Chapter 76
သူက' ရှင်မ 'လို့ခေါ်လာတယ်
ဝမ်ဟုန်က အရှေ့သို့ခြေနှစ်လှမ်းတိုးကာ ချန်ရုံ့အား လက်ကမ်းပေးလာခဲ့သည်။သူ၏အရပ်ရှည်သော အသွင်အပြင်မှာ တစ်ဖက်လူအား လှိုင်းလုံးတစ်ခုသဖွယ် ယိမ်းယိုင်သွားစေလေ၏။နေရောင်အောက်၌ရှိနေသည့်ကြည်လင်ပြတ်သားသောမျက်ဝန်းများက သူမအား အပြုံးအရိပ်အယောင်များဖြင့် ညင်သာစွာ စိုက်ကြည့်နေခဲ့သည်။
ထိုမျက်ဝန်းများအား ကြည့်မိလိုက်သောအခါတွင်မူ ချန်ရုံတစ်ယောက် ရင်ခုန်သံများ စည်းချက်မကျဖြစ်သွားတော့၏။သူမက ခေါင်းကိုအမြန်ပြန်ငုံ့ပြီး အကြည့်များအားရှောင်ဖယ်လျက် တွေးတောနေသည်။
ဤလူမှာ အလွန်ပင်ချောမောခန့်ညားလွန်းပြီး မိန်းကလေးများအား ကိုင်တွယ်ရမည့်နည်းလမ်းကိုလည်း ကောင်းစွာသိနေလေသည်။သူနှင့်စကားပြောချင်လျှင် ထိုအကြည့်များအား ရှောင်နိုင်မှတော်ကာကျမည်။
ချန်ရုံတစ်ယောက်အတွေးများနေချိန်၌ တစ်ဖက်လူက သူမ၏နုနုဖတ်ဖတ်လက်ကလေးအား ကိုင်ဆွဲလာခဲ့၏။
ချန်ရုံမှာ ၎င်းအထိအတွေ့ကြောင့် တုန်လှုပ်လျက် အလိုလို နောက်ပြန်ဆုတ်မိသွားသော်လည်း ဝမ်ဟုန်က လက်ကိုတင်းကြပ်စွာဆွဲထားခဲ့ပြီး ကိစ္စအရပ်ရပ်ကိုတားဆီးလာသည်။
ထို့နောက်တွင် ဝမ်ဟုန်က ချန်ရုံ၏လက်အား ဆုပ်ကိုင်ထားလျက် လှေပေါ်သို့ ညင်သာစွာ ဆွဲတင်ပေးလေ၏။
လှေပေါ်သို့ရောက်ပြီးချိန်တွင်လည်း ဝမ်ဟုန်က
ထိုလက်ကို မလွှတ်ခဲ့သေးချေ။ထို့အစား လက်ဆွဲလျက်သားနှင့်ပင် လှေအစွန်ထိပ်ဦးဆီသို့ ဦးတည်သွားလေသည်။
ချန်ရုံမှာ တုပ်တုပ်ပင်မလှုပ်ဘဲ ကျောက်ရုပ်သဖွယ် ငြိမ်သက်သွားခဲ့ပြီး ခေါင်းငုံ့လျက် ရှက်သွေးဖြာစွာ တုန်တုန်ယင်ယင်ပြောလာခဲ့၏။
“သွားခွင့်ပြုပါ”
ချန်ရုံ၏လေသံက အနည်းငယ်ခုခံလိုသည့်သဘောသက်ရောက်နေသည်။
ထိုအခါ ဝမ်ဟုန်က သူမအား နူးညံ့သောအပြုံးဖြင့်
စောင်းငဲ့ကြည့်လာလျက် ဆိုလာတော့၏။
" ချင်ချင် (ရှင်မ ) ... ဘယ်သူ့ကို ဒီလိုလေသံနဲ့ပြောနေရတာလဲ "
[ 卿卿(ချင်ချင်ဟု အသံထွက်သည်) : အိမ်ထောင်ဖက် သို့မဟုတ် အလွန်ရင်းနှီးသည့်ချစ်သူများကြားတွင် သုံးနှုန်းခေါ်ဝေါ်လေ့ရှိသောဝေါဟာရ ]
ချန်ရုံ၏မျက်နှာမှာ ပိုပို၍နီရဲလာကာ သူမက နှုတ်ခမ်းကိုကိုက်လျက် ခပ်တိုးတိုးပြောသည်။
" ကျွန်မက အိမ်ထောင်မပြုရသေးပါဘူး "
" ဪ အဲ့လိုလား "
ဝမ်ဟုန်က ပြောပြောဆိုဆိုဖြင့် ခေါင်းကို တဆတ်ဆတ်ငြိမ့်နေသည်။သို့သော်လည်း သူက ချန်ရုံ၏လက်ကိုမလွှတ်သေးဘဲ တစ်ခဏခန့်ကြာသောအခါတွင် " သိတယ်လေ " ဟုဆက်ပြောလေ၏။
ဝမ်ဟုန်၏မျက်နှာထား၌ ' ဒါပေမဲ့သေချာပေါက်လက်ထပ်ရမှာပဲလေ' ဟူသော သဘောထားပါဝင်နေသည်။
ချန်ရုံမှာ ဘေးဘီသို့လှည့်ပတ်ကြည့်ခဲ့ပြီး ထို့နောက်တွင်မူ ခဏတာ တုန်လှုပ်သွားတော့၏။ လူများက သူမတို့နှစ်ဦးအား ရွှင်မြူးစွာဖြင့် ဝိုင်းကြည့်နေကြပြီး ထိုသူများမှာ ဤမြင်ကွင်းအား လွန်စွာ အားရကျေနပ်နေကြပုံပင်။
ချန်ရုံမှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပြီး ဝမ်ဟုန်ခေါ်ဆောင်ရာနောက်သို့ အသာတကြည်လိုက်သွားတော့၏။
လှေပေါ်ရှိစားပွဲနှစ်လုံးအား မြဲမြံနေအောင် ကြိုးများဖြင့်တုပ်နှောင်ထားပြီး စားပွဲပေါ်တွင် အသားနှင့် ဝိုင်များကို ခင်းကျင်းထားသည်။ထိုမျှသာမက စားပွဲဝိုင်းပေါ်တွင် ဗျပ်စောင်းတစ်ခုလည်းရှိသေး၏။
ဝမ်ဟုန်က ဦးစွာဝင်ထိုင်လိုက်ပြီး သူ၏မျက်နှာချင်းဆိုင်မှနေရာအား ညွှန်ပြလျက် တိုးညင်းစွာပြောလာခဲ့သည်။
" ထိုင်ပါ "
ချန်ရုံတစ်ယောက် အသာတကြည်ဝင်ထိုင်လိုက်ပြီးနောက်တွင် ပဲ့ကိုင်သူက လှေကိုထိန်းလျက် ခပ်သာသာလှော်ခတ်မောင်းနှင်လာခဲ့တော့သည်။
လှေစတင်လှုပ်ခတ်သွားချိန်၌ ချန်ရုံ့ခမျာသိသိသာသာပင် တုန်ယင်သွား၏။သူမသည် မြောက်ပိုင်းမှလာပြီး
မြင်းစီးခြင်း ၊ ကြာပွတ်နှင်တံသုံးခြင်းတို့တွင်ပျော်မွေ့ခဲ့သော်လည်း အသက်ဘေးမှလွတ်မြောက်ရန်အတွက် ရေမကူးတတ်ရှာပေ။
လှိုင်းလုံးများက လှေကိုရိုက်ခတ်လာခဲ့ချိန်တွင်မူ ချန်ရုံ၏မျက်လုံးများမှာ သိသိသာသာပင် ဂနာမငြိမ်ဖြစ်လာပြီး သူမ၏ခြေချောင်းများကလည်း ကုပ်ဝပ်သွားတော့သည်။
ချန်ရုံက သူမ၏ခွက်အား လက်နှစ်ဖက်ဖြင့်တင်းတင်းကြပ်ကြပ်ကိုင်ဆုပ်ထားလျက် လှိုင်းလုံးများအား မကြည့်ဘဲ အခြားနေရာသို့အကြည့်လွှဲရန် အတတ်နိုင်ဆုံးကြိုးစားနေလေ၏။
ထိုအချိန်တွင် မျက်နှာချင်းဆိုင်၌ထိုင်နေသည့်ဝမ်ဟုန်၏ နူးညံ့သောလေသံက ချန်ရုံ၏နားထဲသို့ ဝင်ရောက်လာခဲ့သည်။
" တစ်ခုခုပြောစရာရှိလား ရှင်မ "
ထိုစကားဆုံးသည်နှင့်တစ်ပြိုင်နက် လှေက ရေဝဲဂယက်အနီးသို့ရောက်သွားသောကြောင့် ပဲ့ကိုင်သူက ဦးတည်ရာအား အလျင်စလိုပြောင်းလဲပစ်လိုက်ရ၏။ချန်ရုံမှာ ထိတ်လန့်တကြား တုန်လှုပ်သွားခဲ့ပြီး သူမ၏လက်ကို ဆန့်ထုတ်လျက် တစ်စုံတစ်ရာအား လှမ်းဖမ်းဆုပ်သည်။သူမ၏ လှတပတမျက်နှာကလေးမှာ ယခုအချိန်၌အလွန်ပင် သွေးပျက်နေလေ၏။
ခဏအကြာ၌ လှေမှာ ပြန်လည်တည်ငြိမ်သွားသည်။
ချန်ရုံက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမကိုင်ဆွဲထားမိသော ပူပူနွေးနွေးအရာတစ်ခုဆီသို့ အာရုံရောက်သွားတော့၏။
ထိုအရာအား တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူမ၏မျက်နှာငယ်လေးမှာ ထပ်မံရဲတွတ်လာပြန်သည်။
သူမသည် ဝမ်ဟုန်၏လက်မောင်းအား ကိုင်ဆွဲထားလျက်မိသားရှိနေ၏။သို့သော်လည်း ထိုအရာက အဓိကမဟုတ်သေးချေ။ကြီးကြီးမားမားကိစ္စမှာ သူမသည် တစ်ဖက်လူ၏ရင်ခွင်ထဲသို့ပစ်ဝင်တော့မည့် ဂန္တဝင်အနေအထားမျိုးဖြင့် အရှေ့သို့ယိုင်ထိုးကျနေခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် ဝမ်ဟုန်က သူ၏ဝိုင်ခွက်အား ဘယ်ဘက်လက်ထဲသို့ ရွှေ့ပြောင်းလျက် ချန်ရုံ့ကို ကူညီထိန်းကိုင်ပေးထား၏။သူက ခပ်ရေးရေးကလေး ပြုံးနေလေသည်။
နီမြန်းနေသောပါးပြင်များဖြင့်ချန်ရုံက ဝမ်ဟုန့်အားတစ်ချက်လှမ်းကြည့်၏။ထိုအခါ တစ်ဖက်လူက မျက်ခုံးပင့်ကာ သူမအားပြုံးပြလျက် တိုးညင်းစွာ မေးလာခဲ့သည်။
" လှေမူးနေတာလား ... ဒါဆို အတူလာထိုင်လေ "
“ဟင့်အင်းး ...”
ချန်ရုံက သူမ၏လက်အား အလျင်စလိုပြန်ရုတ်လိုက်ရင်းအော်မပြောရုံတမယ် ပြန်ဖြေလေသည်။မည်သို့ပင်ဆိုပါစေ တစ်ဖက်လူမှာ သူမ၏ကြောက်လန့်တုန်လှုပ်နေသောအခြေအနေအားမြင်သွားပြီးဖြစ်ပေ၏။
ထို့ကြောင့် ချန်ရုံမှာ နေရာတွင်ပြန်ထိုင်ပြီး လှေဘောင်ကိုသာ သဘာဝကျကျဖြင့် ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်တော့သည်။
နောက်ဆုံး၌ သူမသည်စိတ်တည်ငြိမ်သွားခဲ့ပြီး ဘေးဘီကိုလှည့်ကာ တောတောင်ရေမြေအလှအပကို ခံစားနေသူများအား တစ်ချက်စူးစမ်းလေ၏။
၎င်းနောက်တွင် ချန်ရုံက သက်ပြင်းချလိုက်ပြီး ဝမ်ဟုန်ရှိရာဘက်သို့ ပြန်လှည့်ကြည့်သည်။
ဤသို့အနီးကပ်မြင်ရချိန်တွင် ဝမ်ဟုန်မှာ အသွင်အပြင်ကသာခန့်ညားနေခြင်းမဟုတ်ဘဲ သူ၏မျက်နှာမှာလည်း အလင်းများဖြာထွက်နေသကဲ့သို့ တောက်ပကြည်လင်နေကာ အလွန်ချောမောလှသည်ကို ချန်ရုံနားလည်သွား၏။ထို့အပြင် သူ၏ထူးခြားကြည်လင်သည့် မျက်ဝန်းများကလည်း ချန်ရုံ့အား အသက်ရှုမမှန်ဖြစ်လာစေသည်။
ဤသည်က သူ၏မျက်နှာအသွင်အပြင်အား အနီးကပ်မြင်ရသည့်ပထမဆုံးအကြိမ်ဖြစ်ကြောင်း သတိရမိသွားသောအခါ ချန်ရုံတစ်ယောက် အံ့ဩသွားမိသေးသည်။ဝမ်ဟုန်နှင့် သိကျွမ်းခဲ့သည်မှာ အလွန်ကြာပြီဖြစ်သော်လည်းသူ့အား စေ့စေ့ကြည့်ရဲဖူးသည်မှာလည်း ဤသည်က ပထမဆုံးအကြိမ်ပင်။
ချန်ရုံက ဝမ်ဟုန့်အား စူးစိုက်ကြည့်နေခဲ့ချိန်တွင် အနောက်မှ ရယ်မောသံအချို့ထွက်ပေါ်လာသည်။
"ဒီမိန်းကလေး ဝမ်ချီလန်ကို ကြည့်တဲ့အချိန်တွေမှာ သူ့မျက်ဝန်းတွေက သူခိုးတစ်ယောက်လိုကို တောက်ပနေတာပဲ "
ထိုအရာမှာ ဟွမ်းကျိုးလန်၏လေသံပင်။
အခြားသူများကလည်း သူ့အနောက်မှပျော်ရွှင်မြူးတူးစွာ ရယ်မောလာကြသဖြင့် ချန်ရုံတစ်ယောက် စိတ်မသက်မသာဖြစ်လာတော့သည်။
ထိုအချိန်တွင် ယွီကျစ်ကလည် သူ့ပေါင်သူပုတ်ကာ အားပါးတရဝင်ပြောလေ၏။
" အဲ့လိုကြီးမလုပ်ပါနဲ့ ...မိန်းကလေးချန်ရာ...ချီလန်က မိန်းကလေးရဲ့အပိုင်ဖြစ်နေပြီပဲ ...အဲ့လိုမျိုး စိုက်ကြည့်နေစရာမလိုပါဘူး "
ချန်ရုံ၏မျက်နှာနီရဲသွားသည်နှင့်အမျှ လူအုပ်ကြီးထံမှ ဝါးလုံးကွဲရယ်မောသံများက ပိုမိုကျယ်လောင်လာသည်။
ချန်ရုံမှာ အမြန်ခေါင်းငုံ့လိုက်ပြီး သူမ၏လက်မှဝတ်ရုံစဖြင့် မျက်နှာကိုဖုံးကွယ်ထားလုမတတ်ပင်ဖြစ်နေ၏။သူမ၏မျက်အိမ်ကျယ်ကျယ်များက ဝမ်ဟုန်ရှိရာဆီသို့ မကြည့်ဝံ့ဘဲ လှုပ်ခတ်နေသည့်ရေပြင်ဆီ၌သာ မြဲမြံနေသည်။
ထိုအခြင်းအရာကို တွေ့မြင်သောဟွမ်းကျိုးလန်က
စူးစမ်းသည့်အပြုံးဖြင့်ပြောလာတော့၏။
" အမလေး ... ရှက်နေတာလား ... ဒီမှာ ကျွန်တော်ပြောပြမယ် မိန်းကလေးချန် ... ကျန့်ခန်းတစ်မြို့လုံးက မိန်းကလေးတွေတောင်မှ ချီလန့်ကို ဝံပုလွေအုပ်လိုက်တွေလိုမျိုး ပြူးပြဲကြည့်ကြတာ ... မိန်းကလေးကတော့ သူ့ကို သူခိုးတစ်ယောက်လိုမျိုး ကြည့်နေရုံပဲလေ ... ဒါမျိုးကတော့ ရှက်စရာမဟုတ်ပါဘူး ”
ထိုသူ၏စကားမှာ မှန်ကန်သည်ဟု ချန်ရုံခံစားရသည်။
ဖျင်မြို့၌ဖြစ်စေ နန်ယန်၌ပင်ဖြစ်စေ မိန်းကလေးများက ချောမောသည့်ယောက်ျားများအားတွေ့တိုင်း ပြာယာခတ်နေတတ်ကြ၏။သူမမှာ အဘယ်ကြောင့် ရှက်ရွံ့နေရန် လိုအပ်ပါမည်နည်း။
ချန်ရုံက ခေါင်းပြန်မော့ပြီး မေးငေါ့လျက် ဝမ်ချီလန်အား ရဲတင်းစွာ စိုက်ကြည့်နေပြန်သည်။
ထိုအချိန်တွင် ဝမ်ဟုန်က လှေသမား၏လက်ထဲမှ ဝိုင်ခွက်အား အပြုံးမပျက်လှမ်းယူနေ၏။ထို့နောက်တွင်မူ သူက လွင့်မျောနေသော လှေကိုလျစ်လျူရှုကာ ဝိုင်တစ်ကျိုက်မော့လိုက်ရင်း ပြုံးရယ်လျက်ပြောလာသည်။
" အားရုံက ကျွန်တော့်ကို တကယ်သဘောကျတယ်ဆိုတာကို အခုမှပဲသိလိုက်ရတော့တယ် "
ချန်ရုံက အေးခဲသွားပြီး တစ်ခုခုကိုပြန်လည်တုံ့ပြန်
ပြောလုနီးပါးဖြစ်သွား၏။သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဝမ်ဟုန်၏မျက်လုံးကျဉ်းကျဉ်းများအား လှမ်းမြင်လိုက်ရပြီး သူမက ပါးစပ်ကို အမြန်ပြန်ပိတ်လိုက်သည်။ထို့နောက်ချန်ရုံက ခေါင်းငုံ့ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ရဲတင်းစွာဆိုလာတော့၏။
“ ချီလန် ကျွန်မကို ' ရှင်မ ' လို့ မခေါ်ပါတော့နဲ့ "
" ဘာဖြစ်လို့လဲ"
ချန်ရုံ၏မျက်နှာထားမှာ မငြိမ်မသက်ဖြစ်နေသည်။သူမက မျက်တောင်ရှည်များအား တဖျပ်ဖျပ်ခတ်ရင်းညင်သာစွာ ပြန်လည်ဖြေကြားလာလေ၏။
“ ရှင် ကျွန်မကိုဒီလိုခေါ်ရင် ဘယ်လိုလက်ထပ်ရတော့မှာလဲ ... ကျွန်မက နှိမ့်ချတတ်တယ်ဆိုပေမဲ့လည်း ကိုယ်လုပ်တော်အဖြစ်တော့ မနေနိုင်ပါဘူး ... စကားကိုပြန်ရုတ်သိမ်းပေးပါ "
ထိုအခါ ဝမ်ချီလန်က သူမအား တစ်ချက်ကြည့်လိုက်ပြီး ဝိုင်ခွက်ကို ဘယ်လက်ထဲသို့ရွှေ့ပြောင်းလျက် နူးညံ့စွာ ပြုံးသည်။
" မလုပ်နိုင်မှာကို စိုးရိမ်မိတယ် "
ဝမ်ချီလန်၏လေသံက အလွန်ပြတ်သားပေ၏။
" ဒါပေမဲ့ ... ကျွန်မကျတော့ ဘယ်လိုလုပ်ရမှာလဲ "
ချန်ရုံက ဝမ်ချီလန်အားစိုက်ကြည့်လျက် ဆက်လက်မေးမြန်းခဲ့သောအခါ ဝမ်ချီလန်ကတောက်ပစွာ ပြုံးရယ်လျက် ပြန်လည်ဖြေကြားခဲ့လေ၏။
“ဘာမှမလုပ်နဲ့ ... ကိုယ့်ကိုယ်ကို ဖြေသိမ့်ပြီး အနာဂတ်မှာ ဝမ်ချီလန်ကို အချစ်တွေအများကြီးနဲ့ လွှမ်းမိုးပေးနိုင်အောင်ပဲကြိုးစားပါ ... ဒီလူက မင်းကို တရားဝင်ဇနီးသည်အဖြစ်နဲ့ လက်ထပ်ယူမှာမလို့ "
ထိုစကားကြောင့် ချန်ရုံတစ်ယောက် အံ့အားသင့်သွားတော့သည်။
"ချီလန် ... ဒီမှာကြည့် "
ယွီကျစ်က စကားဖြတ်ပြောလာခဲ့၏။
ထိုအခါ ဝမ်ဟုန်က မတ်တပ်ထလိုက်ပြီး အသံလာရာဘက်သို့ လှည့်ကြည့်သည်။သူ၏အဖြူရောင်ဝတ်ရုံမှာ လေထဲတွင် လွင့်မျောနေ၏။လှေများအားလုံးက ရေပြင်ပေါ်တွင် စက်ဝိုင်းပုံသဏ္ဌာန်အဖြစ်နေရာယူထားကြပြီးဖြစ်ကြောင်းကို ချန်ရုံတွေ့ရှိလိုက်ရသည်။ယွီကျစ်က သူတို့ကို ညွှန်ပြပြီးနောက်တွင် ခွက်တစ်ခွက်ထဲသို့ ဝိုင်ကိုငှဲ့၏။ထို့နောက် သူက ၎င်းခွက်အား ရေကန်၏ထောင့်တစ်နေရာတွင် နှစ်ထားလိုက်တော့သည်။
ယွီကျစ်က ရေမျက်နှာပြင်ကို မွှေကာ လှိုင်းငယ်ကလေးများ မဖန်တီးမီအချိန်အထိ ခွက်မှာ ရေပေါ်တွင်ပေါလောပေါ်နေခဲ့၏။
ဟွမ်းကျိုးလန်နှင့်ဝမ်ဟုန်တို့က ထိုခွက်အား ဖြည်းညင်းစွာကြည့်လာကြသည်။
" စည်းကမ်းချက်က အတူတူပဲ ... ဝိုင်ခွက်ညွှန်ပြတာခံရတဲ့သူက ကဗျာရွတ်တာ ဒါမှမဟုတ် သီချင်းတီးတာ တစ်ခုခုလုပ်ပြရမယ် " ခွက်စတင်ရွေ့လာချိန်၌ ယွီကျစ်က လှမ်းပြော၏။
ထို့နောက်သူက စိတ်ရှုပ်ထွေးနေသောချန်ရုံအား တစ်ချက်လှည့်ကြည့်လိုက်လျက်ထူးထူးခြားခြား ပြုံးပြရင်း အရွှန်းဖောက်လာပြန်သည်။
" ချီလန် ... မင်းရဲ့ရှင်မလေးကိုလည်း မင်းအစား ဗျပ်စောင်းတီးပြခိုင်းလို့ရတယ်နော် "
ချန်ရုံက ယွီကျစ်အား ထုံထိုင်းစွာဖြင့် စိုက်ကြည့်နေခဲ့သည်။ထို့နောက်သူမက မျက်တောင်ခတ်လျက် ခဏတာငြိမ်သက်သွားပြီးနောက် ဝမ်ဟုန့်ဆီသို့ အကြည့်လွှဲလိုက်လေ၏။ချန်ရုံမှာ ထိုင်နေရာမှ ဖြည်းညင်းစွာထရပ်ရင်း ခပ်တိုးတိုးဆိုလာခဲ့သည်။
" လက်ခံပါတယ် ဒီလိုဆိုတော့လည်း "
ချန်ရုံက သက်ပြင်းချလိုက်ပြီး လေဆန်ရာနှင့် ဆန့်ကျင်ဘက်တွင်ရပ်လျက် တိမ်နန်းတော်သို့ရောက်ရှိနေသကဲ့သို့ဖြစ်သောဝမ်ချီလန်အား တစ်ချက်ကြည့်လိုက်သည်။
ချန်ရုံ၏လေသံတွင် ငြင်းဆန်ခြင်း အလျဉ်းမရှိသဖြင့်
ဝမ်ဟုန်၏နှုတ်ခမ်းစွန်းများက အထက်သို့ ကွေးညွတ်တက်သွားသည်။ ထိုအချိန်တွင် ဝိုင်ခွက်မှာ သူနှင့် ဟွမ်းကျိုးလန်ရှိရာဘက်သို့ ဦးတည်လာနေခဲ့၏။
ဝမ်ဟုန်က လှေသမားထံမှ ဝါးလှော်တက်ကိုယူကာ ခွက်အား ညင်သာစွာ ဆွဲယူလေသည်။ထို့နောက်တွင် သူက ရေထဲမှ ဝိုင်ခွက်အား ဆယ်ယူလိုက်ပြီး ချန်ရုံ့လက်ထဲသို့ ထည့်ပေးလာသည်။
" မင်းအလှည့်ပဲ "
ထိုအခါ ချန်ရုံက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ဝမ်ဟုန်အား စိုက်ကြည့်နေလျက် အံ့အားသင့်စွာဖြင့် မေးလာတော့၏။
“ခွက်က ဒီတိုင်းလှည့်ပြီး ရောက်လာမယ်လို့ထင်နေတာ ... ဘာလို့ လှမ်းဆယ်ပြီး ကျွန်မကို ပေးတာလဲ "
ဝမ်ဟုန်က ပြုံးလေသည်။သူပြန်မဖြေရသေးမီမှာပင် ဟွမ်းကျိုးလန်က ဝင်ပြောလာခဲ့သည်။
" အသိသာကြီးပဲ မဟုတ်ဘူးလား ... မင်းရဲ့ချီလန်က မိန်းမလှလေးတီးခတ်တဲ့ တေးသွားကို နားထောင်ချင်နေတာလေ "
ချန်ရုံမှာ ထိုမျှလောက်အထိ ဒုံးမဝေးပေ။သူမက အခြေအနေအား ခပ်မြန်မြန်ပင် သဘောပေါက်သွားသည်။ ဟွမ်းကျိုးလန်ပြောသည့်အတိုင်းပင် ဝမ်ချီလန်မှာ သူမအား ထိုအဖြစ်အပျက်ထဲတွင်သာ နစ်မြုပ်လျက် စိတ်ညစ်ညူးမနေစေချင်ဘဲ ရေကန်ရှုခင်းများအား ရှုစားရင်း စိတ်သက်သာစေလိုခဲ့သည်။
ချန်ရုံက ခေါင်းညိတ်ပြီး " ဒီလိုဆိုတော့လည်း ကောင်းပါပြီ " ဟု ပြောလိုက်၏။
ထို့နောက်တွင်လှေသမားက သူမ၏ဗျပ်စောင်းအား သယ်ယူပေးလာသည်။ချန်ရုံက ဗျပ်စောင်းကို လှမ်းယူလိုက်ပြီး နေရာတကျပြန်ထိုင်လိုက်တော့၏။