အပိုင်း ၇၇
Viewers 18k

Chapter 77
တစ်ခါတစ်ရံမှာ ရက်စက်ယုတ်မာတာက မှန်ကန်ပါတယ်





သို့သော်လည်း ထိုသို့ထိုင်ချလိုက်ချိန်၌ သူမတို့မှာ လှေပေါ်တွင်သာရှိနေသေးကြောင်းကို ချန်ရုံသတိရသွားတော့သည်။ချန်ရုံ၏ မျက်နှာငယ်လေးသည် ချက်ချင်းပင် နီရဲတက်လာ၏။ ဒုက္ခသုက္ခများကြားထဲတွင် နစ်မွန်းနေသောကြောင့် လှေမူးနေသည်ကို ခဏ‌တာမေ့သွားခဲ့သည်။

ထိုအချိန်၌ နွေးထွေးမှုတစ်ခုက သူမ၏လက်သေးသေးလေးများအပေါ်ရုတ်တရက် ဖုံးလွှမ်းလာ၏။ဝမ်ဟုန်သည်လည်းလိုက်ပါထိုင်ချလာပြီး သူမ၏ဗျပ်စောင်းအား လက်လွှဲယူလာခဲ့သည်။ဝမ်ဟုန်၏ညာဘက်လက်ချောင်းများ ကြိုးပေါ်သို့ရောက်သွားသည်နှင့် ငြိမ့်ညောင်းသောတေးသွားတစ်သံထွက်ပေါ်လာသည်

" သီချင်းဆိုပါ " ဝမ်ဟုန်က တီးခတ်နေရင်းဖြင့် ခပ်တိုးတိုးပြောလာခဲ့၏။

သူတောင်းဆိုပြီးသည်နှင့်တစ်ပြိုင်နက် တေးသွားသံများက လှိုင်းလုံးသဖွယ် ရိုက်ခတ်လွင့်ပျံလာခဲ့ပြန်သည်။

ယင်းတေးသွား၌ လောကီဆိုင်ရာရုန်းကန်မှုအငွေ့အသက်များ ပါဝင်နေ၏။သို့သော်လည်း ၎င်းနာကျင်မှုက ရုန်းရင်းဆန်ခတ်ဖြစ်‌နေသည်များကို အပေါ်စီးမှ ငုံ့ကြည့်နေသူတစ်ဦးသဖွယ်ဖြစ်သည့်ကြီးမြတ်မှုအား သယ်ဆောင်လာသည်။

ချန်ရုံက သူမ၏နှုတ်ခမ်းပါးများအား လှုပ်ခါကာ တိုးညင်းစွာ စတင်သီဆိုခဲ့လေတော့၏။

" ဒီကနေ့မှာ ကံကောင်းစေဖို့ တောင်းဆုပြုပြီး မနက်ဖြန် သင်္ဘောက နောက်တစ်နေ့ရဲ့ မုန်တိုင်းကိုဖြတ်ကျော်နိုင်ဖို့ ဆုတောင်းကြလေတယ် ...ဘုရားရှင်ရဲ့ခိုကိန်းရာကိုမေးမြန်းတော့ လက်တွေ့မှာမရှိကြောင်း သခင်က ဖြေဆိုလေရဲ့ ... လောကကြီးဟာ အသေကောင်တွေနဲ့ပြည့်နှက်နေပြီး ဒီအရာကတော့ ရက်စက်ရာကျလွန်းပေပါလား ... "

ချန်ရုံ၏သီချင်းညဉ်းသံက အလွန်ပင်ကောင်းမွန်ပြီး ၎င်းတွင် စိတ်ကူးယဉ်ဆန်သည့် ဆွေးမြေ့စွဲမက်ဖွယ်ရာအငွေ့အသက်တစ်ခုရှိသည်။သတိမမူဘဲလက်တန်းသီဆိုလိုက်သော သီချင်းသည်ပင်လျှင် မြင့်မားကြွယ်ဝသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်လေ၏။

သို့သော်လည်း ဤဒီသီချင်းမှာ…

လူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ချန်ရုံအား ဝိုင်းရယ်လာကြသည်။

ဝမ်ချီလန်သည် ဗျပ်စောင်းကြိုးများအား ဖိကာ တေးသွားအား ရပ်တန့်လိုက်လေ၏။ထို့နောက် သူက ချန်ရုံ့ကိုမော့ကြည့်လျက် မေးမြန်းလာခဲ့သည်။

"ဒီလို ကျေးလက်သီချင်းမျိုးရှိတာလား"

“မူရင်း‌ရယ်လို့လည်းမဟုတ်ပါဘူး ... ရှင့်ရဲ့တေးသွားက အလိုလို အသက်ဝင်သွားစေတာပါ "

သူမသည် သီချင်းတစ်ပုဒ်အား ရိုးရိုးရှင်းရှင်း ဖန်တီးခဲ့၏။ ကာရန်နဘေများ ၊ စည်းမျဥ်းဘောင်များ မပါရှိသော၎င်းသီချင်းက အဓိပ္ပါယ်မဲ့ပြီး အခြားသူများအတွက် မရှင်းမလင်းဖြစ်နေနိုင်သည်။သို့သော်လည်း ယင်းသီချင်း၌ ကောင်းကွက်များပါဝင်ပြီး ရိုးရှင်းသော်လည်း စိတ်ဝင်စားစရာကောင်းလှ၏။

ထိုအံ့အားသင့်စရာအခိုက်အတန့်အား ကျော်လွန်ပြီးနောက်တွင် ဟွမ်းကျိုးလန်က ရယ်မောလျက် ဆိုလာခဲ့သည်။

“ ချီလန် ... မင်းရဲ့ရှင်မက အခဲမကျေဖြစ်နေပုံရတယ် ”

"အေးကွာ ... ချီလန် ... သူ့ကို စိတ်ခုအောင် ဘာလုပ်လိုက်မိသေးလဲ ... အခုသူက မင်းကို ရက်စက်ပြီး နှလုံးသားမရှိဘူးလို့ ဆိုလိုလိုက်တာများလား "

ယွီကျစ်သည်လည်း အံ့ဩတကြီးဖြစ်နေလေ၏။

ထို့နောက်တွင် သက်ကြီးပိုင်းများကလည်း ဝိုင်းရယ်လာကြတော့သည်။

" ဒါဆို မိန်းကလေးက ငိုချင်းချဖို့လာတာပေါ့ ... ဒီလောက်စိတ်ဝင်စားဖို့ကောင်းတာ မတွေ့ဖူးသေးဘူး ... မိန်းကလေးချန် ဖြစ်ချင်တာကိုသာပြောပြလိုက်ပြီး နားနားနေနေ နေပါ ... ဝမ်ချီလန်ကို ရှစ်စိတ်ကွဲအောင်လုပ်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ဆောင်ရွက်ပေးပါ့မယ် "


သူတို့အားလုံးက ချန်ရုံ့အား ရွှတ်နောက်နောက်လုပ်နေကြသည်။

ဝမ်ဟုန်ခေါင်းပြန်‌မော့လိုက်သောအခါတွင် ညှင်းသိုးသိုးဖြစ်နေသည့် ချန်ရုံ၏မျက်နှာထားအား တွေ့လိုက်ရလေ၏။သူက နှုတ်ခမ်းစွန်းများအား တွန့်ချိုးကာ လူအုပ်ကြီးအား တစ်ချက်ကြည့်လိုက်ပြီး ဆိုလာတော့သည်။

" ‌ဘာလို့ ကျွန်တော်တို့ ပရောပရီလုပ်နေတာကို ဝင်နှောက်ယှက်နေကြတာလဲ "

ဝမ်ဟုန်က သူတို့နှစ်ဦးမှာ ဤသီချင်းစာသားများဖြင့် အချစ်စမ်းနေကြခြင်းဖြစ်သည်ဟု ဆိုလိုလိုက်ခြင်းပင်။ချန်ရုံမှာ အလွန်ပင်မင်သက်သွားခဲ့ပြီး မည်သို့တုံ့ပြန်ရမည်ကိုပင် မဝေခွဲတတ်တော့ရှာပေ။နောက်ဆုံးတွင် သူမက ကူရာကယ်ရာမဲ့စွာဖြင့် မျက်လွှာကိုချကာ ခပ်တိုးတိုးဆိုလာခဲ့လေသည်။

“ သခင်လေးက ကျွန်မရဲ့နာမည်ကို စွန်းထင်းစေခဲ့ပြီ... သတိထားလိုက်ပါတော့ ... ကျွန်မနဲ့ထိမ်းမြားပေးဖို့ အတင်းလိုက်ပြီး တွယ်ကပ်နေတော့မှာမလို့ ... နောက်ပြီး တော့ သခင်လေးရဲ့မျိုးနွယ်စုက သခင်လေးကို အခြားမိန်းကလေးနဲ့ထိမ်းမြားပေးဖို့ စီစဉ်လာရင် သူတို့တွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်ပြီးတော့ဖယ်ထုတ်ပစ်မယ် ... ကျွန်မ မလုပ်နိုင်ဘူးမထင်နဲ့ "

ဝမ်ချီလန်က ချန်ရုံ၏စကားအားမျက်ဝန်းရွဲရွဲကြီးများဖြင့်သာ ပြန်လည်ဖြေကြားသည်။

သူမ၏မျက်စိရှေ့ရှိလူမှာ ကျောက်စိမ်းတုံးကြီးသကဲ့သို့ တောက်ပသပ်ရပ်နေသည်ကိုတော့ ချန်ရုံ ဝန်ခံရပေမည်။

တစ်ဖက်လူ၏အကြည့်များကြားတွင် ချန်ရုံ၏မျက်ဝန်းများက မှေးစင်းလုမိတော့မတတ်ဖြစ်သွား၏။

ချန်ရုံတစ်‌‌ယောက် စကားလုံးများ ထပ်မံပျောက်ရှသွားပြန်လေပြီ။

သူမ အသိစိတ်ပြန်ဝင်လာချိန်တွင် ဝမ်ချီလန်က ဝိုင်ခွက်ကိုဖြည့်ပြီး လှိုင်းလုံးများထဲသို့ လွှတ်နေခဲ့သည်။

ချန်ရုံမှာ လေတိုက်ခတ်နေသော‌နေရာ၌ရပ်နေသည့် ထိုသူအား တစ်ချက်လှမ်းကြည့်ကာ သက်ပြင်းချလိုက်ပြီး သူမ၏ဒုက္ခများအား ခေတ္တမေ့ပစ်ရန် ဆုံးဖြတ်လိုက်၏။

ထိုအချိန်တွင် ဝိုင်ခွက်က လူလတ်ပိုင်း ပညာရှင်တစ်ဦးထံသို့ ရောက်သွားလေသည်။လေနှင့်လှိုင်းများကြားတွင်

ထိုသူက အစေခံတစ်ဦးအား စာရွက်ဖြူတစ်လိပ်ကိုယူဆောင်လာစေပြီးနောက် တစ်စုံတစ်ရာအား စုတ်တံဖြင့် စတင်ခြယ်သတော့သည်။

ချန်ရုံမှာ ထိုသူ၏ခိုင်မာသောလက်ရေးလှ ရေးဟန်ကို နှစ်ခြိုက်ပြီး ၎င်းအား တိတ်တဆိတ် သဘောကျလေးစားနေခဲ့၏။များမကြာမီပင် ပြောင်မြောက်လှသော လက်ရေးလှစာလုံးက ရုပ်လုံးပေါ်လာလေသည်။

ပညာရှင်များက ထိုလက်ရေးစာအား အံ့အားသင့်စွာ ကြည့်နေကြချိန်တွင် ဝိုင်ခွက်မှာ ဝမ်ဟုန့်ထံသို့အကြိမ်ကြိမ် ပျံ့လွင့်လာခဲ့၏။သို့သော်လည်း အခေါက်တိုင်း၌ဝမ်ဟုန်က သူ၏လက်မှ ဝတ်ရုံစအားဝှေ့ယမ်းပြီး လေနှင်ရာကို ပြောင်းလဲပစ်သည်။

" ဟေ့ကောင် ဝမ်ချီလန် ... ဘယ်လိုနည်းနဲ့မှ စည်းကမ်းမလိုက်နာနိုင်ဘူးလား "

ယွီကျစ် ပြင်းပြင်းထန်ထန်အော်ဟစ်လိုက်သောအခါတွင် ဝမ်ချီလန်မှာမျက်လုံးထောင့်မှနေ၍ တစ်ချက်စောင်းငဲ့ကြည့်လာပြီး " ငါလုပ်ချင်တာမှန်သမျှက စည်းကမ်းပဲ" ဟုပြန်ဖြေလေ၏။

မမျှော်လင့်ဖွယ်ရာဖြစ်သည့် သူ၏စကားများက လူအများအား ပွဲကျသွားစေခဲ့ပြီး ဟွမ်းကျိုးလန်သည်လည်းလက်ခုပ်ထတီးလျက် အားပါးတရပြောလာခဲ့သည်။

“ ကောင်းတာပေါ့ ... ကောင်းတယ် ... ငါလုပ်ချင်သမျှက စည်းကမ်းပဲတဲ့ ဟားဟား "

ယောက်ျားသားများရယ်မောနေချိန်တွင် ချန်ရုံက ဝမ်ဟုန့်အား မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်လျက် အတွေးများနေခဲ့‌၏။

လုပ်လိုသည့်အရာမှန်သမျှက စည်းမျဥ်းဟုဆိုလေသည်။မဟုတ်မှလွဲ၍ ထိုစကားအား ရည်ရွယ်ချက်ရှိရှိပြောဆိုခြင်းမဟုတ်ပါလော။

ချန်ရုံမှာ စိတ်ဓာတ်ကျနေပြီး သက်တောင့်သက်သာရှိ‌အောင် ကြိုးစားရန် ခက်ခဲသည့်အချိန်များအား ကြုံတွေ့နေရသည်။သို့သော်လည်း ဤလူများနှင့်အတူရှိချိန်၌မူ

သူမ၏စိတ်ခံစားချက်တို့က တစ်နည်းနည်းဖြင့် ပြေလျော့သွားပြီး ပိုမိုပျော်ရွှင်လာခဲ့သည်။

ယခု၌လည်း သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ ပြုံးရယ်နေမိပြန်လေပြီ။

မတော်တဆအကြည့်ချင်းဆုံလိုက်မိချိန်၌ ဝမ်ဟုန်၏နှုတ်ခမ်းစွန်းများမှာ ဖျတ်ခနဲကွေးညွတ်တက်သွားခဲ့သည်။ဝမ်ဟုန်က ရေကန်ထဲမှ ဝိုင်ခွက်အား ဆယ်ယူပြီး တစ်ကျိုက်တည်းမော့ချလိုက်လေ၏။ထို့နောက်တွင် သူ၏ညာဘက်လက်ချောင်းများမှာ ကွေးညွတ်သွားပြီး တိမ်လွှာနှင့်ရေပြင်များကိုဖြတ်ကျော်လျက် ဂီတသံစဉ်တန်းတစ်ခု လွင့်ပျံလာခဲ့သည်။

ယခုအချိန်မှာ ဆောင်းဥတုဖြစ်သဖြင့် နေရောင်ခြည်ဖြာနေလင့်ကစား တိုက်ခတ်လာသောလေအေးက အရိုးတွင်းခြင်ဆီထဲအထိ ချမ်းစိမ့်ဝင်သွားစေသည်။

နာရီဝက်ခန့်ရှုခင်းကြည့်ပြီးနောက်တွင် မည်သူတစ်ဦးတစ်ယောက်ကမှ ဆက်လက်၍တောင့်မခံနိုင်တော့ရှာပေ။ရုပ်ပိုင်းဆိုင်ရာချူချာသူ ဟွမ်းကျိုးလန်က ဝိုင်တစ်ခွက်‌မော့လိုက်ပြီး အိမ်ပြန်ရန် စတင်အဆိုပြုလာခဲ့သည်။

လှေများပေါ်မှအသီးသီးဆင်းပြီးသည်နှင့် လူအုပ်ကြီးက ၎င်းတို့၏သက်ဆိုင်ရာလှည်းရထားများဆီသို့ ထွက်ခွာသွားကြလေ၏။

ခြေနှစ်လမ်းစာခန့်အကွာတွင် ချန်ရုံက လှည်းမောင်းသူအား ခေတ္တရပ်တန့်စေကာ ဝမ်ဟုန်နှင့် သူ၏အုပ်စုရှိရာဘက်သို့ လှည့်ကြည့်နေခဲ့သည်။

ဤကျော်ကြားသော ပညာတတ်များက ၎င်းတို့၏
အရည်အချင်းများနှင့် ထက်မြက်သည့်အတွေးအခေါ်များအား အပြိုင်အဆိုင်ကြွားဝါကြ၏။

အကယ်၍သာ အတိတ်ဘဝဖြစ်ခဲ့လျှင် ချန်ရုံမှာ ထိုသူတို့အား ဤအကွာအဝေးမှပင် လှမ်းမျှော်မကြည့်ရဲဘဲ သူ့အသိုက်အမြုံနှင့်သူ လွှတ်ထားပေးလိုက်မည်ဖြစ်သည်။သူမ တွေ့ကြုံခံစားခဲ့ရသည့် အရှက်တရားမှာ စကားလုံးများဖြင့်ဖော်ပြရန်ပင် ခက်ခဲလွန်းပေ၏။

သို့သော်လည်း ဤတစ်ကြိမ်တွင် ဝမ်ဟုန်က သူမအားကျောထောက်နောက်ခံပြုပေးထားသဖြင့် ချန်ရုံမှာ ထိုသူတို့၏ကြီးမြတ်သာလွန်မှုကို ထူးထူးခြားခြားမခံစားရပေ။

ယင်းအစား သူမသည် ထိုသူတို့နှင့်အတူရှိချိန်၌ သက်တောင့်သက်သာခံစားရပြီး အချိန်များကလည်း ကုန်လွယ်သည်။



ဝမ်ဟုန်က ယွီကျစ်နှင့် စကားပြောနေရင်းတန်းလန်းဖြင့် ချန်ရုံရှိရာဘက်သို့ ဆတ်ခနဲခေါင်းလှည့်လာခဲ့၏။ထို့နောက်သူက ပြုံးရယ်လျက် လက်ဝှေ့ယမ်းပြလာခဲ့သည်။

" ကိုယ်နဲ့ခွဲရလို့ ဝမ်းမနည်းပါနဲ့ ... အခုအိမ်ကို တန်းတန်းမတ်မတ်ပြန်တော့နော် ... လွမ်းရင် အချိန်မရွေးဝမ်အိမ်တော်ကို လာလို့ရတယ် "

ဝမ်ဟုန်တစ်ယောက်ရဲတင်းစွာပြောအပြီး၌ ချန်ရုံ၏မျက်နှာများက နီရဲလာပြီး အဆုံးမဲ့သောမျက်ဝန်းများထဲတွင်လည်း မီးစများ တဖျပ်ဖျပ်တောက်နေ၏။

ထိုအခါဝမ်ဟုန်က မျက်ခုံးပင့်လျက် ဆက်လက်မေးမြန်းလာသည်။

" ရှင်မ ...ကိုယ့်ကို ဘာလို့အဲ့လိုမျိုးကြည့်နေတာလဲ ... အိမ်မပြန်ချင်လို့လား "

ချန်ရုံက နှုတ်ခမ်းများကို ကိုက်လိုက်ပြီး ပေါက်ကွဲလုမတတ် ဖြစ်သွားတော့၏။ယွီကျစ်နှင့် အခြားသူများမှာ ဝါးလုံးကွဲမတတ်ရယ်မောနေကြသည်။

" သွားဝောာ့ "

ချန်ရုံက အရှေ့သို့ပြန်လှည့်ပြီး လှည်းမောင်းသူအား လှမ်းအော်ပြောလိုက်၏။ထိုစကားကြောင့်ပင် ရယ်သံများက ပိုမိုကျယ်လောင်လာခဲ့သည်။

သို့သော်လည်း ဝမ်ဟုန်ကတော့ မရယ်ပေ။

သူသည် ချန်ရုံ၏အလျင်အမြန်ထွက်သွားသောပုံရိပ်အား စူးစိုက်ကြည့်နေခဲ့ပြီး ဖုန်ခိုးဖုန်ငွေ့များက မြင်လွှာအား ဖုံးကွယ်သွားသောအချိန်မှသာ တစ်ဖက်သို့ ပြန်လှည့်ခဲ့လေသည်။

ချန်ရုံ၏လှည်းရထားမှာ သူမ၏အဆောင်တော်ခြံဝင်းထဲသို့ ဆိုက်ရောက်လာခဲ့၏။

ချန်ရုံက ရထားလုံးပေါ်မှဆင်းလာခဲ့ပြီး ပတ်ပတ်လည်ကို ကြည့်ရှု၍ " အထိန်းတော်ဖျင် ..." ဟုခေါ်ဆိုလိုက်သည်။

သို့သော်လည်း အထိန်းတော်ဖျင်မှာ ထွက်မလာခဲ့ပေ။

ချန်ရုံက အနည်းငယ် မျက်မှောင်ကြုတ်ကာ လှေကားထစ်များပေါ်သို့တက်ပြီး “တစ်ယောက်ယောက်ရှိလား ... ခဏလောက် ထွက်လာခဲ့ပါ " ဟု ဆက်လက်ပြောဆိုပြန်၏။

ငါးကြိမ် ခြောက်ကြိမ်ခန့် ခေါ်ဆိုပြီးနောက်တွင်မူ အဖိုးစွင်းက အိမ်နောက်ဖေးမှ သုတ်သုတ်ပျာပျာဖြင့် အမြန်ထွက်လာခဲ့သည်။အဖိုးစွင်းမှာ ဖုန်များဖုံးလွှမ်းနေပြီး အလွန် အလုပ်ရှုပ်နေပုံရလေ၏။

"အကုန်လုံး ဘယ်မှာလဲ ... ဒီနေ့ဘာလို့ဒီလောက်ငြိမ်နေရတာလဲ"

အဖိုးစွင်းက သူမ၏စကားကိုချက်ချင်းပြန်မဖြေဘဲ " အိမ်ထဲဝင်ပြီး တိုးတိုးသက်သာပြောရအောင်ပါ " ဟုပြောလာသည်။ထိုအခါ ချန်ရုံကလည်းခေါင်းညိတ်လိုက်ပြီး အဖိုးစွင်းခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားတော့၏။

အဖိုးစွင်းက ဘေးဘီကိုတစ်ချက်စစ်ကြည့်ပြီး တံခါးအားဖြည်းညင်းစွာပိတ်ကာ ချန်ရုံရှိရာဘက်သို့ လှည့်လာသည်။

“ အခုလေးတင် (၁ ) သခင်မလီ ရောက်လာတယ် ...

သခင်ကြီးက မမလေးရဲ့အုပ်ထိန်းသူဖြစ်သွားပြီ‌ဆိုတော့ သခင်ကြီးရဲ့ဇနီးသည်ရဲ့အခွင့်အာဏာလက်အောက်ကိုလည်း အလိုလိုရောက်သွားတာပဲတဲ့ ... မမလေးရဲ့ အစားအသောက်နဲ့ နေရာထိုင်ခင်းတွေက အားဝေ့နဲ့အတူတူဖြစ်လာမယ်လို့ပြောတယ် ... မမလေးက ငယ်သေးတော့ ရိက္ခာတွေ စီမံခန့်ခွဲဖို့ကို သူကကူညီပေးချင်ပါတယ်တဲ့ ... အဲဒါကြောင့်ပဲ စပါးတွေကို ဂိုဒေါင်ကနေ ရွှေ့ဖို့ လူတွေလွှတ်လိုက်ပါတယ် ... သူက ကျွန်တော်တို့ဆီက အစေခံငါးယောက်ကိုလည်း အတင်းအကြပ်ထုတ်လိုက်တယ် ... အဲ့ဒီထဲမှာ အထိန်းတော်ဖျင်လည်းပါတယ် ... ”

အဖိုးစွင်းက ခေတ္တနားပြီးနောက် ဆက်ပြောလေသည်။

“ ကျွန်တော်တို့ဝယ်ထားတဲ့ဆိုင်တွေဆီကို စပါးတွေရွှေ့ဖို့စီစဉ်ထားတယ် ... တခြားသူတွေက စပါးတွေသွားထားကြတယ် ... မကြာခင်ပြန်လာကြမှာပါ ”

ထိန်းသိမ်းသူဟောင်းမှာ ပြောပြောဆိုဆိုဖြင့် ချန်ရုံ့အား စိုးရိမ်တကြီး စောင့်ကြည့်နေပြီး ယခင်ကကဲ့သို့ မဆင်မခြင်ပြုမည်ကို စိုးရိမ်နေလေ၏။

[ (၁) သခင်မလီ၏ဂုဏ်ပုဒ်မှာ 如夫人 ဖြစ်ပြီး “ သခင်မငယ် ”ဟူသော သဘောသက်ရောက်သည်။ဆိုလိုသည်မှာ သူမက အိမ်တော်သခင်မနှင့် ခပ်ဆင်ဆင်ဖြစ်သော်လည်း အခြားသူများထက် အဆင့်ပိုမြင့်သည့် ကိုယ်လုပ်တော်တစ်ဦးသာဖြစ်သည်ဟု ယူဆနိုင်သည်။ ]

သို့သော်လည်း ချန်ရုံမှာ စကားဆုံးသွားသည့်တိုင် အလွန်အမင်း တည်ငြိမ်နေခဲ့၏။အဖိုးစွင်းကအံ့အားသင့်နေသောအကြည့်များဖြင့်ကြည့်နေချိန်တွင် ချန်ရုံမှာ ခေါင်းငုံ့လျက် ခေတ္တစဉ်းစားနေပြီး ထို့နောက်တွင်မူ ခပ်တိုးတိုးမေးလာခဲ့သည်။

“ အကုန်လုံးကို ဆိုင်တွေမှာလှောင်ထားပါ ... စပါးလှည်း ခုနစ်စင်းကိုလည်း လမ်းဘေးမျက်နှာစာဆိုင်တွေနဲ့ လဲလှယ်ခဲ့တယ်မလား "

ထိုအခါ အဖိုးစွင်းက ထပ်တလဲလဲ ခေါင်းညိတ်ပြပြီးပြန်လည်ဖြေကြားလေ၏။

“ ဟုတ်ပါတယ် ... သခင်မလေး ကြိုတွေးထားလို့သာ ... မဟုတ်ရင် အဲ့ဒီ စပါးလှည်းခုနစ်စင်းစာက အသိမ်းခံရတော့မှာ ... အားလုံးလည်း စိတ်တိုနေကြတယ် ... အခုတလောဆိုင်တွေက ဈေးကျနေတာ ... အရင်က စပါးလှည်းခုနှစ်စီးစာဆို ဆိုင်သုံးဆိုင်ပဲရမှာဆိုပေမဲ့ ဒီတစ်ခေါက်တော့ ဆယ့်နှစ်ဆိုင်ရလိုက်တယ် ... တောင်ဘက်လမ်းမှာ အရောင်းတင်ထားတာက ဆယ်ဆိုင်ပဲရှိလို့ ကျန်တဲ့နှစ်ဆိုင်ကို လမ်းမကြီးဘက်မှာ ဝယ်ထားလိုက်တယ် "

“ဒီကိစ္စကို လူမသိပါစေနဲ့ ... မိသားစုထဲက တစ်ယောက်ယောက် မေးလာရင် အဲ့ဒီဆိုင်တွေအကုန်လုံးက တပ်မှူးရန်ရဲ့ အမည်ပေါက်နဲ့လို့ ပြောလိုက်ပါ”

“ဟုတ်ပါပြီ မမလေး”

“သွားပါတော့”

ပြောဆိုစရာရှိသည်များကိုပြောဆိုပြီးနောက် အဖိုးစွင်းက လှည့်ထွက်သွားခဲ့သည်။သို့သော်လည်းခြေလှမ်းနှစ်လှမ်း လှမ်းပြီး နောက်တွင် သူကတဖြေးဖြေးပြန်လှည့်ကာ ဆိုလာပြန်လေ၏။

“သခင်မလေးက အထိန်းတော်ဖျင်နဲ့ပဲ တစ်လျှောက်လုံးနေလာတာ ... အထိန်းတော်ဖျင်မရှိလို့ အဆင်ပြေပါ့မလား "

“ ဘာလုပ်ရမယ်ဆိုတာကို ကျွန်မ သိတယ် ... သွားပါတော့ ” ချန်ရုံက လက်ကို ဝှေ့ယမ်းလိုက်ရင်း ပြောသည်။

" ဟုတ်ကဲ့ပါ "

အဖိုးစွင်းထွက်သွားသည်ကိုကြည့်ရှုနေရင်း ချန်ရုံ၏မျက်ခုံးစွန်းများက တွန့်ချိုးလာ၏။ သခင်မရွမ်နှင့် သခင်မလီတို့မှာ ဤမျှထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။သူမတို့၏ခင်ပွန်းဖြစ်သူချန်ယွမ်မှာ လူယုတ်မာဖြစ်သော်ငြားလည်း အနည်းဆုံးတော့အခြားသူများပြောသည့်စကားကို ထည့်သွင်းစဉ်းစားတတ်သေးသည်။သို့သော်လည်း အခြားတစ်ဖက်တွင်မူ ဤနှစ်ဦးသည် သူမ၏ကောက်နှံရိက္ခာများအားလုံးကို ပြောင်ပြောင်တင်းတင်း ဖယ်ထုတ်ပြီး သူမ၏အစေခံများကိုလည်း ပိုင်စိုးပိုင်နင်း နှင်ထုတ်ခဲ့သည်။ချန်စူးက သူမအား ပေးအပ်ခဲ့သောအထည်များကို တစ်ကိုယ်ရည်ဥစ္စာ အဖြစ်သတ်မှတ်ထား၍ တော်သေး၏။ထိုသို့မဟုတ်ပါက
သူမ၏နေထိုင်မှုစရိတ်စကအားလုံးကို အခြားသူများက ထိန်းချုပ်လာလိမ့်မည်။



Xxxxx