Chapter 78
ယမန်နေ့က အခြေအနေကောင်းနေခဲ့သည်။သို့သော်လည်း ယနေ့၌ ထိုနှစ်ယောက်က အဘယ်ကြောင့် အရာရာကို အကျည်းတန်သွားစေလေပါသနည်း။ချန်ရုံနားမလည်နိုင်တော့ပေ။ သူမက အခန်းဆီသို့ လျှောက်လှမ်းသွားလျက် တွေးတောနေခဲ့သည်။
ဤသည်မှာ ချန်စန်းလန်ကြောင့်ပင် ဖြစ်ရမည်။ထိုနှစ်ယောက်မှာ ပညာတတ်များက ချန်စန်းလန်အား လျစ်လျူရှုတ်ချသည့်အရေးနှင့်ပတ်သတ်၍ သူမအပေါ် အာဃာတ ထားနေပုံရ၏။သူမထံတွင် အကာအကွယ်တစ်စုံတစ်ရာမရှိသဖြင့် မည်သည်ကိုမှဂရုမစိုက်ဘဲ ဖြတ်နင်းသွား၍ရသည်ဟု လူတိုင်းက တွေးတောနေကြပုံပင်။
ချန်ရုံမှာ ဟာသဉာဏ်ရွှင်စွာပြေပြေပြစ်ပြစ်တုံ့ပြန်တတ်သူမဟုတ်ဘဲ စိတ်မြန်လက်မြန်ရှိသူဖြစ်သည်။သူမသည် ထိုအားနည်းချက်အား ကောင်းစွာနားလည်သည်ဖြစ်၍ ပဋိပက္ခများကို အတတ်နိုင်ဆုံးရှောင်ရှားရန်ကြိုးစားခဲ့လေသည်။သို့သော်လည်း ယခု၌ ထိုသူတို့က သူမအား ယခင်ကထက် ပို၍ချုပ်တည်းထားရန် လိုလားနေကြပါသလော။
သူမသည်လည်း မထီမဲ့မြင်ပြုတတ်သည်။
အားနည်းသူဖြစ်သည့်သူမအား အလွယ်တကူတွန်းထုတ်နိုင်သည်ဟူသော ထိုသူတို့၏အတွေးများအား ဇီဝိန်ချုပ်ပေးရန် လိုအပ်လာပေပြီ။
ချန်ရုံက တွေးတောနေရင်းဖြင့် သူမ၏ဓားမြှောင်အား ညာဘက် အင်္ကျီလက်ထဲသို့ထိုးထည့်ပြီး အပြင်ထွက်သွားခဲ့သည်။
သိပ်မကြာခင်၌ပင် ချန်ရုံမှာ မိန်းကလေးရွမ်၏ခြံအပြင်ဘက်၌ လှလှပပလေး ပေါ်ပေါက်လာခဲ့၏။
သူမက တံခါးဝတွင် ရပ်ကာ အစေခံတစ်ယောက်အား တိုးတိုးတိတ်တိတ် မေးလိုက်သည်။
" အဒေါ် အိမ်မှာရှိလား ...အားရုံ တွေ့ချင်လို့ပါ "
ထိုအစေခံက သူမအား စူးစူးဝါးဝါး စိုက်ကြည့်နေစဉ်တွင် အခြားအစေခံတစ်ဦးက ထိုတစ်ယောက်၏အနားတိုးသို့ကပ်လာပြီး တစ်စုံတစ်ရာကို တီးတိုးပြောလိုက်သည်။
ယင်းအစေခံကလည်း ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ခဲ့ပြီးနောက်တွင် ချန်ရုံအား ပြန်လည်တုံ့ပြန်လာခဲ့၏။
" အားရုံမလား ... ဝင်သွားတော့ "
" ကျေးဇူးတင်ပါတယ် "
ချန်ရုံက ကျေးဇူးတင်စကားဆိုလိုက်ပြီး ခြံဝင်းထဲသို့ ကြော့ကြော့မော့မော့ လျှောက်လှမ်းသွားခဲ့သည်။
များမကြာမီ၌ပင် သူမသည် လှေကားအနားသို့ ရောက်လာ၏။
“ သခင်မနဲ့ တွေ့ချင်လို့ပါ ”
" ဪ... ချန်ရုံလား ... အထဲဝင်ခဲ့လေ"
" ဟုတ်ကဲ့ပါ "
အတွင်း၌ သခင်မလီ တစ်ဦးတည်းသာရှိနေ၏။
အခြွေအရံလေးယောက်က သူမ၏ဘယ်ညာနှစ်ဖက်လုံးတွင် မတ်တပ်ရပ်လျက် စောင့်မတ်နေကြသည်။
ထိုအချိန်တွင် သခင်မလီမှာ ယာမကာသောက်သုံးနေခဲ့ပြီး ချန်ရုံအားမြင်သောအခါတွင် သူမက ခွက်ကိုဖြည်းညင်းစွာချလျက် ပြုံးပြုံးလေးပြောလာခဲ့၏။
" အားရုံ ... လာလေ ထိုင် "
" ဟုတ်ကဲ့ "
ချန်ရုံက ညာဘက်ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ပြီး နောက် အတွင်းဘက်သို့ စူးစိုက်ကြည့်ရင်း ဆက်လက်မေးမြန်းလေသည်။
" အဒေါ် အိမ်မှာ မရှိဘူးလား"
"သူက အလုပ်ကိစ္စနဲ့ တစ်နေရာသွားတယ်လေ ... လိုအပ်တာရှိရင် ငါ့ကို ပြောပြလို့ရတယ် "
သခင်မလီက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပေါ့ပေါ့ပါးပါးပြန်ဖြေလာခဲ့၏။
" ဟုတ်ကဲ့ ... ကျွန်မကို ဝမ်းကွဲအားဝေ့လိုမျိုး တန်းတူထားဖို့ အဒေါ်ကအမိန့်ချလိုက်တယ်လို့ အစေခံတစ်ယောက်က ပြောပြလာလို့ပါ ... အရမ်းကျေးဇူးတင်မိလို့ အခုလိုလူကိုယ်တိုင်လာခဲ့တာပါ "
ချန်ရုံက နူးညံ့သောအမူအရာဖြင့် ပြေပြေပြစ်ပြစ် ပြန်လည်ဖြေကြားလိုက်သည်။
ထိုအခါ သခင်မလီက ခွက်ကို မြှောက်ပြလာပြီး ဝိုင်တစ်ကျိုက်မော့သည်။ထို့နောက်တွင် သူမက ချန်ရုံ့အား မကြည့်ဘဲ ပြောလာခဲ့၏။
“ကိုယ့်အသိစိတ်နဲ့ကိုယ်ရှိတာ ကောင်းပါတယ် ... နင့်ရဲ့အဒေါ်က မျိုးနွယ်စုကြီးတစ်ခုကဆိုတော့ တခြားသူတွေရဲ့ အတင်းအဖျင်းစကားတွေကို ကြားချင်တဲ့ပုံမပေါ်ဘူး ...နင်က တခြားအနွယ်တော်ခွဲကဆိုပေမဲ့ သခင်ကြီးကခေါ်ထားတဲ့အတွက် နင်လည်း အားဝေ့လိုမျိုးသူ့သမီးပါပဲ ...သူ့ရဲ့အလေးပေးမှုတွေကို အရမ်းကိုဂရုတစိုက်နဲ့ တန်ဖိုးထားလေးစားပေးနေတာပဲ "
သခင်မလီ၏လေသံမှာ တစ်မျိုးဖြစ်နေပြီး ယင်းစကားလုံးများထံမှလည်း မတူညီသောအဓိပ္ပါယ်ကွဲအမျိုးမျိုးအား ကောက်ချက်ချ၍ရသည်။
သို့သော်လည်း ချန်ရုံက ဂရုမထားချေ။သူမက ရှည်ရှည်ဝေးဝေးတွေးမနေဘဲ အပြစ်ကင်းစွာ ပြုံးရယ်လျက် ညာလက်အား ဖြေးညင်းစွာဝှေ့ယမ်းပြလိုက်သည်။
ထိုအခါအေးစက်သောအလင်းတန်းတစ်ခုက သူမ၏အင်္ကျီလက်ထဲမှ ထွက်ပေါ်လာ၏။အမျိုးသမီးများမှာလည်း အလွန်အမင်းပင် ထိတ်လန့်သွားကြတော့သည်။
ထိုအချိန်တွင် သခင်မလီ ကလည်း ကျယ်လောင်စွာအော်ဟစ်လိုစိတ်အား ချုပ်ထိန်းလျက် မျက်လုံးအပြူးသားဖြင့်မေးလာသည်။
" အားရုံ ... ဒီမှာ ဘာကိစ္စ ဓားမြှောင်တကားကားလုပ်ပြနေတာလဲ ... အခု နင့်ကိုယ်နင်ဘာလုပ်နေတယ်ထင်လို့လဲ "
ချန်ရုံက အပြစ်ကင်းစင်သောမျက်နှာထားဖြင့် မျက်ဝန်းများပိတ်လုမတတ်ပြုံးရယ်နေလေ၏။
"မကြောက်ပါနဲ့ သခင်မရယ် ...ဓားမြှောင်တိုလေးတစ်ချောင်းပါပဲ ... ချီလန်ရယ် ဟွမ်းကျိုးလန်ရယ်နဲ့ အတူတူကစားဖို့ယူလာခဲ့တာ ... သူတို့နှစ်ယောက်လုံးက ဒီလိုကစားရတာကို သဘောကျကြတယ်လေ "
ထိုအချိန်တွင် ချန်ရုံမှာ တောက်ပနေသောဓါးသွားအား ရုတ်တရက် ဆွဲထုတ်လိုက်သည်။
ထိုအခါ ၎င်းဓားသွားပေါ်သို့ နေရောင်ခြည်ဖြာကျလာပြီး ပတ်ဝန်းကျင်အား အေးခဲသွားစေနိုင်လောက်သည့် ခံစားချက်မျိုး ပေးစွမ်းလာလေ၏။
အခင်းနေရာရှိအမျိုးသမီးများမှာ ဖြူဖပ်ဖြူလျော်မျက်နှာထားများဖြစ်နေကြပြီး ဝင်လေထွက်လေရှုရှိုက်သံများက စူးရှလာခဲ့သည်။
သို့သော်လည်း ချန်ရုံမှာ ထိုသူတို့၏ထိတ်လန့်မှုအား ဂရုမစိုက်ပေ။သူမက ရယ်မောလျက် မတ်တပ်ရပ်သည်။
ထို့နောက်တွင်မူ ချန်ရုံမှာ သခင်မလီအား မျက်လုံးထောင့်မှ လှမ်းကြည့်ရင်း စိတ္တဇဆန်ဆန်အပြုံးတစ်ခုကို ပြသလိုက်၏။
“ကျွန်မရဲ့စပါးလှည်းလေးစင်းက ဘယ်မှာလဲ ... အလုပ်ထုတ်ခံလိုက်ရတဲ့ ကျွန်ငါးယောက်ကို ခွဲဝေပေးချင်ပါတယ် ... ဘယ်လိုသဘောရပါသလဲ သခင်မ ..."
ချန်ရုံက ဓားမြှောင်အား လက်ချောင်းများဖြင့် လှည့်ပတ်ဆော့ကစားနေရင်း ဖြတ်လျှောက်လာခဲ့သည်။စကားဆုံးသွားချိန်၌မူ သူမသည် သခင်မလီနှင့် သုံးလှမ်းသာ ကွာဝေးတော့၏။
သခင်မလီက မျက်ခုံးပင့်လျက် အကူအညီတောင်းရန်ကြိုးစားလိုက်သောအခါတွင် ချန်ရုံက လက်ကောက်ဝတ်အားရွှေ့လိုက်ပြီး ဓားသွားပေါ်သို့ကျရောက်နေသည့် နေရောင်ခြည်အား သခင်မလီ၏မျက်လုံးရှိရာဘက်သို့ ရွှေ့ပြောင်းပစ်လိုက်သည်။
သခင်မလီမှာ အလွန်ပင်ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ကျယ်လောင်စွာအော်ဟစ်ရင်း ထိုင်ခုံပေါ်မှ နောက်ပြန်လျှောကျသွားခဲ့လေ၏။
အစေခံနှင့် အစောင့်များစွာက အခန်းထဲသို့ ပြေးဝင်လာကြသည်။သူတို့က ထိုင်ခုံအောက်တွင်ရှိနေသောသခင်မလီနှင့် ဓားမြှောင်ကိုဖွက်ကာ မူလနေရာဆီသို့ပြန်သွားထိုင်နေသည့်ချန်ရုံတို့အား တစ်လှည့်စီကြည့်နေကြ၏။
ထိုကဲ့သို့ ခဏတာမင်သက်နေခဲ့ကြပြီးနောက်တွင်မူ " သခင်မ ဘာဖြစ်တာပါလဲ " ဟူသော လေသံများထွက်ပေါ်လာခဲ့သည်။
သခင်မလီက ချန်ရုံရှိရာဘက်သို့ တုန်ယင်စွာ လက်ညိုးငေါက်ငေါက်ထိုးပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့်ဆိုလာခဲ့၏။
" သူ ... သူ ... "
တကယ်တမ်းပြောရကြေးဆိုလျှင် ချန်ရုံမှာ ဘာမှမလုပ်ခဲ့ပေ။သူမ ပြုခဲ့သည်ဆို၍ ဓားမြှောင်ဖြင့် ကစားခြင်းသာရှိသည်။
သခင်မလီက အစေခံများထံမှ စိတ်ရှုပ်ထွေးနေသည့် အကြည့်များကို မြင်ပြီးနောက်တွင် ချန်ရုံ့အား စိုက်ကြည့်ကာ စူးစူးဝါးဝါး အော်ဟစ်လာခဲ့၏။
" အားရုံ ... နင်က အရမ်းရဲတင်းနေတယ်ပေါ့လေ ... တကယ်ကို အပိုးမကျိုးတာပဲ ”
"ဒါပေမဲ့ ကျွန်မဘာမှမလုပ်ရသေးဘူးလေ ... သခင်မရဲ့ " ချန်ရုံက ခေါင်းငုံ့လျက် အပြစ်ကင်းစင်ဟန်ဖြင့် မျက်လွှာချထားပြီး ခပ်ပြုံးပြုံးလေးဆိုလာလေသည်။
ငုတ်တုတ်ထိုင်လျက်သားရှိနေသည့် သခင်မလီအား တစ်ချက်ကြည့်ပြီးနောက်တွင် ချန်ရုံ၏နှုတ်ခမ်းစွန်းများက ကော့ချိုးသွား၏။
" အခုလေးတင် ချီလန်က ကျွန်မ မခက်ခဲအောင်လို့ တတိယအစ်ကိုကို ကူညီပေးမယ်လို့ပြောတယ် "
သူမ၏လေသံမှာ သခင်မလီ နားစွန်နားဖျားကြားနိုင်စေရန်အတွက် လုံလောက်သည်။
"နင်ဘာပြောလိုက်တာလဲ"
ချန်ရုံက မည်သည်ကိုမှ ပြန်လည်မတုံ့ပြန်ပေ။
ထိုအခါ သခင်မလီက ပတ်ပတ်လည်၌ ရှိနေသည့်အစေခံများအား တစ်ချက်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းပြလျက် ဆိုလာခဲ့လေ၏။
“ဘာမှမဖြစ်ဘူး ... ဘာမှမဖြစ်ဘူး ... အကုန်ထွက်သွားကြတော့ ... ငါတို့ကိုထားခဲ့ "
" ဟုတ်ကဲ့ပါ "
အစေခံများက တစ်ဦးချင်းထွက်ခွာသွားကြပြီး အခန်းတွင်း၌ ဆိတ်ငြိမ်မှုက စိုးမိုးလာခဲ့သည်။
" ကျွန်မက ဓားမြှောင်လေးနဲ့ပဲ ကစားမိတာပါ ... ချီလန့်ရှေ့မှာလည်း ဒီလိုကစားဖူးတယ် ... သူကတော့ရယ်ပြီး ဓားမြှောင်ကို လိုက်လုတာပဲ ....သခင်မကတော့ အရမ်းအသည်းငယ်တာပဲနော် ...အကြောက်လွန်နေပြီလား "
ထိုသူများထွက်ခွာသွားချိန်တွင် ချန်ရုံက ဝမ်းနည်းစိတ်ပျက်နေပုံဖြင့် ခပ်တိုးတိုးဆိုလာခဲ့လေ၏။
သခင်မလီမှာ ထိုစကားကြောင့် ဒေါသထောင်းခနဲထွက်သွားပြီး ရင်ဘတ်ကိုဖိလျက် အော်ဟစ်ရန် ကြိုးပမ်းလာပြန်သည်။
“ နင် ... နင်… ”
သူမမှာ အလွန်ပင်မောဟိုက်နေပြီး လောလောဆယ်ကိစ္စအား ဤအတိုင်းကျော်သွားပေးရန် ဆုံးဖြတ်လိုက်သည်။
" အားရုံ ... နင့်ရဲ့ တတိယအစ်ကိုက ဘာဖြစ်တယ်လို့ ပြောလိုက်တာလဲ "
ထိုအခါ ချန်ရုံက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် တန်ပြန်မေးလာခဲ့၏။
“သခင်မ ... ကျွန်မရဲ့စပါးလှည်းလေးစင်းက ဘယ်မှာလဲ ... ကျွန်မရဲ့ အစေခံတွေက တောင်ပိုင်းကိုလာတဲ့တစ်လျှောက်လုံးမှာ အတူတူရှိပေးခဲ့ပြီး သေရေးရှင်ရေးမှန်သမျှကို အတူဖြတ်သန်းလာကြတာ ... မျိုးနွယ်စုက ကျွန်မကိုထောက်ပံ့ပေးချင်ပါတယ်ဆိုတော့လည်း အဲ့ဒီစပါးတွေ သူတို့ကိုခွဲဝေပေးလိုက်မယ်လေ ...လမ်းဘေးမရောက်ကြအောင်လို့ "
ထိုအခါသခင်မလီက လေးနက်သောအမူအရာဖြင့် မျက်ခုံးပင့်လျက်ပြောလာလေ၏။
"အားရုံ ... စပါးလှည်းလေးစင်းစာဆိုတာက အရမ်းတန်ဖိုးကြီးလွန်းတယ် ... နင်က အရမ်းငယ်သေးတယ် ... ဒီတော့ အဲ့ဒါတွေကို ငါက နင့်အစား သိမ်းထားပေးတာအကောင်းဆုံးပဲ ... အခုလိုမျိုး ထပ်မပြောနဲ့တော့ ... အစေခံတွေကိုခွဲဝေပေးမယ်တဲ့လား ... မရဘူးလုံးဝ "
ထိုအခါ ချန်ရုံက ရုတ်ချည်းပင် မတ်တပ်ထရပ်လာပြီး အော်ပြောလေသည်။
“ဘာလို့လဲ ... သူတို့က လမ်းခရီးတစ်လျှောက်လုံး ကျွန်မကို ကာကွယ်ပေးလာကြတာ ...ကျွန်မကို အကြင်နာတရားမဲ့တယ်လို့ လူတွေဝိုင်းပြောတာ ခံရစေချင်နေတာလား ... ဟင့်အင်း ... အဲ့လိုအဖြစ်မခံနိုင်ဘူး ... ကျွန်မကို စပါးလှည်းလေးစင်း ပြန်ပေးပါ "
ယခုအချိန်၌ ချန်ရုံမှာ စိတ်မြန်လက်မြန်ဖြစ်နေပြီး သူမ၏အင်္ကျီလက်အတွင်း၌ဝှက်ထားသောဓားမြှောင်ထံမှ ကြောက်မက်ဖွယ်ရာ အအေးဓာတ်က တစ်ဖန်ပြန်လည်ထွက်ပေါ်လာသည်။
သခင်မလီမှာ စည်းမျဉ်းမှန်သမျှအား အလေးမထားသော ဓားမြှောင်ပိုင်ရှင်ကိုလည်း ဓားမြှောင်နည်းတူ အမှန်တကယ်ပင်ကြောက်ရွံ့မိသည်။အထူးသဖြင့် ဤအခိုက်အတန့်တွင် တစ်ဖက်လူ၏မျက်ဝန်းထဲများ၌ အတိုင်းသားမြင်နေရသောတဇွတ်ထိုးဆန်သည့် ရက်စက်ကြမ်းကြုတ်မှုက သူမ၏အကြောက်တရားအား ပိုလို့ပင်တိုးပွားလာစေ၏။
ချန်ရုံ၏ဓားမြှောင်မှာ ရွှေ့လျားသွားခဲ့ပြီး နေရောင်ခြည်က သူမ၏မျက်လုံးများထံသို့ ထပ်မံ၍စူးဝင်လာပြန်သည်။
ထိုအခါ သခင်မလီက ကြမ်းပြင်ပေါ်တွင် ဝပ်တွားရင်း ငိုကြီးချက်မဖြင့်ပြောလာတော့၏။
" အကုန်နင့်ဟာပါပဲ ... ပြန်ယူပါ ... အကုန် နင်ပိုင်ပါတယ် ... ဒီက စိတ်ရူးပေါက်နေတဲ့မိန်းကလေးချန်ရုံကို အပြင်ခေါ်ထုတ်သွားကြစမ်း ”
အစေခံများ အခန်းတွင်းသို့ ပြေးဝင်လာသောအခါတွင် ချန်ရုံက ဓားမြှောင်အား အင်္ကျီလက်ထဲသို့ ပြန်လည် ထိုးလျိုခဲ့သည်။
" လိုက်ပို့စရာ မလိုပါဘူး ... ကျွန်မဘာသာ ကျွန်မသွားမယ် "
ချန်ရုံက သခင်မလီအား စေ့စေ့ကြည့်လျက် တိုတိုတုတ်တုတ်ပြောလိုက်ပြီး အခြားတစ်ဖက်သို့လှည့်ကြည့်ကာ တစ်ဆက်တည်းဆိုလာပြန်၏။
" စပါးတွေပြန်သယ်ဖို့ လိုက်ခဲ့ကြပါ "
ထိုအခါ အစေခံများက သခင်မလီအား စိုက်ကြည့်လာကြသည်။သခင်မလီမှာ ရင်ဘတ်ပေါ်လက်တင်ပြီး ထိတ်လန့်မှုအား လျှော့ချနေရလေ၏။သူမက လက်ကိုဝှေ့ယမ်းကာ အားယုတ်နေသောမျက်နှာဖြင့် အစေခံများအား ညွှန်ကြားလာခဲ့သည်။
" သွားလိုက် ... သွား ... သူပြောသလိုလုပ်လိုက်ကြ "
ထိုစကားအားကြားသောအခါ အစေခံများက ဦးညွှတ်ပြပြီး ချန်ရုံခေါ်ဆောင်ရာနောက်သို့ လိုက်သွားကြတော့၏။
ချန်ရုံ ခပ်ဝေးဝေးသို့ရောက်သွားချိန်၌ ကျန်ရစ်ခဲ့သောအစေခံများထဲမှတစ်ဦးက မနှစ်မြို့စွာဖြင့် မကျေမနပ်ပြောလာခဲ့သည်။
" အားရုံက ဘယ်လိုတောင် ရဲတင်းတာလဲ ...ရိုင်းစိုင်းလိုက်တာ ... စည်းမျဉ်းတွေကို ဂရုစိုက်သေးရဲ့လား ...သခင်မ.. ဒီလိုမျိုး လွှတ်ထားလို့မဖြစ်တော့ဘူး ... ကျွန်မတို့ သူ့ကို အပြစ်ပေးမှရမယ် "
သခင်မလီ၏မျက်နှာပေါ်ရှိ ဖြူဖပ်ဖြူလျော်ဖြစ်မှုက ပျောက်ကွယ်မသွားသေးပေ။သူမက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဆိုလာခဲ့သည်။
“ငါတို့က သူ့ကို ဘယ်လို အပြစ်ပေးလို့ရမှာလဲ ... သူက ဓားတယမ်းယမ်းလုပ်နေပေမဲ့ ခြေလှမ်းအများကြီးဝေးတယ်လေ ... ဓားနဲ့လည်းတစ်ခါမှမရွယ်ဘူး ... လူတွေကိုသာပြောပြလိုက်ရင် အကြောက်လွန်လိုက်တာဆိုပြီး ဟားတိုက်ခံရမှာပဲ ... တကယ်ပြဿနာသွားရှာလိုက်ရင်လည်း သူက အစေခံတွေအတွက် စပါးတွေပြန်လိုချင်ရုံသပ်သပ်ပါပဲလို့ ပြောလာလိမ့်မယ် ... ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘက်က မှန်နေတာပဲလေ "
ခေတ္တရပ်နားပြီးနောက် သခင်မလီက ဆက်ပြောလာသည်။
“အရေးကြီးဆုံးကတော့ သူက ဝမ်ချီရဲ့နာမည်အောက်မှာရှိနေတာ ... သခင်ကြီးတောင်မှ ဝမ်ချီကို မစော်ကားရဲဘူး ... မြို့ခံတွေ ဒီအကြောင်းကိုသာကြားရင် သူက ပရဟိတစိတ်ရှိတဲ့ သူတော်ကောင်းမလေးဆိုပြီးတော့ဝိုင်းပြီးတောင် ထောပနပြုနေကြဦးမှာ ... ဘယ်သူမှ ငါတို့ဘက်က ရှိမှာမဟုတ်ဘူး "
ပြောရင်းဆိုရင်းဖြင့် သခင်မလီတစ်ယောက် ပို၍သာ အားယုတ်လာ၏။
" အဲ့ဒီ ချန်အိမ်တော်က အားရုံက တကယ်ကို ရူးနေပြီပဲ "
အစေခံတစ်ဦးက ဝင်ပြောလာသည်။
ထိုအခါ အခြားသူများကလည်း ခေါင်းညိတ်လျက် ထောက်ခံပြီး ချန်ရုံထွက်သွားသည့်လမ်းကြောင်းအားကြည့်ရှုနေကြလေ၏။အနာဂါတ်တွင် သူမနှင့်ဝေးဝေးနေခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။
' ထိုသူတို့အား ဖျက်ဆီးခြင်းဖြင့် ရင်ဆိုင်သော်လည်း ရှင်သန်ကျန်ရစ်နေဆဲဖြစ်လိမ့်မည် ...ထိုသူတို့အား သေစေနိုင်လောက်သည့်အခြေအနေသို့တွန်းချသော်လည်း ထိုသူများက ဆက်လက်အသက်ဆက်နေလိမ့်မည် ' ဟု စစ်ရေးစစ်ရာသဘောတရားက သင်ကြားပြသထားသည်။
' ပျော့ပျောင်းခြင်းအား မာကျောမှုက အနိုင်ယူ၏ ... မာကျောမှုမှာမူ မိုက်မဲခြင်းကြောင့် တုန်လှုပ်သွားတတ်ပြီး မိုက်မဲခြင်းမှာမူ မဆင်မခြင်ပြုတတ်သည့်စိတ်ကြောင့် ယိုင်နဲ့သွားတတ်သည် ' ဟူသော ရှေးစကားလည်းရှိ၏။
ချန်ရုံ၏ဓားသိုင်းအကတွင် ရက်စက်ကြမ်းကြုတ်မှုနှင့်
မဆင်မခြင်စိတ်နှစ်မျိုးစလုံးပါဝင်ပြီး သူမမှာ မိုက်မဲသောတဇွတ်ထိုးတဇောက်ကန်းအသွင်ဖြစ်နေခဲ့သည်။
စကားဖြင့်ပြောနေစရာပင်မလိုချေ။ထိုသို့သောသူနှင့် ခပ်ကင်းကင်းနေခြင်းကသာ အကောင်းဆုံးဖြစ်ပေမည်။
Xxxxxc