အပိုင်း ၇၅
Viewers 18k


Chapter 75
ပင်ကိုအရည်အသွေး


ရထားလုံးများသည် နောက်ဆုံးတွင်တော့ နန်ယန်မြို့အရှေ့ဘက်ရှိ ရေကန်ဆီသို့ ဆိုက်ရောက်လာတော့သည်။

ရေကန်ထဲ၌ လှေအသေးလေး တစ်ဒါဇင်ခန့်ရှိနေ၍ ဆောင်းရာသီနေရောင်အောက်တွင် ရေများသည် စက်ဝိုင်းသဏ္ဍာန်လှိုင်းများ ထနေလေသည်။

လှေတစ်စင်းထံမှ ဗျပ်စောင်းတီးသံက ပျံ့လွင့်နေသည်။ ဗျပ်စောင်းသံသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသကဲ့သို့ ကြည်လင်၍ အိပ်မက်ဆန်နေလေသည်။

ထိုအချိန်မှာပင် ရထားလုံးတစ်စီးထဲမှ လူငယ်တစ်ဦးသည် လိုက်ကာကို လှစ်ဟ၍ မေးလိုက်သည်။

"မင်းက ချန်အိမ်တော်ရဲ့ အားရုံလား..."

"ဟုတ်ပါတယ်..."

"ကောင်းတယ်...အရမ်းကောင်းတယ်..."

လူငယ်က ရယ်၍ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝှစ်...

ချက်ချင်းဆိုသလိုပင် ရထားလုံးငါးစီးက စီတန်း၍ ချန်ရုံရှေ့မှပိတ်ကာရပ်လိုက်သည်။ အကြီးဆုံးရထားလုံးက ကာထားသောကြောင့် ချန်ရုံသည် ရေကန်ကိုပင် မမြင်ရတော့ချေ။

"ငါတို့အတွက် သီချင်းတစ်ပုဒ် တီးပြပါ ချန်အိမ်တော်ရဲ့ အားရုံ..."

လူငယ်က အံ့ဩသင့်နေသော ချန်ရုံ့အား ပြောလိုက်သည်။

"ငါကြိုက်တယ်ဆိုရင် မင်းကို ဖြတ်သွားခွင့်ပြုမယ်...ငါမကြိုက်ရင်တော့ စိတ်မကောင်းပေမယ့် မင်း ဒီနေ့ မင်းရဲ့ ချီလန်ကို တွေ့ရတော့မှာမဟုတ်ဘူး..."

ထိုလူငယ်သည် ချန်ရုံ့အား ထိုကဲ့သို့ အမိန့်ပေးရလောက်အောင် အလွန်ပင် သတ္တိကောင်းနေသူဖြစ်ပေမည်။

ချန်ရုံက မနေနိုင်ပဲ ရယ်လိုက်မိသည်။

ချန်ရုံသည် လိုက်ကာက မ၍ အရှေ့မှစီတန်းရပ်ထားသော ရထားလုံးများကိုကြည့်လိုက်သည်။

"ကောင်းပြီလေ..."

ချန်ရုံက ပြုံး၍ ပြောလိုက်သည်။

ထို့နောက် ချန်ရုံသည် ဗျပ်‌စောင်းကိုလှမ်းယူ၍ ကြိုးများကိုညှိကာ တေးသွားကို စတင်တီးခတ်လိုက်သည်။

ချန်ရုံ၏ တေးဂီတသည် သူမ၏ ပင်ကိုစရိုက်ကဲ့သို့ပင် ဂီတအပြောင်းအလဲများက အထူးကောင်းမွန်ကာ အသေးစိတ်သော ကြိုးတီးခတ်မှုများကလည်း အောင်အောင်မြင်မြင်ရှိလှသည်။


သို့သော် ခဏအကြာတွင် သာယာငြိမ့်ညောင်းလှသော ဂီတသံသည် ရုတ်တရက် ရပ်တန့်သွားလေသည်။

အံ့ဩသွားသော လူငယ်လေးက ပါးစပ်ကိုဖွင့်တော့မည့်ဆဲဆဲမှာပင် ချန်ရုံက ချစ်ဖို့ကောင်းအောင်ရယ်၍ ပြောလိုက်သည်။

"အရှင်က ဟွမ်အိမ်တော်ရဲ့ အားလင်းပါလား...ဟွမ်ကျိူးလန်ဟာ အရမ်းကိုကောင်းမွန်တဲ့ မှတ်ဉာဏ်ကိုပိုင်ဆိုင်ထားတယ်လို့ ကျွန်မကြားဖူးထားပါတယ်...အခု ဒီတေးသွားကို ဆက်တီးခတ်ဖို့ရာ ဘယ်လိုတီးရမယ်ကို ကျွန်မ မမှတ်မိတော့ပါဘူး...အဲ့ဒါကြောင့် အခု ကျွန်မတီးခတ်နေတဲ့ တေးသွားကို အရှင် ဆက်တီးခတ်ဖို့ ကျွန်မ တောင်းဆိုပါတယ်...အရှင့်ရဲ့ ဆက်တီးခတ်မှုက ကောင်းမွန်နေတယ်ဆိုရင်တော့ အဆင်ပြေပါတယ်...မကောင်းဘူးဆိုရင်တော့ စိတ်မကောင်းပေမယ့် ကျွန်မ ဘယ်မှမသွားပဲ ဒီနေရာမှာပဲ ထိုင်နေရပါလိမ့်မယ်..."

[T/N: ဟွမ်ကျိုးလန် - ဟွမ်အိမ်တော်၏ ကိုးယောက်မြောက်သား

အားလင်း - ဟွမ်ကျိုးလန်၏ အမည်]

"မိန်းကလေး ငါက ဗျပ်စောင်းအတီးကောင်းသူမဟုတ်မှန်း မင်းသိမှာပါ...ဟုတ်ပါပြီကွာ...မင်းနိုင်ပါတယ်..."

ဟွမ်ကျိုးလန်သည် လက်ကိုဝှေ့ယမ်း၍ ရထားလုံးငါးစင်းအား ချန်ရုံသွားမည့်လမ်းမှ ဖယ်ခိုင်းလိုက်တော့သည်။

ချန်ရုံနှင့် ဟွမ်ကျိုးလန်သည် မျက်နှာချင်းဆိုင်မိသွားသည်။

"မင်းကို ဒီလို ရိုင်းပျတဲ့အပြုအမူတွေရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး ချန်မိန်းကလေး...."

ဟွမ်ကျိုးလန်က မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

ထိုစကားကြောင့် ချန်ရုံအလွန်ဒေါသထွက်သွားမိသည်။ ချန်ရုံသည် ဟွမ်ကျိုးလန်အား မျက်စောင်းထိုး၍ ဒေါသတကြီးပြောလိုက်သည်။

"အရှင့်ကိုလည်း ဒီလိုမျိုးနာမကျန်းဖြစ်နေတဲ့ပုံပေါက်နေမယ်လို့ ကျွန်မလည်း မထင်ထားမိခဲ့ပါဘူး..."

ဟွမ်ကျိုးလန်သည် မျက်နှာသွင်ပြင်က ချောမောလှသော်လည်း အသားအရည်နှင့် ကိုယ်ခန္ဓာက ဖြူဖတ်ဖြူရော်ဖြစ်နေကာ မျက်လုံးများအောက်၌လည်း ပြာနှမ်းနေလေသည်။

ဟွမ်ကျိုးလန်က ကြောင်အသွား၍ ချန်ရုံ့အားငေးစိုက်ကြည့်ကာ ပြောလိုက်သည်။

"မိန်းကလေး...မင်းရဲ့ တွန်းကွေးနေတဲ့ မျက်ခုံးတွေကြားထဲမှာ ရိုင်းစိုင်းတင်းမာမှုတွေကို ငါမြင်နေရတယ်...မင်းက ဘယ်လိုများ ဝမ်ဟုန်နဲ့ သင့်လျော်နေလဲ ငါလုံးဝ စဉ်းစားမရဘူး..."

ဟွမ်ကျိုးလန်၏ စကားမဆုံးသေးခင်မှာပင် ချန်ရုံက ခေါင်းကိုမော့၍ မျက်လုံးများကိုမှေးစင်းကာ ပြောလိုက်သည်။

"ကျွန်မက လက်အောက်ခံအိမ်တော်က ကိုယ်လုပ်တော်ရဲ့သမီးသာဖြစ်ပါတယ်...ကျွန်မရဲ့ မျိုးရိုးနောက်ခံနဲ့ အမူအကျင့်တွေက တခြားလူတွေထက်နိမ့်ကျပါတယ်...ကျွန်မကိုယ်ကျွန်မ ဒီလို မာထန်မှုနဲ့ မကာကွယ်ထားဘူးဆိုရင် တခြားလူတွေက ကျွန်မကို တက်နင်းသွားကြမှာပါ...ရှင့်လို တခြားလူ‌ရဲ့အားနည်းချက်ကိုထုတ်ဖော်ပြီး စော်ကားတဲ့လူမျိုးကတော့ တကယ်ကိုပဲ ရွံရှာဖို့ကောင်းလှပါတယ်..."

ချန်ရုံ၏အသံသည် အခြားမိန်းကလေးများ၏အသံနှင့်မတူပဲ ခြိမ်းခြောက်မှုများ ပါနေလေသည်။

ချန်စန်းလန်သည် ချန်ရုံ၏ အပြစ်တင်ပုတ်ခတ်မှုကို နားထောင်နေရင်းဖြင့် ကြောက်လန့်တုန်လှုပ်သွားသည်။

"အားရုံ...သတိထားစမ်း..."

ချန်စန်းလန်က အော်ပြောလိုက်သည်။

"သူဘယ်သူလဲဆိုတာ မင်းသိရဲ့လား...သူက ဟွမ်အိမ်တော်ရဲ့ ကိုးယောက်မြောက်သားလေ...ဟွမ်အိမ်တော်ရဲ့အမွေတွေကိုဆက်ခံရမယ့် အကြီးဆုံးသားပဲ...မင်း ဒီလို မချေမငံမပြောသင့်ဘူး..."

[T/N: ဟွမ်ကျိုးလန်က ကိုးယောက်မြောက်သားဖြစ်ပေမယ့် တရားဝင်မှုအရ အကြီးဆုံးသား ဖြစ်ပုံပေါ်ပါတယ်။]

ထိုအချိန်၌ ရယ်မောသံအချို့က ချန်ရုံတို့နားသို့ရောက်လာသည်။

ရေကန်ထဲမှ လှေအချို့ပေါ်ထွက်လာသည်။ သူတို့အနားရောက်နေကြသည်ကို မည်သူကမှ သတိမထားလိုက်မိချေ။ လက်ခုပ်လက်ဝါးတီး၍ ရယ်မောနေကြသူများမှာ ယွီကျစ်နှင့် အခြား ငယ်ရွယ်သော ပညာရှိတစ်ဦးဖြစ်သည်။

"တော်ပါပေတယ်...စကားတွေက ပြောင်မြောက်လှပါတယ်..."

ယွီကျစ်က ပြုံးရွှင်စွာပြောလိုက်သည်။

"ဒီ တခြားလူတွေကို အနိုင်ကျင့်တဲ့ မမာမကျန်းလူက တကယ်ကို အမြင်ကတ်စရာကောင်းတယ်ဆိုတာ ငါသဘောတူတယ်..."

အခြားပညာရှိကလည်း ပြုံး၍ ပြောလိုက်သည်။

"ဪ အားရုံရဲ့ရထားလုံးထဲမှာ ကြာပွတ်လည်း ရှိတယ်မဟုတ်လား...အဲ့‌ဒါကိုယူပြီး တစ်ချက် နှစ်ချက်လောက်ရိုက်လိုက်ပါလား...အရမ်းတော့ မလုပ်နဲ့နော်...သူသေသွားရင် ဟွမ်အိမ်တော်က ရေးကြီးခွင်ကျယ်လုပ်နေကြဦးမှာ...အားရုံ သူ့ကို သေလု‌မြောပါးဖြစ်လောက်အောင်ပဲရိုက်ပြီး အိပ်ယာပေါ်မှာ နှစ်ဝက်လောက်လဲနေအောင် လုပ်လိုက်ပါ..."

ထိုလုလင်ပျိုနှစ်ဦး၏ရယ်သံ‌ကြောင့် ချန်ရုံ အနည်းငယ်လန့်သွားမိသည်။ ချန်ရုံက လှည့်ကြည့်လိုက်သောအခါ ဝမ်ဟုန်၏အပြုံးနှင့် မျက်နှာချင်းဆိုင်မိလျက်သားဖြစ်သွားသည်။ ချန်ရုံသည် ရှက်သွေးဖြန်းသွား၍ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။

ထိုအချိန်၌ ဟွမ်ကျိုးလန်သည် သူ၏လည်ချောင်းကိုပွတ်သပ်၍ ဝမ်ဟုန်အား ပြောလိုက်သည်။

"မင်းရဲ့ အမျိုးသမီးဆီက တစ်ချက်အကြည့်ခံလိုက်ရတာနဲ့တင် ငါ ချွေးစေးပြန်နေပြီ...ငါ့လည်ချောင်းကလည်း နာလွန်းလို့ ငါ့ကိုယ်ငါ သေပြီတောင်ထင်နေတာ..."

"အဲ့ဒါမကောင်းဘူးလား..."

ယွီကျစ်က ပျော်ရွှင်စွာဝင်ပြောလိုက်သည်။

"မကျန်းမမာပုံပေါက်နေတဲ့မင်းကိုမြင်တိုင်း မိန်းကလေးတွေက နူးညံ့တဲ့စကားတွေကိုပဲပြောကြတယ်လေ...ဒီလို မင်းကိုကြောက်အောင်လုပ်နိုင်တဲ့ မိန်းကလေးဆိုတာ ခပ်ရှားရှားရယ်...အပြောင်းအလဲလေးဖြစ်တာပေါ့..."

ယွီကျစ်၏အသံကျယ်ကျယ်ကိုနားထောင်၍ ဝမ်ဟုန်က ပြုံးလိုက်သည်။ နေရောင်အောက်တွင် ဝမ်ဟုန်၏မျက်လုံးများသည် ကြည်လင်၍ အဖိုးထိုက်တန်လွန်းသောကျောက်မျက်ရတနာများကဲ့သို့ တလက်လက်တောက်ပနေလေသည်။

"ဒါတောင် အားရုံက သူ့‌ဒေါသကို အတတ်နိုင်ဆုံးထိန်းထားတာပါ..."

ဝမ်ဟုန်၏ နူးညံ့၍အေးဆေးသောအသံက အလွန်သေချာနေပုံပေါ်လေသည်။

ချန်ရုံက ခေါင်းကို ဆတ်ခနဲလှည့်၍ ဝမ်ဟုန့်အားကြည့်လိုက်သည်။

ဟွမ်ကျိုးလန်က အပြင်းအထန်ကန့်ကွက်၍ ထပ်ခါတလဲလဲမေးနေလေသည်။

"မင်းက ဒီလို ကြမ်းတမ်းတဲ့မိန်းမမျိုးကို လိုချင်နေသေးတာလား ချီလန်..."

ဝမ်ချီလန်က ပြန်ဖြေရန်အချိန်မရလိုက်ပေ။ လှေ၏ဦးပိုင်း၌ ဗျပ်စောင်းကိုတီးခတ်လျက်ရှိသောအသက်ကြီးကြီး ပညာရှိတစ်ဦးက သူ၏ လက်များကို ဖြည်းညှင်းစွာ အနားပေး၍ သက်ပြင်းချကာပြောလိုက်သည်။

"ဒီက မိန်းကလေးပြောသလိုပဲ သူ့ရဲ့ မျိုးရိုးနောက်ခံနဲ့ အပြုအမူတွေက တခြားလူတွေနဲ့ယှဉ်ရင် နိမ့်ကျနေရတယ်...ဒီလို ခက်ထန်မှုမျိုးနဲ့ မကာရံထားရင် တခြားလူတွေ ချနင်းသွားတာကို သူခံရမှာပဲ...ချီလန် ဒီမိန်းကလေးဟာ ငါတို့လိုပါပဲ...သူ့မှာလည်း တမူထူးခြားတဲ့ ပင်ကိုအရည်အသွေးရှိတယ်...အခုလောလောဆယ်မှာတော့ ရိုင်းပျနေ‌သယောင်ယောင်ရှိပေမယ့် အဲ့ဒါက ပြုပြင်လို့ရပါတယ်..."

ပညာရှိအဖိုးအိုက ထိုစကားများကို ဟာသအနေဖြင့် ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သောကြောင့် ရယ်သံများ ထွက်ပေါ်လာပြန်သည်။

ထို့နောက်အဖိုးအိုသည် ချန်ရုံ၏ ဘယ်ဘက်၌ရပ်နေသော ချန်စန်းလန်အားကြည့်၍ သူ၏အင်္ကျီဝတ်ရုံလက်များကိုလှုပ်ခါကာ မေးလိုက်သည်။

"ဒီရွံစရာကောင်းတဲ့လူက ဘယ်ကရောက်လာတာလဲ...ထွက်သွားစမ်း...ဒီမှာရပ်နေပြီး ငါတို့ရဲ့စိတ်တွေကို ညစ်ညူးအောင်မလုပ်စမ်းပါနဲ့..."

အဖိုးအိုသည် စကားများကို ကြမ်းကြမ်းတမ်းတမ်းပင်ပြောချလိုက်သည်။

ချန်စန်းလန်သည် စကားတစ်ခွန်းပြောလိုက်မိသောကြောင့် ဤသို့ အပြောအဆိုခံရမည်ဟု တစ်ခါမှ မစဉ်းစားခဲ့ဖူးချေ။ သူ၏ ဖြူဖျော့သောမျက်နှာသည် ရုတ်တရက်နီစွေးသွားသည်။ ချန်စန်းလန်သည် ဘာလုပ်ရမည်မသိပဲ ခပ်ရွံ့ရွံ့ပြုံးကာ ပညာရှိအဖိုးအိုအား အရိုအသေပေး၍ ပြောလိုက်သည်။

"သခင်ရှဲ့...ကျွန်တော့်ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ..."

ရှဲ့ဟူသောမျိုးရိုးနာမည်နှင့် ပညာရှိအဖိုးအိုကတော့ ချန်စန်းလန်အား အဖက်လုပ်၍ပင် လှည့်မကြည့်တော့ချေ။

အခြားလူများအားလုံးကလည်း ချန်စန်းလန်အား လျစ်လျူရှုနေကြသည်။

ထို့ကြောင့် ချန်စန်းလန်သည် တောင့်တင်းစွာဖြင့် ချန်ရုံ့ဘက်ကို လှည့်လိုက်သည်။

ထိုအချိန်မှာပင် ချန်ရုံသည် ချန်စန်းလန်အား အရိုအသေပေး၍ တိုးတိတ်စွာပြောလိုက်သည်။

"အစ်ကိုသုံး...အရှေ့ကနေ အရင်သွားနှင့်ပါ..."

ချန်ရုံက သူ့အား ယခုလိုအချိန်တွင် အသိအမှတ်ပြု၍ မျက်နှာမပျက်‌စေရန်ကယ်တင်လိုက်သောကြောင့် ချန်စန်းလန်သည် အလျင်အမြန်ပင်ပြန်ပြောလိုက်သည်။

"ဟုတ်ပြီ အားရုံ...ငါ အရင်သွားနှင့်မယ်..."

ဟွမ်ကျိုးလန်က ချန်စန်းလန်ထွက်သွားပြီးသောအခါ သက်ပြင်းချလိုက်သည်။

"မင်းက စိတ်ဝင်စားစရာကောင်းတဲ့မိန်းကလေးဖြစ်ပေမယ့် နောက်ဆုံးမှာတော့ သာမာန်လူတွေလိုပဲ ပြုမူရတာပါပဲ..."

"ကျွန်မက တစ်စုံတစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာရှိနေသရွေ့တော့ သာမာန်အပြုအမူတွေကို ဘယ်လိုများ ပစ်ပယ်လို့ရပါမလဲ..."

ချန်ရုံက လှည့်မကြည့်ပဲ ပေါ့ပါးသည့်လေသံဖြင့်ပြောလိုက်သည်။

"ကျွန်မကိုယ်ကျွန်မ မှန်မှန်ကန်ကန်နေနေသရွေ့တော့ အဲ့ဒီလိုကိစ္စတွေကို ဂရုစိုက်စရာမလိုဘူးလို့ ထင်ပါတယ်..."

ချန်ရုံ၏ ပြန်ပြောလိုက်မှုက လေးနက်သည့်အဓိပ္ပာယ်များပါသွားသည်။ ဟွမ်ကျိုးလန်က ခဏရပ်လိုက်ပြီးမှ အော်ရယ်လိုက်လေသည်။

ဟွမ်ကျိုးလန်၏ရယ်သံကိုကြားသောအခါမှ ချန်ရုံသည် သူမ၏ ပထမဆုံးအခက်အခဲကိုကျော်ဖြတ်နိုင်လိုက်ပြီမှန်းသိလိုက်သောကြောင့် အနည်းငယ် စိတ်အေးသွားရသည်။ ချန်ရုံ့အရှေ့၌ ရှိနေကြသူများအားလုံးသည် ထင်ရှားကျော်ကြားသောပညာရှိများဖြစ်ပေသည်။ သူတို့အတွက်တော့ လေးစားစရာကောင်းသည့်လူဟူ၍ ရိုးသားဖြောင့်မတ်သည့် လူတစ်မျိုးသာရှိသည်။ ကောက်ကျစ်စဉ်းလဲသည့် ဂုဏ်သရေရှိလူတစ်ဦးထက် ရိုးသားဖြောင့်မတ်သောလူမိုက်တစ်ဦးဖြစ်ရသည်က ပို၍ကောင်းမွန်သည်မဟုတ်လား။


Xxxxx