အပိုင်း ၈၀
Viewers 18k

Chapter 80




လှည်းရထားက နောက်ပြန်လှည့်ခဲ့ချိန်တွင် ချန်ရုံမှာ ကန့်လန့်ကာအား ပြန်လည်ဆွဲချခဲ့သည်။ထို့နောက်တွင်မူ သူမသည် လှည်းယာဉ်အတွင်း၌ ငြိမ်သက်စွာထိုင်လျက် လက်နှစ်ဖက်အား တင်းတင်းကြပ်ကြပ် ယှက်တွယ်ထားခဲ့လေ၏။

လှည်းရထား တောင်ဘက်လမ်းမှထွက်လာချိန်တွင် ချန်ရုံမှာ သူမ၏ဘေးဘက်လှည်းရထားဆီမှ ငိုရှိုက်သံတစ်သံအား ကြားလိုက်ရသည်။

"ဘာလို့လဲ ... ကျွန်မက သခင်ကြီးလျှိုနဲ့ ထိမ်းမြားပြီးပြီလေ ... ဘာလို့ မင်းသားရဲ့ပွဲကိုတက်ရမှာလဲ "

၎င်းနောက်တွင် အသက်ကြီးကြီးမိန်းမတစ်ယောက်၏လေသံသည်လည်း တစ်ဆက်တည်းထွက်ပေါ်လာခဲ့၏။

" ငါတို့က ဘာတတ်နိုင်မှာလဲ ... နင့်အဖေဆိုရင် သူနှစ်ရှည်လများ အမြတ်တနိုးသိမ်းထားခဲ့တဲ့စစ်မားချမ်ရဲ့ လက်ရေးမှတ်တမ်းတွေကိုတောင် ပို့ပေးခဲ့တာ ... ဒါပေမဲ့ မင်းသားက ဒီလိုရှုပ်ထွေးတဲ့ အပန်းဖြေစရာတွေကို မကြိုက်ဘူးလို့ အကြံပေးရှုက ပြောတယ် ... နင့်အဖေ တခြားတတ်နိုင်တာ ဘာမှမရှိဘူး ”

" ကျွန်မတို့ လောလောဆယ် ကျန့်ခန်းကို မပြန်နိုင်တာတောင်မှ ဘာလို့ ဒီလောက်ထိအလျင်လိုနေရမှာလဲ ... ကျွန်မတို့ကို ကာကွယ်ဖို့ တပ်မှူးရန်မရှိဘူးလား ... ဘာလို့ အဲ့လို တဏှာကျတဲ့လူကြီးနဲ့ အတူတူနေရမှာလဲ "

“သခင်မလေး ... သတင်းမကြားဘူးလား ... လူရိုင်းတွေက မကြာခင် တောင်ဘက်ကို ကူးလာတော့မှာမလို့ နန်ယန်ရဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းသားက မိသားစုတစ်ချို့ကို မြို့ပြင်မှာ စခန်းချခိုင်းဖို့ ရည်ရွယ်ထားတယ်ဆိုတာကို ...”

အမျိုးသမီးကြီး၏လေသံမှာ စိတ်အေးသက်သာဖြစ်မနေပုံပင်။

" မြို့ပြင်မှာ စခန်းချတယ်တဲ့လား "

ရုတ်ချည်းပင် ထိုမိန်းကလေးက ငိုယိုနေရာမှ ရပ်တန့်သွားသည်။

" ဟုတ်တယ် ... သခင်မလေးရဲ့အဖေက ဘယ်လိုလုပ်ပြီး အဲ့အထိသွားနိုင်ပါ့မလဲ ...သူတင်မကဘူး ... မျိုးနွယ်စုကြီးတွေအကုန်လုံးက သူတို့ဆီက ချောမောလှပတဲ့သမီးတွေအားလုံးကို နန်ယန်မင်းသားဆီပို့နေကြတာ ... စိတ်ပြောင်းအောင်လို့တဲ့ "

၎င်းစကားဝိုင်းက တလှိမ့်လှိမ့်ရွေ့လျားသွားသောလှည်းဘီးများအ‌နောက်၌ ကျန်ရစ်နေခဲ့သည်။

ထိုအချိန်တွင် အဖိုးစွင်းက မဝံ့မရဲဖြစ်နေသည့်လေသံဖြင့် " သခင်မလေး " ဟု ခေါ်လာလေ၏။

လှည်းတွင်းရှိချန်ရုံမှာမူ သူမ၏လက်များအား တင်းတင်းကြပ်ကြပ်ဆုပ်ထားလျက်ရှိသည်။

“ရပ်လိုက်ပါ အဖိုးစွင်း ... အခု တပ်မှူးရန်က ဘယ်အိမ်တော်ကို အလည်အပတ်သွားနေတာလဲဆိုတာကို မေးလာခဲ့ပါ "

" ကောင်းပါပြီ သခင်မလေး "

အချိန်အနည်းငယ်ခန့်ကြာသောအခါတွင် အဖိုးစွင်းက လှည်းရထားပေါ်သို့ပြန်တက်ရင်း ပြောလာခဲ့သည်။

" သခင်မလေး ... တပ်မှူးရန်က ဟွမ်းအိမ်တော်မှာ ရှိနေပါတယ်တဲ့ "

" ဒါဆိုရင် ဟွမ်းအိမ်တော်ကို သွားလိုက်ပါ "

" ကောင်းပါပြီ "

ဟွမ်းအိမ်တော်မှာ တောင်ဘက်လမ်းတွင် တည်ရှိသည်။နန်ယန်မင်းသား၏ယာဉ်တန်းအား ရှောင်ရှားရန်အတွက် အဖိုးစွင်းက အခြားလမ်းမှ ကွေ့ပတ်၍သွားခဲ့ပြီး အိမ်တော်သို့ရောက်ရှိရန် တစ်နာရီခန့်ကြာခဲ့လေ၏။

လှည်းရထား ရပ်တန့်သွားသောအခါ အဖိုးစွင်းက တံခါးစောင့်ထံသို့ ဦးတည်သွားခဲ့သည်။ထိုအချိန်တွင် ချန်ရုံတစ်ယောက် ကန့်လန့်ကာစအား ရုတ်သိမ်းလိုက်လေ၏။သူမက ထိုသူများအား လှမ်းကြည့်နေခဲ့ရာမှ မျက်ဝန်းများက အဝေးတစ်နေရာသို့ ရောက်သွားခဲ့သည်။

ခဏအကြာတွင် အဖိုးစွင်းပြန်ရောက်လာပြီး လှည်းရထားအား တံခါးဝကိုဖြတ်ကျော်၍ အိမ်တော်ဝင်းထဲသို့ ဦးဆောင်မောင်း‌နှင်သွားတော့၏။

အထဲဝင်လိုက်သည်နှင့် အဝေးမှတေးဂီတသံတစ်သံက ပျံ့လွင့်လာခဲ့သည်။၎င်းတေးသွားသံမှာ သာမန်လေမှုတ်တူရိယာသံများနှင့် ကွဲပြားပြီး ဤသီချင်း၌ ပါဝင်သည့်

ဗျပ်စောင်းသံကလည်း တစ်မူထူးခြားလေ၏။

ချန်ရုံ နားဆင်နေစဉ်မှာပင် လက်ခုပ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။တီးမှုတ်သံများ ငြိမ်သက်သွားသောအခါတွင် ဗုံသံများအား စတင်ကြားလာရ၏။

“ သခင်မလေး ...တပ်မှူးရန်က အခု ရင်ပြင်မှာ ဗုံတီးနေပါတယ်လို့ ဂိတ်မှူးကပြောတယ် ... သူ့ကို လာရှာတဲ့ မျိုးနွယ်စုကြီးတွေ အကုန်လုံးကို တံခါးဝမှာတင် တန်းငြင်းပစ်ဖို့ မှာထားပါတယ်တဲ့ ... မိန်းကလေးငယ်ငယ်တွေကတော့ ခြွင်းချက်ပဲတဲ့ "

မကြာမီမှာပင် လှည်းရထားက ရင်ပြင်ဆီသို့ မောင်းနှင်သွားခဲ့သည်။

အနီးနားသို့မရောက်သေးသော်လည်း အလှကုန်နှင့်ရေမွှေးရနံ့များက ချန်ရုံ၏နှာဖျားသို့တိုးဝင်လာလေ၏။


"ဘာလို့ မိန်းက​လေး​တွေ အများကြီးရှိ​နေတာပါလိမ့် "

အဖိုးစွင်းက ဆိုလာသည်။

ချန်ရုံမှာလည်း သူမ၏ကန့်လန့်ကာကို အမြန်ရုတ်ကာ အပြင်သို့ လှမ်းကြည့်လိုက်တော့၏။

ရောင်စုံအဝတ်အစားများဖြင့်ဖုံးလွှမ်းနေသည့် ရင်ပြင်တစ်ခွင်ကို တွေ့လိုက်ရသောအခါ ချန်ရုံတစ်ယောက် အံ့အားသင့်သွားသည်။မိန်းကလေးများ အနည်း‌ဆုံး အယောက် ၅၀ - ၆၀ ခန့်ရှိနေလေ၏။

ယခုအချိန်တွင် ထိုမိန်းကလေးများအားလုံးက ရင်ပြင်၏အလယ်ဗဟိုသို့ စူးစိုက်ကြည့်နေကြသည်။ချန်ရုံက ထိုသူတို့၏အကြည့်များရှိနေသည့်နေရာသို့ စူးစမ်းခဲ့ပြီး တစ်ခဏအတွင်းမှာပင် ခေါင်းကိုဆတ်ခနဲပြန်လှည့်လိုက်တော့၏။

ရင်ပြင်အလယ်၌ရပ်နေသူ ရန်မင်းကြောင့်ပင်ဖြစ်မည်။

သူ၏လက်များက လှစ်ပေါ်နေပြီး ရှည်လျားသော အနက်ရောင်ဆံနွယ်များကိုမူ အနီရောင်ဖဲကြိုးဖြင့် စုချည်ထားလေသည်။ရန်မင်း၏နှုတ်ခမ်းများက မျဉ်းဖြောင့်တစ်ကြောင်းကဲ့သို့ ဖြောင့်တန်းနေ၏။

စစ်မြေပြင်တွင်ရှိနေခဲ့သည့် အတောအတွင်း၌ လည်း

ရန်မင်းမှာ ပြီးပြည့်စုံသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့သည်ဟု ဆိုရပေမည်။နေလောင်ထားသော အသားအရည်၊ ကျယ်ပြန့်သော ပခုံးများနှင့် ခြေတံရှည်များက သူ့အား ထင်ရှားပေါ်လွင်စေပြီး အခြားသော မင်းမျိုးမင်းနွယ်များအားလုံးထက်ပင် ပိုမိုကြည့်ကောင်းစေခဲ့သည်။ရန်မင်းနှင့်နှိုင်းယှဥ်လိုက်လျှင် ဟွမ်းကျိုးလန်၏ ထူးခြားသောကိုယ်ရောင်ကိုယ်ဝါသည်ပင် ဖျော့တော့သွား၏။

ယခုအချိန်တွင် ရန်မင်းက ဗုံကို တီးခတ်နေသည်။ဟွမ်းကျိုးလန်က ဗျပ်စောင်းအားကိုင်ဆောင်ကာ ရန်မင်း၏နံဘေး၌ ဝင်ထိုင်လိုက်သည်။သူ၏ဘယ်ဘက်လက်ချောင်းများက ကြိုးများအားအသာအယာဖိထားလျက်ရှိပြီး ကျန်ညာဘက်ဘက်ဖြင့် ဗျပ်စောင်းကြိုးများအား ခပ်ဖွဖွတီးခတ်နေလေ၏။

[ ဟွမ်းကျိုးလန်ကိုင်ဆောင်သည့်ဗျပ်စောင်းနှင့်ချန်ရုံ၏ဗျပ်စောင်းတို့မှာ မတူညီကြပါ။ချန်ရုံတီးသောဗျပ်စောင်းမှာ ' ချင် ' ဟုခေါ်ပြီး ဟွမ်းကျိုးလန်၏ဗျပ်စောင်းမှာ ' ကျန့် ' အမျိုးအစားဖြစ်သည်။' ကျန့် ' အမျိုးအစားဗျပ်စောင်း၌ အဖြုတ်အတပ်လုပ်၍ရသောတံတားသဏ္ဌာန်ရှိသည့်မြောင်းငယ်ကလေးများပါဝင်ပြီး' ချင် ' အမျိုးအစားဗျပ်စောင်း၌ အလားတူကိရိယာများမပါရှိပါ။ ]

အတွဲအစပ်မှာ လွန်စွာကောင်းမွန်လှသည်။ငြိမ့်ညောင်းသည့်တေးသွား လွင့်စဉ်လာသည့်အခါတိုင်း ကျယ်လောင်သောဗုံသံခပ်ပြင်းပြင်းကို ကြားရ၏။

နားဆင်သူများမှာ လွန်ခဲ့သည့်ရာစုနှစ်များဆီသို့ ပြန်သွားလိုက်ရသလို ခံစားနေရသည်။

စစ်မားရီ၏တပ်စုကြီးက အောက်တွင်ရပ်နေချိန်၌ ကျူးကောလျန့် က သဲကန္တာရတွင်းရှိခံတပ်ခေါင်မိုးပေါ်တွင်ထိုင်ကာ ဗျပ်စောင်းတီးခတ်နေသည့်အချိန် ကဲ့သို့ပင်။

ဗျပ်စောင်းသံများက ငြိမ့်ညောင်းပြီး ထူးခြားသာလွန်သည်။ဤတေးသွားမှာ တိမ်ပေါ်တွင်ရပ်နေကာ ကုန်ဆုံးသွားသောအချိန်များအား တသသဖြစ်လျက်နောင်တများနေသော အခြားလူများကဲ့သို့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းများအား သယ်ဆောင်မလာပေ။တစ်ဖက်တွင်လည်း တုန်လှုပ်ချောက်ချားဖွယ်ရာ ဗုံသံမှာ တိုက်ပွဲပေါင်းတစ်ရာကျော်ဖြတ်သန်းခဲ့ဖူးသည့်တပ်မှူးတစ်ဦးက ယခုအချိန်၌တပ်ဖွဲ့ဝင်တို့၏အလောင်းများရှေ့တွင်ရပ်ကာ အရပ်သားများအတွက် ငိုကြွေးနေသောရင်တွင်းခံစားချက်မျိုးအား ပေးစွမ်းသည်။

အလှမ်းဝေးကွာခြင်း ၊ ညည်းတွားခြင်းများက အလွန်ခမ်းနားသော ခံစားချက်ကို သယ်ဆောင်လာခဲ့၏။ချန်ရုံသည် ဤတေးသွားမျိုးအား ယခင်က မကြားဖူးသဖြင့် နားလည်ရန် ခက်ခဲနေသည်။

သူမသည် တေးသွားထဲ၌ နစ်ဝင်နေခဲ့ပြီး ၎င်းက သူမ၏ ဝိညာဉ်အား စကားပြောနေသလိုပင်။

သို့သော် ချန်ရုံမှာ ထိတ်လန့်စွာဖြင့် ရုတ်ချည်းပင် အသိတရားဝင်သွားခဲ့သည်။သူမ၏ရှုပ်ထွေးသောဗျပ်စောင်းတီးခြင်းမှာ ဤကဲ့သို့ ဖော်ပြရမရနိုင်သည့်စွဲမက်ဖွယ်သံစဉ်များနှင့်နှိုင်းယှဉ်လျှင် အသေးအဖွဲသာဖြစ်လေ၏။

ထိုသို့ခံစားရသည်မှာ ချန်ရုံတစ်ဦးတည်းမဟုတ်ချေ။ဗုံစည်းချက်နှင့်အတူရန်မင်း၏သန်မာသောကြွက်သားများက နေရောင်ခြည်ထဲတွင် ကွေးညွှတ်သွားသည်။ သေဒဏ်စီခြင်းမခံရမီတွင် “ကွမ်းလင်တေးသွား” ကိုတီးခတ်ခဲ့သည့် ကျီးခန်း၏ယောက်ျားပီသသောခန့်ညားသည့်အသွင်အပြင်နှင့်ပင် ဆင်တူနေသေး၏။

ဗုံတီးခတ်မှု ပြီးဆုံးသွားသည့်အခါ မိန်းကလေးများက သူ့အား ချစ်ရည်ရွန်းလဲ့သောမျက်ဝန်းများဖြင့်ကြည့်ကာ အသည်းအသန်အော်ဂစ်ကြသည်။ရန်မင်းမှာ ထိုမျက်ဝန်းများအား ရိပ်မိပုံမပေါ်သကဲ့သို့ တစ်ကြိမ်တစ်လေမှမော့ကြည့်ခြင်းမျိုးလည်းမပြုချေ။

ချန်ရုံရောက်ရှိလာသည်ကိုလည်း မည်သူကမှ သတိမပြုမိကြပေ။ထူးခြား‌သောဂီတကို နားထောင်ရန် သူမက ကန့်လန့်ကာကို ရုတ်သိမ်းခဲ့သည်။ဤအံ့သြဖွယ်ကောင်းသော တေးသီချင်းဖျော်ဖြေမှုအား ဖြစ်မြောက်စေခြင်းမှာ တည်ငြိမ်အေးချမ်းကောင်းမွန်လှ၏။ချန်ရုံက အချိန်အတော်ကြာအောင် မျက်လုံးမှိတ်လျက် လက်နှစ်ဖက်အား တင်းတင်းကြပ်ကြပ် ယှက်နွှယ်ထားခဲ့သည်။

အချိန်မည်မျှကြာသွားသည်ကို မသိလိုက်ပေ။

ဗျပ်စောင်းသံ၏အဆုံးသတ်၌ ရန်မင်း၏ရယ်သံကပါ တစ်ပါတည်းပျံ့လွင့်လာသည်။ရန်မင်းက ခေါင်းကိုအဆုံးအစွန်ထိမော့၍ ဗုံတံများကိုလွှင့်ပစ်လိုက်ကာ ဟက်ဟက်ပက်ပက်ပြောလာ၏။

" အားရစရာကောင်းလိုက်လေခြင်း "

ရယ်သံမဆုံးမီမှာပင် အမျိုးသမီးထုကြီးက ဟစ်အော်လျက် ရန်မင်းနှင့် ဟွမ်းကျိုးလန်ရှိရာဆီသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြတော့သည်။

အဖြစ်အပျက်များအား လိုက်မမီသေးရှာသောထိုနှစ်ဦးမှာ ရေမွှေးနှင့် အမွှေးနံ့သာရနံ့များအောက်၌ နစ်မြုပ်သွားခဲ့ကြ၏။

ထိုအချိန်တွင် ချန်ရုံက ၎င်းနေရာမှအကြည့်လွှဲပြီး အဖိုးစွင်းအား တိတ်တဆိတ်ပြောလာခဲ့သည်။

"အိမ်ပြန်ရအောင်"

ထိုအခါ အဖိုးစွင်းကလည်း ခေါင်းညိတ်ပြလျက် လှည်းရထားအား ပြန်လှည့်လိုက်တော့၏။

သူတို့၏အရေးမပါသောသခင်မလေးအား ကယ်တင်ရန်အတွက် တပ်မှူးရန်ထံ၌ အချိန်မရှိပုံပေါ်သည်။

"တောင်ဘက်ဂိတ်ကိုသွားပါ"

လှည်းရထား ဟွမ်းအိမ်တော်မှထွက်ခွာလာစဉ်တွင် ချန်ရုံက အဖိုးစွင်းအား ပြောသည်။

ချန်ရုံမှာ တပ်မှူးစွင်းအား ရှာဖွေနေလိုခြင်းဖြစ်ကြောင်းသိသောအဖိုးစွင်းက ချက်ချင်းပင် ခေါင်းညိတ်ပြလျက် " ဟုတ်ကဲ့ပါ " ဟုပြန်ဖြေလေ၏။

ထို့နောက်လှည်းရထားမှာ ချန်ရုံပြောသည့် ဦးတည်ရာအတိုင်း ရွေ့လျားသွားတော့သည်။

အော်ဟစ်နေကြသောလူအုပ်ကြီးအား ဖြတ်ကျော်ပြီး သိပ်မကြာ၌မီ တောင်ဘက်ဂိတ်ပေါက်သို့ ဆိုက်ရောက်လာ၏။

" ကျွန်တော်သွားမေးလိုက်မယ် သခင်မလေး "

ခဏအကြာတွင် အဖိုးစွင်းက သူမထံ ပြန်ပြေးလာပြီး တုန်လှုပ်ချောက်ခြားစွာဖြင့် အကြောင်းပြန်လာတော့၏။ “သခင်မလေး ... တပ်မှူးစွန်းရဲ့တပ်စုက ထွက်သွားပြီ ပြောတယ် ... မြို့ပြင်မှာ စခန်းချမနေတော့ဘူးတဲ့ ... ”

"သိပြီ ... ဒါဆို အိမ်ပြန်ကြရအောင်"

" ဟုတ်ကဲ့ပါ "

အဖိုးစွင်းက လှည်းရထားပေါ်သို့ပြန်တက်လာရင်းဖြင့် ချန်ရုံအား ပြောလေသည်။

“စိတ်မပူပါနဲ့ သခင်မလေး ... သခင်မလေးမှာ ဝမ်ချီလန် ရဲ့ချစ်ခြင်းမေတ္တာရှိတာပဲ မဟုတ်ဘူးလား ... ဘယ်သူမှ သခင်မလေးကို ဒုက္ခမပေးရဲလောက်တော့ပါဘူး "

" နည်းနည်းပဲဖြစ်ဖြစ် ပိုပြီးတော့သေချာချင်လို့ပါ ... "

အဖိုးစွင်းက သက်ပြင်းချလေ၏။ဖျင်မြို့တွင်ရှိနေစဉ်က ရှည်ရှည်ဝေးဝေးမတွေးမိခဲ့သော်လည်း နန်ယန်သို့ရောက်လာချိန်တွင်မူ လူကြီးသူမများနှင့် သခင်လေးများသာမရှိပါက သူတို့၏သခင်မလေးမှာ အားနွဲ့သောမိန်းကလေးတစ်ဦးသာဖြစ်ပြီး ဘဝကြီးမှာလည်း ထင်သလောက်လွယ်ကူမနေကြောင်း နားလည်သဘောပေါက်လာရသည်။

လှည်းရထားက ချန်အိမ်တော်ဆီသို့ တစ်ဖန်ပြန်လည် ဦးတည်ခဲ့လေ၏။အိမ်တော်မှာ အပြင်လောကထက် များစွာပိုမိုတိတ်ဆိတ်နေပြီး ချန်ရုံ၏လှည်းရထားဖြတ်သန်းလာသည်ကို မည်သူကမှ အာရုံမထားကြပေ။

ချန်ဝေ့၏ခြံဝင်းမှာလည်းတိတ်ဆိတ်နေပြီး ဖြတ်သန်းသွားချိန်တွင် ခါတိုင်းကဲ့သို့ ရယ်မောသံများအား မကြားရဖြစ်နေသည်။ချန်ရုံက မျက်ခုံးပင့်လိုက်ပြီး လှည်းရထားအား သူမ၏အဆောင်တော်ဆီသို့ ဆက်လက်ဦးတည်သွားစေ၏။

အရာအားလုံးက နေမြဲအတိုင်းရှိနေခဲ့ပြီး အိမ်‌တော်တံတိုင်းအပြင်ဘက်မှ မုန်တိုင်းထန်မှုနှင့် အငြင်းပွားမှုများမှာ ဤနေရာနှင့် လားလားမျှပင် သက်ဆိုင်သည့်ပုံပေါ်မနေချေ။

တစ်နေ့တာက ကုန်ဆုံးသွားပြန်သည်။

နောက်တစ်နေ့တွင်အဖိုးစွင်းသည် ချန်ရုံ၏တောင်းဆိုမှုအရ လှည့်ပတ်မေးမြန်းခဲ့ပြီး မြောက်ပိုင်းမှ ပြောင်းရွှေ့လာသောမျိုးနွယ်စုကြီးများအားလုံးမှာ မင်းသား၏ပွဲသို့ တက်ရောက်ရန် လိုအပ်ကြောင်း သိရှိခဲ့၏။ထိုထဲတွင် ချန်အိမ်တော်လည်း ပါဝင်‌သည်။သို့ရာတွင် အခြား ထွေထွေထူးထူးကိစ္စမရှိပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်မြောက်နေ့က ကုန်ဆုံးသွားပြန်သည်။

မွန်းတည့်ချိန်ပတ်ဝန်းကျင်၌ အဖိုးစွင်းက စိုးရိမ်တကြီးဖြစ်နေသောမျက်နှာထားဖြင့် အမောတကောပြေးဝင်လာခဲ့၏။ချန်ရုံအားတွေ့သောအခါတွင် အဖိုးစွင်းက ‌ပြာပြာသလဲ သတင်းပေးသည်။

“သခင်မလေး သတင်းရပြီ ... ရှန်းပေစစ်တပ်က မောယန်ကို ဝိုင်းထားတယ်တဲ့ ...တမြန်မနေ့ကပဲ တပ်မှူးစွင်းနဲ့ ဝမ်ချီလန်ရဲ့အဖွဲ့တွေက မောယန်ဘက်ကိုထွက်သွားတယ်လို့ပြောတယ် ”


Xxxx