Chapter 74
သခင်မရွမ်က အပွင့်လင်းဆုံးပြောလိုက်သော်လည်း ချန်ရုံကတော့ သဘောမပေါက်ချေ။
ချန်ရုံသည် နားမလည်စွာဖြင့် မော့ကြည့်ကာ သူမ၏အဒေါ်အားမေးလိုက်သည်။
"ပါးစပ်စည်းကမ်းမရှိပဲ ရိုင်းစိုင်းတဲ့အပြုအမူတွေလုပ်တဲ့လူတွေ ဟုတ်လား...အဒေါ် ဘယ်သူတွေကို ဆိုလိုတာပါလဲ..."
ချန်ရုံ၏မှတ်ဉာဏ်ထဲတွင် သူမ မှလွဲ၍ ထိုမှတ်ချက်နှင့်ကိုက်ညီသည့်လူမျိုးကိုစဉ်းစား၍မရဖြစ်နေသည်။
သခင်မရွမ်ကတော့ စိတ်မရှည်သည့်မျက်လုံးများဖြင့် စိတ်ရှုပ်နေသော ချန်ရုံ့အား စိုက်ကြည့်နေလေသည်။
ချန်ရုံ့ဘေး၌ ထိုင်နေသော ချန်စန်းလန်သည် ချန်ရုံ၏မျက်နှာလေးက အလွန်ဆွဲဆောင်မှုရှိသည်ကို သတိထားမိသွား၍ ချန်ရုံ့အား အကြည့်မလွှဲတမ်း ကြည့်နေမိလေသည်။
ထိုကဲ့သို့ တင်းမာနေသောအခြေအနေတွင် သခင်မရွမ်၏နောက်မှ အမျိုးသမီးငယ်က ထလိုက်၍ ချိုမြစွာပြုံးကာပြောလိုက်သည်။
"ဟုတ်ပြီ ဟုတ်ပြီ...အားရုံ မင်းရဲ့အဒေါ်လည်း ပင်ပန်းနေပြီ... ငါ မင်းကို အပြင်ကို လိုက်ပို့ပေးမယ်..."
ချန်ရုံသည် ယခုမှစိတ်သက်သာရာရသွား၍ သက်ပြင်းချမိတော့မတတ်ဖြစ်သွားသည်။ ချန်ရုံသည် အမြန်ထကာ ပြောလိုက်သည်။
"ဟုတ်ကဲ့..."
အမျိုးသမီးက ချန်ရုံ၏ရှေ့မှ အရင်ထွက်သွားသည်။
လှေကားများဆီသို့ရောက်သောအခါ အမျိုးသမီးက ချန်ရုံ့နားသို့ တိုးကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။
"အားရုံ ငါတို့က ချန်အိမ်တော်က တခြားလူတွေအားလုံးကို အရမ်းရွံမုန်းကြတယ်...ဟွန့် သူတို့က အိမ်တော်ရဲ့တရားဝင်သမီးတွေ ဖြစ်နေပါစေဦးတော့ သူတို့ရဲ့ အသိဉာဏ်နဲ့ လှပမှုနဲ့ နင်နဲ့ ဘယ်လိုများ ယှဉ်နိုင်မှာလဲ..."
ချန်ရုံ ယခုမှပင် သဘောပေါက်သွားတော့သည်။ သခင်မရွမ်သည် ချန်ချမ်နှင့် ချန်ချီအား ရည်ရွယ်၍ပြောနေခြင်းဖြစ်ပေသည်။
ချန်ရုံနားလည်သွားသည်ကိုမြင်သောအခါမှ အမျိုးသမီး၏မျက်နှာမှ ခပ်တောင့်တောင့်အပြုံးကပျောက်ကွယ်သွားသည်။ သူမသည် အခန်းဆီသို့ လှမ်းကြည့်၍ ချန်ရုံ့အား ပြောလိုက်ပြန်သည်။
"ဝမ်ချီလန်က မင်းကို မနက်ဖြန် ရေကန်ဆီသွားမယ့်ခရီးကိုလာဖို့ ဖိတ်ကြားထားတယ်မဟုတ်လား..."
ချန်ရုံက အံ့ဩစွာခေါင်းငြှိမ့်လိုက်သည်။
သူမ ပြောချင်သည်ကို ချန်ရုံ သဘောမပေါက်ပြန်သည်ကို မြင်သောအခါ အမျိုးသမီး၏အပြုံးသည် ပြန်၍ တောင့်တင်းသွားပြန်သည်။ သူမသည် မတတ်နိုင်တော့ပဲ ချန်ရုံ့အား တီးတိုးပြောလိုက်သည်။
"မနက်ဖြန်ကျရင် ရေကန်ဆီခရီးကို မင်းရဲ့ အစ်ကိုသုံးကို ခေါ်သွားခိုင်းလိုက်ပါ..."
ထိုအခါမှပင် ချန်ရုံ သဘောပေါက်သွားပြန်သည်။
"ဟုတ်ကဲ့..."
ချန်ရုံက ရိုသေစွာပြော၍ အရိုအသေပေးလိုက်သည်။
အမျိုးသမီးငယ်က ကျေနပ်စွာခေါင်းငြှိမ့်၍ ကြင်နာစွာပြောလိုက်သည်။
"သွားတော့..."
"ဟုတ်ကဲ့..."
အမျိုးသမီးသည် ခေါင်းကိုခါ၍ ချန်ရုံ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။
အစေခံတစ်ဦးက အမျိုးသမီး၏နောက်သို့လာရပ်၍ မရယ်မိစေရန် ထိန်းထားရင်းနှင့် ပြောလိုက်သည်။
"ဒီလောက်တောင် တုံးအတဲ့ မိန်းကလေးတစ်ယောက်ကို ကျွန်မဘဝမှာ ပထမဆုံးတွေ့ဖူးတာပဲ..."
အမျိုးသမီးက ခေါင်းငြှိမ့်၍ သက်ပြင်းချကာ ပြောလိုက်သည်။
"ဝမ်ချီလန်က သူ့ကို အရမ်းအထင်အမြင်ကြီးနေတော့လည်း ဘာမှမတတ်နိုင်ဘူးလေ...ကျန့်ခန်းမှာက တော်ဝင်မိသားစုကတောင်မှ ဝမ်အိမ်တော်ရဲ့ ဩဇာအာဏာကို မယှဉ်နိုင်ဘူးဆိုတာ နင်လည်း သိသားပဲ...စန်းလန်သာ ဝမ်ချီလန်ဆီက ချီးမြှောက်မှုကိုရရင် သူ ကျန့်ခန်းကိုသွားတဲ့အခါ အရမ်းကို အထောက်အကူဖြစ်လိမ့်မယ်..."
နောက်တစ်နေ့၌ မွန်းတည့်ချိန်မရောက်သေးခင်မှာပင် ချန်စန်းလန်၏ရထားလုံးက ချန်ရုံ၏အဆောင်တော်ရှေ့သို့ ဆိုက်ရောက်လာသည်။
"အားရုံ...သွားကြမယ်လေ..."
ချန်ရုံက ပြန်ဖြေလိုက်၍ သူမ၏ ဗျပ်စောင်းကို ယူကာ ထွက်လာလိုက်သည်။
ခြံတံခါးဝသို့ရောက်သောအခါ ဘေးဘက်အဆောင်မှနေ၍ ချန်ဝေ့တစ်ယောက် ချန်ရုံနှင့် ချန်စန်းလန်တို့၏ရထားလုံးများကို စပ်စုစွာဖြင့် ချောင်းကြည့်နေသည်ကို ချန်ရုံ အံ့ဩစွာမြင်လိုက်ရသည်။ ချန်စန်းလန်ကိုကြည့်နေသော ချန်ဝေ့၏မျက်လုံးများသည် ဂဏာမငြိမ်ဖြစ်နေသောကြောင့် ချန်ဝေ့သည် ချန်စန်းလန်အား အနည်းငယ်ကြောက်လန့်နေပုံရသည်။
ချန်ရုံ အနားသို့ရောက်လာသောအခါ ချန်စန်းလန်က သူ၏ ရထားလုံးလိုက်ကာကိုမ၍ ချန်ရုံ၏လက်ထဲမှ ဗျပ်စောင်းကိုလှမ်းကြည့်လိုက်သည်။
"အဲ့ဒီ ဗျပ်စောင်းရိုးရိုးကြီးက ငါတို့ရဲ့ ဂုဏ်သိက္ခာကို မကျဆင်းစေဘူးလား...'
ချန်စန်းလန်က မျက်မှောင်ကြုတ်၍ပြောလိုက်သည်။
ထို့နောက် ချန်စန်းလန်သည် အပြင်သို့ ကိုင်း၍ ကျောက်စိမ်းနှင့် ပုလဲများဖြင့် လှပစွာပြုလုပ်ထားသော ဗျပ်စောင်းကို ချန်ရုံ့အား ပြုံး၍လှမ်းပေးလိုက်သည်။
"ဒါပေမယ့် မင်းရဲ့ အစ်ကိုသုံးက အဆင်သင့် ပြင်ဆင်လာတာမို့လို့ မင်းကံကောင်းသွားတယ်...အားရုံ ဒီဗျပ်စောင်းကို သုံးလိုက်ပါ..."
တမင်ရည်ရွယ်သည်လား မရည်ရွယ်သည်လား မသိသော်လည်း ချန်စန်းလန်က ချန်ရုံ့အား ဗျပ်စောင်းကိုကမ်းပေးလိုက်သောအခါ ချန်စန်းလန်၏လက်က ချန်ရုံ၏ ကြွေသားကဲ့သို့ ဖြူဖွေးသော လက်ခုံနှင့် ပွတ်တိုက်မိသွားလေသည်။
ချန်ရုံသည် သစ္စာရှိသောအကြည့်ဖြင့် သူမ၏ ဗျပ်စောင်းလေးကိုပိုက်ကာ နောက်သို့တစ်လှမ်းဆုတ်လိုက်၍ ဖျော့တော့စွာ ပြုံးလိုက်သည်။
"အစ်ကိုသုံးက အစိုးရိမ်လွန်နေတာပါ...ချီလန်က ကျွန်မရဲ့ဗျပ်စောင်းကို အရင်တည်းက မြင်ဖူးထားပါတယ်..."
ချန်စန်းလန်က ခဏမျှစဉ်းစားလိုက်ပြီးမှ ချန်ရုံသည် ဝမ်ချီလန်အတွက် "ဖီးနစ်ငှက်၏အချစ်တေးသံ" တေးသွားကို လူတိုင်းရှေ့၌ တီးခတ်ခဲ့ဖူးသည်ကို အမှတ်ရသွားသည်။ ချန်စန်းလန်သည် ထိုအခါမှ ခေါင်းကိုခါ၍ ခပ်တိုးတိုးပြောလိုက်သည်။
"ဒါဆိုရင်လည်း ထားလိုက်ပါတော့...မင်းကြိုက်သလိုသာလုပ်ပါ..."
ချန်စန်းလန်သည် သူ၏ ဗျပ်စောင်းကိုပြန်ချ၍ ချန်ရုံ၏ပြည့်တင်းသောရင်သားများကိုကြည့်ရင်းဖြင့် ရယ်မောကာပြောလိုက်သည်။
"အားရုံ ငါနဲ့တူတူ ရထားလုံးတစ်စီးတည်းမှာ လိုက်စီးပါလား...ငါတို့ မောင်နှမတွေ ဘယ်လောက်ရင်းနှီးကြောင်း အပြင်လူတွေသိအောင် ပြရမယ်လေ..."
"ကျေးဇူးတင်ပါတယ် အစ်ကိုသုံး...ဒါပေမယ့် ကျွန်မအတွက် ရထားလုံးက အားလုံးအဆင်သင့်ဖြစ်နေပါပြီ..."
ချန်ရုံက ခေါင်းကိုခါ၍ ပြုံးကာပြောလိုက်သည်။ ထို့နောက် ချန်ရုံသည် နောက်သို့လှည့်၍ သူမ၏ ရထားလုံးဆီသို့ လျှောက်လာလိုက်သည်။
လျှောက်နေရင်းဖြင့် ချန်ရုံသည် အမှတ်တမဲ့ဖြင့် တံခါးများနောက်မှ မနာလိုမှုများနှင့် ချောင်းကြည့်နေသော ချန်ဝေ့အား မြင်လိုက်ရလေသည်။
ချန်ရုံသည် အကြည့်ကိုလွှဲလိုက်၍ စကတ်စကိုမကာ ရထားလုံးထဲသို့ ဝင်လိုက်သည်။ မကြာမီတွင် ရထားလုံးနှစ်စီးသည် စီတန်း၍ ပင်ပတံခါးဝသို့ မောင်းနှင်သွားတော့သည်။
"မင်းနဲ့ ဝမ်ချီလန်က လမ်းမှာဆုံတွေ့ခဲ့ကြတာလို့ ငါကြားတယ်...အဲ့ဒါ ဟုတ်လား...'
ချန်စန်းလန်က ရထားလုံး၏လိုက်ကာကိုမ၍ ချန်ရုံ့အား ပြုံးပြ၍မေးလိုက်သည်။
"ပြီးတော့ အဲ့ဒီလမ်းပေါ်မှာပဲ သူ မင်းအပေါ် စိတ်ဝင်စားလာအောင် မင်း လုပ်ခဲ့တာလား..."
လိုက်ကာများနောက်မှ ချန်ရုံ၏ နှစ်လိုဖွယ်ကောင်းသောအသံလေး ထွက်ပေါ်လာသည်။ ချန်ရုံ၏အသံသည် ချန်ရုံ၏ရုပ်ရည်ကဲ့သို့ပင် မဖော်ပြနိုင်သည့် ဆွဲဆောင်မှုတစ်မျိုးရှိနေသည်။ ချန်စန်းလန်သည် ချန်ရုံ၏အသံလေးကို နားထောင်ရသည်ကို သဘောကျ၍ မျက်လုံးများကို မှေးစင်းကာနားထောင်ဆနလေသည်။
"ဝမ်ချီလန်က ဂုဏ်သိက္ခာရှိတဲ့ လူကြီးလူကောင်းတစ်ယောက်ပါ...သူနဲ့ ကျွန်မက တစ်ခါ နှစ်ခါလောက်ပဲ စကားပြောဖူးတာပါ..."
"ဝမ်အိမ်တော်က အထက်တန်းလွှာကအိမ်တော်တွေအားလုံးထဲမှာ ထိပ်ဆုံးအဆင့်က အိမ်တော်ပဲ..."
ချန်စန်းလန်က ပြောလိုက်သည်။
"ပြီးတော့ သူတို့ရဲ့ လူအလေးစားခံရဆုံးပုဂ္ဂိုလ်က ချီလန်ပဲ...ညီမလေး အားရုံ...မင်းလိုအဆင့်အတန်းနဲ့ ဝမ်ချီလန်လိုလူမျိုးနဲ့ခင်မင်ခွင့်ရပြီး သူအကောင်းပြောတာကိုခံရတာ အရမ်းကိုကောင်းမွန်တဲ့ ကံတရားပဲ..."
ချန်စန်းလန်၏စကားများအရ ချန်ရုံသည် ဝမ်ချီလန်၏ကိုယ်လုပ်တော်ဖြစ်နိုင်ရန်အတွင်ပင် အခွင့်အရေးအလွန်နည်းပါးသည်ဟု ချန်စန်းလန် ထင်နေပုံရသည်။ သို့သော် ချန်ရုံသည် ကိုယ်လုပ်တော်ဖြစ်ခဲ့လျှင်တော့ ဝမ်ချီလန်၏အလေးပေးမှုကြောင့် အဆင့်မြင့်သည့် ကိုယ်လုပ်တော်ဖြစ်လာနိုင်သည့်အကြောင်းကို ချန်စန်းလန်က ဆက်ပြောနေသည်။
ချန်ရုံသည် မျက်လွှာချ၍ မသိမသာ လှောင်ပြောင်ရယ်မောလိုက်သော်လည်း ချန်စန်းလန်ကိုတော့ ရိုကျိုးစွာပင်ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့...အစ်ကိုသုံး ပြောတာမှန်ပါတယ်..."
ချန်စန်းလန်သည် ချန်ရုံ၏အိန္ဒြေရှိသောပုံစံလေးကိုကြည့်၍ ရင်ထဲမှ ကလိကလိဖြစ်လာမိသည်။ ချန်စန်းလန်ဆုံတွေ့ခဲ့ရသော နန်းတွင်းသူများအားလုံးသည် ခန္ဓာကိုယ်ရော ရုပ်ရည်ပါ မည်သူမျှ ဤ အားရုံ ဆိုသောမိန်းကလေးကိုမမှီကြချေ။ ထို့အပြင် ချန်ရုံသည် ထိုအောက်တန်းလွှာမှမွေးဖွားလာသောနန်းတွင်းသူများနှင့်အတူပဲ အထက်တန်းလွှာများ၏ အပြုအမူများနှင့် ဟန်ပန်များအပြည့်ရှိသည်။ ချန်စန်းလန်၏မျက်စိရှေ့မှမိန်းကလေးသည် တကယ်ပင် လှပလွန်းသောမိန်းကလေးဖြစ်ပါသည်။ ထိုမိန်းကလေးသည် သူ၏ ဝမ်းကွဲညီမဖြစ်နေသည်မှာတော့ စိတ်မကောင်းစရာပင်ဖြစ်သည်။
အချိန်အတော်ကြာသောအခါမှ ချန်စန်းလန်သည် နောင်တရစွာဖြင့် ချန်ရုံ့ထံမှအကြည့်ကိုလွှဲလိုက်ကာ သူ၏ ကိုယ်ပိုင်အရေးကိစ္စကိုသတိရသွားသောကြောင့် ပြုံးကာပြောလိုက်သည်။
"အားရုံ...မင်း ဝမ်ချီလန်နဲ့တွေ့တဲ့အခါမှာ မင်းရဲ့ အစ်ကိုသုံးကို ဝမ်ချီလန်နဲ့ မိတ်ဆွေဖြစ်စေဖို့ စကားထည့်ပြောပေးနော်..."
"ဟုတ်ကဲ့ စိတ်မပူပါနဲ့ အစ်ကိုသုံး..."
ချန်ရုံက ရိုကျိုးစွာ ပြန်ပြောလိုက်သည်။
ရထားလုံးဘီးလိမ့်သံများနှင့်အတူ ရထားလုံးနှစ်စင်းသည် ချန်အိမ်တော်၏ အဝန်းအဝိုင်းကိုကျော်ဖြတ်၍ မြို့ထဲသို့ ဝင်ရောက်လာကြသည်။
နန်ယန်တစ်မြို့လုံး၌ မငြိမ်မသက်မှုများဖုံးလွှမ်းနေသည်။ ချန်ရုံသည် လိုက်ကာများကို မ၍ကြည့်လိုက်သောအခါ သူမ၏ ယခင်ဘဝကကဲ့သို့ပင် လမ်းများသည် လူများကင်းရှင်း၍ ခြောက်သွေ့နေကြသည်ကိုမြင်လိုက်ရသည်။ အထူးသဖြင့် ဆိုင်များ အများစုသည် ပိတ်ကုန်ကြသဖြင့် ဟာလာဟင်းလင်းဖြစ်နေကြသည်။
ချန်ရုံသည် ပြင်ပသို့ တွေးတောငေးမောနေဆဲမှာပင် ချန်ရုံ့နားသို့ အနွေးဓာတ်လေးတစ်ခု ရောက်ရှိလာသည်။ ချန်စန်းလန်က သူ၏ရထားလုံးကို ချန်ရုံ၏ရထားလုံးနားသို့ တိုးကပ်လာခြင်းဖြစ်သည်။ လက်တစ်ကမ်းစာအကွာ၌သာရှိသော ချန်ရုံ့အားကြည့်၍ ချန်စန်းလန်သည် လှိုက်လှဲစွာရယ်လိုက်သည်။
"ဘာတွေကြည့်နေတာလဲ ညီမလေး..."
ထို့နောက် ချန်စန်းလန်သည် ချန်ရုံ့နားသို့ကိုင်း၍ အသက်တစ်ချက်ရှူလိုက်ကာ ပြုံးဖြီး၍ပြောလိုက်သည်။
"မင်းက အရမ်းမွှေးတာပဲ...မင်းရဲ့ အမွှေးနံ့သာအိတ်ကို ဘယ်သူလုပ်ပေးတာလဲ..."
ချန်ရုံက တိတ်တဆိတ်နောက်သို့ဆုတ်၍ မျက်လွှာချကာ ပြောလိုက်သည်။
"အစ်ကိုသုံးကတော့ ကျွန်မကို စနောက်နေတာပါပဲ..."
ထို့နောက် ချန်ရုံသည် ရထားလုံး၏ အခြားတစ်ဖက်သို့ တိုးကပ်သွားလိုက်သည်။
ချန်ရုံက သူနှင့်ဝေးရာသို့ တိုးကပ်သွားသည်ကို မြင်သောအခါ ချန်စန်းလန်သည် သက်ပြင်းချကာ ပြောလိုက်သည်။
"ပစ္စည်းချမ်းသာကြွယ်ဝမှုတွေဟာ မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကွယ်သွားနိုင်တယ်...နွေဦးရာသီရဲ့ပန်းပွင့်တွေလိုပဲ အလှဆုံးဖူးပွင့်ဝံ့ကြွားနေတဲ့ မိန်းမပျိုတွေဟာလည်း ရက်ပိုင်းအတွင်းမှာ အဲ့ဒီအလှတွေ ဆုံးရှုံးသွားနိုင်တယ်...ဒီလို ဒုက္ခတွေများပြားလှတဲ့ လောကကြီးမှာ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိကြဘူး...အဲ့ဒါကြောင့်မို့လို့ အခုလောလောတယ် ပစ္စုပ္ပန်ကာလမှာပဲ ပျော်ရွှင်မှုကို ရှာဖွေသင့်တယ်မဟုတ်လား အားရုံ..."
ထိုသို့ပြော၍ ချန်စန်းလန်က ချန်ရုံ့အား နူးညံ့စွာလှမ်းကြည့်လိုက်သည်။
တလှပ်လှပ်လွင့်ခါနေသော လိုက်ကာ၏အနောက်မှ ချန်ရုံ၏မျက်နှာလေး ပေါ်လာသည်။ ချန်ရုံသည် လျော့ရဲသောအပြုံးကိုပြုံးကာ ပြန်ဖြေလိုက်သည်။
"ပန်းပွင့်တွေက ဖူးပွင့်ပြီး သေဆုံးကြရတာ ဓမ္မတာပါပဲ..ဒါပေမယ့် တချို့သော ရူးကြောင်ကြောင်ပန်းပွင့်လေးတွေကတော့ တစ်စုံတစ်ယောက်အတွက်ပဲ ရည်စူးပြီး တစ်ချိန်ချိန်မှသာ ပွင့်လန်းဖို့စောင့်မျှော်နေကြပါတယ်..."
ချန်စန်းလန်အား ချန်ရုံက လိမ္မာပါးနပ်စွာ ငြင်းပယ်လိုက်ခြင်းဖြစ်သည်။
ချန်စန်းလန်က ပြုံးနေသည်မှ မျက်နှာကို တည်လိုက်သည်။
"တစ်ချိန်ချိန် ဟုတ်လား...မင်းက ချီလန်ရဲ့ဇနီးဖြစ်ဖို့ကို မျှော်လင့်နေသေးတာလား..."
ချန်စန်းလန်၏အသံက ရယ်ချင်နေသည့်အသံဖြစ်နေသည်။
ချန်ရုံက ရိုကျိုးစွာဖြင့် ခေါင်းကိုသာငုံ့ထားလိုက်သည်။ ချန်စန်းလန်၏မေးခွန်းကို အဖြေပြန်မပေးပဲ ချန်ရုံသည် လိုက်ကာများကို ဖြည်းညှင်းစွာ ပြန်ချလိုက်သည်။ ချန်ရုံ၏အပြုအမူများသည် အထီးကျန်မှုက အရိုးထဲ၌ စွဲဝင်နေသကဲ့သို့ နွမ်းလျနေကြလေသည်။
ချန်စန်းလန်သည် ချန်ရုံ့အား မျက်တောင်မခတ်ပဲ စိုက်ကြည့်နေသည်။
"ဝမ်ချီလန်က တကယ်ကံကောင်းတဲ့လူပါပဲ..."
ချန်ရုံ၏ လိုက်ကာများ ပိတ်သွားသောအခါ ချန်စန်းလန်က ရုတ်တရက် မှတ်ချက်ချလိုက်လေသည်။
ချန်ရုံကတော့ ဘာမှပြန်မပြောပဲ တိတ်တဆိတ်သာနေနေလိုက်သည်။
Xxxxxx