Chapter 81
အတူလိုက်ပါခြင်း
မောယန်မြို့သည် နန်ယန်မြို့၏အနောက်မြောက်ဘက်တွင်ရှိပြီး လောယန်မြို့သို့တိုက်ရိုက်လာသောလမ်းကြောင်းတစ်လျှောက်၌ တည်ရှိလေ၏။အလယ်အလတ်မြို့လေးတစ်မြို့သာဖြစ်သော်လည်း လိုချင်တပ်မက်စရာကောင်းလောက်သည့် နယ်မြေတစ်ခုပင်။
"တပ်မှူးစွင်းနဲ့ ဝမ်ချီလန်ရောက်ပြီး ခဏကြာတော့ မောယန်ကို ရှန်းပေစစ်သည်လေးသောင်းက ဝိုင်းထားခဲ့တယ်လို့ ပြောတယ် ... "
အဖိုးစွင်း၏လေသံက တဆတ်ဆတ်တုန်လာသည်။
"ရှန်းပေစစ်သည်လေးသောင်းတဲ့ ... တပ်မှူးရန်သာ သူ့တပ်စုနဲ့ သက်သက်လိုက်မသွားရင် ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး ... မြောက်ပိုင်းက အန္တရာယ်ကျနေပြီလို့လည်းပြောနေကြတယ် ... တပ်မှူးရန်ကလည်း မနေ့ညက အဲ့ဒီကိုထွက်သွားပြီတဲ့ "
အဖိုးစွင်းက ချန်ရုံကမ်းပေးသောလက်ဖက်ရည်ကို လက်ခံယူပြီး တစ်ငုံသောက်ကာ သက်ပြင်းချလိုက်လျက် ဆက်ပြောပြန်သည်။
“ ကံမကောင်းလို့ မောယန်အသိမ်းခံလိုက်ရရင် တပ်မှူးစွင်းနဲ့ဝမ်ချီလန်တော့ သွားပြီပဲတဲ့ ... မောယန်ကို သိမ်းပြီးတာနဲ့ နန်ယန်အလှည့်ရောက်လာမယ်လို့ပြောနေကြတယ် ... မြို့ခံတွေလည်း စိတ်ပူနေကြပြီ "
ထိုအခိုက်၌ ချန်ရုံမှာမျက်မှောင်ကြုတ်လျက် အတွေးကမ္ဘာထဲသို့လွင့်မြောနေသောကြောင့် အဖိုးစွင်းက အသိစိတ်ဝင်အောင် အဖန်ဖန်အော်ခေါ်ရတော့၏။
" သခင်မလေး ...သခင်မလေး "
ငါးကြိမ်ခြောက်ကြိမ်ခန့်ခေါ်ဆိုပြီးနောက်တွင်မှ ချန်ရုံတစ်ယောက် အာရုံပြန်ရလာခဲ့သည်။
" ဝမ်ချီလန်နဲ့တပ်မှူးစွင်းက မောယန်ကို သွားတယ်လို့ ပြောလိုက်တာလား "
" ဟုတ်ပါတယ် "
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။၎င်းခြေသံပိုင်ရှင်က အထဲသို့ရောက်မလာသေးသော်လည်း သူမ၏လေသံအား ဦးစွာကြားလိုက်ရ၏။
" အားရုံ ... အားရုံ "
ချန်ဝေ့က အထဲဝင်လာခဲ့ပြီး အဖိုးစွင်းနှင့် ဦးညွှတ်နေသော အစေခံများအား ဂရုမထားဘဲပြောလိုက်၏။
"အားရုံ ... ဝမ်ချီလန်က မောယန်ကိုသွားတယ်ဆိုတာကို ကြားပြီးပြီလား ... သူရှင်လား သေလားဆိုတာကို ဘယ်သူမှ မသိဘူးတဲ့ "
ဝမ်းကွဲညီမ၏ငြိမ်သက်နေသည့်အမူအရာအားမြင်သွားသောချန်ဝေ့က တစ်ဆက်တည်းမေးမြန်းလာခဲ့သည်။
"နင်သိပြီးသားလား"
ချန်ရုံက ခေါင်းညိတ်ပြလိုက်၏။
ထိုအခါချန်ဝေ့က ချန်ရုံ၏အရှေ့သို့လာရပ်ပြီး လက်ကိုဆုပ်ကိုင်ပေးလျက် တိုးညင်းစွာပြောလာခဲ့သည်။
“စိတ်မပူပါနဲ့ ... အဖေကပြောတယ် ... ဝမ်ချီလန်က အရမ်းထူးခြားတဲ့လူမလို့ ဘာဘေးအန္တရာယ်မှ ကြုံမှာမဟုတ်ဘူးတဲ့ "
"ကျေးဇူးတင်ပါတယ်"
ချန်ရုံက ပြောပြောဆိုဆိုဖြင့် သူမ၏လက်အား အသာရုန်းဖယ်လိုက်လေ၏။
ထို့နောက်တွင် ချန်ဝေ့က အစေခံတစ်ဦးအား လက်ဝှေ့ယမ်းပြလျက် ပြောလာသည်။
" ခြံထဲကို ထိုင်ခုံယူသွားချေ ... အထိန်းတော်ဖျင်မရှိတော့ အလိုက်ကမ်းဆိုးမသိကြတော့ဘူးပဲ "
"ခွင့်ပြုပါဦး ... သွားလိုက်ပါဦးမယ်"
ချန်ဝေ့ အမိန့်ပေးပြီး အာဏာပြနေသခိုက်တွင် ချန်ရုံက ရိုကျိုးသောအမူအရာဖြင့် ခပ်တိုးတိုးဆိုလာခဲ့၏။
ထို့နောက်တွင် သူမက ချန်ဝေ့၏ပြောစကားအား မစောင့်ဆိုင်းဘဲ အိမ်နောက်ဖေးဆီသို့ လှည့်ထွက်လာတော့သည်။
အနည်းငယ်အံ့သြသွားသည့် ချန်ဝေ့က ချန်ရုံအားစူးစိုက်ကြည့်နေခဲ့ပြီး ထို့နောက်တွင်မူ သက်ပြင်းချလျက် ၎င်းနေရာမှ ထွက်ခွာသွားခဲ့တော့၏။
ပန်းခြံထဲတွင် နှစ်နာရီခန့်ကြာအောင်လှည့်ပတ်နေပြီးနောက်တွင် ချန်ရုံက လှည်းရထားပေါ်သို့တက်၍ အဖိုးစွင်းအား ခပ်တိုးတိုးပြောသည်။
" အပြင်သွားရအောင်ပါ "
" ဟုတ်ကဲ့ "
လှည်းရထားက ရွှေ့လျားလျက် မြို့ထဲသို့ ဦးတည်သွားလေ၏။
အထက်တန်းလွှာအများအပြားက သူတို့၏ရထားလုံးများအား ဟိုဟိုဒီဒီတွန်းရွှေ့နေကြပြီး ခေါင်းပြတ်နေသောယင်ကောင်များသဖွယ် အုတ်အော်သောင်းနင်းဖြစ်နေသည်။လမ်းအသီးသီးအား ဖြတ်ကူးလိုက်သည့်အခါတိုင်းတွင် ဝမ်းနည်းပူဆွေးစွာ ငိုကြွေးသံများက လေထုထဲသို့ ပျံ့လွင့်လာလေ၏။
ရုတ်ချည်းဆိုသလိုပင် နန်ယန်တစ်မြို့လုံး ကမောက်ကမဖြစ်နေလေပြီ။
ချန်ရုံက သူမ၏ ကန့်လန့်ကာကို ရုတ်သိမ်းလိုက်ပြီး မြို့ထဲသို့စူးစမ်းသည်။ထိုအချိန်တွင် ရင်းနှီးနေသည့်လေသံတစ်သံအား ကြားလိုက်ရတော့၏။
" အားရုံ ... "
ချန်ရုံက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအခါ တလဲ့လဲ့ဖြစ်နေသည့် ခိုးကြောင်ခိုးဝှက်ဆန်သောမျက်ဝန်းတစ်စုံနှင့် ကြုံဆုံလာရတော့၏။ယင်းမျက်ဝန်းပိုင်ရှင်မှာ ချန်စန်းလန်ပင်ဖြစ်သည်။ယခင်တစ်ခေါက်တွေ့ဆုံချိန်ကနှင့် ကွဲပြားစွာပင် ချန်စန်းလန်က သူမအား မီးတောက်မျက်ဝန်းများဖြင့် အပေါ်အောက် ပြန်လှန်ကြည့်နေခဲ့၏။
"တတိယအစ်ကို .... " လှည်းပေါ်တွင်ရှိနေသောချန်ရုံက ဦးညွှတ်ပြလျက် နှုတ်ခွန်းဆက်သလိုက်သည်။
ချန်စန်းလန်၏အကြည့်များက ချန်ရုံ၏သွယ်လျသော ခါးနှင့် မို့မို့မောက်မောက်တင်ပါးများထံ၌ ရှိနေသည်။
သူက လက်ကိုဝှေ့ယမ်းပြီး ချန်ရုံ၏လှည်းအနီးသို့ကပ်ရန် မောင်းနှင်သူအား အချက်လှမ်းပြခဲ့၏။
ထို့နောက်တွင် ချန်စန်းလန်မှာ သူ၏လှည်းရထားအတွင်းမှ ခေါင်းပြူထွက်လာခဲ့ပြီး ချန်ရုံ့အားစိုက်ကြည့်လျက် သက်ပြင်းချလေသည်။
"အားရုံ ...ဝမ်ချီလန်က မောယန်မှာ ဆုံးသွားပြီလို့ ကြားတယ်" ချန်စန်းလန်၏လေသံမှာ အလွန်အမင်း သေချာနေပုံသည့်ပင်။
ချန်ရုံတစ်ယောက် ဖြူဖတ်ဖြူလျော်ဖြစ်သွားသော်လည်းသူမက အားတင်းလျက် ရယ်မောရန်ကြိုးစားလေသည်။
“မဖြစ်နိုင်တာ... ဟူစစ်သည်တွေက မောယန်ကို ဝိုင်းထားရုံပဲရှိသေးတာ မဟုတ်ဘူးလား ”
" အဲ့လိုလား "
ထိုအခါ ချန်စန်းလန်က ဟက်ဟက်ပက်ပက် ရယ်မောလာ၏။ယင်းနောက်တွင် သူက ချန်ရုံ့ကို ကြည့်လျက် စိတ်အားထက်သန်စွာ ဆိုပြန်သည်။
"ရှန်းပေမျိုးနွယ်စုက မူရုံခယ်ဆိုတာက အရာရာကိုအောင်နိုင်တဲ့စစ်ဘုရင်ပဲ ... သူ့လိုလူက မောယန်ကိုဝိုင်းထားလိုက်ကတည်းက မြို့ပျက်နေပြီလို့ပြောလို့ရတယ် "
ချန်စန်းလန်က ခေတ္တရပ်ပြီးနောက် သက်ပြင်းတချချဖြင့် ဆက်ပြောလာပြန်၏။
"မင်း ဝမ်ချီလန့်ကို ကတိမပေးမိခဲ့လို့ ကံကောင်းသွားတာပေါ့ ...ဒါပေမဲ့လည်း မင်းရဲ့ဂုဏ်သိက္ခာကတော့ သူ့ကြောင့် ပျက်စီးသွားပြီ ... စိတ်မကောင်းစရာပဲနော် ... မဟုတ်ရင် မင်းနဲ့ထိမ်းမြားဖို့ တခြားယောက်ျားတစ်ယောက်ကို ကူရှာပေးနိုင်သေးတာကို ... အခုတော့ ... ”
ချန်စန်းလန်မှာ တစ်ဖက်လူ၏အနီးသို့ပိုမိုတိုးကပ်လာခဲ့ပြီး သူ၏မျက်ဝန်းများက ချန်ရုံ့ရင်ဘတ်ပေါ်တွင်ရှိနေသည်။
"အားရုံ...ငါ့ကို ကူညီပေးစေချင်လား"
ထိုအခါ ချန်ရုံက အနောက်သို့ တွန့်ဆုတ်သွားပြီး ခေါင်းငုံ့လိုက်၏။
"သူသေသလား ရှင်သလားတောင်မသိတာကို ဘယ်လိုလုပ်ပြီး အိမ်ထောင်ရေးအကြောင်း ပြောရပါ့မလဲ "
ချန်စန်းလန်မှာ အကြိမ်ကြိမ်အခါခါ သက်ပြင်းချနေသည်။
" နှုတ်ဆက်ပါတယ် တတိယအစ်ကို "
“ နေဦး "
ချန်စန်းလန်က ချန်ရုံ့အား အလျင်အမြန်ပင် တားဆီးလာ၏။ထို့နောက် သူက လှည်းမောင်းသူအား တစ်ဖက်သို့ပိုမိုနီးကပ်စေရန်အမိန့်ပေးကာ လှည်းရထားထဲမှ ခေါင်းပြူထွက်ပြီး ချန်ရုံအား ခပ်တိုးတိုးပြောလာပြန်သည်။
" အားရုံ...ပြောစရာတစ်ခုရှိတယ် ... မင်းလည်း ကြားရင်ကြားပြီးလောက်ရောပေါ့"
ချန်ရုံမှာ ချန်စန်းလန်အား စူးစိုက်ကြည့်နေခဲ့၏။ချန်ရုံ၏သဘာဝအလျောက်မှော်ဆန်သောမျက်ဝန်းများက တစ်ဖက်လူ၏စိတ်အား ထွင်းဖောက်၍ သိလိုဇောပြင်းပြနေသည့်ပုံပင်။
"တတိယအစ်ကို ပြောစရာကဘာလဲ ... တတိယအစ်ကို ... တတိယအစ်ကို"
ချန်စန်းလန်ဘက်မှ မတုံ့ပြန်မချင်း ချန်ရုံမှာ အကြိမ်အနည်းငယ်ခန့် အော်ခေါ်ခဲ့ရသည်။
ထို့နောက် ချန်စန်းလန်က စိတ်ကိုစုစည်းကာ ဘေးဘီအားတစ်ချက်ကြည့်ပြီးနောက် ချန်ရုံ၏နားနားသို့တိုးကပ်၍ တီးတိုးပြောလာ၏။
" သေခြင်းတရားကနေ ဝမ်ချီလန် မလွတ်မြောက်နိုင်လောက်ဘူးဆိုတာကို သိသွားတဲ့တစ်ယောက်ယောက်က မင်းသားဆီကို မင်းအကြောင်းသွားပြီးတော့ သတိပေးတယ်တဲ့လေ "
ထို့နောက် ချန်စန်းလန်က သူမအား စိုက်ကြည့်ကာ တမင်တကာဆန်သောလေသံဖြင့်ဆက်ပြောသည်။
"ငါက ကောင်းကောင်းကြီးနှံ့စပ်တယ်ဆိုတာကို သေချာသိတယ်မလား ... ငါ့စကားတစ်ခွန်းဆိုတစ်ခွန်းက မင်းသားအတွက် အရေးပါသင့်သလောက်ပါတယ် "
ထို့နောက်တွင်ချန်စန်းလန်က နားလည်ရခက်စွာ ပြုံးလိုက်ပြီး အရှေ့သို့ပြန်လှည့်ကာ လှည်းမောင်းသူအား “သွားစို့” ဟု လှမ်းပြောလိုက်၏။
" ဟုတ်ကဲ့ပါ "
အဝေးသို့ရောက်လာချိန်၌ ချန်စန်းလန်က ချန်ရုံရှိရာဘက်သို့ တစ်ချက်လှည့်ကြည့်ပြန်သည်။တစ်ဖက်လူ၏ပွက်ပွက်ဆူလျက် နီမြန်းနေသောမျက်နှာထားအား မြင်ရသောအခါတွင် ချန်စန်းလန်က အားရကျေနပ်စွာပြုံးလိုက်လေ၏။
" သခင်မလေး .... "
ချန်စန်းလန်းထွက်ခွာသွားချိန်၌ အဖိုးစွင်းက အနောက်သို့လှည့်ကြည့်ပြီး စိုးရိမ်တကြီးဆိုလာသည်။
" ဖြည်းဖြည်းချင်းစီ လုပ်ကြတာပေါ့ "
ချန်ရုံက ခေါင်းမော့ပြီး ခပ်တိုးတိုးပြောလိုက်သောအချိန်တွင် အဖိုးစွင်းက ရတတ်မအေးဖြစ်စွာဖြင့် ခေါင်းအား မသိမသာလှုပ်ရမ်းနေခဲ့လေ၏။
" ဝမ်အိမ်တော်ကိုသွားပါ "
" ဝမ်အိမ်တော်လို့ပြောလိုက်တာလားဗျ ... "
အဖိုးစွင်းက အသည်းအသန် ပြန်လည်လှည့်ကြည့်လာပြီး မေးခွန်းထုတ်သည်။
ထို့နောက်တွင်မူ အဖိုးစွင်း၏စိတ်ထဲသို့ အတွေးအချို့ဝင်လာခဲ့ပြီး သူက ချန်ရုံ့အား အမြန်သတိပေးလေ၏။
“ သခင်မလေး ... သခင်မလေးက မထိမ်းမြားရသေးဘူး နော် ... အဲ့ဒီကိုသွားရင် ကောလဟာလတွေ ပိုဆိုးလာလိမ့်မယ် ”
“သွားပါ ... ကျွန်မမှာ အစီအစဉ်တွေ ရှိတယ်”
ချန်ရုံက လေသံမာမာဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
သခင်မဖြစ်သူမှာ စိတ်ဆုံးဖြတ်ထားပုံရသည့်အတွက်
အဖိုးစွင်းထံတွင် လှည်းအား ရှေ့ဆက်မောင်းနှင်ရန်မှအပရွေးချယ်စရာမရှိတော့ပါပေ။
လမ်းခရီးတွင်လည်း အဖိုးစွင်းမှာ အရှုံးမပေးဘဲ ဆက်လက်သတိပေးခဲ့သည်။
“သခင်မလေးက မထိမ်းမြားရသေးတဲ့ မိန်းမငယ်လေးနော် ... နန်ယန်မင်းသားက လက်မလျှော့သေးဘူးလို့ စန်းလန်က ပြောချင်တာကို ကျွန်တော်သိပါတယ် ... ဒါပေမဲ့
အဲ့ဒီသတင်းက မမှန်တာလည်း ဖြစ်နိုင်တာပဲလေ ... ' ကိုယ်လုပ်တော်က ခိုးပြေးခံရတဲ့အချိန်မှာ ဇနီးမယားကတော့ ထိမ်းမြားခံရတယ် ' လို့တောင် ရှေးစကားရှိသေးတာပဲ ...အပြေးအလွှားသွားတဲ့ မိန်းကလေးတွေက အမြဲတမ်း အထင်သေးခံရတယ် ... သခင်မလေး အခု ဝမ်အိမ်တော်ကိုသွားပြီး အနာဂါတ်မှာ ဘယ်လိုနေမလို့လဲ "
အချိန်အတော်ကြာပြီးနောက်တွင်လည်း ချန်ရုံ၏အဖြေသည် ပြတ်ပြတ်သားသားဆက်လက်တည်ရှိနေခဲ့၏။ “ဆက်မပြောနဲ့တော့ ... ဝမ်အိမ်တော်ကို သွားရအောင် "
အဖိုးစွင်းမှာ ယခုအချိန်တွင် လုံးဝလက်လျှော့လိုက်ပြီဖြစ်လေသည်။သူက သက်ပြင်းချလိုက်ပြီး လှည်းရထားအား ဝမ်အိမ်တော်ဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်သွားတော့၏။
သိပ်မကြာခင်၌ပင် လှည်းယာဥ်က ဝမ်အိမ်တော်၏ဘေးဘက် ဝင်ပေါက်ရှေ့သို့ ဆိုက်ရောက်လာသည်။
ချီတုံချတုံဖြစ်နေသောအဖိုးစွင်းက မှုန်ကုပ်ကုပ်မျက်နှာထားဖြင့် လှည်းပေါ်မှခုန်ဆင်းကာ တံခါးစောင့်ထံ ဦးတည်သွားလေ၏။ယင်းတံခါးစောင့်သည် အသက်နှစ်ဆယ်နှောင်းပိုင်း ပိန်ပိန်ရှည်ရှည်အသွင်ရှိသည်။
ထိုသူက ချန်ရုံ၏လှည်းရထားအား လှမ်းကြည့်ပြီး အဖိုးစွင်းအား အော်ပြောလာတော့၏။
" လောလောဆယ်အခြေအနေတွေကြောင့် ဖိတ်ကြားမှုနဲ့လာတဲ့သူတွေကို ပင်မတံခါးကနေဝင်ဖို့ သခင်ကြီးက အမိန့်ချထားတယ် "
ထိုတစ်ယောက်က ပြောပြောဆိုဆိုဖြင့် အဖိုးစွင်းအား စိတ်မရှည်စွာ လက်ဝှေ့ယမ်းပြသည်။
ယင်းအချိန်၌ ချန်ရုံက သူမ၏မျက်နှာကိုပြသပြီး ဝမ်ဟုန်ပေးထားခဲ့သည့် ကျောက်စိမ်းအဆင်တန်ဆာအား မြှောက်ပြလိုက်တော့၏။
"ချီလန်က ကျွန်မကို လာခွင့်ပေးတယ်"
တံခါးစောင့်က ၎င်းအဆင်တန်ဆာအား အကြိမ်အနည်းငယ်ခန့်စူးစိုက်ကြည့်နေခဲ့ပြီနောက် ပြောလာခဲ့သည်။
" မင်းက ချန်အိမ်တော်က အားရုံလား "
" မှန်ပါတယ် "
ထိုတစ်ယောက်က သူမအား အပေါ်အောက်အပြန်ပြန်အလှန်လှန်ကြည့်ပြီး " ဒီလောက်ဆွဲဆောင်မှုရှိနေတာ အံ့ဩစရာမရှိပါဘူး " ဟု တစ်ကိုယ်တည်းခပ်တိုးတိုးရေရွတ်လိုက်လေ၏။
ယင်းနောက်တွင် တံခါးစောင့်က မျက်မှောင်ကြုတ်လျက် ဆက်လက်မေးမြန်းလာခဲ့သည်။
“မသိဘူးလား ... ချီလန်က အိမ်မှာမရှိဘူးဗျ"
" ချီလန်နဲ့ ဒီကိုအတူတူလာခဲ့တဲ့အစေခံတွေနဲ့ တွေ့ချင်လို့ပါ "
ချန်ရုံက မျက်လွှာချလျက် ခပ်တိုးတိုးဖြေလိုက်သောအခါ တံခါးစောင့်က ခေါင်းညိတ်ပြီး လက်ယပ်ပြလာ၏။
“လာပါ ...လာပါ ချီလန်က တောင်ဘက်ခြံဝင်းမှာနေတာ”
ထိုတံခါးစောင့်က ပြောပြောဆိုဆိုဖြင့် တံခါးဖွင့်ပေးသည်။
ချန်ရုံမှာ သူမအား စူးစမ်းလိုစိတ်ဖြင့် အာရုံစိုက်နေဆဲဖြစ်သောတံခါးစောင့်ကို လျစ်လျူရှုကာ လည်ကိုဆန့်ပြီးခေါင်းမတ်မတ်ထားလျက် ဝမ်အိမ်တော်အပြင်အဆင်အား တစ်ချက်ကြည့်နေလိုက်သည်။
ဆယ်လှမ်းခန့်အကွာအဝေးသို့ရောက်လာချိန်တွင် ချန်ရုံက သူမ၏ဇာပါးဦးထုပ်ကိုချွတ်လိုက်ပြီး အဝတ်အစားများအား သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်နေလေ၏။
ခဏအကြာတွင် တောင်ဘက်ခြံဝင်းထဲသို့ ရောက်လာခဲ့သည်။အဖိုးစွင်းက လှည်းယာဉ်ကိုရပ်လိုက်ချိန်၌ အထဲမှ အသက်နှစ်ဆယ်ကျော် တောင့်တောင့်ဖြောင့်ဖြောင့်အမျိုးသားတစ်ဦးထွက်လာ၏။
" ဘယ်သူလဲ "
" ကျွန်တော်တို့ သခင်မလေးက ... "
အဖိုးစွင်းက လှည်းယာဉ်ပေါ်မှဆင်းကာ ရိုကျိုးစွာဖြေကြားရန်ပြင်ဆင်လိုက်သော်လည်း တစ်ဖက်လူက စကားဆုံးသည်အထိ နားမထောင်ပေ။
ထိုယောက်ျားက စိတ်မရှည်စွာဖြင့် လက်ကိုဝှေ့ယမ်းပြီး စကားဖြတ်ပြောလာသည်။
“ ဘာလို့ ဒီအချိန်ကြီး လာတာလဲ ... ချီလန်က ဒီမှာမရှိဘူး ဗျ "
ထိုအချိန်တွင် ချန်ရုံ၏နှစ်လိုဖွယ်ရာလေသံက လှည်းရထားပေါ်မှ ထွက်ပေါ်လာခဲ့၏။
" ကျွန်မက ချန်အိမ်တော်က အားရုံပါ "
Xxxxxx