အပိုင်း ၈၄
Viewers 16k

Chapter 84
ချန်ရုံ၏ဂုဏ်သတင်း



ချန်ရုံတစ်ယောက် တိတ်တဆိတ် အသက်ရှူထုတ်လိုက်မိသည်။ဤခံစားချက်မှာ စိတ်သက်သာရာရခြင်းလော ၊စိတ်ပျက်လက်ပျက်ဖြစ်သွားခြင်းလော။ သူမ မဝေခွဲတတ်တော့ပေ။

ဝမ်ဟုန်က ချန်ရုံနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ခဲ့ပြီး မော့မကြည့်ဘဲ အမိန့်ပေးလိုက်သည်။

" အသားနဲ့ စပျစ်ဝိုင်ပြင်လိုက်ပါ ... ဒီမိန်းကလေးနဲ့ ဖြတ်သန်းရတဲ့နောက်ဆုံးအချိန်တွေမှာ သောက်ချင်မိတယ် "

နောက်ဆုံးအချိန်ဟု ဆိုလိုလိုက်ခြင်းဖြစ်ပါသလော။ချန်ရုံက ခေါင်းမော့လာပြီး ဝမ်ချီလန့်အား နှုတ်ဆိတ်လျက် စောင့်ကြည့်နေခဲ့၏။သူမ၏နှုတ်ခမ်းသားများက တဆတ်ဆတ်တုန်လှုပ်နေသည်။

ဝမ်ဟုန်မှာ အကြည့်ချင်းဆုံမလာခဲ့ချေ။သူက ဝိုင်ပုလင်းကိုသာ မြှောက်လိုက်ပြီး ခွက်များအား သေသေသပ်သပ်ဖြည့်နေခဲ့သည်။

ထိုအချိန်တွင် ဝမ်ဟုန်၏ချောမောခန့်ညားသော မျက်နှာပေါ်သို့ နေရောင်အလင်းတန်းတစ်ခု ဖြာကျလာခဲ့ပြီး ထိုအရာက သူ၏သန်စွမ်းသည့်ဆံသားများနှင့် နူးညံ့သောအပြုံးများအား ထင်ပေါ်သွားစေသည်။

ချန်ရုံက တစ်ဖက်လူထံမှ အကြည့်လွှဲလိုက်၏။


ဤသည်က နောက်ဆုံးအချိန်ဆိုသည်မှာအမှန်ပင်ဖြစ်ပေသည်။ယခင်ဘဝ၌ မနက်ဖြန်ကဲ့သို့နေ့မျိုးတွင် တစ်မြို့လုံးဖြိုခွင်းခံခဲ့ရပြီး ဝမ်ဟုန်သည်လည်း ကွပ်မျက်ခံခဲ့ရလေ၏။ထိုအချိန်၌ ရှန်းပေစစ်တပ်မှာ ဝမ်ဟုန်၏သေဆုံးခြင်းအား ဂုဏ်ပြုသည့်အ‌နေဖြင့် ပွဲလမ်းသဘင်များပင် ကျင်းပလိုက်သေးသည်။ဤသည်မှာ ဝမ်ချီလန်ဆိုသူနှင့်ပတ်သတ်၍ ချန်ရုံ နောက်ဆုံးကြားသိခဲ့ရသောသတင်းစကားများပင်။

မကြုံစဖူးပင် ဟူမျိုးနွယ်စုက ဝမ်ဟုန့်အား ရွှေသားခေါင်းတလား ၊ ကျောက်စိမ်းများဖြင့်ပြုလုပ်ထားသောအခေါင်းသွင်းဝတ်စုံနှင့်တကွ ကျန့်ခန်းသို့ အခမ်းအနားဖြင့် ပို့ဆောင်ပေးခဲ့သည်။

တစ်လောကလုံး အံ့ဩမင်သက်ခဲ့ရလေ၏။

ဟန်လူမျိုးတို့အတွက်မူ ဟူမျိုးနွယ်ဝင်များမှာ လူသားများပင်မဟုတ်ကြောင်း လူတိုင်းသိထားသင့်သည်။

ထိုသို့သော သားရဲတိရိစ္ဆာန်သဖွယ်ဖြစ်သည့်လူများကသက်ပြည့်ပွဲပင်မဆင်နွှဲရသေးသောအလယ်ပိုင်းလွင်ပြင်မှ ပညာတတ်လူငယ်တစ်ဦးအား အလောင်းကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခြင်းဖြင့် အလွန်အမင်းတလေးတစားဆက်ဆံလိုက်သည်မှာ စကားလုံးများဖြင့်ပင် ဖော်ပြ၍မရပါချေ။

[ သက်ပြည့်ပွဲ - အသက်နှစ်ဆယ်အရွယ် သားယောက်ျားလေးတိုင်း ဆင်နွှဲရသည့်ရိုးရာဓလေ့ထုံးတမ်းတစ်မျိုး ]

နောက်ဆယ်နှစ်အကြာ ဂျင်လူမျိုးများ ဝမ်ဟုန့်အကြောင်းပြောကြသည့်အခါတိုင်းတွင် အရာရာမှာ ဝေဝေဝါးဝါးဖြစ်သွားပြီး သူနှင့်ပတ်သတ်သမျှက လျို့ဝှက်ဆန်းကြယ်သည့်ဒဏ္ဍာရီတစ်ခုသဖွယ် တိမ်မြုပ်သွားခဲ့သည်။

ယခုအချိန်မှာ နောက်ထပ်ဘဝတစ်ခုဖြစ်ပြီး သူမသည် ဝမ်ဟုန်၏မျက်နှာချင်းဆိုင်၌ ထိုင်လျက်သားရှိနေ၏။

ဝမ်ဟုန့်အတွက်ဖြစ်စေ ၊ သူမကိုယ်တိုင်အတွက်ပင်ဖြစ်စေ မင်းသား၏အိမ်တော်မှ ကယ်ထုတ်ပေးချိန်က ပြုခဲ့ဖူးသည့်ကတိကြောင့် ချန်ရုံမှာ ဝမ်ဟုန့်အား ဤအတိုင်းဆုံးပါးခွင့်မပြုနိုင်ပါချေ။လုံးဝ ထိုကဲ့သို့ အဖြစ်ခံမည်မဟုတ်ပါ။

ချန်ရုံတစ်ယောက် အတွေးပေါင်းစုံဖြင့် ဆို့နင့်နေချိန်၌ သူမ၏လက်ထဲသို့ ခပ်နွေးနွေးဝိုင်ခွက်တစ်ခွက် ရောက်ရှိလာခဲ့သည်။

၎င်းခွက်အား ဝမ်ဟုန်က ပေးကမ်းလာခြင်းဖြစ်ပြီး သူသည် ချန်ရုံ၏လက်များအား လွှတ်မပေးသေးချေ။

ဝမ်ဟုန်၏သွယ်လျသောလက်ချောင်းများက ချန်ရုံ၏လက်ခလယ်တစ်ဝိုက်တွင်ရပ်တန့်ကာ အတွင်းသို့ ယှက်နွှယ်ဝင်သွားခဲ့သည်။

ဝမ်ဟုန်မှာ မျက်လွှာချထားခဲ့ပြီး သူ၏မျက်တောင်ရှည်များက မျက်လုံးအိမ်များအပေါ် အရိပ်ကျသွားစေလေ၏။

“ ဘာလို့လိုက်လာတာလဲ” ဝမ်ဟုန်၏လေသံမှာ ဖြတ်သန်းတိုက်ခတ်သွားသည့် ညလေပြေသကဲ့သို့ နူးညံ့အေးချမ်းလှသည်။

ချန်ရုံက နှုတ်ခမ်းများအားဖွင့်ဟလိုက်သော်လည်း မည်သို့ပြန်လည်တုံ့ပြန်ရမည်ကို မသိရှိသေးပေ။

ထိုအချိန်တွင် ဝမ်ဟုန်က သူမအားစိုက်ကြည့်လျက် အဖြေကိုစောင့်ဆိုင်းနေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ချန်ရုံက တံတွေးမျိုချလိုက်ပြီး ပူပန်ကြောင့်ကြသောလေသံဖြင့် ဆိုလာခဲ့၏။

"ရှင်မရှိရင် နန်ယန်မင်းသားက ကျွန်မကို ဆက်နှောင့်ယှက်မှာ စိုးရိမ်ရတယ်"

သူမ၏စိတ်ထဲ၌ အဖြေတစ်ဒါဇင်ခန့် စီရီပြီးဖြစ်သော်လည်း အဆုံးသတ်တွင် ယင်းအရာများအားလုံးကို လျစ်လျူကာ မနှစ်မြို့ဖွယ်ရာအကောင်းဆုံးသောအဖြေကိုသာ ချန်ရုံ ပေးမိသွားလေသည်။

ဝမ်ဟုန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး သူမ၏ လက်ချောင်းများအား ပိုမိုတင်းကြပ်စွာ ကိုင်ဆုပ်လာလေ၏။

" နန်ယန်မင်းသားဆီအပါမခံချင်ရုံသက်သက်နဲ့ သေမယ်မှန်းသိသိကြီးနဲ့ ဒီကိုလာတာလား "

ထိုဆုပ်ကိုင်မှုမှာ ချန်ရုံ၏လက်ဖျားများမှတစ်ဆင့် နှလုံးသားထံသို့ တုန်လှုပ်မှုအား ကူးလူသွားစေခဲ့သည်။

ချန်ရုံက သူမ၏နှုတ်ခမ်းများကို ကိုက်လိုက်ပြီး အတွင်းနက်မှပေါက်ထွက်နေသည့်ထူးဆန်းသော ခံစားချက်ကို မျိုသိပ်လိုက်၏။

"ကျွန်မတို့သေမှာမဟုတ်ဘူး "

သူမက ပြောပြောဆိုဆိုဖြင့် ဝမ်ဟုန့်အား မော့ကြည့်ခဲ့သည်။

ဝမ်ဟုန်၏ချောမောခန့်ညားသောမျက်နှာမှာ ယခင်အတိုင်းပင်။သူက ချန်ရုံ၏လေသံထဲမှ ကျိန်းသေပေါက်ဆန်မှုအား သတိမထားမိပုံရသည်။ဝမ်ဟုန်က ဖျော့တော့စွာပြုံးလိုက်ပြီး ချန်ရုံ၏လက်ကို လွှတ်ကာ မတ်တပ်ထရပ်လေ၏။

ထို့နောက်တွင် သူမ၏အရှေ့ရှိ ဝမ်ဟုန်မှာ ရုတ်တရက် ဝေးကွာသွားဟန်ရပြီး ပုံရိပ်မှာလည်း မှုန်မှိုင်းလာခဲ့သည်။ကနဦးအခိုက်အတန့်မှာ ချန်ရုံ့အား ထိုသူနှင့် အလွန်ရင်းနှီးသွားသလို ခံစားရစေခဲ့၏။သို့သော်လည်း မျက်စိတစ်မှတ်အတွင်း၌ပင် ဝမ်ဟုန်မှာ ​ကောင်းကင်ယံမှ တိမ်တိုက်ဖြစ်လျက် သူမမှာမူ လွင့်ပျံနေသောသစ်ရွက်လေးတစ်ရွက်သာဖြစ်နေသေးကြောင်းအား ချန်ရုံတစ်ယောက် ကြောက်ရွံ့ထိတ်လန့်စွာ သိရှိလိုက်ရသည်။


ဝမ်ဟုန်က မတ်တပ်ရပ်နေရာမှ ချန်ရုံ့အား ငုံ့ကြည့်လာခဲ့၏။သူ၏မျက်နှာထားက တည်ငြိမ်အေးချမ်းသည်။

“ ခရီးရှည်ထွက်လာရတာ ပင်ပန်းနေရောပေါ့ ... အနားယူတော့ ”

ထို့နောက်တွင် သူက အခင်းနေရာမှ ထွက်ခွာသွားတော့၏။

ချန်ရုံတစ်ယောက် ၎င်းနေရာတွင် အချိန်အတော်ကြာထိုင်နေခဲ့ပြီး တစ်ဖက်လူ၏ပုံရိပ်သွင်က အဝေးသို့လွင့်မျောကာ နေရောင်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားသည်အထိ မလှုပ်မယှက်ဖြစ်နေခဲ့သည်။

ယင်းနောက်တွင် သူမက စာကြည့်ခန်းအလွတ်အား ကြည့်ရှုရင်း " ကောင်းပါပြီ " ဟုတစ်ကိုယ်တည်း ရေရွတ်လိုက်လေ၏။ယခုအချိန်၌ သူမ၏ခြေအစုံက ပျော့ခွေနေပြီး ထိုသူအား နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရချိန်တွင် နှလုံးသားသည်လည်း စည်းချက်မကျနစွာ ခုန်လှုပ်လာခဲ့သည်။ဤအချိန်တွင် သူမတစ်ကိုယ်တည်း တိတ်ဆိတ်ငြိမ်သက်မှုကို ဖြတ်သန်းရန် လိုအပ်ပေ၏။


နာရီဝက်ခန့်အကြာတွင် ချန်ရုံတစ်ယောက် စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည်။

ထိုအချိန်တွင် မြို့ရိုးတစ်ဖက်မှ ဟူစစ်သည်အော်သံများနှင့် မြင်းဟီးသံများက အတွင်းမှအော်ဟစ်သံများနှင့် ရောထွေးကာ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။

အိမ်တော်ဝင်းထဲ၌ ကြံရာမရဖြစ်နေရှာသော အစေခံများအပြင် အနီးနားတွင် အဖိုးစွင်းတစ်ဦးသာရှိလေ၏။

ချန်ရုံက အစေခံတစ်ဦးအား လက်ယပ်ခေါ်လျက် တောင်းဆိုခဲ့သည်။

" သခင်လေးရဲ့ အဝတ်အစားတစ်စုံလောက် ယူလာပေးပါ "


ယင်းအစေခံက အကြောင်းရင်းအား မေးမြန်းစပ်စုနေရန်စိတ်မဝင်စားဘဲ ချန်ရုံ့အား ဦးညွှတ်ပြကာ အိပ်ခန်းထဲသို့ ပြေးဝင်သွားခဲ့လေ၏။မကြာမီ၌ပင် ထိုတစ်ယောက် အပြာနုရောင်နှင့် အဖြူရောင်၀တ်စုံနှစ်စုံကို ကိုင်ဆောင်ကာ ချန်ရုံ့ထံသို့ ပြန်လည်ရောက်ရှိလာသည်။

“ဒီနှစ်ခုလုံးက ချီလန့်ရဲ့ အင်္ကျီဟောင်းတွေပါ... ဘယ်ဟာ ယူမလဲ သခင်မလေး "

"အပြာနုရောင်ပေးပါ"

ချန်ရုံမှာ ငယ်စဉ်ကတည်းက အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ရသည်ကို မနှစ်သက်ခဲ့ပေ။ပထမအချက်မှာ သူမသည် ထိုမျှလောက်အထိ သန့်သန့်ရှင်းရှင်း မ၀တ်ဆင်နိုင်ပါ။ဒုတိယအချက်မှာမူ ၎င်းတို့သည် အများသူငှာဝတ်ဆင်လေ့ရှိကြသောတွေ့ရများသည့်ပုံစံဖြစ်နေသည်။

" ဆံပင်ကူပြင်ပေးပါဦး "

ဝတ်စုံလှမ်းယူလိုက်ပြီးနောက်တွင် ချန်ရုံက ထွက်သွားရန်ပြင်နေသည့်အစေခံအား လှမ်းပြောကာ မှန်ရှေ့၌ ဝင်ထိုင်လိုက်သည်။


အစေခံဖြစ်သူမှာလည်း သတိလက်လွတ်ဖြစ်စွာပင် ရုတ်ချည်းနာခံလာခဲ့ပြီး ချန်ရုံ၏အနောက်၌ မတ်တပ်ရပ်လျက် စတင်မေးမြန်းတော့သည်။

“ဘယ်လိုဆံပင်ပုံစံ လိုချင်ပါသလဲ သခင်မလေး”

“ ယောက်ျား‌လေးလိုဝတ်ထားတာဆိုတော့ ယောက်ျားလေးပုံစံပဲပေါ့ ... ဒါနဲ့ တခြားအစေခံတွေနဲ့ စကားပြောတဲ့အခါကျရင် ဒီကို သခင်လေးတစ်ယောက် ရောက်လာတယ်လို့ပဲပြောပါ ... သခင်မလေးလို့မပြောဘဲနဲ့ "

" ဘာလို့လဲ သခင်မလေး "

အစေခံမှာ အံ့ဩစိတ်ဖြင့် လွှတ်ခနဲထုတ်မေးမိသွားသော်လည်း အချိန်တိုအတွင်း၌ပင် သူမကိုယ်တိုင် နားလည်အတွေးပေါက်လျက် " ဟုတ်ကဲ့ပါ " ဟု တစ်ဆက်တည်း ဆိုလာခဲ့သည်။

များမကြာမီ၌ပင် ချန်ရုံမှာ ​​ငယ်ရွယ်ထက်မြက်သည့် လူငယ်လေးအသွင်ပြောင်းသွားခဲ့၏။တကယ်တမ်း၌သူမ၏ယောက်ျားလေးအသွင်ဆောင်မှုက ထိရောက်မှု သိပ်မရှိလှပေ။အသွင်အပြင်မှာ သပ်ရပ်လွန်းပြီး သူမ၏ခန္ဓာကိုယ်သည်လည်း ပြီးပြည့်စုံလွန်းနေသည်။၀တ်စုံမှာ မည်မျှပင်ကြီးပါစေ မိန်းမဆန်မှုမှာတော့ အတိုင်းအတာတစ်ခုအထိ ပေါ်လွင်နေဆဲဖြစ်လေ၏။မကြာမီတွင် တိုက်ပွဲအချိန်ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ချန်ရုံမှာ ဤအသေးစိတ်အချက်အလက်များအား တစ်ခုချင်းစီလိုက်၍ ဂရုပြုမနေနိုင်ပါချေ။သူမက အပြင်မထွက်မီ မှန်ထဲသို့ တစ်ချက်ကြည့်ခဲ့သည်။

ချန်ရုံ အပြင်ထွက်လာခဲ့ချိန်၌ လမ်းပေါ်တွင် လူများများစားစားသိပ်မရှိဘဲ အလျင်စလိုဖြစ်ဟန်ဖြင့် လှုပ်လှုပ်ရွရွဖြစ်နေကြသောအစေခံများကိုသာ ကြိုးကြားကြိုးကြားတွေ့မြင်ရသည်။မည်သို့ပင်ဆိုပါ‌စေ

မြို့စားဖြစ်သူ၏အိမ်တော်ဝင်းတစ်ခုလုံး၌ အငြိမ်သက်ဆုံးနေရာမှာ ဝမ်ချီလန်၏ခြံဝင်းဖြစ်နေဆဲပင်။

ခဏတာ လမ်းလျှောက်ပြီးနောက်တွင် ချန်ရုံက ဖြတ်သွားဖြတ်လာ ဝမ်အမှုထမ်းတစ်ယောက်အား မေးမြန်းခဲ့သည်။

" ချီလန် ဘယ်မှာလဲ "

ထိုအစေခံမှာ အလျင်စလိုဖြစ်နေပုံရပြီး မေးမြန်းသူကိုပင် စေ့စေ့မကြည့်နိုင်ရှာဘဲ လက်ကိုဝှေ့ယမ်းပြလျက် ဖြေကြားလေသည်။

" မျှော်စင်ဘက်မှာပါ "

" ကျေးဇူးပါ "

ချန်ရုံတစ်ယောက် မျှော်စင်ဘက်ဆီသို့ လျှောက်လှမ်းသွားခဲ့၏။

များမကြာမီမှာပင် အညစ်အကြေးကင်းစင်ပြီး အမြဲဖြူစင်သန့်ရှင်းနေသည့်နှင်းသားသဖွယ်ဖြစ်သောဝတ်ရုံကိုလွှားထားသည့်ဝမ်ချီလန့်အား ချန်ရုံ တွေ့လိုက်ရသည်။သူကမျှော်စင်မြင့်ပေါ်တွင် ရပ်နေခဲ့လေ၏။

အထူးဆန်းဆုံးအရာပင်ဖြစ်သည်။ထိုသူ၏အရှေ့နှင့်အနောက်၌ လူများအသီးသီးရှိနေကြပြီး မြို့ပြင်၌လည်းရုတ်ရုတ်သဲသဲဖြစ်နေသည်မှာ ထင်ရှားသော်လည်း ယင်းနေရာ၌ရပ်နေသူကိုတွေ့လိုက်ရချိန်၌ ကောင်းကင်ယံမှာတိမ်ကင်းစင်သွားလျက် ချန်ရုံမှာ ထိုတစ်ဦးတည်းကိုသာ မြင်နိုင်တော့သည်။

ချန်ရုံက ဝမ်ဟုန့်အနောက်ဘက်သို့ လျှောက်လှမ်းသွားခဲ့၏။

သူမက ဝမ်ဟုန်ကဲ့သို့ မိုးကုပ်စက်ဝိုင်းအား စူးစိုက်ကြည့်နေမည့်အစား မြို့ရိုးအောက်ရှိ ဟူစစ်သည်အုပ်စုကိုသာ ငုံ့ကြည့်သည်။ဤသည်မှာ ဟူစစ်သည်အင်အား သောင်းချီရှိသော တောင်ဘက်တံခါးပင်။

ထောင်ပေါင်းများစွာသောဟူတပ်သားတို့က မြို့ရိုးတစ်ဝိုက်တွင် စုရုံးနေကြသည်။ချက်ပြုတ်ကြသူများကချက်ပြုတ် ၊ စုဝေးရယ်မောနေကြသူများက ရယ်မောနေကြလျက်ရှိပေ၏။သာမန်ကာလျှံကာကြည့်လျှင်

၎င်းတို့မှာ အမှုမဲ့အမှတ်မဲ့နေနေပုံရသော်လည်း အသေးစိတ်စူးစမ်းကြည့်ပါက ထိုလူမျိုးစုများမှာ စနစ်တကျစုရုံးထားကြောင်းကို ချန်ရုံ ချက်ချင်းတွေ့ရှိခဲ့သည်။သူတို့က သံချပ်ကာများဝတ်ဆင်ထားကြပြီး လက်နက်များကိုလည်း ကိုယ်နှင့်မကွာဆောင်ယူထားကြ၏။

ချန်ရုံက အောက်သို့အချိန်အတော်ကြာ ငုံ့ကြည့်နေခဲ့ပြီးနောက် " ချီလန် ...ကျွန်မတို့ ဒီဘက်တံခါးကနေ ထွက်သွားနိုင်မယ်ထင်တယ် " ဟု ရုတ်တရက် ဆိုလာခဲ့သည်။

ရုတ်ချည်းထွက်ပေါ်လာသောစကားသံကြောင့် ဝမ်ဟုန့်ခမျာ အနည်းငယ်ထိတ်လန့်သွားလေ၏။သူက ချန်ရုံ့အား လှည့်ကြည့်လာခဲ့ပြီး ခပ်ဖျော့ဖျော့ပြုံးပြသည်။ထို့နောက်တွင် ဝမ်ဟုန်က ခေါင်းငုံ့ထားလျက် တစ်ဖက်လူထံသို့ လက်ကိုဆန့်တန်းပေးပြီး "မင်းလက်ကို ဝမ်းသာအားရ ဆွဲထားပါ့မယ် " ဟုဆိုလာသည်။ထိုလေသံမှာ ထူးဆန်းကာ ကြားရခဲပြီး ကတိတစ်ခုအား အ‌လေးအနက်ပေးနေသကဲ့သို့ဖြစ်၏။

ချန်ရုံက ယင်းလက်အား ပြန်လည်ဆွဲကိုင်ခြင်းမပြုခဲ့ချေ။

ထို့အစား သူမက ဝမ်ဟုန့်အား ပြုံးပြကာ အကြည့်ချင်း‌ဆုံ၍ လေးလေးနက်နက်‌ပြောပြခဲ့သည်။

"ချီလန် ... တောင်ဘက်တံခါးကနေ ကျွန်မတို့လမ်းခွဲရအောင်"

ယင်းနောက်တွင် ချန်ရုံက အောက်သို့ငုံ့ကြည့်ပြီး စကားဆက်လေ၏။

" ကြည့်လိုက် ချီလန် ... ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းက ကွဲပြားတယ်မထင်ဘူးလား ... ဟူတပ်ရဲ့ အလယ်နဲ့ အနောက်ဘက်ရောပဲ "

ဖြေသံ ပြန်မကြားရသဖြင့် ချန်ရုံက တစ်ဖက်သို့လှည့်ကြည့်ခဲ့သည်။ထိုအခါ ဝမ်ဟုန်က သူမအား စူးစိုက်ကြည့်နေသည်ကို တွေ့ရှိလိုက်ရ၏။

နေဝင်ချိန်တွင် ချန်ရုံ၏ လှပသောမျက်နှာကလေးက ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသည်။သူမ၏ မျက်လုံးများမှာလည်း လွန်စွာတောက်ပနေပြီး

ဝတ်ရုံခပ်ပွပွအား လွှားထားလျက်ရှိသော်လည်း နုပျိုသည့်အသားအရေက ထင်ရှားဆဲဖြစ်၏။ချန်ရုံ့ထံတွင် စိတ်အားထက်သန်မှုနှင့် တက်ကြွမှု နှစ်မျိုးစလုံးရှိသည်။

ဝမ်ဟုန်က ချန်ရုံ့ထံမှ အကြည့်လွှဲကာ အောက်သို့ငုံ့ကြည့်လိုက်၏။

" ထူးတော့ထူးဆန်းတယ် .... မင်းက ဘယ်လိုထင်လို့လဲ အားရုံ "


ချန်ရုံ ပြန်လည်ဖြေကြားတော့မည့်ဆဲဆဲတွင် ခြေလှမ်းသံများက အစီအရီထွက်ပေါ်လာသည်။ယင်းအသံများနှင့်အတူ တက်ကြွသောရယ်မောသံတစ်သံပါ ကပ်ပါလာလေ၏။

" ချီလန် .. ဒီရောက်နေတာလား ... အမ် ... ဒီသခင်လေးကရော ဘယ်သူများလဲ "

သံသယစိတ်အပြည့်ဖြင့်လေသံပိုင်ရှင်မှာ တက်ကြွခင်မင်စရာကောင်းပြီး အေးအေးလူလူဖြစ်နေသောမောယန်မြို့စားပင်ဖြစ်လေသည်။

ချန်ရုံက ထိုတစ်ယောက်အား လှည့်ကြည့်လိုက်သည်။

စစ်ပွဲမှာ နီးကပ်လာနေပြီး မြို့သည်လည်းကျဆုံးစပြုကာ လူအများအပြားသေဆုံးရမည်ဖြစ်သော်လည်း မြို့စားဖြစ်သူက ပြုံးရယ်နေနိုင်ဆဲပင်။ထိုအပြုံးက သေခြင်းတရားအားရင်ဆိုင်ရတော့မည့်လူနှင့်မတူဘဲ ယခုချက်ချင်းပင် ပွဲလမ်းသဘင် ၊ တေးကဗျာရွတ်ဖတ်ပွဲများ တက်ရောက်တော့မည့်ပုံစံပေါက်နေသည်။

ချန်ရုံက အဖြေတစ်ခုပေးရန် ရည်ရွယ်ချက်ဖြင့် ရှေ့သို့ တိုးသွားခဲ့၏။

သို့သော်လည်း မည်သည်ကိုမှ မပြောရသေးမီမှာပင် ဝမ်ဟုန်က အနောက်သို့ရောက်လာပြီး သူမ၏ပုခုံးအားလက်ဖြင့်ညင်သာစွာ သဘာဝကျကျကိုင်တွယ်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဦးအောင် ဖြေကြားလာသည်။

"ဒါက ကျွန်တော့်ချစ်သူပါ ... ကျွန်တော်နဲ့ အတူတူအသေခံဖို့လာတာ "

ချန်ရုံ၏ အပြုံးက အေးခဲသွားခဲ့၏။သူမ ပြောလိုခဲ့သော နှုတ်ဆက်စကားက လည်ချောင်းထဲ၌ တိမ်ဝင်သွားသည်။ဝမ်ဟုန်က ဤကဲ့သို့ဖြေကြားလိုက်မည်ဟု သူမ မျှော်လင့်မထားပေ။

မြို့စားဖြစ်သူ၏မျက်ဝန်းများက တောက်ပလာခဲ့ပြီး သူက ချန်ရုံ့အား အကဲဖြတ်သည့်အကြည့်များဖြင့် စူးစမ်းကာ မုတ်ဆိတ်ရှည်များအား ပွတ်သပ်နေရင်း ခေါင်းတညိတ်ညိတ်ဖြင့် မြည်တမ်းလာသည်။

“လူပျို မျက်နှာချောချောလေးပဲ ... မင်းလိုချစ်သူမျိုးနဲ့သာဆိုရင် ဂုဏ်သတင်းကြီးတဲ့ဝမ်ချီလန်က ယောက်ျားလေးတွေကို ချစ်ဖို့ ဆန္ဒရှိနေတာက အံ့သြစရာတော့ မဟုတ်ပါဘူး ”

ထို့နောက်တွင် သူက အောက်သို့ငုံ့ကြည့်ကာ ဆက်လက်ညဉ်းတွားပြန်သည်။

" ငါ့ထက်တော့သာပါသေးတယ် ချီလန်ရာ ... ဒီမှာတော့ တမလွန်ကို အတူလိုက်ပေးမဲ့လူမရှိဘူး "

မြို့စားဖြစ်သူက ပြောစရာစကားများပျောက်ရှနေသော

ချန်ရုံ့အား ဂရုမထားမိပါဘဲ သက်ပြင်းတချချလုပ်နေလေ၏။ချန်ရုံတစ်ယောက် သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ ခြေထောက်များ ပျော့ခွေလာခဲ့ပြီး တစ်ကိုယ်လုံးလည်းယိုင်လဲလုမတတ်ဖြစ်သွားခဲ့သည်။

ထိုသို့ဖြစ်နေသောချန်ရုံ့အား ဝမ်ဟုန်က ဖမ်းဆွဲပေးလာ၏။သူက ချန်ရုံ့အား ချစ်စဖွယ်ကောင်းစွာ ရင်ခွင်ထဲတွင် ထွေးပွေ့ထားလျက်ရှိပြီး ထို့နောက်တွင်မူ ပါးပြင်ထက်သို့ အနမ်းတစ်ပွင့်ချွေလာသည်။

" အချစ်လေး ... နေမကောင်းဘူးလား "