Chapter 72
နောက်တစ်နေ့သည်လည်း လျင်မြန်စွာကုန်ဆုံးသွားသည်။
ရန်မင်းပြန်ရောက်လာမှုနှင့်အတူ နန်ယန်တစ်မြို့လုံးသည် ပျော်ရွှင်မြူးတူးနေကြသည်။ ပင်မအိမ်တော်များက ဧည့်ခံပွဲများအလှည့်ကျလုပ်၍ ရန်မင်းအား အထူးဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ကြသည်။
လူတော်တော်များများကတော့ ရန်မင်းက ဟန်လူမျိုးများဘက်၌ရှိနေသည်ဆိုသည်ကို မယုံကြသေးပေ။ သို့သော် အကယ်၍ ရန်မင်းက နန်ယန်အား တိုက်ခိုက်လာသည်ဆိုပါကလည်း သူတို့၏ ကြင်နာသဘောကောင်းမှုများကို သတိရ၍ အသက်ချမ်းသာပေးလိုပေးငြား မျှော်လင့်၍ ရန်မင်းအား ကောင်းကောင်းမွန်မွန်ဆက်ဆံနေကြခြင်းဖြစ်သည်။
တတိယမြောက်နေ့တွင် ချန်ရုံ၏ ခြံဝန်းထဲ၌ မိန်းကလေးများနှင့် ပြည့်နေပြန်လေသည်။
ထိုမိန်းကလေးများသည် အတော်ထူးဆန်းသည်ဟု ဆိုရပေမည်။ သူတို့သည် ချန်ရုံ့အား အလွန်မုန်းတီး၍ အမြဲတမ်း ချန်ရုံ့အား လှောင်ပြောင်နေကြသော်လည်း ချန်ရုံ၏အဆောင်တော်ဆီကိုတော့ လာရသည်ကိုကြိုက်နှစ်သက်ကြပုံရသည်။ ချန်ဝေ့၊ ချန်ချီနှင့် ချန်ချမ်တို့နှင့် စိတ်သဘောထားချင်းတူညီသောမိန်းကလေးများဆိုလျှင် ချန်ရုံနှင့်စကားပြောသည့်အခါတိုင်း မညှာမတာ လှောင်ပြောင်တတ်ကြလေသည်။
ယနေ့တွင်လည်း ချန်ရုံ၏ အဆောင်တော်ထဲ၌ စုဝေးနေကြပြန်သည်။
ချန်ချမ်က ဂျုံမုန့်ကို တစ်ကိုက်စားပြီးသောအခါ ချန်ရုံ့အား မျက်မှောင်ကျုံ့၍ကြည့်ကာ ပြောလိုက်သည်။
"နင့်မှာ အစားအသောက်နဲ့ ပိုင်ဆိုင်မှုတွေ အလျှံအပယ်ရှိတယ်မဟုတ်ဘူးလား...ဘာဖြစ်လို့ သကြားလေးနည်းနည်းကို တွ့န်တိုနေရတာလဲ...မုန့်က ဘာအရသာမှလည်း မရှိဘူး..."
ချန်ရုံကပြုံးလိုက်၍ တမင်သက်သက်လား ရိုးရိုးတန်းတန်းလား မသိနိုင်သောအကြည့်ဖြင့် အထိန်းတော်ဖျင်အား လှမ်းကြည့်လိုက်သည်။
အထိန်းတော်ဖျင်ကလည်း ချန်ရုံလုပ်ပြသည့် အဓိပ္ပာယ်ကိုနားလည်လိုက်သည်။ ထို့ကြောင့် အနား၌ရပ်၍ တစ်ချက်ရယ်ကာပြောလိုက်သည်။
"သခင်မလေးတို့...ကျွန်မရဲ့မမလေးက ရှားပါးတဲ့စာအုပ်စာပေတွေကိုရဖို့ ကောက်ပဲသီးနှံ လှည်း ၇စီးနဲ့ လဲလှယ်ထားတာပါ...အဲ့ဒါကြောင့် အခု ကျွန်မတို့မှာ ကောက်ပဲသီးနှံ လှည်း လေး ငါးစီးစာပဲ ကျန်ပါတော့တယ်..."
အထိန်းတော်ဖျင်၏စကားများကိုကြားလိုက်သောအခါ မိန်းကလေးများ၏စကားပြောဆိုနေသံများသည် ရုတ်တရက် ရပ်တန့်သွားကြသည်။ သူတို့သည် ချန်ရုံ့အား ရယ်ချင်စိတ် အပြင် ကုန်ဆုံးသွားသော ပစ္စည်းဥစ္စာများအတွက် နှမျောစိတ်များပေါ်လွင်နေသည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြသည်။
သို့သော် မည်သူကမှ ဘာမှထုတ်မပြောရဲကြချေ။ ဤကဲ့သို့ အစစအရာရာရှားပါးချိန်၌ စာအုပ်များကို အဖိုးတန်စားစရာများနှင့် လဲလှယ်ယူခြင်းသည် အလွန်မြင့်မြတ်သည့်အလုပ်မဟုတ်လား။
မိန်းကလေးများက အံ့ဩနေကြသည့်အချိန်တွင် ချန်ရုံသည် ခေါင်းကိုငုံ့၍ အင်္ကျီဝတ်ရုံလက်နောက်၌ ဝိုင်အရက်တစ်ငုံသောက်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။
အချိန်အနည်းငယ်ကြာသွားသောအချိန်မှာ ချန်ဝေ့က ပြောလိုက်သည်။
"အားရုံ နင်ဘာဖြစ်လို့ အဖေ့ကို မပြောပဲ ဒီလိုကိစ္စတွေလုပ်ရတာလဲ..."
ချန်ဝေ့၏အသံသည် တုန်လှုပ်နေသကဲ့သို့ ဖြစ်နေသောကြောင့် မိန်းကလေးများက ချန်ဝေ့အား လှည့်ကြည့်လိုက်ကြသည်။
ချန်ဝေ့သည်လည်း သူမ စကားမှားသွားပြီကို သတိထားလိုက်မိ၍ တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားသည်။ ချန်ရုံသည် ချန်အိမ်တော်၏ အခွဲအိမ်တော်ကဖြစ်သောကြောင့် သူမ၏ပိုင်ဆိုင်မှုများကို သူမ ကြိုက်သကဲ့သို့ အသုံးပြုခွင့်ရှိသည်။ ချန်ဝေ့ပြောလိုက်သောစကားက ချန်ဝေ့နှင့် သူမ၏ဖခင်တို့သည် ချန်ရုံ၏ပိုင်ဆိုင်မှုများကို လိုက်လံရေတွက်နေသကဲ့သို့ သဘောသက်ရောက်သွားလေသည်။
ချန်ဝေ့က ကြောင်တောင်တောင်ပြုံးပြလိုက်ကာ ရှင်းပြလိုက်သည်။
"ညီအစ်မတို့ထင်နေသလို သဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူး...ငါဆိုလိုတာက စားစရာက အခုအချိန်မှာ အရမ်းအဖိုးတန်နေတာလေ...အားရုံအတွက် ငါက စိတ်မကောင်းဖြစ်မိရုံသပ်သပ်ပါ..."
ချန်ချမ်က မနေနိုင်ပဲ အော်ရယ်လိုက်သည်။
"အားဝေ့ရယ် နင်ကလည်း အပြောအဆိုမတတ်လိုက်တာ..."
ချန်ချမ်၏အစ်မ ချန်ချီကလည်း ဝင်၍ ပြောဆိုလှောင်ပြောင်လိုက်သည်။
"အားဝေ့က အစတည်းက အဲ့ဒီလိုပဲကို..."
ချန်ဝေ့ ငိုချင်လာမိသည်။ သူမ၏မျက်လုံးများက နီရဲလာကာ နှုတ်ခမ်းများကိုလည်း ခပ်တင်းတင်း စေ့ပိတ်ထားလေသည်။ ထိုဝမ်းကွဲညီအစ်မနှစ်ယောက်လုံးသည် တရားဝင်သမီးများဖြစ်ကြသောကြောင့် သူတို့ကို ချန်ဝေ့ ဘာမှပြန်မပြောနိုင်ပါ။
ချန်ရုံကတော့ ခေါင်းကိုသာငုံ့ထားလိုက်သည်။ သူမသည် မျက်နှာအား အင်္ကျီလက်ဖြင့် ကာ၍ ဝိုင်အရက်တစ်ငုံ ထပ်သောက်လာကာ ရယ်ချင်နေသည့်မျက်နှာကို ဖုံးကွယ်ထားလိုက်သည်။
မင်းသား၏အိမ်တော်မှ ချန်ရုံပြန်ရောက်လာစဉ်က အထိန်းတော်ဖျင်တို့ကို စောင့်ကြည့်ရန် ချန်ယွမ်လွှတ်ထားသောလူများသည် စားနပ်ရိက္ခာသိုလှောင်ရုံဆီသို့လည်း မကြာခဏသွားကြည့်ကြသည်ဟု အထိန်းတော်ဖျင်ထံမှ ချန်ရုံပြန်ကြားထားရသည်။ ထို့ကြောင့် ချန်ယွမ်သည် သူမ၏စားနပ်ရိက္ခာများကို မျက်စောင်းထိုးနေဆဲဖြစ်သည်ကို ချန်ရုံသိထားလိုက်မိသည်။
ယခု ချန်ဝေ့၏စကားအရ ချန်ရုံ၏ထင်မြင်ချက်က မှန်နေလေပေပြီ။
ချန်ဝေ့တစ်ယောက် မျက်ရည်များဝဲနေချိန်တွင် သူတို့နားသို့ ခြေသံတစ်ခုရောက်လာသည်။
"ချန်အိမ်တော်ရဲ့ အားရုံရှိပါသလား..."
အသံတစ်ခု ထွက်ပေါ်လာသည်။
မိန်းကလေးများက လုပ်လက်စများရပ်သွားချိန်တွင် အထိန်းတော်ဖျင်က အလျင်အမြန်ဖြေလိုက်သည်။
"ရှိပါတယ်..."
"ကျွန်တော်က ဝမ်အိမ်တော်ကပါ..."
ရောက်လာသူက ကြေငြာလိုက်သည်။
ဝမ်အိမ်တော် ဆိုပါလား...
အထိန်းတော်ဖျင်သည် အပြင်သို့ အလျင်အမြန်ထွက်၍ ထိုလူအား အရိုအသေပေးလိုက်သည်။
"ပြောပါ..."
ထိုလူသည် လှပသေသပ်စွာပြုလုပ်ထားသော ဖိတ်ကြားလွှာကို ထုတ်ပေးလိုက်၍ ပြုံးကာပြောလိုက်သည်။
"မနက်ဖြန် နေ့လည်ခင်းမှာ သခင်တွေက ဟူရှန်းတောင်နားက ရေကန်ဆီကို လှေစီးခရီးထွက်ကြပါမယ်...ချန်အိမ်တော်ရဲ့အားရုံက ဝမ်ချီလန်ရဲ့ ကျောက်စိမ်းအဆင်တန်ဆာကို လက်ခံရရှိထားတဲ့အတွက်ကြောင့် သူ့ရဲ့ ဗျပ်စောင်းတီးခတ်မှုနဲ့ ဉာဏ်ကွန့်မြူးမှုတွေကို ဖြန့်ဝေပေးဖို့ သခင်ကြီးတွေက မျှော်လင့်နေကြပါတယ်..."
အထိန်းတော်ဖျင်က ဖိတ်ကြားလွှာကို လှမ်းယူလိုက်၍ ဝမ်အိမ်တော်မှလူများ ထွက်ခွာသွားသည်ကို ကြည့်ပြီးမှ ချန်ရုံ့အား လှမ်းကြည့်လိုက်သည်။
မိန်းကလေးများကလည်း ချန်ရုံ့အား ကြည့်နေကြသည်။
ချန်ချမ်က ပါးစပ်ကိုဖုံးကွယ်ကာ လှောင်ပြောင်နေသကဲ့သို့ ရယ်၍ ဦးဆောင်ပြောလိုက်သည်။
"အားရုံ...နင့်ရဲ့ ချီလန်က နင့်ကို သတိရနေပြီထင်တယ်..."
ထိုသို့လှောင်ပြောင်လိုက်သော်လည်း ချန်ချမ်၏အသံက မနာလိုနေသည့်လေသံပေါက်နေလေသည်။ ထိုဖိတ်ကြားမှုသည် သာမာန်ဖိတ်ကြားမှုမျိုးတော့မဟုတ်ပေ။ ပညာရှိများက ဖိတ်ကြားခြင်းပင်ဖြစ်မည်။ ဤကဲ့သို့ ဂုဏ်သရေမြင့်မားသော တွေ့ဆုံပွဲသို့ ဖိတ်ကြားခံရခြင်းမှာ အလွန်ပင် ဂုဏ်ယူစရာကိစ္စဖြစ်လေသည်။
ချန်ချမ်ကဲ့သို့ပင် အခြားမိန်းကလေးများသည်လည်း မနာလိုမှုများဖြင့် မကြည်မသာဖြစ်နေကြသည်။
ထိုအချိန်၌ ချန်ဝေ့က ရုတ်တရက် ဝင်ပြောလိုက်သည်။
"အားရုံက ချီလန်နောက်လိုက်မယ်ဆိုရင် အလွန်ဆုံးဖြစ်ရမှ သူ့ရဲ့ ကိုယ်လုပ်တော်အဆင့်ပဲပေါ့...အားရုံမှာ ဝမ်ချီလန်က သူ့အပိုင်ဆိုပြီး ပြောခွင့်ရှိလို့လား..."
ထို့နောက် ချန်ဝေ့သည် ချန်ရုံ့အား အထင်သေးရှုံ့ချသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးမှ ချန်ချမ်ဘက်သို့ လှည့်လိုက်သည်။
"ကျဲကျဲ...ကျဲရဲ့အဲ့ဒီစကားတွေက လူမှုရေးအဆင့်အတန်းတွေကို ချိုးဖောက်လိုက်သလို ဖြစ်နေပြီနော်..."
ချန်ဝေ့တစ်ယောက် ခုနက "စကားအပြောအဆိုမတတ်" ဟုပြောခံလိုက်ရသောကြောင့် ယခု ပြန်တိုက်ခိုက်နေမှန်း ချန်ချမ်သိသည်။ ချန်ချမ်သည်လည်း ပြန်၍ ပြောဆိုချင်သော်လည်း ချန်ဝေ့၏စကားများက မှန်နေသောကြောင့် ချန်ချမ်သည် ဘာမှပြန်မပြောနိုင်ပဲ ပါးစပ်သာပိတ်ထားလိုက်ရသည်။
ထိုအချိန်၌ ချန်ရုံက မတ်တပ်ရပ်လိုက်၍ အခြားလူများအား အရိုအသေပေးလိုက်သည်။
"ကျွန်မ သိပ်နေလို့မကောင်းလို့ ခွင့်ပြုပါဦး..."
ထိုသို့ပြောပြီးပြီးချင်းမှာပင် ချန်ရုံသည် အိပ်ခန်းဆောင်ဆီသို့ လှည့်ထွက်လာလိုက်သည်။
ထွက်ခွာသွားသော ချန်ရုံ့ကိုကြည့်၍ ချန်ဝေ့က လွှတ်ခနဲ ပြောလိုက်ပြန်သည်။
"ငါပြောလိုက်တာ အထိနာသွားလို့လား အားရုံ...ဒါပေမယ့် နင့်ရဲ့အခြေအနေမျိုးနဲ့ ဝမ်ချီလန်ရဲ့ ကိုယ်လုပ်တော်ဖြစ်ရတာကပဲ နင့်အတွက် အရမ်းကျေးဇူးတင်စရာကောင်းနေပြီမဟုတ်ဘူးလား..."
ချန်ဝေ့သည် ထိုစကားများကိုပြောလိုက်ပြီးမှ စကားများက မညှာမတာနှင့် အရှိုက်ကိုထိစေသောစကားများဖြစ်နေသောကြောင့် လန့်သွားမိကာ ပါးစပ်ကို အင်္ကျီလက်ဖြင့် ကာလိုက်မိသည်။ သို့သော်လည်း ဘာမှပြန်မပြောနိုင်ပဲ ထွက်ပြေးရုံသာတတ်နိုင်သော ချန်ရုံ့ကိုကြည့်၍ ချန်ဝေ့သည် အနည်းငယ်တော့ ကျေနပ်သွားမိသည်။
ချန်ရုံသည် အိပ်ခန်းဆောင်ထဲသို့ ဝင်လာလိုက်သည်။
ထို့နောက် နံရံပေါ်မှ ကြာပွတ်ကိုယူကာ လေထဲ၌ နှစ်ချက်မျှ ဝှေ့ယမ်း၍ ဒေါသတကြီးပြောလိုက်မိသည်။
"ငါသူ့ရဲ့ ပါးစပ်ကို ဆွဲဖဲ့ပစ်ချင်လိုက်တာ!..."
ထိုသို့ ဆဲဆိုလိုက်ပြီးသောအခါမှ အနည်းငယ် နေသာထိုင်သာရှိသွားသည်။ ချန်ရုံသည် ခုံပေါ်၌ နွမ်းလျစွာထိုင်လိုက်၍ စဉ်းစားလိုက်သည်။
မနက်ဖြန်ကျရင် ငါ့ရဲ့ ဗျပ်စောင်းကိုယူပြီး ရေကန်ဆီကိုသွားရမလား...အဲ့ဒီမှာ ဝမ်ချီလန်နဲ့တော့ ငါတွေ့ရမှာပဲ...တခြား နာမည်ကျော် ပညာရှိတွေကိုလည်း ငါတွေ့ရနိုင်တယ်...
ဝမ်ချီလန်အကြောင်းကိုတွေးလိုက်မိသည်နှင့် ချန်ရုံသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ ကိုယ့်ကိုယ်ကိုယ် ကတိပေးလိုက်လေသည်။
ဒီတစ်ခေါက်တော့ ပြန်ပြင်လို့မရနိုင်တဲ့ စကားနဲ့ လုပ်ရပ်တွေကို ဝမ်ချီလန်ကို လုပ်ခွင့် လုံးဝမပေးနိုင်ဘူး...
Xxxxxx