Chapter 82
ရန်သူ့နှာခေါင်းပေါက်ဝသို့ ယုံကြည်ချက်ရှိရှိ ဝင်ရောက်ခြင်း
ချန်ရုံက ကန့်လန့်ကာကိုရုတ်လိုက်ပြီး လှည်းအောက်သို့ ဆင်းကာ ထိုလူဆီသို့ လျှောက်လှမ်းသွားသည်။ထို့နောက်တွင် သူမက ကျောက်စိမ်းအဆင်တန်ဆာအား ထုတ်ဖော် ပြသလေ၏။
"ဒါက ချီလန်ပေးခဲ့တဲ့ ကျောက်စိမ်းတန်ဆာပါ "
" ကြိုဆိုပါတယ် သခင်မလေး ... "
၎င်းအားမြင်သောအခါတွင် တစ်ဖက်အမျိုးသားမှာ ဦးညွှတ်လာခဲ့ပြီး လေသံကလည်း ချက်ချင်းပြောင်းလဲသွားသည်။
သစ်ပင်များ ၊ ကျောက်ဆောင်များဖြင့်ပြည့်နှက်နေသော ခြံဝင်းထဲသို့ဝင်လိုက်သည်နှင့် ရပ်ထားလျက်ရှိသည့် လှည်းရထားတွဲဆယ်စီးနှင့် သံချပ်ကာဝတ်ဆင်ထားကြသော အစေခံအယောက်တစ်ရာတို့အား ချန်ရုံ တွေ့ရှိခဲ့ရသည်။
သူတို့အားလုံးက သန်မာတောင့်ဖြောင့်ကြလေ၏။
ချန်ရုံ ဝင်လာသည်ကို တွေ့သောအခါတွင် ထိုသူများက သူမအား စိုက်ကြည့်လာကြသည်။
" ကျွန်တော်တို့အားလုံး ပြင်ဆင်ပြီးသွားပါပြီ ... အခု ထွက်ခွာကြတော့မလို့ပါ "
အနောက်ရှိလူက ချန်ရုံ့အား ရှင်းပြ၏။
" ကျွန်မ သိတယ် "
ချန်ရုံ၏အဖြေကြောင့် တစ်ဖက်လူမှာ အနည်းငယ် အံ့အားသင့်သွားသည်။
ချန်ရုံက ခြေလှမ်းများအား ရပ်တန့်လိုက်ပြီး အစေခံများရှိရာဘက်သို့လှည့်ကာ ခေါင်းငုံ့လျက် ပြတ်သားသောလေသံဖြင့် " မောယန်ကိုအတူလိုက်ခဲ့ပါ့မယ် " ဟုဆိုလာလေ၏။
" သခင်မလေး"
အဖိုးစွင်းက တုန်လှုပ်ခြောက်ခြားစွာပြောလာသော်လည်း ချန်ရုံမှာ မည်သည်ကိုမှ မတုံ့ပြန်ပေ။သူမသည် ကျစ်လျစ်သော ကိုယ်နေဟန်ထားအား ဆက်လက်ထိန်းသိမ်းထားပြီး ဆုံးဖြတ်ချက်ပြတ်သားပုံပေါ်သည်။
အစေခံများသည်လည်း အကြည့်ချင်းဖလှယ်နေကြကာ ချန်ရုံ့အားစိုက်ကြည့်နေသောအမှုထမ်းတစ်ဦးထံသို့ လှည့်လိုက်ပြီး "သူက ချန်အိမ်တော်က အားရုံလားဗျ " ဟု မေးမြန်းလာကြ၏။
" မှန်တယ် "
ယင်းနောက်တွင် ထိုအမှုထမ်းက မျက်မှောင်ကြုတ်ကာ ချန်ရုံ့အား လေးလေးနက်နက်ပြောသည်။
" မောယန်ကို လူရိုင်းတွေဝိုင်းထားတာကို သိလား ... ဒီအချိန်မှာ အဲဒီကိုသွားမယ်ဆိုရင် အရေးနိမ့်မှာသေချာသလောက်ပဲဗျ "
ထိုတစ်ယောက်က ပြောပြောဆိုဆိုဖြင့် အနောက်ကို ညွှန်ပြလိုက်၏။
“သူတို့အားလုံးက ဝမ်အိမ်တော်က အမှုထမ်းတွေ ... ဒီခရီးစဉ်မှာ အသက်ရှင်ဖို့ ဘယ်သူကမှ မျှော်လင့်မထားဘူး .. သခင်မလေးကရော ... "
"ကျွန်မဘဝမှာ သူငယ်ချင်းနှစ်ယောက်ရှိတယ် ... တစ်ယောက်က တပ်မှူးစွင်း နောက်တစ်ယောက်က ချီလန် ... အခု သူတို့နှစ်ယောက်လုံး မောယန်မှာ ရှိနေတယ် ... ကျွန်မအသက်ကိုသူပိုင်ပါတယ်လို့ ချီလန့်ကိုပြောခဲ့ဖူးတယ် ... အခွင့်အရေးရှိခဲ့ရင် ကျိန်းသေပေါက်ပြန်ဆပ်ပါ့မယ်လို့ ... ” ချန်ရုံက တည်ငြိမ်စွာ ပြန်လည်ဖြေကြားသည်။
" ဆုံးဖြတ်ချက်ကို နောင်တရမှာလား"
" ဟင့်အင်း ...”
" ကောင်းပြီလေ "
ထိုတစ်ယောက်က နှစ်ထောင်းအားရစွာဖြင့် ချန်ရုံ့အားလေးလေးနက်နက် ဦးညွှတ်ပြီး ဆက်ပြောလာခဲ့သည်။
" ဒီလောက်ထိ ရဲရင့်မယ်လို့ထင်မထားခဲ့မိဘူး ... ဒီဘက်ကိုကြွပါ သခင်မလေး ... "
ချန်ရုံက ခေါင်းညိတ်ပြလိုက်ပြီး ထိုသူညွှန်ပြသည့် လှည်းယာဉ်ပေါ်သို့တက်တော့မည့်ဆဲဆဲတွင် အဖိုးစွင်းက အော်ပြောလာခဲ့လေ၏။
"သခင်မလေး ... ကျွန်တော့်ကိုလည်း လိုက်ခွင့်ပြုပါ"
ချန်ရုံလှည့်ကြည့်လိုက်သောအခါ အဖိုးစွင်း၏စိတ်အားထက်သန်သောမျက်ဝန်းများနှင့် ကြုံဆုံလိုက်ရသည်။သူမက ခေါင်းတညိတ်ညိတ်ဖြင့် ခဏတာတွေးတောနေခဲ့ပြီး “အိမ်တော်ကိုပြန်သွားပြီး ကျွန်မအတွက် ခရီးဆောင်အိတ်တွေယူလာပေးပါ ... ပြီးရင် မြောက်တံခါးမှာ လာတွေ့ပါ ... " ဟုပြောလိုက်၏။
ထိုအခါအဖိုးစွင်းက မှုန်ကုပ်ကုပ်ဖြင့် ပြန်ဖြေရှာသည်။
" ဟုတ်ကဲ့ပါ "
ချန်ရုံမှာ အဖိုးစွင်း လှည်းယာဉ်မောင်းထွက်သွားသည်ကို ကြည့်ရှုပြီးနောက် တစ်ဖက်သို့ ပြန်လည်ကျောခိုင်းလိုက်၏။ထို့နောက်သူမက လှည်းယာဉ်အလွတ်တစ်ခုထံသို့ ဦးတည်သွားတော့သည်။
"ဘာလို့ ဒီလောက်ထိ အလျင်တလိုနဲ့လာခဲ့တာလဲ သခင်မလေး"
“ ဒီကလူတွေထွက်ခွာတော့မယ်လို့ထင်လို့ ... အဲ့ဒါကြောင့် အထုပ်အပ်ိုးပြင်ဖို့ အချိန်မရှိဘူးထင်လို့ပါ "
“ ဒီလိုမျိုးတွေတောင် ခန့်မှန်းတတ်နေတာပါပဲလား ...ချီလန်ပြောပြထားသလို အရမ်းထူးခြားတာပဲ ... ဒီဘက်ကိုကြွပါ သခင်မလေး ”
ထိုသူ၏ဖိတ်ကြားချက်အရ ချန်ရုံက ဦးညွှတ်ပြီး လှည်းယာဉ်ပေါ်သို့ တက်ရောက်သွားခဲ့လေသည်။
ဝမ်အိမ်တော်အမှုထမ်းများ မြို့တွင်း၌ထွက်ပေါ်လာသောအခါတွင် အထက်တန်းလွှာများက တစ်စတစ်စ ထွက်ကြည့်လာကြသည်။ထိုသူများက သံချပ်ကာဝတ်ဆင်ထားသည့်အစေခံများအား လက်ညိုးညွှန်ပြကာညည်းညူနေကြလေ၏။
မိန်းမသားများမှာမူ ခေါင်းငိုက်စိုက်ကျလျက် မျက်ရည်လေးတစမ်းစမ်းဖြင့် လှည်းယာဉ်တွဲများ၏အနောက်မှလိုက်ကာ မြို့တံခါးဆီသို့လိုက်လံပို့ဆောင်ပေးနေသည်။
ကံကောင်းထောက်မစွာဖြင့်ပင် ချန်ရုံမှာ ဝမ်အိမ်တော်မှလှည်းရထားတစ်စင်းထဲတွင်ထိုင်နေခဲ့ပြီး ဤအဖွဲ့နှင့်အတူ မိန်းမသားတစ်ယောက်အတူပါသွားသည်ကို မည်သူမှ မသိခဲ့ကြပေ။
မြို့တံခါးဝသို့ရောက်သောအခါတွင် အမျိုးသမီးနှင့် အထက်တန်းလွှာများက တစ်စတစ်စနည်းပါးလာ၏။ထိုအခါမှ ချန်ရုံက ကန့်လန့်ကာပေါက်မှတစ်ဆင့် အပြင်သို့ ချောင်းကြည့်လိုက်သည်။
အဖိုးစွင်း၏လှည်းရထားမှာ အခြားသူများနှင့်ဝေးရာတွင် ရပ်ထားလျက်ရှိပေ၏။ချန်ရုံတစ်ယောက် တိတ်တဆိတ်သက်ပြင်းချလိုက်သည်။
မြို့ပြင်သို့ မီတာနှစ်ရာခန့်ရောက်သွားချိန်တွင်မူ လူအုပ်ကြီးက ဆက်လိုက်မလာတော့ဘဲ အမှုထမ်းများထွက်ခွာသွားသည့်မြင်ကွင်းအား ရပ်၍သာကြည့်နေကြတော့၏။မိန်းမသားများက ငိုရှိုက်လျက်ရှိပြီး ဖုန်လုံးကြီးက မြင်လွှာအား ဖုံးလွှမ်းသွားသည်။
တပ်စုထွက်ခွာသွားသည်ကိုမြင်သောအဖိုးစွင်းက လှည်းယာဉ်ကိုအမြန်မောင်းပြီး ချန်ရုံရှိရာဘက်သို့ချဉ်းကပ်လာလေ၏။
" သခင်မလေး "
ချန်ရုံက ပြန်လည်တုံ့ပြန်လိုက်ပြီး လှည်းယာဉ်ထဲမှ ထွက်လာခဲ့သည်။
“ သခင်မလေး .... အထိန်းတော်ဖျင်က ရှီးမင်မှာရှိတဲ့ သူ့ရဲ့ဆွေမျိုးတွေကိုသွားရှာချင်နေတာလို့ တခြားလူတွေကိုပြောထားတယ် ...တစ်ယောက်ယောက်က မေးလာရင် သခင်မလေးက အထိန်းတော်ဖျင်ကိုစိတ်ပူလို့ ရှီးမင်အထိလိုက်သွားတယ်လို့ပြောဖို့လည်းမှာထားတယ် ...လအတော်ကြာပြန်လာနိုင်မှာမဟုတ်ဘူးလို့ ... အထိန်းတော်ဖျင်ကိုလည်း ဒီအတောအတွင်း အိမ်တံခါးပိတ်ပြီး လူမမြင်အောင်နေဖို့ ပြောထားတယ် "
အဖိုးစွင်းမှာ သူမ၏ဂုဏ်သိက္ခာအား စိုးရိမ်ပူပန်ပေးနေခြင်းဖြစ်ကြောင်း ချန်ရုံနားလည်၏။မည်မျှပင်သိမ်ဖျော့သောမျှော်လင့်ချက် ရောင်ခြည်တန်းပင်ဖြစ်ပါစေ အဖိုးစွင်းက ၎င်းအားက ကိုင်စွဲထားဆဲဖြစ်လေသည်။ထို့သို့ဖြစ်၍ သူမသည်လည်း ဤနေရာ၌ပင် ရပ်တန့်လိုက်ရမည်လော။
အတွေးများနေသောချန်ရုံက ခေါင်းငုံ့ပြီး “သိပါတယ်” ဟု ပြန်ဖြေခဲ့သည်။
“သွားကြရအောင် ... နောက်ထပ်အချိန်မဖြုန်းမိပါစေနဲ့" ထိုအချိန်တွင် လူကြီးတစ်ဦးက စကားဖြတ်ပြောလာခဲ့ပြီး ပတ်ဝန်းကျင်သည်လည်း တုန်လှုပ်သွားတော့၏။
လူအများထံမှ စကားသံများက တစ်စ တစ်စ လွင့်ပျံ့လာခဲ့သည်။ထိုသူများက မောယန်အား လုံးဝဥဿုံအဝိုင်းခံရမည်ကို စိုးရိမ်တကြီးဖြစ်နေကြပြီး ၎င်းတို့အကူများသည်ပင်လျှင် နောက်ကျ၍သာ ရောက်ရှိမည်ဖြစ်သည်။
အဖိုးစွင်းက လှည်းယာဉ်အား အမြန်မောင်းနှင်ပြီးအနောက်မှ ထပ်ကြပ်မကွာလိုက်လာခဲ့လေ၏။
ခရီးတစ်ထောက်နားခြင်းမျိုးမပြုဘဲ လူအုပ်ကြီးက ဆက်တိုက်ထွက်ခွာခဲ့ကြသည်။
လူတိုင်းအံ့သြသွားလောက်အောင်ပင် ချန်ရုံမှာ အခြေအနေမှန်သမျှနှင့် လိုက်လျောညီထွေဖြစ်လွန်း၏။
မည်သည့်အချိန်၌ဆိုစေကာမူ စောဒဂတက်ခြင်းမျိုးမရှိဘဲ ဝန်လည်းမပိစေပေ။ထိုအရာက သူမအား အခြားမျိုးရိုးမြင့် သားသမီးများထက် များစွာသာလွန်စေသည်။အစေခံများကလည်း ချန်ရုံအား တိတ်တဆိတ် ချီးမွမ်းခဲ့ကြလေ၏။
တစ်နေ့လုံး တစ်ညလုံး ဖြတ်သန်းပြီးနောက်တွင်မူ အမှုထမ်းတစ်ဦးက ကောင်းကင်ယံရှိလမင်းကြီးကို ငေးမျှော်ကြည့်ကာ “အနားယူကြစို့” ဟု အော်ပြောသည်။
" ကောင်းပါပြီ "
မြင်းရထားလှည်းများသည်လည်းရပ်ဆိုင်းသွားခဲ့ပြီး အစေခံများက ချန်ရုံ၏လှည်းပတ်ပတ်လည်၌ မြင်းစီးသူများ၊ လှည်းရထားများဖြင့် ဝန်းရံထားခဲ့ကြ၏။ အချိန်ကုန်သက်သာစေရန်အတွက် လှည်းပေါ်တွင် အိပ်သူကအိပ် ၊ မြင်းများကိုမှီပြီး မှေးစက်သူများကမှေးစက်နေကြပြီး စခန်းမချခဲ့ကြပေ။
အမှုထမ်းက စီစဉ်စရာရှိသည်များကို စီစဉ်ပြီးနောက် ချန်ရုံ၏လှည်းရထားရှိရာဆီသို့ လှမ်းလာကြည့်သည်။တဖျပ်ဖျပ်ခတ်နေသော ကန့်လန့်ကာနှင့်အတူ အလွန်တိတ်ဆိတ်ငြိမ်သက်နေသည့်ချန်ရုံအားမြင်တွေ့လိုက်ရချိန်တွင် ထိုသူက လက်နှစ်ဖက်ကို ယှက်တွယ်လျက် တလေးတစား အသိပေးလာခဲ့၏။
"သခင်မလေး ... မနက်ဖြန်နေ့လည်မှာ မောယန်ကို ရောက်ပါမယ်"
ထိုအခါချန်ရုံက ခေါင်းညိတ်လိုက်ပြီး ပြန်လည်မေးမြန်းသည်။
"ဘယ်ဂိတ်ပေါက်ကနေ ဝင်ဖို့စီစဉ်ထားလဲ မေးလို့ရမလား"
“ သေချာပေါက် တောင်ဘက်ဂိတ်ပေါက်ပဲပေါ့ ”
နန်ယန်မှာ မောယန်၏အရှေ့တောင်ဘက်တွင် တည်ရှိသဖြင့် တောင်ဘက်ဂိတ်ပေါက်မှ ဝင်ရောက်ရခြင်းပင်။
" အဲ့လို လုပ်လို့မရဘူး....မျိုးနွယ်စုတွေက စစ်ပွဲဗျူဟာတွေမှာ ကျွမ်းကျင်တယ် ... နန်ယန်ကလာတဲ့ စစ်ကူတွေကို ဖြိုခွင်းဖို့ တောင်ဘက်ဂိတ်မှာ ကျိန်းသေပေါက် လူချထားမှာပဲ ... မြောက်ဘက်ဂိတ်ပေါက်တောင်သိပ်စိတ်မချရဘူး ... အနောက်တံခါးကနေ ဝင်သင့်တယ်ထင်တယ်”
ထိုအခါ ယင်းအမှုထမ်းက နှုတ်ဆိတ်သွားခဲ့ပြီး အခြားသူများအား တစ်ချက်လှမ်းကြည့်လိုက်လျက် မေးမြန်းလာခဲ့၏။
" အနောက်ဝင်ပေါက်ကနေ ဝင်နိုင်မယ်ထင်တာလား”
" ထင်ပါတယ် "
ချန်ရုံက ၎င်းမေးခွန်းအား ယုံကြည်ချက်အပြည့်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ ကျွန်တော်တို့ဆွေးနွေးကြည့်လိုက်ပါဦးမယ် ”
အမှုထမ်းက ပြောပြောဆိုဆိုဖြင့် ခြေလှမ်းများကိုဆုတ်ပြီးထွက်ခွာသွားခဲ့၏။တစ်ခဏအကြာတွင်မူ ထိုသူက ပြန်လည်ရောက်ရှိလာသည်။
" သခင်မလေးပြောတာမှန်ပါတယ် ... မနက်ဖြန်အနောက်ဂိတ်ကနေဝင်ပါ့မယ်"
ထိုသူများက သူမ၏အထင်အမြင်အား လက်ခံသကဲ့သို့ပင် ချန်ရုံသည်လည်း ပြန်လည်သဘောတူညီလိုက်လေ၏။
အမှုထမ်းက လွင့်ပျံနေသော ကန့်လန့်ကာကို စိုက်ကြည့်ရင်း တိတ်တဆိတ် တွေးနေခဲ့သည်။
သူမသည် ငယ်ရွယ်သလောက် အလွန်ရဲရင့်ထက်မြက်လွန်းလှ၏။ထိုမျှသာမက စိတ်ကိုလည်း တည်ငြိမ်အောင် ကောင်းစွာထိန်းသိမ်းတတ်သည်။ သခင်လေးမှာ အမှန်တကယ်ပင် အမြော်အမြင်ရှိလှ၏။
နောက်တစ်နေ့ မနက်အစော ဝေလီဝေလင်း၌ ဆက်လက်၍ခရီးဆက်ခဲ့ကြလေသည်။
အနောက်ဘက် ဂိတ်ပေါက်မှ ဝင်ရောက်ရန်ဆုံးဖြတ်ထားကြသဖြင့် တစ်ဖက်မှ လှည့်ပတ်သွားရန် လိုအပ်လာ၏။
မွန်းတည့်ချိန်နီးလာသည်နှင့်အမျှ သွားလာရပိုမိုခက်ခဲလာပြီး ဟူစစ်သည်များနှင့် ပက်ပင်းတိုးနိုင်ချေ ပိုများလာသဖြင့် လူတိုင်းမှာ အသက်ပင်ဝဝမရှုရဲကြပေ။
သို့သော်လည်းလမ်းကြောင်းများအား ဖုံးကွယ်ရန်အတွက် လှည်းဘီးများအား အထည်များဖြင့်ပတ်ပြီး တိတ်တဆိတ် ရှေ့ဆက်ခဲ့ကြလေ၏။
နေ့လည်ခင်းတွင်မူ ခံတပ်ကြီးတစ်ခုနှင့် မြင့်မားကြမ်းတမ်းသောတံတိုင်းများက မြင်လွှာတစ်လျှောက်တွင် ပေါ်ပေါက်လာသည်။အဝေး၌သာရှိသေးသော်လည်း ထိုတံတိုင်းရိပ်များအောက်သို့ ရောက်ရှိနေပြီဖြစ်လေ၏။
မြင်းပေါ်၌ရှိနေသည့်အမှုထမ်းဖြစ်သူက မျက်မှောင်ကြုတ်ရင်း လမ်းတစ်လျှောက်အား စူးစိုက်ကြည့်နေခဲ့သည်။ “အနောက်တံခါးမှာ ဟူစစ်သည်တွေရှိတယ်”
" ကိစ္စမရှိပါဘူး ... ရှန်းပေမျိုးနွယ်စုက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မူရုံခယ်က မြို့ကိုဝိုင်းထားတာပဲ ... သူက ဂိတ်သုံးပေါက်ကို ထောင်ချောက်ဆင်ပြီး ကျန်တဲ့တစ်ပေါက်ကို လွှတ်ထားပေးတဲ့ ဗျူဟာကိုသုံးနေတာ ... ပြောရမယ်ဆိုရင်တော့ မောယန်ကလူတွေကို အနောက်တံခါးကနေ ထွက်ပြေးအောင် တမင်လုပ်နေတာပေါ့ ... ဒီနေရာမှာ တပ်စွဲထားတာတွေက အပေါ်ယံသပ်သပ်ပဲ ... ကျွန်မတို့ဝင်သွားလည်း တားကြမှာမဟုတ်ဘူး ”
ချန်ရုံ၏လေသံမှာမူ ရွှင်လန်းခြင်း ၊ ဝမ်းနည်းခြင်းအလျဥ်းမရှိဘဲ ယခင်ကဲ့သို့ ငြိမ်သက်နေဆဲပင်။
Xxxxx