန်ဝေ့သည် အောက်နှုတ်ခမ်းကိုကိုက်၍ ရှက်ရွံ့စွာပြုံးလိုက်သည်။ ထို့နောက် ဝတ်ရုံဂါဝန်အစကို လက်ထဲ၌ လိမ်ဆွဲ၍ ပြောလိုက်သည်။

"တပ်မှူးအတွက် နောက်ထပ် ဧည့်ခံပွဲတစ်ခုကျင်းပပေးမယ်လို့ အဖေကပြောတယ်...တပ်မှူးရန်က ငါ့ကို တရားဝင်လက်ထပ်ယူလို့ရအောင် မင်္ဂလာပွဲအကြောင်းလည်း ပြောမယ်တဲ့..."


ချန်ရုံက ဘာမှမပြောပဲ ခေါင်းကိုသာငုံ့လိုက်သည်။ ချန်ဝေ့သည်လည်း အိန္ဒြေသိက္ခာတို့ကို ဂရုမစိုက်နိုင်ပဲ ရှေ့သို့တိုးကာ လက်များကိုဆုပ်ကိုင်၍ မဝံ့မရဲပြောနေသည်။

"အရင်တစ်ခေါက် တပ်မှူးရန်နဲ့ ငါ တွေ့ခဲ့တဲ့အချိန်တုန်းက နည်းနည်းအဆင်မပြေတာတွေဖြစ်သွားတယ်လို့ အဖေကပြောတယ်...အားရုံ တပ်မှူးရန်က ထက်မြက်ပြီး ပွင့်လင်းတဲ့လူတွေကိုသဘောကျတယ်လို့ နင်ပြောတယ်မဟုတ်လား...တခြားရော သူ ဘာတွေကြိုက်တတ်သေးလဲဟင်..."

အရင်တစ်ခေါက်တုန်းက ထိုကိစ္စနှင့်ပတ်သတ်၍ သူမကိုယ်တိုင် ချန်ရုံ့အားပါးရိုက်ခဲ့သည်ကို ချန်ဝေ့တစ်ယောက် မေ့သွားပုံရပေသည်။

ချန်ရုံက မော့ကြည့်၍ ခေါင်းခါကာ နူးညံ့စွာပြန်ဖြေလိုက်သည်။

"ငါ မသိပါဘူး..."

"နင်သိမှာပါ..."

ချန်ဝေ့၏အသံက ဆောက်တည်ရာမရဖြစ်လာပုံပေါ်နေသည်။ သူမသည် ချန်ရုံ၏လက်ကို လှမ်းဆွဲ၍ လှုပ်ယမ်းကာ ပြုံး၍ပြောလိုက်သည်။

"အားရုံရယ် ငါ့ကိုပြောပါ...နင်သိသမျှအကုန် ငါ့ကိုပြောပြပါ..."

ချန်ရုံက ခေါင်းကိုသာ တွင်တွင်ခါနေလိုက်သည်။

ချန်ဝေ့က ဒေါသထွက်လာကာ မတ်တပ်ထရပ်လိုက်၍ ဒေါသတကြီးပြောလိုက်သည်။

"ဟိုတစ်ခေါက်က ငါနင့်ကို ‌စိတ်တိုအောင်လုပ်လိုက်မိလို့ နင်ငါ့ကို တမင်သပ်သပ်မပြောပဲနေနေတာမဟုတ်လား..."

ဟုတ်တယ်လေ...ငါ နင့်ကို တမင်သပ်သပ်ကိုမပြောတာ...ပြောပြစရာရော နင်က ငါ့အပေါ် ဘာကျေးဇူးတွေရှိနေလို့လဲ...

ချန်ရုံကစိတ်ထဲမှတွေး၍ ရယ်ချင်နေမိသည်။

ချန်ရုံက ဘာမှမပြောပဲ ခေါင်းကိုသာငုံ့ထားသည်ကိုတွေ့သောအခါ ချန်ဝေ့သည် ပို၍ပင်စိတ်တိုလာမိသည်။ ထို့‌ကြောင့် ကြမ်းပြင်ပေါ်သို့ ခြေဆောင့်၍ အော်ပြောလိုက်သည်။

"ချန်အိမ်တော်ရဲ့ အားရုံ...နင် ဘာဖြစ်လို့များ ဒီလို အမြင်ကတ်စရာကောင်းနေရတာလဲ...ဟင့် အဲ့ဒါကြောင့်လည်း နင့်ကို ဘယ်မိန်းကလေးကမှ သဘောမကျကြတာ..."

ချန်ဝေ့က ထိုစကားများကိုပြောပြီးပြီးချင်းမှာပင် ချန်ရုံသည် ရုတ်တရတ် မတ်တပ်ထရပ်လိုက်သည်။ ချန်ရုံသည် သူမ၏ ဝတ်ရုံစကတ်ရှည်ကို မ၍ အိပ်ခန်းဆောင်ဆီသို့ လှည့်ထွက်လာလိုက်သည်။ မကြာခင်မှာပင် ချန်ရုံ၏အိပ်ခန်းဆောင်တံခါးသည် ဒုန်းခနဲ ပိတ်သွားတော့သည်။

ချန်ဝေ့သည်လည်း ခေါင်းမှမီးခိုးများထွက်မတတ် ဒေါသများထွက်နေလေသည်။

"ချန်အိမ်တော်ရဲ့အားရုံ နင့်မှာ လူမှုရေးအရ ရိုသေလေးစားမှုတွေ လုံးဝမရှိဘူး...အဲ့ဒါကြောင့် ဘယ်သူကမှလည်း နင့်ကိုမကြိုက်တာ မဆန်းပါဘူး...ဟွန့် နင့်မှာ စေ့စပ်ကြောင်းလမ်းထားတဲ့လူတောင် မရှိသေးတာ နင်သိတယ်မဟုတ်လား...နင့်ကို လူအိုကြီးတစ်ယောက်နဲ့ပေးစားခိုင်းဖို့ ငါ အဖေ့ကိုပြောလိုက်မယ်..."

ချန်ဝေ့က စိတ်ရှိလက်ရှိအော်ဟစ်ပြောဆိုပြီးသောအခါ ခြေကိုဆောင့်နင်း၍ လှည့်ထွက်လာလိုက်သည်။

ခြံတံခါးဝသို့ရောက်သွားသည်အထိ ချန်ရုံက သူမနောက်သို့အပြေးအလွှားလိုက်မလာသည်ကို မြင်သောအခါ ချန်ဝေ့ အနည်းငယ်အံ့ဩသွားမိသည်။ ချန်ရုံသည် တကယ်ပင် မကြောက်လန့်ပေဘူးလား။

ချန်ဝေ့၏စိတ်ထဲ၌ ချန်ရုံသည် အမြဲတမ်း သူမစိတ်ကြိုက်နေပေးသင့်သည်ဟု တွေးမိသည်။ ချန်ဝေ့က ချန်ရုံထက် ပို၍အဆင့်အတန်းမြင့်မားသည့်အပြင် ချန်ရုံသည် ချန်ဝေ့၏ဖခင်၏ အုပ်ထိန်းမှုအောက်၌ ရှိနေသည်မဟုတ်လား။ ထို့ကြောင့် ချန်ရုံသည် သူမအပေါ် သတိထား၍ ဆက်ဆံသင့်သည်ဟု ချန်ဝေ့ခံစားမိသည်။

အချိန်အတော်ကြာ စဉ်းစားနေပြီးမှ ချန်ဝေ့ တစ်စုံတစ်ခုကိုသတိရသွားသည်။ ချန်ရုံက ဝမ်ချီလန်၏ စိတ်ဝင်စားမှုကို ရရှိထားသည်ပဲ။ ချန်ရုံတစ်ယောက် သူမ လုပ်ချင်သလိုလုပ်နေသည်မှာ မဆန်းတော့ပါ။ ချန်ရုံသည် သူမကိုယ်သူမ အလွန်ကောင်း၍ အလွန်တော်နေသည်ဟု ထင်နေပုံရသည်။

အားရုံကို ဝမ်ချီလန်ရဲ့လက်ထဲ မထည့်ပေးလိုက်ဖို့ အဖေ့ကိုပြောရမယ်...ဒါမှ အားရုံ သူချစ်တဲ့လူနဲ့ တူတူမရှိနိုင်မှာ...

ထိုအတွေးနှင့်အတူ ချန်ဝေ့သည် အဓိကအိမ်တော်ရှိရာသို့ ဦးတည်၍ ဆက်လျှောက်သွားလေသည်။

ချန်ရုံနှင့် ချန်ဝေ့တို့ ရန်စဖြစ်တည်းက အထိန်းတော်ဖျင်နှင့် အခြားအစေခံများသည် ဘေး၌ရှိနေကြသော်လည်း သူတို့လည်း စောင့်ကြည့်နေရုံမှတစ်ပါး ဘာမှမလုပ်နိုင်ကြပါ။ သူတို့၏သခင်မလေး၏ စိတ်နေစိတ်ထားကို သိထားသောကြောင့် များများလည်း ‌မမျှော်လင့်ရဲကြချေ။ သို့သော်လည်း ချန်ရုံသည် ဖျင်မြို့တော်၌ ရှိနေစဉ်ကထက်တော့ ပို၍ နူးညံ့သိမ်မွေ့လာသည်ကတော့ အမှန်ပင်။

ခဏမျှ တိတ်ဆိတ်နေပြီးသောအခါ အဖိုးစွင်းသည် ချန်ရုံ၏တံခါးနားသို့သွား၍ ပြောလိုက်သည်။

"သခင်မလေး...မြေကွက်တွေ ဝယ်ပြီးသွားပါပြီ..."

"အို တကယ်လား..."

ချန်ရုံသည် အလွန်စိတ်လှုပ်ရှားသွား၍ တံခါးကို အမြန်တွန်းဖွင့်၍ ပျော်ရွှင်စွာမေးလိုက်သည်။

"ဘယ်နှဧက ဝယ်ခဲ့လဲ..."

"တစ်မြို့လုံးက အကုန်ကြောက်လန့်နေကြတာ..."

အဖိုးစွင်းက လက်များကို ချိတ်ဆက်၍ ပြန်ဖြေလိုက်သည်။

"လူတိုင်းက မြေကွက်တွေကိုထားခဲ့ပြီး ဒီကနေ ထွက်ပြေးချင်နေကြတာလေ...အဲ့ဒါကြောင့် မြေကွက်တွေက အခု အရမ်းဈေးကျနေတယ်...ပုံမှန်ဆိုရင် အဖိုးတို့ ပိုင်ဆိုင်ထားတဲ့ ပိုးချည်ပမာဏနဲ့ဆိုရင် ဧကတစ်ရာလောက်ပဲဝယ်လို့ရမှာ...အခုတော့ ဧက ခြောက်ရာ ခုနစ်ရာလောက် ဝယ်လိုက်နိုင်တယ်လေ...မြေကွက်တွေအကုန်လုံးကလည်း မြေဆီမြေနှစ်ပြည့်ဝတဲ့ မြေကောင်းတွေပါပဲ...လယ်ယာမြေတွေအပြင် အလုပ်သမားတွေလည်း ချန်ထားခံခဲ့ရတာတွေရှိတယ်...မြေပိုင်ရှင်က စားစရာဆန်ပြုတ်တစ်ခွက်လောက်ပေးမယ်ဆိုရင် သူတို့တွေ လယ်မြေတွေကို နေ့ရောညပါ လုပ်ပေးမယ်ပြောတယ် သခင်မလေး...အဲ့ဒါကြောင့် အဲ့ဒီလူတွေ အလုပ်လုပ်တာ အဆင်ပြေ မပြေကြည့်ဖို့ အဖိုး သူတို့နဲ့တွေ့ဖို့ပြောဆိုထားခဲ့တယ်...အလုပ်သဘောတူညီချက်ကတော့ ပြောထားတဲ့အတိုင်းပဲပေါ့...အဖိုးတို့က တပ်မှူးရန်ရဲ့နာမည်နဲ့ ဝယ်တာဆိုတော့ အလုပ်သမားတွေကို အရမ်းခိုင်းရင် တပ်မှူးရန်ရဲ့ နာမည်ကိုဖျက်သလို ဖြစ်သွားလိမ့်မယ်..."

ချန်ရုံက ခေါင်းငြှိမ့်၍ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။

"ဒီလောက်အသေးစိတ်ပြောပြစရာမလိုပါဘူး...အဖိုး အဆင်ပြေမယ်ထင်သလိုလုပ်လိုက်ပါ..."

ချန်ရုံသည် အပြင်သို့ငေးကြည့်၍ စဉ်းစားနေမိသည်။

မြေဆီမြေနှစ်ပြည့်ဝတဲ့ လယ်ယာမြေကွက်ဧက ခြောက်ရာ ခုနစ်ရာတဲ့လား...ချန်ဝေ့ကိုတင်တောင်းဖို့အတွက် ပစ္စည်းတန်ဖိုးအများဆုံးကတောင် ဒီလောက်ပဲရှိမှာ...ဒီ့ထက်တော့များဖို့မရှ်ိဘူး...နောက်ဆုံးတော့ ငါ့မှာ ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေရှိလာပြီ...

ခဏမျှထပ်၍ စဉ်းစားပြီးသောအခါ ချန်ရုံသည် အသံကိုနှိမ့်၍ ပြောလိုက်ပြန်သည်။

"အဖိုးစွင်း...ကောက်ပဲသီးနှံ လှည်း ၇ စီးစာနဲ့ ဆိုင်အချို့ကို နောက်နှစ်ရက်အတွင်းဝယ်လိုက်ပါ...ဒီတစ်ခေါက်လည်း တပ်မှူးရန်ရဲ့နာမည်နဲ့ပဲဝယ်ပါ...ပြီးတော့ ဆိုင်တွေကလည်း တောင်ဘက်ပိုင်းလမ်းပေါ်က ဆိုင်တွေဖြစ်ရမယ်..."

ခဏရပ်လိုက်ပြီးမှ ချန်ရုံက ဆက်ပြောလိုက်သည်။

"ရှင်တို့အားလုံးကိုပြောချင်တာက အပြင်လူတွေမေးရင် ကျွန်မက ကောက်ပဲသီးနှံတွေကို စာအုပ်တွေနဲ့ လဲလှယ်တယ် လို့ပဲ ပြောစေချင်တယ်..."

ဖျင်မြို့တော်မှ ချန်ရုံယူဆောင်လာသော ချန်ရုံ့ဖခင်၏ အဖိုးတန် ဝါးပေစာများ အနည်းငယ်ရှိနေသေးသည်။ သက်သေတောင်းနေလျှင်လည်း ထိုပေစာများကို ပြလိုက်၍ရလေသည်။

အဖိုးစွင်းက ချန်ရုံ့အား စိတ်ပူစွာကြည့်၍ သက်ပြင်းချကာပြောလိုက်သည်။

"သခင်မလေး...သခင်မလေးရဲ့ ဖခင်က သဝဏ်လွှာပို့ပြီး သခင်မလေးကို ကျန့်ခန်းကို လိုက်လာခိုင်းမယ်ဆိုရင် ဝယ်မယ့်လူတွေကို ရှာတွေ့နိုင်တော့မှာမဟုတ်ဘူး..."

ချန်ရုံက ခေါင်းကိုခါ၍ ‌ပြုံးကာပြောလိုက်သည်။

"အဖိုးစိတ်မပူပါနဲ့...ကျွန်မပြောတဲ့အတိုင်းသာလုပ်ပါ..."

ချန်ရုံသည် အဖိုးစွင်းထွက်သွားသည်ကို ကြည့်၍ ခဏစဉ်းစားနေပြီးမှ အခန်းထဲသို့ပြန်ဝင်ကာ ကြာပွတ်ကိုယူ၍ ကစားရန် အနောက်ဘက်ခြံထဲသို့ ဆင်းသွားတော့သည်။


Xxxxx