Chapter 73
: တရင်းတနှီးခေါ်ယူတွေ့ဆုံခြင်း
နေ့လည်ခင်း၌ မရင်းနှီးသောအသံတစ်သံထွက်ပေါ်လာသည်။
"အားရုံရှိပါသလား..."
"ရှိပါတယ်..."
အထိန်းတော်ဖျင်က ပြုံးပြ၍ နှုတ်ဆက်ကာပြောလိုက်သည်။
ဝိုင်းစက်သောမျက်နှာနှင့် ကြီးမားသောမျက်လုံးများရှိသည့် အသက် ၁၈ ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးက ရှေ့သို့တိုးလားသည်။ မိန်းကလေးသည် အစေခံတစ်ဦး၏အဝတ်အစားများဝတ်ဆင်ထား၍ သူမ၏ဝတ်စုံမှာ ခရမ်းရောင်ပိုးချည်ထည်ဖြစ်ကာ မျက်နှာ၌လည်း သိမ်မွေ့သောအပြုံးလေးတစ်ခုကို ဆင်ယင်ထားသည်။ ထိုမိန်းကလေးသည် အချို့သောအထက်တန်းလွှာမိန်းမပျိုများထက်ပင် ပို၍ ယဉ်ကျေးသိမ်မွေ့ဟန်ပေါ်နေသည်။
မိန်းကလေးသည် အထိန်းတော်ဖျင်ကိုကြည့်၍ ပြီးမှ ချန်ရုံ၏အိပ်ခန်းဆောင်ဆီသို့ ပြုံး၍ လှမ်းကြည့်လိုက်သည်။
"သခင်မရွမ်က အားရုံကိုခေါ်ခိုင်းလိုက်လို့ပါ..."
သခင်မရွမ်?
ချန်ယွမ်၏ ပထမဇနီးမယားဖြစ်သည့် သခင်မရွမ်လား?
ချန်ရုံက တုန်လှုပ်သွား၍ ချက်ချင်းပင် မတ်တပ်ထရပ်ကာ အခန်းထဲမှ လှမ်းအော်ပြောလိုက်သည်။
"ခဏစောင့်ပါဦး...ကျွန်မ အခုပဲထွက်လာခဲ့ပါ့မယ်..."
"ဟုတ်ကဲ့..."
အစေခံလေးက ပြုံး၍ ပြန်ဖြေလိုက်သည်။
မကြာခင်မှာပင် ချန်ရုံသည် ဖျင်မြို့တော်၌ မကြာခဏဝတ်လေ့ရှိသည့် ဝတ်ရုံဟောင်းကိုဝတ်ကာ အခန်းထဲမှထွက်လာတော့သည်။
ချန်ရုံထွက်လာသည်ကို မြင်သောအခါ အစေခံလေးက အရိုအသေပေးလိုက်၍ နောက်သို့ဆုတ်ကာ ချန်ရုံ့အား အရှေ့မှ အရင်သွားခိုင်းလိုက်သည်။
ချန်ရုံကလည်း အရှေ့မှ ဦးဆောင်၍ လျှောက်သွားလိုက်သည်။
အစေခံလေးသည် အခြားမိန်းမငယ်လေးနှစ်ဦးကို ဦးဆောင်၍ ချန်ရုံ၏နောက်မှ အိန္ဒြေရှိစွာ လျှောက်လာသည်။ ထိုအစေခံလေး၏ လှုပ်ရှားမှုများကိုကြည့်ခြင်းဖြင့် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသော ယဉ်ကျေးသိမ်မွေ့မှုနှင့် ဟန်ပန်အမူအယာတို့ကို မြင်တွေ့နိုင်လေသည်။ ချန်ရုံသည် မြောက်ပိုင်းမှလာသူဖြစ်၍ ချန်ရုံ့ဖခင်၏ ဆုံးမသွန်သင်မှုများကလည်း လျော့ရဲခဲ့သောကြောင့် ထိုကဲ့သို့သောအရာများကို ချန်ရုံ မသိပါချေ။
ချန်ရုံသည် အနောက်သို့လှမ်းကြည့်၍ သူမ၏ခြေလှမ်းများကို နှေးကာ အစေခံလေးကဲ့သို့ လိုက်၍ လျှောက်ကြည့်နေမိသေးသည်။ သို့သော် သိပ်မကြာခင်မှာပင် သခင်မရွမ်အား မျက်နှာချိုသွေးစရာမလိုမှန်း ချန်ရုံ အမှတ်ရမိသွားသည်။ အကယ်၍ သခင်မရွမ်အား ချန်ရုံက မျက်နှာလိုမျက်နှာရလုပ်လျှင်တောင်မှ ကိစ္စများသည် ဘာမှပြောင်းလဲသွားမည်မဟုတ်ချေ။ ထို့ကြောင့် ချန်ရုံသည် အဘယ်ကြောင့် အပင်ပန်းခံ၍ ဟန်တန်းမှလူများကဲ့သို့ လိုက်လျှောက်နေတော့မည်နည်း။
[T/N: ကျောက်ဒေသ၏မြို့တော်ဖြစ်သော ဟန်တန်းမြို့မှလူများသည် သူတို့၏ ယဉ်ကျေးသိမ်မွေ့သော လမ်းလျှောက်ဟန်များကြောင့် နာမည်ကြီးကြသည်။ ဟန်တန်းမြို့သို့အလည်လာသော ယန်မြို့သားတစ်ဦးသည် ဟန်တန်းမှလူများ လမ်းလျှောက်သကဲ့သို့ လိုက်လျှောက်ကြည့်ရင်း မူလလမ်းလျှောက်ပုံကိုပင်မေ့လျော့သွားသည်ဟု ကြားဖူးကြသည်။]
ထိုအတွေးနှင့်အတူ ချန်ရုံသည် ခြေလှမ်းများကို ဖြေလျော့လိုက်၍ မူလအတိုင်း အလျင်အမြန်ပင် လျှောက်လာလိုက်တော့သည်။
ရုတ်တရက် မြန်ဆန်သွားသော ချန်ရုံ၏ခြေလှမ်းများကို နားမလည်နိုင်ဖြစ်သွားသော အစေခံများသည် ချန်ရုံ့ကိုမှီရန် အပြေးအလွှား နောက်မှလိုက်လာကြရသည်။
သခင်မရွမ်၏အဆောင်တော်ရှေ့သို့ ချန်ရုံရောက်သွားသောအခါ အစေခံလေးများသည် အသက်ကိုပင် မနည်းရှူနေကြရလေသည်။
ခြံတံခါးဝ၌ အစေခံလေးတစ်ဦးသည် လေကို ပင့်သက်ရှူ၍ ချန်ရုံ့ကိုပြုံးပြကာ ပြောလိုက်သည်။
"သခင်မလေး...ကျွန်မတို့ သခင်မကို အသိပေးမလို့ ခဏစောင့်ပါဦးနော်..."
ချန်ရုံက ခေါင်းငြှိမ့်၍ ခေါင်းကိုစောင်းကာ ဘေးပတ်ဝန်းကျင်မှ ရှုခင်းများကိုကြည့်နေလိုက်သည်။
"အားရုံလား...ဝင်ခဲ့လေ..."
"ဟုတ်ကဲ့..."
ချန်ရုံက ပြန်ဖြေ၍အဆောင်တော်ခြံဝန်းထဲသို့ ဝင်လာလိုက်သည်။
ချန်ရုံက လှေကားများနားသို့ရောက်သောအခါ အစေခံလေးက ချိုမြစွာပြုံးပြလိုက်သည်။ ချန်ရုံအနားသို့ ရောက်လာသောါခါ ခါးကိုအနည်းငယ်ကိုင်းလိုက်၍ အရိုအသေပေးကာ ပြောလိုက်သည်။
"သခင်မ အထဲမှာ စောင့်နေပါတယ်..."
"ဟုတ်ကဲ့..."
ချန်ရုံက အစေခံလေးအား ကျော်၍ အခန်းထဲသို့ တန်းဝင်သွားလိုက်သည်။
သခင်မရွမ်၏ အဆောင်တော်သည် အလွန်ခမ်းနားလှပစွာ တန်ဆာဆင်ထားလေသည်။ ချန်ရုံ ပထမဆုံးသတိထားလိုက်မိသည့်အရာက သုံးပေ အရှည်ရှိသော သန္တာကျောက်တစ်ခုဖြစ်သည်။ ထိုသန္တာကျောက်သည် ဖျင်မြို့တော်၌ ချန်ရုံပေါက်ခွဲခဲ့သော သန္တာကျောက်ထက် အရောင်အသွေးရော အရည်အသွေးပါ ပို၍သာလေသည်။
သို့သော်လည်း ထိုမျှ အဖိုးအနဂ္ဂထိုက်တန်သော သန္တာကျောက်သည် ဘာမှအဖိုးမတန်သည့်အရာကဲ့သို့ မဟော်ဂနီစားပွဲပေါ်၌သာ တင်ထားခြင်းခံရလေသည်။
ချန်ရုံသည် အကြည့်ကိုလွှဲလိုက်၍ အခန်းအလယ်၌ အလွန်လှပသော ကျောက်စိမ်းကန့်လန့်ကာဘေးမှ ညောင်စောင်းပေါ်တွင် ထိုင်နေသော အမျိုးသမီးအား အရိုအသေပေးလိုက်သည်။
"အဒေါ်..."
အမျိုးသမီးသည် အသက်လေးဆယ်ကျော်ခန့်ရှိပေပြီ။ သူမ၏ အသားအရည်သည် ချောမွေ့၍ စိုပြေကာ အပြုံးဖျော့ဖျော့ပြုံးနေသော မျက်နှာ၌လည်း အရေးအကြောင်းဟူ၍ အနည်းငယ်မျှပင်မရှိချေ။
ထိုအမျိုးသမီး၏အနောက်၌ရှိနေသည်က ချန်ရုံနှင့် တွေ့ဖူးပြီးဖြစ်သော အသက်နှစ်ဆယ်ကျော်ခန့်ရှိသည့် အမျိုးသမီးဖြစ်သည်။ ထိုအမျိုးသမီးသည် ထိုနေ့က ချန်ရုံ၏ နေမကောင်းဟန်ဆောင်မှုကို ဖော်ထုတ်လိုက်သူဖြစ်သည်။ ထိုအမျိုးသမီးသည် ချန်ယွမ်၏ကိုယ်လုပ်တော်တစ်ဦးဖြစ်သည်ဟု ချန်ရုံ သိထားသည်။
ထိုအမျိုးသမီးသည် သခင်မရွမ်၏ လူများထဲမှတစ်ယောက်ဖြစ်သည်။ သူမသည် ဉာဏ်ကောင်း၍ ကျွမ်းကျင်လိမ္မာမှုရှိကာ ချန်ယွမ်၏ ပစားပေးခြင်းကိုခံရသူတစ်ဦးလည်းဖြစ်သည်။ ကိုယ်လုပ်တော်သာဖြစ်သော်လည်း သူမ၏ အဆင့်အတန်းသည် သာမာန်ကိုယ်လုပ်တော်များထက် မြင့်မားလေသည်။
သခင်မရွမ်က ချန်ရုံ့အား အကဲခတ်နေရင်းက ပြုံး၍ ထိုင်ခုံဆီသို့ ညွှန်ပြလိုက်သည်။
"ထိုင်လေ..."
"ဟုတ်ကဲ့..."
ချန်ရုံသည် ထိုင်ခုံဆီသို့လျှောက်သွား၍ ဟန်ပန်များလုပ်မနေပဲ စိတ်လွတ်လက်လွတ်သာ ထိုင်ချလိုက်သည်။ ချန်ရုံ ရောက်လာချိန်မှစ၍ ချန်ရုံ၏အပြုအမူများသည် လိမ်လိမ်မာမာပါးပါးနပ်နပ်မရှိ၍ အိန္ဒြေသိက္ခာလည်း မဲ့နေသကဲ့သို့ဖြစ်နေလေသည်။ သခင်မရွမ်သည်လည်း မသိမသာပင် မျက်မှောင်ကျုံ့လိုက်မိသည်။
"အားရုံ...ငါ နန်ယန်မြို့ကို ဟိုတစ်နေ့ကမှ ပြန်ရောက်တာ..."
အမျိုးသမီးကြီးက တိတ်ဆိတ်စွာထိုင်၍ ခေါင်းကိုငုံ့ထားသောချန်ရုံ့ကိုကြည့်၍ ဖြည်းညှင်းစွာ စကားစပြောလိုက်သည်။
"ငါ တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် မင်းကို ပစ်ထားမိတယ်...မင်း စိတ်မခုဖို့ ငါမျှော်လင့်ပါတယ်..."
"အဲ့ဒီလိုစိတ်မျိုး မရှိရဲပါဘူး အဒေါ်..."
ချန်ရုံက အလျင်အမြန်ပင် ခါးကိုကိုင်း၍ ပြောလိုက်သည်။
သခင်မရွမ် အေးအေးဆေးဆေးပင်ပြုံးပြလိုက်သည်။
"မင်းရဲ့ မိဘတွေမရှိချိန်မှာတော့ ငါက မင်းရဲ့အမေအဖြစ် တာဝန်ယူပေးမယ်...ဒါကြောင့် ငါ့ကို အရမ်းကြီး ယဉ်ယဉ်ကျေးကျေးဆက်ဆံစရာမလိုဘူး ဟုတ်ပြီလား..."
"ဟုတ်ကဲ့..."
ထို့နောက် သခင်မရွမ်သည် ချန်ရုံ့ထံမှအကြည့်ကိုလွှဲလိုက်ကာ မျက်နှာကို တည်လိုက်သည်။
"အားရုံ...နောက်လကျရင် မင်း အသက် ၁၅ နှစ်ပြည့်တော့မှာ မဟုတ်လား..."
ငါ့ကိုဒီကိုခေါ်တာ လက်ထပ်ပေးဖို့ ကိစ္စအကြောင်းပြောမလို့လား...
ချန်ရုံ၏ နှလုံးသားက ပြင်းထန်စွာခုန်လာလေသည်။
ချန်ရုံက ထပ်၍ အရိုအသေပေးကာ ပြောလိုက်သည်။
"ဟုတ်ပါတယ်...အဒေါ့်ရဲ့ မှတ်ဉာဏ်က အရမ်းကို ကောင်းလှပါတယ်..."
သခင်မရွမ်က သက်ပြင်းချလိုက်သည်။
"မင်းက အသက် ဆယ့်ငါးနှစ်တောင် မပြည့်သေးတဲ့ မိန်းကလေးပဲရှိသေးတာပေါ့..."
သခင်မရွမ်၏အသံ၌ ချန်ရုံနားမလည်နိုင်သော စိတ်ပျက်ဒေါသထွက်မှုအနည်းငယ် ပါနေလေသည်။
ချန်ရုံသည် တစ်စုံတစ်ရာကို နားမလည်ပါက သူမ မကြားလိုက်သကဲ့သို့ပင် ပြုမူတတ်သည်။ ထို့ကြောင့် ချန်ရုံသည် ဝတ္တရားအရ ခေါင်းကို ဆက်ငုံ့ထား၍ မျက်နှာကလည်း အပြစ်ရှိသူကဲ့သို့ပုံစံမဖြစ်သွားပေ။
သခင်မရွမ်၏မျက်ခုံးများသည် ပို၍ပင်တွန့်ကွေးသွားကြသည်။
သခင်မရွမ်သည် ခွက်ကိုမြှောက်၍ နို့တစ်ငုံသောက်ကာ ဖြည်းညှင်းစွာမေးလိုက်သည်။
"အခု အားရုံရဲ့ အဆောင်ကို ဘယ်သူ ကွပ်ကဲနေလဲ..."
သခင်မရွမ်၏အနောက်မှ အမျိုးသမီးငယ်က ရှေ့သို့ထွက်လာ၍ ယဉ်ကျေးစွာ အရိုအသေပေးကာ ပြောလိုက်သည်။
"သခင်မလေးမှာ မြောက်မြားလှတဲ့ ပိုင်ဆိုင်မှုတွေရှိပြီး ဘဏ္ဍာထိန်းကို အဲ့ဒီပိုင်ဆိုင်မှုတွေကို သူကိုယ်တိုင်ပဲ စီမံမယ်လို့ ပြောထားပါတယ်..."
သခင်မရွမ်က မျက်မှောင်ကြုတ်၍ ခွက်ကို ချလိုက်သည်။
"ဒီလိုတော့ ဘယ်ဖြစ်ပါ့မလဲ...အခု အားရုံက သူ့ဦးလေးနဲ့ ငါ့ရဲ့အုပ်ထိန်းမှုအောက်ကိုရောက်နေပြီဆိုတော့ သူ့ကို ဒီလို တစ်ယောက်တည်း လွှတ်ထားပေးလို့ မဖြစ်တော့ဘူးလေ..."
သခင်မရွမ်သည် ချန်ရုံ့ဘက်သို့ လှည့်၍ နွေးထွေးစွာပြောလိုက်သည်။
"ငါ့မှာ သမီးဆိုလို့ အားဝေ့ တစ်ယောက်ပဲရှိတာ...အခုတော့ အားရုံအပါအဝင် နောက်တစ်ယောက်တိုးလာပြီပေါ့လေ...အဲ့ဒါက ပျော်စရာကိစ္စပါ...အားရုံ မင်းကို အခုကစပြီး စားစရာနဲ့ အဝတ်အစားဖို့ငွေကြေးကို အားဝေ့နဲ့တန်းတူပေးမယ်လေ...ဘယ်လိုသဘောရလဲ..."
ချန်ရုံသည် ထိုစကားများကိုကြားလိုက်သောအခါ သူမ၏ရိုကျိုးနေသောပုံစံမှ ခါးကိုပြန်မတ်လိုက်သည်။ ထို့နောက် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။
"အဒေါ် ကျွန်မက ကျွန်မရဲ့ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်စီမံနေတယ်ဆိုတာ ဒီလိုပါ...မကြာသေးခင်က အိမ်တော်မှာ ကောက်ပဲသီးနှံတွေ ရှားပါးနေလို့ဆိုပြီး ဦးလေးက အစေခံတွေကို လျှော့ခိုင်းခဲ့ပါတယ်...ကျွန်မရဲ့အစေခံတွေက ကျွန်မမွေးတည်းက တူတူရှိလာတဲ့လူတွေမို့လို့ ကျွန်မ အလုပ်မထုတ်ပစ်ချင်ပါဘူး...အဲ့ဒါကြောင့် ကျွန်မရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို ကျွန်မကိုယ်တိုင် ကိုင်တွယ်ခွင့်ပေးဖို့ ဦးလေးကို ခွင့်တောင်းခဲ့တာပါ..."
ချန်ရုံက စကားကိုခဏရပ်၍ ပြုံးလိုက်ကာ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ကျွန်မရဲ့ အစေခံတွေကို အလုပ်မဖြုတ်ပစ်ဘူးဆိုရင် အဒေါ်ပြောသမျှကို ကျွန်မ လိုက်နာပါ့မယ်..."
မျက်ခုံးများတွန့်ကွေးနေသော သခင်မရွမ်သည် ချန်ရုံ၏စကားကိုကြားသောအခါ ခေါင်းကို တိတ်ဆိတ်စွာ ခါယမ်းလိုက်သည်။
သခင်မရွမ်သည် ချန်ရုံ စကားပြောပြီးအောင်စောင့်နေပြီးမှ ခပ်ဖြည်းဖြည်းသက်ပြင်းချလိုက်သည်။
"ဒါတွေအကုန်လုံး ငါ့အပြစ်တွေပါပဲ...အားဝေ့တုန်းကလည်း တစ်မျိုး...အခု အားရုံနဲ့ကျတော့တစ်မျိုး...ဘယ်လိုတောင် စဉ်းစားဆင်ခြင်မှုမရှိတဲ့ စကားနဲ့ အပြုအမူတွေပါလိမ့်..."
လူကြီးတစ်ဦးက သူမကိုယ်သူမ ဤကဲ့သို့ အပြစ်တင်နေပြီဆိုလျှင် ချန်ရုံကဲ့သို့ ငယ်ရွယ်သူက အရင်ထ၍ တောင်းပန်ရမည်မှာ ထုံးတမ်းစဉ်လာပင်ဖြစ်သည်။ သို့သော် ချန်ရုံကတော့ နားမလည်သည်လား တမင်သပ်သပ်သည်လား မသိသော်လည်း မတောင်းပန်ပဲ နေရာ၌သာ တိတ်ဆိတ်စွာ ထိုင်နေလေသည်။
သခင်မရွမ်၏မျက်ခုံးများက ပို၍ တွန့်ကွေးလာကြသည်။ သူမသည် အနောက်မှ အမျိုးသမီးငယ်အား လှမ်းကြည့်လိုက်သည်။
အနောက်မှ အမျိုးသမီးငယ်က ရှေ့သို့တိုး၍ သခင်မရွမ်နားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။
"ဝမ်ချီလန်က အဲ့ဒါတွေကြောင့် အားရုံကို ကြိုက်နေတာလည်း ဖြစ်နိုင်ပါတယ်..."
သခင်မရွမ်က ထိုမှတ်ချက်ကို ခဏမျှစဉ်းစားလိုက်ပြီးမှ ခေါင်းကိုငြှိမ့်လိုက်သည်။
ထို့နောက် သခင်မရွမ်က ချန်ရုံ့အား ပြန်ကြည့်လိုက်သောအခါ သူမ၏အပြုံးများသည် ယခင်ကထက်ပို၍ လှိုက်လှိုက်လှဲလှဲ ရှိလာလေသည်။
သခင်မရွမ်သည် ခွက်ကိုမ၍ နို့တစ်ငုံထပ်သောက်ပြီးသောအခါ ရယ်၍ပြောလိုက်သည်။
"အားရုံ...မင်းက မင်းဦးလေးပြောသလို တကယ်ပဲ ပွင့်လင်းပြီး လူချစ်လူခင်ပေါတာပဲ..."
ချန်ယွမ်က ချန်ရုံသည် ပွင့်လင်း၍ လူချစ်လူခင်ပေါများသည်ဟု ပြောသည်တဲ့လား။ ချန်ရုံသည် အော်၍ပင် ရယ်မိတော့မတတ်ဖြစ်သွားသည်။
သခင်မရွမ်သည် ချန်ရုံနှင့် အချိန်အတော်ကြာ အတူရှိချင်သည့်ပုံ မပေါ်တော့ပေ။ သူမ၏ ပျော့ပျောင်းသောအသံသည် အနည်းငယ် အလျင်လိုသည့်ပုံပေါက်လာသည်။
"အားရုံ...မင်းက အခု အသက် ၁၅ နှစ်ရှိနေပြီ...အဲ့ဒီအသက်က မငယ်တော့ဘူး...နောင်အနာဂတ်မှာ တစ်ယောက်ယောက်ရဲ့ ဇနီးမယားဖြစ်လာရင် ဘေးပတ်ဝန်းကျင်ကို ဒီ့ထက်ပိုပြီး အာရုံစိုက်ပါ..."
ထို့နောက် သခင်မရွမ်က မော့ကြည့်၍ အပြင်သို့ အော်ပြောလိုက်သည်။
"နုန်အာ...စန်းလန်ကို ခေါ်လိုက်ပါ..."
[T/N: စန်းလန် = တတိယမြောက်သား။ ဝမ်အိမ်တော်ရဲ့ ဝူလန်နဲ့ ချီလန်တို့လို နာမည်မျိုးပါပဲ။ သူကတော့ ချန်အိမ်တော်က တတိယမြောက်သား စန်းလန် ပါ။]
"ဟုတ်ကဲ့...."
ချန်ရုံက ဘာမှမသိ၍ စိတ်ရှုပ်နေဆဲတွင် လူငယ်တစ်ဦး၏ ခပ်ရှရှအသံက အပြင်၌ ထွက်ပေါ်လာသည်။
"အမေ...ကျွန်တော့်ကို ခေါ်ပါသလား..."
ထိုလူငယ်၏အသံကို ကြားလိုက်သောအခါ သခင်မရွမ်သည် အလွန်ပျော်ရွှင်သွားပုံရသည်။
"စန်းလန်...အထဲဝင်ခဲ့လေ..."
သခင်မရွမ်က ချစ်ခင်ယုယမှုအပြည့်ဖြင့် ခေါ်လိုက်သည်။
အသက် ၁၈ နှစ် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက အခန်းထဲသို့ ဝင်လာသည်။
ထိုလူငယ်သည် အခန်းထဲ၌ မထင်မှတ်ပဲ ချန်ရုံ့အားတွေ့လိုက်သောအခါ ခဏမျှ ရပ်သွားသည်။
သို့သော် လူငယ်သည် အကြည့်ကို အလျင်အမြန်လွှဲလိုက်၍ သခင်မရွမ်အား အရိုအသေပေးကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ထိုင်လေ...ငါ့သား..."
"ဟုတ်ကဲ့..."
ထိုင်ခုံပေါ်၌ ဝင်ထိုင်ပြီးသောအခါ လူငယ်သည် သူ၏စိတ်ဝင်စားမှုကို ချန်ရုံ့ထံသို့ ဦးတည်ကာမေးလိုက်သည်။
"အမေ...သူက..."
"သူလား...သူက အားရုံလေ..."
"ခင်ဗျာ..."
အံ့ဩသွားသော လူငယ်က ချန်ရုံ့အား စူးစမ်းသောအကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
"'ဖီးနစ်ငှက်၏အချစ်တေးသံ' ကိုတီးခတ်တဲ့ အားရုံလား..."
သခင်မရွမ်က လူငယ်၏လက်ကို ယုယမြတ်နိုးစွာ ပုတ်၍ ပြောလိုက်သည်။
"မင်းရဲ့ ညီမလေးကို ဒီလိုမပြောနဲ့လေ..."
"အားရုံ..."
သခင်မရွမ်က ပြုံး၍ပြောလိုက်သည်။
"ဒါ မင်းရဲ့ တတိယမြောက်အစ်ကိုဝမ်းကွဲပဲ...အားဝေ့လိုပဲ သူ့ကို အစ်ကိုလိုပဲဆက်ဆံပေါ့..."
"ဟုတ်ကဲ့..."
ချန်ရုံက မတ်တပ်ရပ်၍ လူငယ်အား အရိုအသေပေးကာ ပြောလိုက်သည်။
"နေကောင်းပါရဲ့လား အစ်ကိုသုံး..."
ချန်စန်းလန်ကလည်း မတ်တပ်ရပ်၍ ချန်ရုံအား အရိုအသေပြန်ပေးလိုက်သည်။
"ငါတို့အချင်းချင်းကြားမှာ ဒီလို ယဉ်ကျေးမှုတွေလုပ်မနေပါနဲ့..."
ချန်ရုံတို့အားကြည့်၍ ဝမ်းသာအားရဖြစ်နေသော သခင်မရွမ်က ပြုံး၍ နွေးထွေးစွာပြောလိုက်သည်။
"အားရုံ...မင်းရဲ့ အစ်ကိုသုံးကလည်း အရမ်းကို ထက်မြက်တဲ့လူငယ်ပဲ...နောင်အနာဂတ်မှာ မင်း သူနဲ့တူတူ အချိန်တွေပိုကုန်ဆုံးသင့်တယ်...ဟို ပါးစပ်စည်းကမ်းမရှိပဲ အပြုအမူတွေကလည်း ရိုင်းစိုင်းနေတဲ့လူတွေနဲ့တော့ မင်း သတိထားပြီး ပြောဆိုဆက်ဆံပါ..."
ချန်ရုံသည် စကားများကို လွယ်လွယ်နှင့် နားမလည်သည်ကို မြင်သောကြောင့် သခင်မရွမ်သည် သူမ ပြောချင်သည်များကို ဘွင်းဘွင်းရှင်းရှင်းသာပြောလိုက်သည်။
Xxxxxc