အပိုင်း ၈၃
Viewers 18k

Chapter 83


သူမ၏ထင်မြင်ချက်အား ထုတ်ဖော်ပြောဆိုပြီးသည်နှင့် လူအားလုံးက အကြည့်ချင်းဖလှယ်လာကြတော့သည်။

‌၎င်းရိုးရှင်းသောသရုပ်ဖော်မှုတွင် စစ်ဘက်ဆိုင်ရာ ဗဟုသုတများစွာပါ၀င်ပြီး နည်းဗျူဟာများအ‌ကြောင်းကိုလည်း ရာသီဥတုသကဲ့သို့ လင်းလင်းထင်းထင်းဖြစ်အောင် ချန်ရုံက ရှင်းပြခဲ့သည်။

"ဘယ်လိုသိတာလဲ သခင်မလေး"

“ စစ်နည်းဗျူဟာတတ်ကျွမ်းတဲ့လူကို ဘာလို့အနောက်တံခါးဘက်ကို သွားကြည့်ဖို့ မလွှတ်သေးတာလဲ ”

အမှုထမ်းဖြစ်သူက ခေါင်းတညိတ်ညိတ်ဖြင့် အနောက်မှ ပိန်ပိန်ရှည်ရှည်လူတစ်ယောက်အား လှည့်ကြည့်လေ၏။

ထိုအခါ ယင်းလူက ချက်ချင်းဆိုသလိုပင် ချုံပုတ်များကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

" အခုချိန်ထိ လမ်းတစ်လျှောက်လုံး သူတို့ကင်းပုန်းတွေနဲ့ ပက်ပင်းမတိုးမိသေးဘူး ... အရပ်သားတွေကိုသာ အနောက်တံခါးကနေ ထွက်ပြေးဖို့ တွန်းအားပေးချင်တယ်ဆိုရင် ဘာလို့ပိုကောင်းတဲ့ အစီအစဉ်တွေကို မသုံးကြတာလဲ "

အချိန်အတော်ကြာ ငြိမ်သက်သွားပြီးနောက် ချန်ရုံက ပြန်လည်ဖြေကြားခဲ့၏။

" မူရုံခယ်ရဲ့အစီအမံတွေကိုသာ ကျွန်မတို့လိုလူတွေက ကွက်ကွက်ကွင်းကွင်းမြင်နိုင်ရင် သူက ကျော်ကြားတဲ့ စစ်ဗိုလ်ချုပ်ကြီး ဖြစ်နေစရာအကြောင်းမရှိဘူး "

ချန်ရုံက တိကျသေချာသောလေသံဖြင့် တစ်လုံးချင်း ပြောလာခဲ့ပြီး ထိုစဂာားများ၌ တစ်ခုထက်ပိုသောအဓိပ္ပါယ်များပါဝင်သည်။

အံ့အားသင့်သွားရှာသည့်အမှုထမ်းက တစ်ကိုယ်တည်းတွေးတောရင်း နောက်ဆုံးတွင်မူ အခြေအနေဆန်းစစ်ရန်သွားသောသူပြန်လာမည့်အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့၏။

နာရီဝက်မပြည့်မီမှာပင် ထိုလူ ပြန်ရောက်လာပြီး လက်နှစ်ဖက်အား ယှက်နွှယ်ရင်း အခြေအနေအရပ်ရပ်အား အစီရင်ခံလာလေသည်။

" အနောက်တံခါးအပြင်ဘက်မှာ အခြေအနေငြိမ်နေပါတယ် ... ထောင်ချီတဲ့လူတွေက ဘေးပတ်ပတ်လည်မှာ လဲလျောင်းပြီး အေးအေးလူလူဖြစ်နေကြတဲ့ပုံပါပဲ ... ကျွန်တော်တို့ လှုပ်ရှားလို့ရမယ်ထင်တယ် "

" ကောင်းပြီ ... ဒါဆို အနောက်တံခါးက ဝင်ကြရအောင် "

ထို့နောက်တွင် ထုပ်ပိုးစရာရှိသည်များအား ထုပ်ပိုးလျက် လက်နက်များအား ယူဆောင်ကာ အတူထွက်ခွာလာခဲ့ကြ၏။

အမှုထမ်းဖြစ်သူက ချန်ရုံ့အားငေးကြည့်နေရင်းဖြင့် ကျန်ရှိသည့်တောင့်တောင့်ဖြောင့်ဖြောင့်လူများအား အချက်လှမ်းပြကာ ချန်ရုံ၏လှည်းရထားအား ကာကွယ်စေလေသည်။

အနောက်တံခါးအပြင်ဘက်၌ ကွင်းပြင်ကျယ်တစ်ခုရှိပြီး လူတစ်ရာကျော်ပါဝင်သောသူတို့အဖွဲ့ ထွက်လာချိန်၌ မြင်းခွာသံများက ဟူစစ်သည်များအား အချက်ပေးမိသလိုဖြစ်နေ၏။

" ခေါင်းဆောင် ... "

ချန်ရုံက ရုတ်တရက် လှမ်းအော်ခေါ်လိုက်သောအခါ ယင်းအမှုထမ်းက မြင်းအား အနည်းငယ်အရှိန်လျှော့ပြီး အသံမြှင့်လျက်ပြန်လည်ဖြေကြားသည်။

" ဘာဖြစ်လို့လဲ သခင်မလေး ... "

“ကျွန်မတို့မှာ လူအင်အားတစ်ရာပဲရှိတယ် ... သူတို့ကို ဆန်ကျင်ပြီးတော့ ဇွတ်သွားရင် နံရံနဲ့ခေါင်းအဆောင့်ခံထိတာပဲ အဖတ်တင်မှာ ... ဘယ်လိုပဲဖြစ်ဖြစ် အနိုင်မရဖို့က ပိုများတာနဲ့အတူတူ ဘာလို့ဒီလောက်ထိ ကျီးလန့်ဆန်စားလုပ်နေရမှာလဲ ...အေးအေးဆေးဆေးလေးပဲ သွားကြရအောင်ပါ ... ဒီနည်းလမ်းက ပိုလွယ်ကူမယ်လို့ထင်တယ်”

ချန်ရုံ၏စကားတစ်ခွန်းချင်းစီ၌ ဉာဏ်ပညာပြည့်ဝလှ၏။

"အရမ်းမှန်တယ်... အရမ်းမှန်တယ်"

အမှုထမ်းက အားရဝမ်းသာထောက်ခံကာ ညာလက်ကိုဝှေ့ယမ်းပြီး လူအုပ်ကြီးအား လှည့်လည် အသိပေးတော့သည်။

“ လက်နက်တွေကို ဖယ်ထုတ်ပြီး အော်နေတာကိုလည်း ရပ်လိုက်ကြ ... အပျော်ခရီးထွက်သလိုပဲ အေးအေးဆေးဆေးသွားကြပါတော့ "

အားလုံးက အစောပိုင်း၌ စိတ်ရှုပ်ထွေးသွားကြသော်လည်း ခဏအကြာတွင် သူတို့၏လက်နက်များအားဝှက်ရန် အသိစိတ်ပြန်ဝင်လာခဲ့ပြီး မြင်းများကိုလည်း အရှိန်လျှော့လိုက်ကြသည်။

အနောက်တံခါးသို့ ရောက်သည်နှင့်အမျှ သူတို့၏ စကားဝိုင်းများက ပို၍တက်ကြွလာ၏။မြင်းပေါ်မှ အလျင်အမြန်ခုန်ဆင်းလာခဲ့ကြသောဟူစစ်သည်များက ယခုအချိန်တွင် ငြိမ်သက်သွားသည်။ထိုသူများက အဝေးသို့ဖြည်းဖြည်းချင်းစူးစိုက်ကြည့်နေကြပြီး အလားတူပင် မြို့ရိုးတံတိုင်းပေါ်ရှိလူများကလည်း အောက်သို့ စိတ်ဝင်တစားငုံ့ကြည့်နေကြသည်။

မြို့တံခါးအပြင်ဘက် ခပ်လှမ်းလှမ်းတွင်မူ သန်မာတောင့်ဖြောင့်သောလူတစ်ရာကျော်ခန့်က လှည်းရထားများဖြင့်အေးအေးလူလူ ချဉ်းကပ်လာလျက်ရှိ၏။သူတို့အားလုံးက စိတ်အေးလက်အေး ဖြစ်နေပုံရပြီး ရွေ့လျားနေသောလှည်းဘီးများမှလည်း ဖုန်တစ်စက်ပင်မထချေ။

သူတို့၏ပုံစံက မြို့ထဲမှဖြတ်မည့်ပုံမဟုတ်ဘဲ လဟာပြင်တွင် စိတ်လွတ်လက်လွတ် ကူးလူသွားလာနေပုံပင်။

နောက်ထပ် ခြေလှမ်းနှစ်ဆယ်သာလိုတော့သည်။ဤအချိန်၌ အသံများအား အပြန်အလှန်ကြားနိုင်ပြီဖြစ်၏။

နောက်ဆုံးတွင်မူ ခြေဆယ်လှမ်းအကွာသို့ရောက်ရှိခဲ့လေ၏။ရှေ့တန်းမှ ဦးဆောင်သူများမှာ ရန်သူများနှင့် မျက်နှာချင်းဆိုင်နေကြရပြီ ဖြစ်သည်။

ယင်းအချိန်တွင် ဟူတပ်ဘက်မှ သက်ဆိုင်ရာလူတစ်ဦးထွက်လာခဲ့၏။ထိုတစ်ယောက်က ရှည်လျားသော ၀တ်ရုံကိုလွှားထားပြီး သူ့ထံတွင်ထူထဲသောမုတ်ဆိတ်များရှိသည်။သူ၏ ၀တ်စားဆင်ယင်ပုံ အသွင်အပြင်မှာ ဟန်လူမျိုးများနှင့် အလွန်ဆင်တူပေ၏။

ထိုတစ်ယောက်က ဝမ်အမှုထမ်းများအား ဦးညွှတ်ကာ သိလိုစိတ်ဖြင့် မေးမြန်းလာသည်။

" ဘယ်မျိုးနွယ်စုကလဲဆိုတာကို မေးလို့ရမလား"

" လန်ယာ ဝမ်အိမ်တော်ကပါ "

"လန်ယာ ဝမ်အိမ်တော်လား ... ဂုဏ်သတင်းကြီးမားလှပါပေတယ် "

ထိုတစ်ယောက်က ယှက်နွှယ်ထားသောလက်များကို မြှောက်ကာ ပြောပြောဆိုဆိုဖြင့် လမ်းဖယ်ပေးခဲ့လေ၏။

ဝမ်အမှုထမ်းများမှာ ဟူစစ်သည်အပေါင်းအား ကပ်သီလေး ကျော်ဖြတ်နိုင်ခဲ့ကြပြီး ချန်သခင်မလေးပြောသည့်တိုင်းပင် ခြေသလုံးအိမ်တိုင်မျိုးနွယ်စုများက ၎င်းတို့ကို တားဆီးမည်မဟုတ်ကြောင်း အားလုံးသဘောပေါက်သွားကြသည်။

မြို့ဝင်ပေါက်မှ ခြေလှမ်းတစ်ရာခန့်ကွာဝေးချိန်တွင် ပြင်းထန်သော သံရိုက်ခတ်သံတို့ ထွက်ပေါ်လာပြီး တံခါးများက ဖြည်းညင်းစွာပွင့်လာခဲ့၏။

ကျင်းမြို့ခံတစ်စုက တံခါးနောက်တွင် ပေါ်လာသည်။ဝမ်အမှုထမ်းအုပ်စုအား တွေ့လိုက်သောအခါတွင် ၎င်းတို့က ကြည်နူးစွာ ပြုံးကြလေ၏။

သူတို့ဘက်မှ စကားစပြောသည်ကို မစောင့်ဆိုင်းဘဲ လူလတ်ပိုင်း အမှုထမ်းတစ်ယောက်က သူ၏နံဘေးရှိလူအား ရယ်မောပြရင်း အရှေ့သို့တိုးလာခဲ့သည်။

" ဒီနေ့တော့ အရမ်းကိုလေးစားမိသွားပြီ ဝမ်ချီ "

ထိုသူ၏နံဘေး၌ ရပ်နေသော ချောမောသည့် သန့်သန့်ပြန့်ပြန့်လူငယ်က ဝမ်ဟုန်မှလွဲ၍ မည်သူဖြစ်နိုင်ဦးမည်နည်း။

ထိုအချိန်တွင် ဝမ်ဟုန်က ရယ်ပြုံးဟန်ဖြင့် နှုတ်ခမ်းစွန်းများကို အနည်းငယ်ကွေးလိုက်ပြီး သူ၏ကြည်လင်ပြီး မြင့်မြတ်သောမျက်လုံးများထဲတွင် ထူးထူးခြားခြား တောက်ပမှု အရိပ်အယောင်များရှိနေခဲ့သည်။ဝမ်ဟုန်က အရှေ့ထွက်လာ၏။

ထိုအခါ ဝမ်အိမ်တော်သားများက မြင်းများ ၊ လှည်းရထားများပေါ်မှ အသည်းအသန်ဆင်းသက်ကာ " သခင်လေး " ဟု တပြိုင်နက်ကြွေးကြော်ကြပြီး ချက်ချင်းပင် ဦးညွှတ်လာကြသည်။

ဝမ်ဟုန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ချန်ရုံနှင့် အဖိုးစွင်းတို့၏လှည်းရထားရှိရာဘက်သို့ အကြည့်ရောက်သွားလေ၏။

သူမ၏ဂုဏ်သိက္ခာအရ ချန်ရုံသည် လှည်းရထားပေါ်မှဆင်းသက်ခြင်း ၊ ကန့်လန်ကာစကို ပင့်တင်ခြင်းများမပြုခဲ့ဘဲ အခြားသူများမမြင်နိုင်စေရန် သိုသိုသိပ်သိပ်သာ နေခဲ့သည်။

ဝမ်ဟုန်က ချန်ရုံ၏လှည်းရထားအား အချိန်အတန်ကြာ စေ့စေ့ကြည့်ရှုနေခဲ့ပြီး သူ၏အစေခံများအား ခေါင်းညိတ်ပြကာ "ဝင်လာပါ" ဟုဆိုလေ၏။

“ဟုတ်ကဲ့ပါ "

ရာချီသောအထက်တန်းလွှာများဝန်းရံလျက် ဝမ်အစေခံအုပ်စုက မြို့တွင်းသို့ဝင်လာခဲ့ကြသည်။

ဂိတ်တံခါးပိတ်သံကြားလိုက်ရချိန်တွင် ထိုထဲမှအချို့က အလွန်အမင်းစိတ်သက်သာရာရသွားကြပြီး အချို့အဝက်မှာ ယိုင်ထိုးလုမတတ်ပင်ဖြစ်သွားလေ၏။

ဝမ်ဟုန်က သူ၏အခြွေအရံများနှင့် ချန်ရုံ၏လှည်းရထားအား တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်လည်အကြည့်လွှဲလေသည်။

များမကြာမီမှာပင် စိတ်လှုပ်ရှားမှုအပေါင်းက ကြီးစိုးလာခဲ့၏။နိမ့်ကျသောအစေခံများသာဖြစ်လင့်ကစား ၎င်းတို့အား ရာဂဏန်းမျှသောအခြွေအရံများက ဝန်းရံထားကြပြီး မြို့ထဲသို့ တလေးတစားကြိုဆိုကြသည်။ဤသည်က မကြုံစဖူးပင်။ဝမ်အစေခံများက သူတို့၏ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ဖိနှိပ်ထားရန် အစွမ်းကုန် ကြိုးစားခဲ့ကြပြီး လမ်းတစ်ဖက်တစ်ချက်တွင် စီတန်းနေကြသောမောယန်မြို့ခံများ၏‌ဝိုင်းဝန်းထောပန်ပြုသံများကြားထဲမှနေ၍ မြို့တော်ဝန်၏အိမ်တော်ဝင်းထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။

ဝမ်ဟုန်နေထိုင်ရာ အိမ်တော်အနောက်ပိုင်းဆီသို့ရောက်လာသောအခါတွင် သတ်လတ်ပိုင်းအရွယ်အမှုထမ်းတစ်ဦးက ရပ်တန့်လိုက်ပြီး ဝမ်ဟုန်အပါအဝင် လူတိုင်းအား ဦးညွှတ်ပြလျက် ရယ်ရယ်မောမောဆိုလာခဲ့၏။

"ချီလန် ... သေခြင်းတရားက ကြောက်စရာကောင်းပေမဲ့ မင်းနဲ့ ဒီအာဇာနည်တွေသာ အဖော်အဖြစ်ရှိနေပေးမယ်ဆိုရင် ငါဘာကိုမှ မကြောက်တော့ဘူး "

ထိုတစ်ယောက်က ခေါင်းပြန်မော့လိုက်ပြီး အနီးနားရှိ အစေခံများဘက်သို့ လှည့်ကြည့်လျက် ဦးညွှတ်ပြန်သည်။

" လူကြီးမင်းတို့ ... ဒီတစ်ကြိမ်မှာသာ သေခြင်းတရားကို ကျော်လွန်နိုင်ခဲ့ရင် လောကီသားမှန်သမျှက လူကြီးမင်းတို့ရဲ့ ဂုဏ်သိက္ခာကို ကျိန်းသေပေါက် နားလည်သွားကြမှာပါ "

"ဝမ်ဟုန် ဝမ်ဟုန် ... လက်အောက်ငယ်သားတွေကပါ ဒီလို ဂုဏ်သိက္ခာရှိနေရင် သူတို့ရဲ့သခင်ဆို ဘယ်လိုဖြစ်မလဲ သိချင်မိတာပါပဲ "

ယင်းနောက်တွင် ထိုတစ်ယောက်က အင်္ကျီလက်ရှည်ကို ဝှေ့ယမ်းကာ လူတိုင်းကို နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။

ထိုသူများထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ဝမ်ဟုန်က သူ၏အစေခံများကို ကြည့်လိုက်၏။အစေခံများ၏မျက်နှာထားအမူအရာများကို အကဲခတ်ပြီးနောက် သူက လှည်းရထားပေါ်တွင် ထိုင်လျက်သားရှိနေသော ချန်ရုံ့အား စူးစိုက်ကြည့်လာခဲ့သည်။


“ဆင်းလာခဲ့”

ဝမ်ဟုန်က ခပ်ယဲ့ယဲ့ကလေးပြုံးလျက် ချန်ရုံ၏လှည်းရထားအား လှမ်းကြည့်ပြီး ဆိုလိုက်သည်။

ထိုအခါ ချန်ရုံက ကန့်လန့်ကာစအား ဆွဲတင်လိုက်ပြီး သူမ၏လှတပတမျက်နှာကလေးအား ထုတ်ဖော်ပြသလာခဲ့လေ၏။ချန်ရုံသည် ယခုအချိန်တွင် အနည်းငယ် ပျော့ဖတ်ဖတ်ဖြစ်နေပြီး အစောပိုင်းကအဖြစ်အပျက်များကြောင့် ထိတ်လန့်နေပုံရသည်။

ဝမ်ဟုန်က တစ်ဖက်လူအားစိုက်ကြည့်နေပြီး မည်သည်ကိုမှ မမေးမြန်းခဲ့ပေ။ယင်းနောက်တွင် သူက တစ်ဖက်သို့လှည့်လိုက်ပြီး လက်အင်္ကျီစအားဝှေ့ယမ်းကာ “အထဲဝင်ရအောင်” ဟု ပြောလာသည်။

အစေခံများက ဝမ်ဟုန်၏အနောက်သို့လိုက်သွားကြပြီး

ချန်ရုံသည်လည်း အလားတူပင် ပြုမူခဲ့၏။

စာကြည့်ခန်း၏ထောင့်တစ်နေရာတွင်ထိုင်ကာ ချန်ရုံတစ်ယောက် ခေါင်းငိုက်စိုက်ကျနေမိသည်။သူမက ပြတင်းတံခါးမှတစ်ဆင့်ဖြတ်ဝင်လာသော အလင်းတန်းအား စူးစိုက်ကြည့်နေခဲ့ပြီး ထိုထဲတွင်ရှိသည့် အမှုန်အမွှားများမှာ လွန်စွာပင် ထင်ရှားနေ၏။

တစ်စုံတစ်ဦးက အရှေ့၌လာရပ်ကာ ၎င်းအလင်းတန်းအား မပိတ်ဆို့မီအချိန်အထိ ချန်ရုံမှာ ယင်းအနေအထားအတိုင်း အချိန်အတော်ကြာ ထိုင်နေခဲ့သည်။

ချန်ရုံ မော့ကြည့်လိုက်သောအခါတွင် ဝမ်ဟုန်၏နူးညံ့သိမ်မွေ့သောမျက်ဝန်းများဖြင့် ရင်ဆိုင်လိုက်ရ၏။

ဝမ်ဟုန်သည်လည်း သူမအား စိုက်ကြည့်နေခဲ့ပြီး အရှေ့သို့ ဖြည်းညင်းစွာငုံ့ကြည့်လာကာ နုနုထွတ်ထွတ်မျက်နှာလေးအား ကိုင်တွယ်ထိတွေ့ရန် ပြုမူလာခဲ့သည်။အသားချင်း မထိတွေ့ရသေးသော်ငြားလည်း ဝမ်ဟုန်၏လက်ချောင်းများမှ အနွေးဓာတ်အား သိသိသာသာပင် ခံစားနေရပြီဖြစ်သည်။

ချန်ရုံက မျက်လွှာချထားခဲ့ပြီး ရှောင်ဖယ်ခြင်းမျိုးမပြုဘဲ နေမြဲအတိုင်းသာရှိရန် သူမကိုယ်သူမ တွန်းအားပေးနေခဲ့လေ၏။ထိုသို့ဖြစ်သော်လည်း အချိန်အတော်ကြာ အသက်ရှူအောင့်ထားမိသည့်အတွက် ရင်ဘတ်ပင် အနည်းငယ် အောင့်နေပြီဖြစ်လေသည်။

ဝမ်ဟုန်၏လက်က နွေဦးလေညင်းလေးဖြတ်ပြေးသွားသည့်သဖွယ် သူမ၏မျက်နှာပေါ်သို့ ရောက်ရှိလာခဲ့သည်။


" မင်းက အရမ်း နမော်နမဲ့နိုင်တာပဲ ... ဆံပင်တွေက မျက်နှာပေါ်ရောက်နေပြီ "

ဝမ်ဟုန်က ချန်ရုံ၏အနည်းငယ်ပြန့်ကြဲနေသည့်ဆံနွယ်များအား သပ်တင်ပေးရင်း ပြုံးရယ်လျက် ဆိုလာ၏။သူ၏လေသံမှာ ဖြည်းညင်းစွာကူးလူတိုက်ခတ်လာသောညလေညင်းကလေးနှင့် ဆင်တူသည်။

ဝမ်ဟုန်က လက်ကိုပြန်ရုတ်ခဲ့၏။


Xxxxxx