Chapter 85
ချန်ရုံမှာ တစ်စုံတစ်ရာပြန်လည်ဖြေကြားရန် လုံးဝ အားမရှိတော့ပေ။ယခုအချိန်၌ သူမ လုပ်နိုင်သမျှမှာ မျက်လုံးများအား မှိတ်ထားရုံသာဖြစ်သည်။
အမှန်တကယ်တွင် ချန်ရုံ မောယန်သို့လာခဲ့သည့်ပထမအချက်မှာ ကံဆိုးခြင်းမှ ရှောင်ဖယ်ရန်ဖြစ်သည်။ဒုတိယအချက်မှာမူ ဤတိုက်ပွဲအား မည်သို့မည်ပုံ ရင်ဆိုင်ရမည်ကို သူမ ကောင်းကောင်းသိသောကြောင့်ပင်။အခြေအနေအရပ်ရပ်အား ကောင်းစွာကိုင်တွယ်နေနိုင်သရွေ့ ၊ အတိတ်ဘဝမှအတိုင်း တစ်ပုံစံတည်းဆက်ဖြစ်နေသရွေ့တော့ ဝမ်ဟုန်နှင့်စွင်းယန်တို့အား ကယ်ထုတ်နိုင်မည်ဟု ချန်ရုံက ယုံကြည်ထားသည်။
ထိုအကြောင်းအရင်းကြောင့်ပင် သူမသည် လှည်းရထားအတွင်း၌ လိုက်ပါလာခဲ့ပြီး ယခု၌လည်း ယောက်ျားလေးဝတ်စုံအားဝတ်ဆင်ကာ သူမ၏ဂုဏ်သိက္ခာအား ကာကွယ်ရန် ကြိုးပမ်းနေရခြင်းဖြစ်သည်။
သို့သော်လည်း ယခုအချိန်၌ ဝမ်ဟုန်၏လက်အစုံက သူမ၏ခါးပေါ်သို့ရောက်ရှိနေကာ သူမ၏ကျောပြင်မှာလည်း အနောက်ဘက်မှ ရင်ခွင်ထဲသို့ နစ်ဝင်နေခဲ့လေပြီ။
ထိုမျှသာမကသေးဘဲ ပါးပြင်ကိုလည်း ထိကပ်နမ်းခြင်းခံလိုက်ရသေး၏။
ဤသနားစဖွယ်မိန်းမငယ်လေးမှာ ယခင်ဘဝက မီးလောင်တိုက်သွင်းပြီး အဆုံးစီရင်ခဲ့ချိန်၌လည်း အစေခံအဆင့်သာရှိခဲ့သေးသည်။သူမသည် ယခင်က ယောက်ျားတစ်ယောက်နှင့် ဤမျှလောက်အထိ နီးကပ်စွာ မနေခဲ့ဖူးပေ။
သို့သော်လည်း ကံဆိုးလွန်းလှသည်။ယခုဘဝ၌ ထိုလူက သူမ၏ပထမဆုံးအနမ်းကို ခိုးယူသွားခဲ့ရုံသာမက ဖက်တလဲကင်းတလဲပြုပြီး တီတီတာတာစကားများကိုလည်းအဆက်မပြတ်ပြောနေသည်။ဤလူက အဘယ်ကြောင့် ထိုမျှလောက်အထိ မချုပ်တည်းနိုင်ဖြစ်နေရပါသနည်း။
ချန်ရုံက မသိမသာ အံကြိတ်ထားလိုက်၏။မျက်လုံးဖွင့်လိုက်သည်နှင့် မောယန်မြို့စားက သူမတို့နှစ်ဦးအား မနာလိုစွာကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။
ထိုအခါ ချန်ရုံက အံကြိတ်ခြင်းအား ရပ်တန့်လိုက်ပြီး ရှက်သွေးဖြာစွာ ပြုံးရယ်ပြလိုက်လေ၏။
ထို့နောက်တွင် သူမက ခေါင်းငုံ့ကာ ခါးထက်မှလက်ကို ဖယ်ထုတ်ရန်ကြိုးပမ်းသည်။သို့သော်လည်း တစ်ဖက်လက်က အကြောတင်းနေပြီး ဆွဲဖယ်၍မရချေ။ချန်ရုံက အောက်နှုတ်ခမ်းကိုကိုက်ပြီး အားထည့်လျက် ဆက်လက် ဖယ်ထုတ်သော်လည်း တစ်ဖက်လူက တောင့်ခံထားသည်။
နောက်ဆုံး၌မူ ချန်ရုံက မျက်ခုံးပင့်ပြီး ဝမ်ဟုန့်အား အူလိမ်ဆွဲလိုက်လေတော့၏။
" အားး ... "
ဝမ်ဟုန်က နာကျင်စွာ အော်လာသောအခါ မြို့စားဖြစ်သူက အံ့ဩတကြီး မေးမြန်းလေသည်။
" ဘာဖြစ်လို့လဲ "
" ဘာမှမဟုတ်ပါဘူး ပုရွက်ဆိတ်ကိုက်တာပါ "
ဝမ်ဟုန်က နှုတ်ခမ်းကို ကွေးညွှတ်ကာ ချစ်စဖွယ် ပြုံးရယ်လျက် ပြန်လည်ဖြေကြား၏။
" သေမှာမကြောက်တဲ့လူက ပုရွက်ဆိတ်ကိုကြောက်နေတာလား" မောယန်မြို့စားက ရယ်မောလျက်။
"ဒီပုရွက်ဆိတ်က လတ်လတ်ဆတ်ဆတ်အပိုင်းတွေပဲ ရွေးကိုက်တာလေ... အားကြီးနဲ့ကိုက်တာ ... ဘယ်လိုပဲဖြစ်ဖြစ်လွှတ်ပေးမဲ့ပုရွက်ဆိတ်မဟုတ်တော့ ကြောက်ရတာပေါ့ "
နှုတ်ဖျားမှ ကြောက်ရွံ့ကြောင်း ပြောဆိုနေသော်လည်း ဝမ်ဟုန်၏လေသံနှင့်အမူအရာမှာ ထိုသို့ဟုတ်မနေချေ။
မြို့စားဖြစ်သူက ကျယ်လောင်စွာ ရယ်မောတော့သည်။
ဝမ်ဟုန်သည်လည်း ခေါင်းတညိတ်ညိတ်ဖြင့် ခပ်ယဲ့ယဲ့ကလေးပြုံးရင်း ချန်ရုံ၏နားရွက်ဖျားအား ညင်သာစွာထိတွေ့ကာ မေးမြန်းလိုက်လေ၏။
" သေရမှာကိုကြောက်လား... ပုရွတ်ဆိတ်အကိုက်ခံရမှာကိုကြောက်လား အချစ်လေး "
တစ်ဖက်လူ၏နွေးထွေးသော အသက်ရှုသံသည် ချန်ရုံ၏ နားမှ တစ်ဆင့် နှလုံးသားထဲသို့ တိုးဝင်လာခဲ့ပြီး သူမအား ပျော်ဝင်သွားစေမည့် မြက်ခင်းမွှေးရနံ့ကို သယ်ဆောင်လာသည်။
ချန်ရုံ၏ခြေအစုံမှာ တောင့်တင်းသွားခဲ့၏။သူမက ရှက်စိတ်တစ်ဖက် ၊ ဒေါသစိတ်တစ်ဖုံဖြင့် မောယန်မြို့စားထွက်ခွာသွားသည်ကို ကြည့်ရှုနေခဲ့ပြီး ယင်းနောက်တွင်မူ အသက်ပြင်းပြင်းရှူသွင်း၍ ဝမ်ဟုန့်အား ဟိန်းဟောက်လိုက်၏။
" ကျွန်မကိုလွှတ် "
တစ်ဖက်လူကမလိုက်လျောသောအခါတွင် သူမကတံတောင်ဆစ်ဖြင့် အကြိမ်ကြိမ်လှမ်းထိုးပြီး လွှတ်ပေးရန် ဆက်ပြောပြန်သည်။
ဝမ်ဟုန့်ထံမှ ညဉ်းသံထွက်ပေါ်လာခဲ့၏။သူက ဗိုက်ကို လက်ဖြင့်အုပ်ထားရင်း ချန်ရုံ့အား စူးစိုက်ကြည့်နေသည်။ယင်းနောက်တွင် ဝမ်ဟုန်မှာ ချန်ရုံ၏စည်းနှောင်ထားသောဆံပင်အထွေးလိုက်ကို ယူဆောင်မြှောက်ကိုင်ပြီး နှာဖျားတွင်တေ့လျက် ရှူသွင်းပစ်လိုက်သည်။
ဝမ်ဟုန်တစ်ခုခုဆက်ပြောတော့မည့်ဆဲဆဲတွင် မြို့ရိုးနံရံအောက်ဘက်မှ ဗုံသံများက အခြားအသံများအား ဖုံးလွှမ်းသွားခဲ့ပြီး သေစေနိုင်လောက်သည့်လေထုအား သယ်ဆောင်လာလေ၏။
ဝမ်ဟုန်က ချန်ရုံ၏လက်အား ညင်သာစွာဆုပ်ကိုင်ထားသည်။
" အားရုံက သေရမှာမကြောက်ဘူးထင်တယ် ... ကောင်းပါပြီ ... မကြောက်နဲ့နော် "
သူက ချန်ရုံ့အား ပြုံးပြုံးလေးပြောလာပြီး ထိုလေသံက သာယာသောနွေဦးသကဲ့သို့ နူးညံ့ညင်သာလွန်း၏။
ချန်ရုံမှာ လန့်ဖျပ်သွားခဲ့ပြီး ဝမ်ဟုန်၏လက်ကိုရုန်းဖယ်ကာ တစ်ဖက်သို့လှည့်နေလိုက်သည်။
မြို့ရိုးအောက်ဘက်ရှိ ဟူတပ်သားများက တဖြည်းဖြည်းခွဲထွက်လာပြီး ကျဆင်းသွားသောဒီရေသကဲ့သို့ ရှင်းလင်းသည့်လမ်းကြောင်းတစ်ခုအား ဖော်ဆောင်လာခဲ့သည်ကို ချန်ရုံတစ်ယောက် မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသည်။
အလယ်ရှိနေရာလွတ်၌ မျက်နှာဖုံးစွပ်ထားသောတပ်မှုးတစ်ဦးပေါ်ပေါက်လာလေ၏။သူ့နောက်တွင် အင်အားကြီးစစ်တပ်ရှိပြီး ဘေးတစ်ဖက်တစ်ချက်၌လည်း တပ်သားများက ဒူးထောက်လျက်သားရှိနေသည်။
ချန်ရုံမြင်နိုင်သမျှမှာ တန်းစီလျက်သားရှိနေသော တပ်သားအုပ်စုကြီးပင်။သူမ၏နှလုံးသားသည်လည်း ခဏတာ နစ်မွန်းသွားခဲ့၏။ချန်ရုံမှာ ရင်ဘတ်ပေါ်လက်တင်ထားခဲ့ပြီး ထိုအရာက ပြင်းထန်စွာ တုန်လှုပ်နေသော နှလုံးခုန်နှုန်းအား ပြန်လည်ကျဆင်းစေမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ဤဟူစစ်သည်များက တစည်းတလုံးတည်း ဖြစ်နေသည်မှာ ထင်ရှားပေ၏။အတိတ်မှ မနှစ်မြို့ဖွယ်ရာများက ဤအချိန် ဤနေရာ၌ မျက်ဝါးထင်ထင်တည်ရှိနေသေးပါသလော။
ထိုအချိန်တွင် ဝမ်ဟုန်၏ပေါ့ပါးသောလေသံက ဘေးမှ ထွက်ပေါ်လာသည်။
" သူက မူရုံခယ်လေ ...ရှန်းပေရဲ့ စစ်နတ်ဘုရား "
ချန်ရုံ့ထံမှ တုံ့ပြန်သံတစ်စုံတစ်ရာကြားမလာရသဖြင့် ဝမ်ဟုန်က လှည့်ကြည့်လာခဲ့၏။
ထိုအခါတွင် ပြာနှမ်းလျက်အရောင်အသွေးမဲ့နေသောချန်ရုံ၏မျက်နှာ ၊ ခံစားချက်ကင်းမဲ့နေသည့်မျက်ဝန်းများနှင့် မျဉ်းဖြောင့်သဖွယ် တင်းကြပ်နေသောနှုတ်ခမ်းသားများဖြင့် ကြုံဆုံလိုက်ရတော့သည်။အောက်ဘက်ရှိဟူစစ်သည်များမှာလည်း မူရုံခယ်၏လက်ဝှေ့ယမ်းပြမှုဖြင့် မတ်တပ်ထလာကြသည်။
ရှန်းပေစစ်သူကြီးက မြို့ရိုးအထက်သို့မော့ကြည့်လာခဲ့ပြီး မျက်နှာဖုံးစွပ်အနောက်ရှိသူ၏မျက်ဝန်းများမှာ တောက်ပနေလေ၏။
မည်သည့်နေရာ၌ပင်ဖြစ်ပြီး လူအင်အားမည်မျှပင် များပြားပါစေ ဝမ်ဟုန်မှာ အခြားသူ၏အာရုံစူးစိုက်မှုအား အလွယ်တကူပင် ရယူနိုင်စွမ်းရှိသည်။မူရုံခယ်မှာ ဝမ်ဟုန့်အားရှာဖွေတွေ့ရှိရန် အကြည့်တစ်ချက်သာလွှဲခဲ့ရလေ၏။
ထိုအချိန်တွင် ချန်ရုံက တစ်ဖက်သို့လှည့်ကြည့်ပြီး မူရုံခယ့်ထံတွင်ရှိနေသောဝမ်ဟုန်၏အကြည့်များအား စူးစမ်းသည်။
ဤတစ်ခေါက်၌ ဝမ်ဟုန်၏အပြုံးက ထူးဆန်းပြီး ပုံမှန်ဟုတ်မနေကာ နူးညံ့သိမ်မွေ့သည့် ခါတိုင်းအမူအရာနှင့် လုံးဝကွဲပြား၏။ထိုအရာက သူမအား အကြောက်တရားဝင်လာစေသည်။
မူရုံခယ်သည်လည်း ဝမ်ဟုန်၏မျက်နှာထားအား လှမ်းမြင်ကြောင်း မည်သူမှ ဂရုမပြုမိခဲ့ကြပေ။သူက လေထဲတွင် ထင်းရှူးပင်ကဲ့သို့ မလှုပ်မယှက်ရပ်နေသည့်ကောင်းကင်တမန်သဖွယ်ဖြစ်သူကို မျှော်ကြည့်လျက် တိတ်တဆိတ် အကဲဖြတ်နေသည်။
ခဏအကြာတွင် မူရုံခယ်က အကြည့်လွှဲလိုက်ပြီး သူ၏တပ်စုမှူးများအား လက်ဝှေ့ယမ်းခေါ်ကာ တစ်စုံတစ်ရာအား ခပ်တိုးတိုးပြောလိုက်သည်။အကွာအဝေးကွာဟသည်ကတစ်ကြောင်း ၊ လေသံတိုးညင်းသည်ကတစ်ကြောင်း ၊ သူတို့ပြောဆိုနေသည့်အကြောင်းအရာအား မည်သူမှ အသေအချာမသိခဲ့ကြပေ။
“သွားကြစို့”
ထိုအချိန်တွင် ဝမ်ဟုန်က ရုတ်တရက်ဆိုလာခဲ့သည်။
သူက အင်္ကျီလက်များအား တစ်ချက်ခါကာ ခံတပ်နံရံထက်မှ ဦးဆောင်ဆင်းသက်သွားလေ၏။
ချန်ရုံတစ်ယောက် ခဏတာတုန်လှုပ်သွားပြီး ထို့နောက်တွင် ဝမ်ဟုန့်နောက်သို့လိုက်သွားခဲ့သည်။လမ်းတစ်လျှောက်တွင် ချန်ရုံမှာ ခေါင်းငုံ့လျက် အတိတ်တွင်ကြားသိခဲ့ရသည့် အသေးစိတ်အချက်အလက်များကို ပြန်လည်မှတ်မိရန် ကြိုးစားနေလေသည်။
အရှေ့မှ ဦးဆောင်သွားနေသည့်ဝမ်ဟုန်မှာမူ မည်သည်ကိုမှ ဖွင့်ဟမလာချေ။
ယင်းအချိန်၌ ဆွဲငင်ဟန်ပြုသောဗုံတီးသံတစ်သံထွက်ပေါ်လာသည်။ချန်ရုံ မော့ကြည့်လိုက်၏။
ယခုအချိန်၌ မြို့တွင်းရှိ လမ်းများထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူမ သိရှိခဲ့ရသည်။မောယန်မှာ ယခုအချိန်တွင် အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေ၏။ရံဖန်ရံခါ လမ်းသွားလမ်းလာများကို မြင်လျှင်ပင် ထိုလူများမှာ အလျင်အမြန်ချီတက်လာနေသောစစ်သည်များစောင့်ကြပ်ထားသည့်လမ်းများပေါ်တွင် အလျင်စလို လျှောက်သွားနေကြလင့်ကစား ရတတ်မအေးဖြစ်မှုမှာတော့ တိမ်မြုပ်နေလေသည်။
ချန်ရုံက ပတ်ဝန်းကျင်အား စိတ်ကြိုက်စူးစမ်းပြီးနောက် ဝမ်ဟုန်ရှိရာဘက်သို့ အကြည့်ပြန်လွှဲလိုက်သည်။
ထိုသူက သူမ၏အရှေ့မှနေ၍ လျှောက်လှမ်းနေဆဲဖြစ်လေ၏။
တောက်ပသောနေ့အလင်းနှင့် ယခုကဲ့သို့အန္တရာယ်ရှိသည့်အချိန်မျိုးတွင် ဖြောင့်စင်းတည့်မတ်သောသူ၏အသွင်အပြင်က အဝတ်ဖြူဖြင့်ခြုံလွှမ်းထားလျက်ရှိသည်။
ချန်ရုံက ဝမ်ဟုန့်အား စူးစိုက်ကြည့်နေခဲ့ပြီး သူမ၏နှုတ်ခမ်းသားများက တုန်လှုပ်လာတော့၏။
၎င်းအခိုက်အတန့်တွင် ဝမ်ဟုန်က သူမအား လှည့်ကြည့်လာခဲ့သည်။
သူ၏မျက်ဝန်းများက နေရောင်အောက်တွင် အလွန်တောက်ပနေ၏။ဝမ်ဟုန်က ချန်ရုံ့အားကြည့်ကာ ခပ်ဖျော့ဖျော့လေးပြုံးပြလျက် မေးမြန်းလာသည်။
" ငါတို့ပြန်တွေ့ကတည်းက မင်းအတွေးများနေသလိုပဲ ... မင်းစိတ်ထဲမှာ ဘာတွေရှိနေလဲ သိလို့ရမလား "
ချန်ရုံမှာ သူမ၏ပါးစပ်အားဖွင့်ဟရန် အခွင့်အရေး မရှိခဲ့ပေ။ အရှိန်အဟုန်ပြင်းလှသည့် မြင်းခွာသံများက သူတို့ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သောကြောင့်ဖြစ်သည်။
" ဝမ်ချီလန် "
ကျယ်လောင်သောအော်ဟစ်သံကြောင့် ချန်ရုံတစ်ယောက် အသိစိတ် ကပ်သွားလေ၏။
တပ်မှူးတစ်ဦးက အခင်းနေရာတွင် ပေါ်ပေါက်လာခဲ့သည်။ထိုသူက စီးတော်မြင်းအားရပ်တန့်လိုက်ပြီး ဝမ်ဟုန့်ထံသို့ လက်နှစ်ဖက်အားယှက်နွှယ်ပြကာ ဆိုလာခဲ့သည်။
" စွင်းယန်က ရှာနေတယ် "
ယင်းနောက်တွင် ထိုသူက ဝမ်ဟုန်၏နံဘေး၌ရပ်နေသောချန်ရုံ့အားတစ်ချက်လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ သဘာဝမကျစွာ ပြုံးလာတော့သည်။
" မင်းတို့အထက်တန်းလွှာတွေက ဒီလိုအချိန်မျိုးမှာတောင် ချစ်သူကောင်လေးနဲ့ ဟိုသွားဒီသွားလုပ်နေနိုင်တုန်းပဲနော် "
၎င်းစကားအဆုံးသတ်သွားသည်နှင့် တစ်ပြိုင်နက် နံဘေး၌ရှိသူထံမှ စူးရှသည့်အသက်ရှူသွင်းသံ ခပ်ပြင်းပြင်းအား ဝမ်ဟုန်ကြားလိုက်ရလေ၏။
သူက ခေါင်းကို မသိမသာငုံ့ထားခဲ့သည်။
ချန်ရုံ၏မျက်နှာမှာမူ နီရဲနေပြီး သူမက ၎င်းတပ်မှူးအား စူးစူးရဲရဲစိုက်ကြည့်လျက် နှုတ်ခမ်းများကိုလည်း တင်းတင်းစေ့ထားသည်။
ထိုအချိန်တွင် ဝမ်ဟုန်က လက်ကိုဆန့်တန်းလျက် ချန်ရုံ၏နှုတ်ခမ်းသားများအား လက်ချောင်းများဖြင့်လှမ်းထိတွေ့လိုက်တော့၏။
တစ်ဖက်လူအား တောင့်တင်းသွားအောင် အောင်မြင်စွာလုပ်ဆောင်ပြီးနောက် ဝမ်ဟုန်က တပ်မှူးဖြစ်သူအား တစ်ချက်လှည့်ကြည့်ကာ ပြုံးပြုံးလေးပြောလာခဲ့သည်။
" ဒီလိုဆိုတော့လည်း သွားရမှာပေါ့ "
ပြောပြောဆိုဆိုနှင့် ဝမ်ဟုန်က အရှေ့မှဦးစွာထွက်ခွာခဲ့တော့၏။တပ်မှူးသည်လည်း မြင်းပေါ်မှဆင်းကာ ဝမ်ဟုန့်အား အမှီလိုက်ရင်း ပြောကြားလာသည်။
" မူရုံခယ်ရောက်လာပြီ ... သူက ဒီနေ့ည တိုက်ပွဲစမယ်လို့ထင်လား "
" ဒီညလား ... မစဘူး "
ဝမ်ဟုန်၏လေသံက အလွန်ပင်သေချာနေသည်။
" ဘာလို့လဲ "
နှစ်ဦးသားက စကားစမြည်ပြောဆိုရင်းလျှောက်လှမ်းသွားပြီး သူတို့၏ပုံရိပ်များက ထောင့်တစ်နေရာသို့ ဝင်လျိုးပျောက်ကွယ်သွားကြ၏။
ထိုအချိန်ရောက်မှသာ ချန်ရုံမှာ မြေကြီးပေါ်သို့ခြေဆောင့်လိုက်ပြီး အံတကြိတ်ကြိတ်ဖြင့် တစ်ချိန်လုံးဝူးဝူးဝါးဝါးဖြစ်နေခဲ့သည်။သို့သော်လည်း သူမ၏လေသံမှာတိုးညင်းပြီး ဝိုးတဝါးဖြစ်သောကြောင့် စကားအပြည့်အစုံကို မဖန်တီးနိုင်ခဲ့ချေ။
အချိန်အတော်ကြာအောင် ပေါက်ကွဲပြီးနောက် ချန်ရုံက တစ်ဖက်သို့ပြန်လှည့်လိုက်ကာ ခေါင်းငုံ့လျက် မြို့စား၏အိမ်တော်ဆီသို့ ပြန်လည်လျှောက်လှမ်းသွားတော့၏။
အိမ်တံခါးဝသို့ ဝင်ရောက်တော့မည့်ဆဲဆဲတွင် အဖိုစွင်း၏လေသံကိုကြားလိုက်ရသည်။
" သခင်မလေး "
အဖိုးစွင်း၏မျက်နှာတွင် စိုးရိမ်နေသောအငွေ့အသက်များရှိနေ၏။
" သခင်မလေးနဲ့ ဝမ်ချီလန်က .... "
အဖိုးစွင်းက စကားစပြီးနောက် ခေတ္တနှုတ်ဆိတ်သွားသော်လည်း တစ်ခဏအကြာတွင် သက်ပြင်းချကာ တည့်တိုးပင်ပြောလာတော့သည်။
“မကြာခင် မြို့ပျက်တော့မှာ ... ပျော်ပျော်နေဖို့ ရက်နည်းနည်းပဲကျန်တယ် ... သခင်မလေးသာ သူ့ကိုစိတ်ထဲရှိရင် ပျော်သလိုလုပ်လိုက်ပါတော့ "
ရှေးရိုးဆန်ပြီး သစ္စာစောင့်သိသော အဖိုးစွင်း ထံမှ ထိုသို့သော အကြံပြုချက်မျိုးကို ကြားရမည်ဟု ချန်ရုံ မမျှော်လင့်ထားခဲ့ပေ။သူမက စိတ်မကြည်ဖြစ်သွားပြီး မျက်နှာများလည်းနီရဲလာခဲ့သည်။ယင်းနောက်တွင် ချန်ရုံမှာ ပြန်လည်ချေပပြောဆိုရန်အတွက် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားလုံးမှ ထွက်မလာခဲ့ချေ။
ထိုသို့ဖြစ်သဖြင့် သူမက အင်္ကျီလက်ကို တစ်ချက်ဝှေ့ကာအိမ်တော်ဝင်းထဲသို့သာ လျှောက်လှမ်းသွားတော့သည်။
ငါးလှမ်းခန့်အကွာတွင် ချန်ရုံက ရပ်တန့်ခဲ့ပြီး နောက်ပြန်လှည့်ကာ အဖိုးစွင်းအားလှမ်းအော်ပြောလိုက်၏။
" လှည်းပြင်ထားပါ ... တပ်မှူးစွင်းကို သွားတွေ့မယ် "
Xxxxx