Chapter 79
မပြေလည်မှုများရဲ့အလယ်
ချန်ဝေ့နှင့်အပေါင်းအပါများ၏စူးစမ်းလိုစိတ်အပြည့်ဖြစ်နေသောမျက်ဝန်းများအားဖြတ်ကျော်၍ ချန်ရုံကလှည်းလေးစင်းစာ စပါးများအား ဦးစီးဦးဆောင်ပြုလျက် ပြန်လည်သယ်ဆောင်လာခဲ့သည်။
အထဲသို့ရောက်သည်နှင့် သူမက အဖိုးစွင်းအားလှမ်းခေါ်လိုက်ပြီး လှည်းလေးစင်းစာ စပါးများအား ညွှန်ပြလျက် ဆိုလာခဲ့သည်။
"မနက်ဖြန်ဘာဖြစ်မယ်ဆိုတာကိုတောင် မသိနိုင်တဲ့အချိန်မျိုးမှာ တစ်လျှောက်လုံးကျွန်မနဲ့အတူရှိလာပေးတဲ့လူတွေကို ဘယ်လိုလုပ်ပြီးတော့ လက်ဗလာနဲ့ ထားခဲ့ရက်ပါ့မလဲ ... စပါးတွေကို အထိန်းတော်ဖျင်ဆီယူသွားပြီး ဘာလုပ်မလဲဆိုတာ သူ့ကိုဆုံးဖြတ်ခွင့်ပေးလိုက်ပါ ”
ချန်ရုံက ပြောပြောဆိုဆိုဖြင့် အဖိုးစွင်းအား မျက်စိတစ်ဖက်မှိတ်ပြလိုက်၏။
ဆိုလိုရင်းအား အသေအချာနားလည်သည့်အဖိုးစွင်းကလည်း သူ၏လက်နှစ်ဖက်အား ယှက်တွယ်ကိုင်ဆုပ်လာပြီး " ကောင်းပါပြီ " ဟု ခပ်ကျယ်ကျယ်ပြောလာခဲ့သည်။
ထို့နောက်တွင်အဖိုးစွင်းက ယခုလေးတင် အထိန်းတော်ဖျင်အား တွေ့ပြီးပြန်လာကြသည့်အစေခံများဘက်သို့လှည့်ကြည့်လျက် ဆိုလိုက်လေ၏။
" လာကြ ... လာကြ ... စပါးတွေကို ငါတို့လှည်းတွေပေါ်တင်မယ် ... နောက်ကျနေပြီ ... မြန်မြန်ပို့ဖို့လိုတယ် "
" ဟုတ်ကဲ့ပါ "
သခင်မလီ၏လှည်းပေါ်မှ စပါးများအားရွှေ့ပြောင်းပြီးသည်နှင့် လှည်းဘီးများက ပိုင်ရှင်အမှန်ရှိရာဆီသို့ တစ်ဖန်ပြန်လည်ထွက်ခွာသွားကြသည်။
ထိုသို့ထွက်ခွာသွားပြီးပြီးချင်းတွင်ပင် ချန်ဝေ့နှင့်ချန်ချမ်တို့နှစ်ဦးက ချန်ရုံ၏အနောက်၌ စုရုံးလာကြပြီး မေးမြန်းစပ်စုလေ၏။
" အားရုံ ... နင်ဘာတွေ ထပ်မွှေလိုက်ပြန်ပြီလဲ "
" ဘာမှ မမွှေပါဘူး ... " ချန်ရုံက ရိုးရှင်းစွာ ပြုံးရယ်လိုက်သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ... အားရုံ ... နင်က ပိုပိုပြီး ရမ်းကားလာတာပဲ "
အလွန်မကျေမနပ်ဖြစ်နေသောချန်ချမ်က ချန်ရုံ့အား စူးစူးဝါးဝါးကြည့်ကာ အော်ဟစ်ပြောဆိုလာလေ၏။
ထိုအခါ ချန်ရုံက ပြုံးလိုက်ပြီး သူမတို့နှစ်ဦးရှိရာဘက်သို့လှည့်ကြည့်လျက် ခပ်တိုးတိုးဆိုလာခဲ့သည်။
" ဝမ်းကွဲညီအစ်မတို့ ...တကယ်ကို ဘာမှမဖြစ်ခဲ့ပါဘူးဆိုမှပဲ "
ချန်ချမ်တစ်ယောက် ပြောလက်စ စကားများပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်ကုန်တော့လေ၏။တစ်ဖက်မှချန်ရုံမှာမူ ခပ်ယဲ့ယဲ့အပြုံးအား ဆက်လက်ထိန်းထားဆဲဖြစ်ပြီး မည်သည်ကိုမှ ဆက်လက်ရှင်းပြရန် စိတ်ကူးမရှိပုံပင်။
လူတိုင်းထွက်ခွာသွားချိန်၌ ညတာသို့တစ်ဖန်ပြန်လည်ရောက်ရှိလာသည်။နန်ယန်မြို့မှာလည်း မီးရောင်များကြားတွင် ဖုံးလွှမ်းလျက်ရှိနေပေ၏။
ချန်ရုံက ခြံဝင်းထဲ၌ ဗျပ်စောင်းတီးခတ်နေခဲ့သည်။ထိုအချိန်၌ အဖိုးစွင်းမှာ အနောက်တွင်ရပ်လျက် ငြိမ့်ညောင်းသောတေးဂီတအား နားဆင်နေခဲ့လေ၏။
တစ်ခဏအကြာ၌မူ တေးသွားသံက ရပ်ဆိုင်းသွားသည်။
အဖိုးစွင်းကလည်း ချန်ရုံ၏အနီးနားသို့တိုးကပ်ပြီး မှတ်ချက်ပြုလာလေ၏။
“ သခင်မလေးရဲ့ တေးသွားကနေ နှစ်သိမ့်မှုကိုခံစားရတယ် "
လွန်ခဲ့သောလအနည်းငယ်အတွင်း၌ အဖိုးစွင်းမှာ ချန်ရုံ၏ တေးသွားများအား နေ့စဉ်နေ့တိုင်းနားဆင်ခဲ့ပြီး ထိုထဲမှ အချို့အဝက်ကိုပင် အဓိပ္ပါယ်ဖော်တတ်နေပြီဖြစ်လေသည်။
ထိုအချိန်တွင် အဖိုးစွင်းက ပူပန်ကြောင့်ကြနေသောမျက်နှာထားဖြင့် ရုတ်ချည်းပင် စကားလမ်းကြောင်းလွှဲလာခဲ့၏။
“သခင်မလေး ... စပါးတွေကို ဘယ်လိုပြန်ပေးခိုင်းခဲ့တာလဲ”
" အဲ့ဒီမှာ သခင်မလီပဲရှိတာ ...သူ့ကို ခြိမ်းခြောက်ပြီး ပြန်ပေးဖို့ပြောလိုက်တာပါ "
အလွန်အမင်းအံ့ဩသွားရှာသောအဖိုးစွင်းက ချန်ရုံ့အား ပြာပြာသလဲ ပြောကြားလာသည်။
" ဘယ်လိုပဲဖြစ်ဖြစ် သခင်မလီက သခင်မလေးထက် သက်ကြီးဝါကြီးတဲ့သူပဲလေ ... အဲ့လိုလူကို ဘယ်လိုလုပ်ပြီးတော့ ခြိမ်းခြောက်နိုင်ရတာလဲ ... သူက ဒီကိစ္စကို အငြိုးအတေးထားပြီး သခင်မလေးကို ထိခိုက်စေမဲ့နည်းလမ်းတွေရှာလာရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"
ထိုအချိန်တွင်ချန်ရုံမှာ ညာဘက်လက်ညိုးဖြင့် ဗျပ်စောင်းကြိုးများအား ကလော်လိုက်လေ၏။ပြတ်တောင်းတောင်းသံစဉ်များ အစီအရီထွက်လာခဲ့ပြီးနောက်တွင် ချန်ရုံက သွေးအေးစွာဖြင့်ဆိုလာခဲ့သည်။
“ မသွားဘဲ စပါးတွေပြန်မတောင်းဘဲနေရင်ရော သူတို့က ကျွန်မကို လွှတ်ထားပါ့မလား ... သူတို့က ကျွန်မကို ပိုကောင်းကောင်း ဆက်ဆံပေးမှာမလို့လား ... မထိခိုက်စေဘူး ထင်လို့လား "
" မထင်ပါဘူး "
အဖိုးစွင်းက ခေါင်းယမ်းလျက် သက်ပြင်းချလေ၏။
" ဒါဆိုရင် ကျွန်မက ဘာလို့ အဲ့ဒါမျိုးတွေကို ထည့်စဉ်းစားနေရမှာလဲ "
ချန်ရုံက ထပ်လောင်းပြောကြားလိုက်သောအခါတွင် အဖိုးစွင်းတစ်ယောက် နှုတ်ဆိတ်သွားတော့သည်။
အချိန်အတော်ကြာပြီးသောအခါမှ အဖိုးစွင်းက ပြန်လည်ဖြေကြားလာခဲ့၏။
" ကျွန်တော်က စိတ်ထဲ သိပ်မသန့်လို့ပါ ",
ချန်ရုံမှာ မည်သည်ကိုမှပြန်လည်မတုံ့ပြန်ခဲ့ပေ။
အမှောင်ထု စိုးမိုးလာသည့်နှင့်အမျှ ချန်ဝေ့၏အဆောင်တွင်းမှ ရယ်မောနေသံများက ပျံ့လွင့်လာခဲ့သည်။
တစ်ဖက်အဆောင်မှ မီးရောင်များကို စိုက်ကြည့်ကာ ရွှင်မြူးသောလေသံများကို နားထောင်ပြီးနောက်တွင် အဖိုးစွင်းက ချန်ရုံရှိရာဘက်သို့ လှည့်ကာ သက်ပြင်းချလိုက်၏။
" သခင်မလေးရဲ့ အဖေနဲ့အစ်ကိုတို့ရှိနေရင်ကောင်းမှာပဲ "
၎င်းစကားအဆုံး၌ တေးဂီတသံများထွက်ပေါ်လာသည်။
ထိုနေ့ညတွင် ပင်မခြံဝင်းမှာ မီးရောင်များ ၊ ဂီတသံများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ထိုအရာတို့က ချန်ရုံနှင့် လားလားမျှမသက်ဆိုင်ချေ။
နောက်တစ်နေ့၌ ရာသီဥတုကြည်လင်ပြီး နေလည်းသာနေခဲ့သည်။
ဆောင်းရာသီရောက်လာသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သော်လည်း ပူနွေးသောရာသီဥတုက စိုးရိမ်စရာပင်။ဤတစ်ကြိမ်သည်လည်း ဆောင်းတွင်းနွေဖြစ်ခဲ့ပါက နောက်နှစ်ရိတ်သိမ်းချိန်၌ ပို၍ပင်အခြေအနေဆိုးနေဦးမည်။
မနက်အစောကတည်းက ချန်ရုံမှာ သူမထံသို့ပေးပို့ခဲ့သော အဝါရောင်များဖြင့်အလှဆင်ထားသည့် အစိမ်းရောင်ဝတ်စုံအား ၀တ်ဆင်ထားလျက်ရှိသည်။အဘယ်ကြောင့်ဆိုသော် ၎င်းဝတ်စုံက သူမ၏ စွဲမက်ဖွယ်ကောင်းမှုကို လျော့နည်းစေပြီး ဆိတ်ငြိမ်သော ကျက်သရေကို ပေးစွမ်းသောကြောင့်ပင်ဖြစ်၏။
ဝတ်စုံအသစ်ဝတ်ကာ ဇာပါးဦးထုပ်ဆောင်းထားသောချန်ရုံက သူမ၏လှည်းရထားပေါ်သို့တက်ပြီး အထိန်းတော်ဖျင်အားသွားရောက်တွေ့ဆုံရန် အဆင်သင့်ဖြစ်နေခဲ့သည်။
လှည်းရထားက လမ်းပေါ်သို့ မောင်းနှင်လာစဉ်တွင် မြို့သူမြို့သားများမှာ စုစုရုံးရုံးဖြစ်နေကြလျက် စိုးရိမ်တကြီး ညည်းညူနေကြသည့်မြင်ကွင်းအား တွေ့ရှိခဲ့ရ၏။
" သခင်မလေး ... တစ်ခုခုတော့ ကြီးကြီးမားမားဖြစ်နေပြီ "
အဖိုးစွင်းက ခေါင်းငုံ့လျက် ခပ်တိုးတိုးပြောလာသည်။
ချက်ခြင်းဆိုသလိုပင် အရှေ့လှည်းရထားပေါ်မှ လူငယ်တစ်ဦး၏ငိုကြွေးသံကို သူတို့ကြားလိုက်ကြရတော့သည်။
" လောယန်က ကျဆုံးသွားပြီးတော့ ကျန့်ခန်းကိုလည်း မပြန်နိုင်တော့ဘူး ... ဘာလုပ်ကြတော့မလဲ "
၎င်းငိုကြွေးသံအားနားထောင်နေကြသော လူအုပ်ကြီး၏မျက်ဝန်းများထဲ၌ စာနာမှုအငွေ့အသက်များ ဖြတ်ပြေးလာခဲ့၏။
အဖိုးစွင်းက လှည်းရထားကိုရပ်တန့်လိုက်ပြီး အခြွေအရံဝတ်စုံဆင်ယင်ထားသည့် လူတစ်ဦးအား မေးမြန်းသည်။
“ဘာဖြစ်တာလဲ မသိဘူးဗျ ”
ဘဏ္ဍာစိုးဖြစ်ဟန်ရသောထိုတစ်ယောက်က ချန်ရုံ၏လှည်းရထားအား အထင်အမြင်သေးသလိုလိုကြည့်လိုက်သော်လည်း အဖိုးစွင်း၏အမေးကိုပြန်လည်ဖြေကြားပေး၏။
" ကျန့်ခန်းကိုပြန်ဖို့ နန်ယန်က ထွက်သွားတဲ့ မိသားစုတွေက လမ်းခရီးမှာ လူရိုင်းတွေနဲ့ ပက်ပင်းတိုးမိပြီး အကုန်အသတ်ခံလိုက်ရတယ်တဲ့ "
အလွန်အမင်းအံ့အားသင့်သွားသည့် အဖိုးစွင်းက အလျင်စလို ထပ်မေးလာခဲ့သည်။
"အကုန်လုံးပဲလား ... လူရိုင်းတွေက သူတို့ကို လမ်းမှာ ချောင်းမြောင်းပြီး စောင့်နေတယ်လို့ ဆိုလိုတာလား "
ထိုအခါ ဘဏ္ဍာစိုးက ခေါင်းညိတ်၏။
“အားလုံးကတော့ အဲ့လိုပြောကြတာပဲ ....ကျွန်တော်တို့ သခင်ကြီးဆိုရင် ကျန့်ခန်းကိုပြန်ဖို့ မြေနဲ့အိမ်တွေကပါအစ ရောင်းထုတ်ထားတာ ... ဒါပေမဲ့ ဒီလိုသတင်းတွေကြားရတော့လည်း ဟူး ... မလွယ်ပါဘူးဗျာ "
ထိုလူက သက်ပြင်းချလျက် ခေါင်းတွင်တွင်ခါယမ်းပြီးအခင်းနေရာမှ ထွက်ခွာသွားလေသည်။
မူလ၌ အဖိုးစွင်းသည်လည်း သက်ပြင်းတစ်ချက်ချလိုက်သသော်လည်း ထို့နောက်တွင်မူ သူက တစ်စုံတစ်ရာအားသဘောပေါက်သွားတော့၏။
အဖိုးစွင်းက ချန်ရုံ့ဘက်သို့လှည့်ကာ အလောတကြီးမေးလာသည်။
"သခင်မလေး ... ကြိုသိနေခဲ့တာလား "
ဤတစ်လအတွင်း မမလေးမှ လယ်မြေများအား ဆက်တိုက်ဝယ်ယူခိုင်းခဲ့သည်မှာ အဘယ်ကြောင့်နည်း။
"ကျွန်မက နတ်ဘုရားလည်းမဟုတ်ဘူး ဘာကိုကြိုသိရမှာလဲ ... ဒီတိုင်းတိုက်ဆိုင်တာပါ ”
အဖိုးစွင်းက ချန်ရုံ၏အဖြေအား ချင့်ချိန်စဉ်းစားလိုက်ပြီး အကြိမ်အနည်းငယ်ခန့်ခေါင်းညိတ်ပြလာလေသည်။
လှည်းရထားက တောင်ဘက်လမ်းအတိုင်းဦးတည်သွား၏။
လှည့်လည်မောင်းနှင်လာသော လမ်းခရီးတစ်လျှောက်လုံး၌ အဖိုးစွင်းက ဆိုင်မျက်နှာစာများအား လက်ညိုးညွှန်လျက် ပြောပြလာသည်။
“ သခင်မလေး ... ဒီဆိုင်က သခင်မလေးပိုင်တာလေ ... ဟိုဘက်ကဟာရောပဲ ... အရင်က ဒီမှာ အစားအသောက်တွေရောင်းတာဆိုပေမဲ့ ကျွန်တော်တို့ဝယ်လိုက်တော့ ဆိုင်ကလွတ်နေပြီ ... ဒီဘက်ဆိုင်ကလည်း စားသောက်ဆိုင်ပဲ ... အခုတော့ပိတ်သွားပြီပေါ့ ... ဟုတ်သားပဲ ... သခင်မလေး စပါးတွေ ပေးတော့ အထိန်းတော်ဖျင်ကပြောတယ် ... လှည်းသုံးစင်းစာကို သခင်မလေးအတွက်သုံးပြီး ကျန်တဲ့လှည်းတစ်စင်းစာနဲ့ ဆိုင်ဖွင့်လိုက်မယ်တဲ့ ...လူငါးဦးကို ဆိုင်သုံးဆိုင်နဲ့ထောက်ပံ့ပေးတာက အခက်အခဲမရှိလောက်ပါဘူး ”
ချန်ရုံမှာ ၎င်းအသေးစိတ်အချက်အလက်များအား ထွေထွေထူးထူးစိတ်ဝင်စားမနေဘဲ ပေါ့ပေါ့တန်တန်သာ ခေါင်းညိတ်ပြလိုက်၏။
ထိုအချိန်တွင်ပင် အရှေ့မှ အသံဗလံများ နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။
ဤတစ်ကြိမ်၌ ချန်ရုံက လိုက်ကာစအားဆွဲဖယ်လိုက်ပြီး ပတ်ဝန်းကျင်အား စူးစမ်းကြည့်၏။
မြင်ကွင်းထဲ၌ လှည်းရထားခြောက်စီးဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာပြီး ခမ်းနားကြီးကျယ်သည့် ရထားလုံးတစ်စင်းက ရွှေရောင်လွှမ်းသည့်ကျန်လှည်းယာဉ်များအား ဦးဆောင်လာလေသည်။
ထိုလှည်းခြောက်စင်း၏ပတ်ပတ်လည်၌မူ အခြားလှည်းတစ်ဒါဇင်ခန့်က ဝန်းရံထားလျက်ရှိပေ၏။
စုရုံးနေကြသောလူအုပ်ကြီးက ရွှေရောင်လှည်းရထားများအား တပ်မက်စွာရှုစားကြလျက်ပြုံးရယ်နေကြပြီး ရေပက်မဝင်အောင် စကားများနေခဲ့ကြသည်။
ချန်ရုံက ထိုမြင်ကွင်းအားတစ်ချက်ကြည့်လိုက်ပြီးနောက်တွင် " ဘေးကိုကွေ့ ... ကွေ့လိုက် " ဟု ထိတ်ထိတ်ပြာပြာဖြင့်ဆိုလာလေ၏။
" ဟုတ်ကဲ့ပါ "
ထိုအခါ အဖိုးစွင်းကလည်း လှည်းရထားအား လမ်းဘေးသို့အမြန်ချရပ်လိုက်သည်။
အလျင်စလိုဖြစ်နေရှာသည့်ချန်ရုံက သူမ၏ဘယ်ဘက်အားလှမ်းမျှော်ကြည့်လျက် လမ်းကြားတစ်ခုဆီသို့ ညွှန်ပြလာခဲ့၏။
" ဟိုလမ်းကြားထဲဝင်လိုက် ... ဟိုဘက်က "
" ဟုတ်ကဲ့ပါ "
အဖိုးစွင်းမှာ လှည်းမောင်းနှင်ခြင်းအရာ၌ တစ်ဖက်ကမ်းခတ်ထူးချွန်လွန်းပြီး သူက ကြိမ်တံအား ကြိမ်ဖန်များစွာဝှေ့ယမ်းလျက် ခပ်မှောင်မှောင်လမ်းကြားထဲသို့ ဝင်သွားတော့၏။
၎င်းလမ်းကြားငယ်တွင်းသို့ ရောက်သွားသည့်အခါမှသာ ချန်ရုံတစ်ယောက် သက်ပြင်းချနိုင်သည်။
ထို့နောက်တွင် သူမက ကန့်လန့်ကာကို မသိမသာဆွဲတင်လိုက်ပြီး အပြင်ဘက်သို့ ခိုးကြောင်ခိုးဝှက်ကြည့်ပြန်၏။
ချန်ရုံ၏ရှုထောင့်မှကြည့်လျှင် ရွှေရောင်ရထား၏ ကန့်လန့်ကာသည်လည်း လစ်ဟလျက်ရှိသည်ကိုတွေ့နိုင်သည်။လှည်းရထားအတွင်း၌ ဝဖိုင့်ဖိုင့်နန်ယန်မင်းသားက ထောင်လွှားသောအမူအရာဖြင့် ခေါင်းတညိတ်ညိတ် လုပ်လျက် စကားပြောဆိုလေ၏။
သူ၏နံဘေးတွင်မူ လက်အောက်ခံအထက်တန်းလွှာများက ဝန်းရံမတ်တပ်ရပ်နေကြပြီး ချန်ရုံမှာ ထိုအုပ်စုထဲမှ ချန်စူးအား မျက်မှန်းတန်းမိသွားသည်။
ချန်ရုံက ရုတ်တရက် အတွေးပေါက်လျက်သူမ၏အမူအရာသည်လည်း ချက်ချင်းပင် ပြောင်းလဲသွားတော့၏။ယခုအချိန်၌ မျိုးနွယ်စုကြီးများမှာ နန်ယန်အား မစွန့်ခွာနိုင်တော့သဖြင့် နန်ယန်မင်းသားနှင့်လိုက်လျောညီထွေဖြစ်နိုင်စေရန် အစွမ်းကုန်ကြိုးစားရပေတော့မည်။
ထိုအချိန်၌ အဖိုးစွင်းက လည်ပင်းတဆန့်ဆန့်ဖြင့် အခင်းနေရာသို့လှမ်းကြည့်လျက် တီးတိုးဆိုလာခဲ့၏။
" ဒီလူတွေကတော့ ... လမ်းပေါ်မှာ စုရုံးနေကြမဲ့အစား နန်ယန်မင်းသားရဲ့အိမ်တော်ကို ဘာလို့တိုက်ရိုက်မသွားလိုက်ကြတာလဲမသိဘူး ... "
" နန်ယန်မင်းသားက လူတကာကို အာဏာပြရတာကြိုက်တယ်ဆိုတာကို သူတို့က သိနေကြလို့လေ ... လောလောဆယ်တော့ သွားကြမှာ မဟုတ်သေးဘူးထင်တယ် အိမ်ပြန်ကြရအောင်" ချန်ရုံက ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ "
Xxxcx