Chapter 86
စိတ်တူကိုယ်တူ
ထိုစကားကိုကြားသောအခါအဖိုးစွင်းက မျက်မှောင်ကြုတ်ပြီးပြောလာသည်။
"တပ်မှူးစွင်းက ဒီလိုအချိန်မျိုးမှာ အလုပ်များနေမှာပဲ ... လူတိုင်းက သခင်မလေးရဲ့ဝမ်ချီလန်လိုမျိုး သဘောကောင်းနေတာမဟုတ်ဘူး "
" အရည်မရအဖတ်မရတွေတော်လောက်ပြီ ... ပြင်စရာရှိတာပြင်ထားပါ "
ချန်ရုံက မျက်ခုံးများအား တွန့်ချိုးလျက်ဆိုလိုက်၏။
ထိုအချိန်တွင် တစ်ဖက်လူ၏ပြတ်သားသောလေသံကိုကြားပြီး မြို့တံခါးသို့ရောက်စဉ်က သခင်မဖြစ်သူ သုံးခဲ့သည့်ဗျူဟာများအား အမှတ်ရသွားသည့်အဖိုးစွင်းက " ဟုတ်ကဲ့ပါ " ဟု ရိုရိုကျိုးကျိုးပြန်ဖြေခဲ့သည်။
လှည်းရထားက စွင်းယန်၏တည်းခိုဆောင်ရှိရာ အနောက်ဘက်လမ်းဆီသို့ ဦးတည်မောင်းနှင်သွားလေ၏။
စွင်းယန်နှင့်အတူပါလာသောစစ်တပ်အင်အား နှစ်ထောင်ခန့် ၊ မျိုးနွယ်စုကြီးများမှ ကိုယ်ရံတော်အင်အားတစ်သောင်းကျော်အပြင် မောယန်၌ စစ်သားအင်အား နှစ်သောင်းပတ်ဝန်းကျင်ရှိကြောင်းကို ချန်ရုံသိရှိခဲ့သည်။သူမတို့ထံတွင် ဟူစစ်တပ်ထက် လူအင်အားပိုများလေ၏။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်မှဦးဆောင်သူမှာ စစ်နတ်ဘုရား မူရုံခယ်ပင်ဖြစ်သည်။သူသည် ဤလောကကြီးတွင် ရန်မင်းပြီးလျှင် စစ်ရေးစစ်ရာ၌ အထက်မြက်ဆုံးလူပင်။
စစ်မြေပြင်တွင် နှစ်ရှည်လများ မျက်နှာဖုံးစွပ်ထားသည့် ဤချောမောသောတပ်မှူးသည် ၎င်း၏နည်းပရိယာယ်များတွင် ထူးထူးခြားခြား ပါးနပ်လွန်းပေ၏။
၎င်းပြင် အမှန်အကန်ပင် စစ်ပွဲဆင်နွှဲမည်ဆိုပါက မောယန်ရှိ စစ်သည်နှစ်သောင်းသည် စွင်းယန်၏တပ်သားနှစ်ထောင်လောက်ပင် ထိထိရောက်ရောက်စွမ်းဆောင်နိုင်မည်မဟုတ်ပါ။မျိုးနွယ်စုကြီးများက ၎င်းတို့ထံမှ သီးသန့်တပ်သားများအား စေလွှတ်လိုက်မှသာ အခွင့်အရေး တစ်စုံတစ်ရာ ရရှိနိုင်မည်ဖြစ်သည်။
ချန်ရုံမှာ သူမ၏လှည်းရထားပေါ်တွင်ထိုင်ရင်း မှတ်ဉာဏ်များအား အသည်းအသန်ပြန်လည်တူးဆွလျက် အချက်အလက်များကို ပြန်လည်စုစည်းနေခဲ့သည်။အတိတ်၌ ကြားခဲ့သည့် အရေးကြီးသောအရာအားလုံးကို တွေးတောဆင်ခြင်ရန် လိုအပ်ပေ၏။
ထိုအချိန်မှာပင် လှည်းရထားက ရပ်တန့်သွားပြီး အဖိုးစွင်းကပါ တစ်ဆက်တည်းပြောလာခဲ့သည်။
"သခင်မလေး ...ရောက်ပါပြီ"
ချန်ရုံ ကန့်လန့်ကာအား ပင့်တင်လိုက်သောအခါ မြောက်ဘက်တံခါးက သူမ၏မျက်စိရှေ့တွင် ပေါ်လာသည်။စွင်းယန်၏တပ်သားနှစ်ထောင်မှာ မျှော်စင်ပေါ်တွင်ရှိနေသည့်၎င်းတို့၏တပ်မှူးချုပ်နှင့်အတူ ဤနေရာတွင် တပ်စွဲထားကြ၏။
ချန်ရုံက လှည်းပေါ်မှခုန်ဆင်းလိုက်ပြီး အရှေ့သို့လျှောက်လှမ်းသွားခဲ့သည်။
တပ်သားများက မရွေ့လျားသော တောင်တန်းများသကဲ့သို့ မလှုပ်မယှက် ရပ်နေကြ၏။ချောမောလှပသော ချန်ရုံအားတွေ့လိုက်ရသည့်အခါတွင်မူ သူတို့၏မျက်ဝန်းများက ပြောင်းလဲမသွားပေ။
ချန်ရုံက လှေကားထစ်များပေါ်သို့တက်သွားခဲ့သည်။
ထိုစဉ်တွင် ဆို့နင့်ဖွယ်ရာတေးသံသာက သူမ၏နားထဲသို့ တိုးဝင်လာလေ၏။
“ကမ္ဘာတွင်းမှာ သူရဲကောင်းအပေါင်းပျောက်လေရှာတော့ စည်းဘောင်မဲ့ လူသားများ အုပ်စိုးလို့လာပေတယ် ... လူရမ်းကားတွေကြောင့် ဟန်လူမျိုးတွေရဲ့အရိုးဟာ နှင်းမြေအောက်ကို သက်ဆင်းခဲ့ရလေပြီ "
ချန်ရုံလှည့်ကြည့်လိုက်သောအခါ စုတ်ပြတ်နေသည့် သူတောင်းစားတစ်ယောက်က ခြေထောက်ကို ရှေ့ဆွဲကာ သူ၏ခွက်အကွဲအား လက်ဖြင့်ပုတ်နေသည်ကို တွေ့လိုက်ရသည်။ညည်းညူသောတေးသံနှင့် လိုက်လျောညီထွေဖြစ်စွာ သူ၏လေသံက ဆွဲဆွဲငင်ငင်ဖြစ်နေပေ၏။ရုတ်တရက်ပင် ကမ္ဘာကြီးသည် ကြောက်မက်ဖွယ်အေးစက်မှုအောက်တွင် ဖုံးလွှမ်းသွားသည်။
ချန်ရုံမှာ ထိုသူကိုကြည့်ရင်းအတွေးများနေမိ၏။
ဤလူသည် ပညာတတ်ဖြစ်ပုံရပြီး တောင်ဘက်မှ ရွှေ့ပြောင်းလာပြီးနောက်မှသာ ပျက်သုဉ်းသွားခဲ့ပုံပင်။သူသည် လမ်းပေါ်၌ တောင်းစားရန်ဆုံးဖြတ်လိုက်ရုံသာမကဘဲ သူ၏ဘဝလုံခြုံရေး အာမခံချက်ကိုလည်း စိတ်လျှော့လိုက်ပုံပေါ်သည်။စိတ်ထိခိုက်လွယ်သောမိန်းကလေးတစ်ဦးမဟုတ်သည့်ချန်ရုံက ထိုလူအား တစ်ချက်ထက်ပိုမကြည့်ဘဲ အရှေ့သို့သာ ဆက်လက်လျှောက်လှမ်းသွားလေ၏။
များမကြာမီ၌ပင် သူမသည် မျှော်စင်ပေါ်သို့ရောက်လာခဲ့ပြီး အစောင့်တစ်ဦးအား ကျိုးကျိုးနွံနွံမေးမြန်းလိုက်သည်။
" တပ်မှူးစွင်း ဒီမှာရှိလားမသိဘူး "
အထက်တန်းလွှာဝတ်စုံနှင့် ဖိနပ်တို့အားဝတ်ဆင်ထားသည့်ချန်ရုံမှာ မျိုးရိုးမြင့်တစ်ဦးဖြစ်ကြောင်း ထိုအစောင့်က သိရှိနားလည်သွားပြီး တလေးတစားဖြင့် ပြန်လည်ဖြေကြားလာခဲ့၏။
" တပ်မှူးစွင်းက မြို့စားနဲ့တွေ့ဖို့ သွားပါတယ် "
" အရေးကြီးကိစ္စရှိလို့ပါ ... အထဲမှာစောင့်နေပါရစေ "
ချန်ရုံမှာ ဤအခြေအနေအား ကြိုတင်မှန်းဆထားခဲ့ပြီး ဖြစ်သည်။
" ကောင်းပါပြီ "
ချန်ရုံအထဲဝင်သွားချိန်တွင် အစောင့်တပ်သား၏တီးတိုးသံကို ကြားလိုက်ရ၏။
" ဒီသခင်လေးက အရမ်းချောမောတာပဲ ... ကံမကောင်းစွာနဲ့ပဲဒီလိုလူကပါ အသတ်ခံရမဲ့အချိန်ကို ငါတို့လိုမျိုး စောင့်နေရတယ် "
မည်သို့ပင်ဆိုပါစေ ဤခေတ်မှ လူများသည် နုပျိူချောမောသူများအား အမြဲတစေ မြတ်နိုးတန်ဖိုးထားကြသည်။ယခုအခြေအနေမှာ ဥပမာတစ်ရပ်ပင်။ထိုအစောင့်မှာ သူကိုယ်တိုင်ပင် သေဘေးနှင့်ရင်ဆိုင်ရတော့မည်ဖြစ်လင့်ကစား ချန်ရုံ့အတွက်သာ စိတ်မကောင်းဖြစ်ပေးနေလေ၏။
ချန်ရုံက ဧည့်ခန်းထဲသို့ ဝင်သွားခဲ့ပြီး ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။မှောင်မိုက်နေသဖြင့် သူမ၏ရုပ်ရည်နှင့် မျက်နှာအသွင်အပြင်က သိသိသာသာ မှုန်ဝါးသွားပေ၏။
အချိန်များက တရွေ့ရွေ့ကုန်ဆုံးသွားသည်။
ခဏအကြာတွင် ငြီးငွေ့ဟန်ရှိသောလေသံတစ်သံထွက်ပေါ်လာခဲ့သည်။
" ကျုပ်တို့က တစ်ဖွဲ့တည်းဖြစ်သင့်တာမဟုတ်ဘူးလား ... မောယန်မြို့စားက သူ့နည်းသူ့ဟန်နဲ့လုပ်ချင်နေတယ်ဆိုတာက ထင်ရှားနေတာပဲ ... မောယန်က အထက်တန်းလွှာတွေကဒီလောက်စည်းလုံးနေမှန်းသိရင် ငါ့ရဲ့ရဲဘော်ရဲဘက်တွေကို ဒီလိုမျိုးသွေးစွန်းနေတဲ့နေရာကို ခေါ်မလာဘူး "
အလွန်စိတ်ပျက်နေသည့်ထိုလေသံပိုင်ရှင်မှာ စွင်းယန်ပင်ဖြစ်သည်။
“အခုမှပြောနေလို့ ဘာမှအသုံးမဝင်တော့ဘူး ... မူရုံခယ်ရဲ့ သုံးဂိတ်ပိတ် တစ်ဂိတ်ဖွင့်ဗျူဟာက စစ်ဗျူဟာကျမ်းထဲမှာပါတယ် ... ဒါပေမဲ့ မြို့စားကတော့ တစ်ဖက်လှည့်တယ်လို့ပြောရင်ပြော ... မဟုတ်ရင် ကလိမ်ဆင်တယ်လို့ပဲပြော ... ထားလိုက်တော့... သူတို့ကို အနောက်တံခါးကနေ ထွက်ခိုင်းလိုက်ပါ ”
ထိုအခါ စွင်းယန်က မကျေမနပ်ဖြစ်နေသောလေသံဖြင့် လေးလေးပင်ပင်ဆိုလာခဲ့သည်။
" ဝမ်အိမ်တော်က အစောင့်အရှောက်တွေကတောင် အဲ့ဒီအထက်တန်းလွှာတွေထက် ပိုသာသေးတယ် "
“ဟုတ်တယ်... လန်ယာဝမ်အိမ်တော်က နာမည်ကြီးတယ်... ဒါပေမဲ့ ဝမ်ချီလန် ပါးစပ်ဟတိုင်း မြို့စားက ကန့်လန့်တိုက်တော့တာပဲ ... တပ်မှူး ... ကျွန်တော်တို့ ဝမ်ချီလန့်စကားကို ဘာလို့ နားမထောင်ဘဲနေမှာလဲ ... စစ်သည်တွေကိုစုပြီး တောင်တံခါးကနေ ထွက်သွားကြရအောင်ပါ”
ထိုစကားကိုကြားသောအခါ ချန်ရုံ၏မျက်ဝန်းများ တောက်ပလာသည်။မျှော်လင့်ချက်ရောင်ခြည်လေးသမ်းလာခဲ့သည်နှင့်အမျှ သူမ၏လက်များက တစ်ဖက်နှင့်တစ်ဖက် ပူးကပ်လာနေ၏။
ခေတ္တတိတ်ဆိတ်သွားပြီးနောက် ဒုတိယမြောက်လေသံပိုင်ရှင်က ဆက်ပြောလာခဲ့သည်။
" လူရိုင်းတွေကလည်း ရုတ်တရက်ကြီးရောက်လာတယ် ... တစ်ခုခုဖြစ်တော့မလိုပဲ "
ထိုအခါစွင်းယန်က ညဉ်းညူဟန်ရသောအသိပေးသံဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
ယင်းအချိန်၌ပင် တံခါးစောင့်က အသိပေးလာလေ၏။
" တပ်မှူးစွင်း ....တပ်မှူးကို လှတပတလူငယ်လေးတစ်ယောက်က လာရှာပါတယ် ... ဧည့်သည်ခန်းထဲမှာစောင့်နေတာ ကြာပါပြီ "
တံခါးစောင့်မှာ စွင်းယန်အား လှပသည်ဟုပြောသည့် အဓိပ္ပါယ်မပေါ်အောင် အတတ်နိုင်ဆုံးမှန်ကန်စွာစကားထိန်းပြောခဲ့၏။ငယ်ရွယ်သောတပ်မှူးဖြစ်သူမှာ ယောက်ျားသားများအား " လှပသည် " ဟူသောစကားလုံးနှင့် ခိုင်းနှိုင်းပြောခြင်းအား နှစ်မြို့ဟန်မပေါ်ချေ။
" သိပြီ ... သွားတော့ "
စွင်းယန်က လေသံမာမာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
" လှတပတတဲ့လား ... ငါတို့တပ်မှူးစွင်းနဲ့တော့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ " တစ်ဖက်လူက ရယ်မောလျက် အရွှန်းဖောက်လာတော့၏။
" ထောင်ချောက်တွေလာဆင်မနေနဲ့ ... "
စွင်းယန်က အော်ပြောလိုက်ပြီး အခင်းနေရာမှ ထွက်ခွာလာခဲ့သည်။
ချပ်ဝတ်တန်ဆာ၀တ်ဆင်ထားလျက် နွမ်းလျသောမျက်နှာထားရှိသည့်စွင်းယန်က များမကြာမီ၌ပင် ဧည့်ခန်းထဲသို့ဝင်ရောက်လာ၏။တံခါးဝသို့ရောက်လာချိန်တွင် သူက အခန်းတွင်းအား ဝေ့ဝိုက်ကြည့်သည်။
ထိုအခြင်းအရာကိုမြင်သောချန်ရုံသည်လည်း ချက်ချင်းမတ်တပ်ထရပ်လိုက်လေ၏။
စွင်းယန်မှာ ခေါင်းမော့လျက် ချန်ရုံ့အား စူးစိုက်ကြည့်နေခဲ့ကာ ယင်းနောက်တွင်မူ လက်ဝှေ့ယမ်းလျက် အမိန့်ပေးလိုက်သည်။
" ထွက်သွား ...အကုန်ထွက်သွားကြ "
ထိုအချိန်တွင် စွင်းယန်နှင့်အတူပါလာသောတပ်မှူးငယ်က ချန်ရုံ့အား အကဲဖြတ်နေရှာ၏။သူက စွင်းယန်၏အမိန့်ပေးမှုကို ဂရုမထားဘဲ ချန်ရုံ့အား သေသေချာချာ စူးစမ်းရင်း တစ်ဖက်သို့လှည့်ကာ ပြောဆိုလာသည်။
" ပန်းပုရုပ်လိုမျိုးပဲနော်"
" အစောင့်တွေ ... " စွင်းယန်က အော်ပြောလာခဲ့၏။
" အမိန့်ရှိပါ "
" ဒီကောင့်ကို ခေါ်ထုတ်သွားကြစမ်း ... "
စွင်းယန်က ၎င်းတပ်မှူးငယ်အား လက်ညိုးထိုး၍ ဒေါသတကြီး အမိန့်ပေးသောအခါ အစောင့်များကလည်း တသွေမတိမ်းလိုက်နာကြသည်။
စွင်းယန်မှာ အမှန်အကန်ပင်ဒေါသထွက်နေကြောင်းသိရှိသွားသည့်ထိုတစ်ယောက်က လက်ယမ်းပြကာ အလိုက်တသိပြောလာခဲ့၏။
" ကောင်းပြီ ကောင်းပြီ ... ငါထွက်သွားမယ် "
တံခါးဝသို့ရောက်သောအခါတွင်လည်း ထိုတစ်ယောက်ကစိတ်အနှောက်အယှက်ဖြစ်နေသောအကြည့်ဖြင့် ဧည့်ခန်းတွင်းသို့ ပြန်လှည့်ကြည့်လာသည်။ထို့နောက်တွင် သူက စွင်းယန်နှင့် ချန်ရုံ့အား တစ်ပြန်စီလှည့်ကြည့်ကာ သက်ပြင်းချလိုက်လေ၏။
အစောင့်များအား အပြင်သို့စေလွှတ်ပြီးနောက်တွင် စွင်းယန်က ချန်ရုံ့အနီးသို့တိုးကပ်သွားကာ လက်ကိုဆုပ်ကိုင်လိုက်လျက် တုန်ယင်စွာ ပြောလာခဲ့သည်။
" အားရုံ ... မင်းက ဒီကို ဘာကိစ္စလာတာလဲ "
စွင်းယန်၏မျက်ဝန်းများမှာ နီရဲနေပြီး သူက ဒေါသတကြီးဖြင့် ပြောနေခြင်းပင်။
" ချန်အိမ်တော်က အားရုံ ... ဒီနေရာက ဘယ်လိုနေရာဆိုတာကိုရောသိရဲ့လား ... ဒီကိုလာပြီးရင်ဖြစ်လာမဲ့အကျိုးဆက်တွေကိုရော မသိဘူးလား "
တစ်ဖက်လူ၏ပြင်းပြင်းထန်ထန်စိုးရိမ်မှုအား မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသည့် ချန်ရုံ့ခမျာ ငိုချင်စိတ်ပေါက်လာသည်။သူမက စွင်းယန်အား မော့ကြည့်လိုက်ပြီး ပြတ်သားစွာ ပြောဆိုလိုက်လေ၏။
“ဒီကနေ ဘယ်လို ရုန်းထွက်ရမလဲဆိုတာကိုတော့ သိတယ် "
စွင်းယန်တစ်ယောက် ငြိမ်သက်သွားသည်။ထို့နောက်တွင် သူက ချန်ရုံ၏နှဖူးပေါ်လက်တင်ပြီး မေးမြန်းတော့၏။
" ကလေးမလေး ... အခု ကိုယ့်ဟာကိုယ်ဘာပြောနေတယ်ဆိုတာကိုရော သိရဲ့လား "
ချန်ရုံမှာ တစ်ဖက်လူအားစိုက်ကြည့်ဆဲဖြစ်ပြီး အဓိပွါယ်တူစကားကိုသာ ဆက်ပြောနေသည်။
" အကုန်လုံးကို ဒီကနေ ကယ်ထုတ်နိုင်မဲ့နည်းလမ်းကိုသိတယ် "
စွင်းယန်က ခေါင်းမော့လိုက်၏။သူ၏ချောမောသော မျက်နှာမှာ သံသယများဖြင့် ပြည့်နှက်နေသည်။ထို့နောက်တွင် စွင်းယန်က လက်ကိုဆန့်ထုတ်ခဲ့ပြီး ချန်ရုံ၏နှဖူးပေါ်သို့ ယင်းလက်ဖြင့်ဖိတင်လာသည်။တောက်ပပြီး ခေါင်းမာသောမျက်ဝန်းများအား မြင်လိုက်ရသည့်စွင်းယန်က မျက်ခုံးပင့်ကာ လက်ပြန်ရုတ်လိုက်၏။
ထို့နောက်တွင် သူကနောက်ပြန်ဆုတ်ပြီး ချန်ရုံ၏မျက်နှာချင်းဆိုင်ခုံ၌ ဝင်ထိုင်ကာ ဝိုင်ပုလင်းကို ကောက်ကိုင်တော့သည်။ဝိုင်တစ်ကျိုက်မော့ပြီးနောက်တွင် မူ စွင်းယန်က စကားဝိုင်းအား ပြန်လည်စတင်လေ၏။
" ဆက်ပြော ... "
ချန်ရုံက အချိန်ယူလျက် သပ်သပ်ရပ်ရပ်ဝင်ထိုင်လိုက်ပြီး ဒူးပေါ်လက်တင်ကာ ကျောကိုဆန့်၍ စွင်းယန်နှင့် အကြည့်ချင်းဆုံလိုက်သည်။
“ဒီကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတာ ကျွန်မသိတယ်” ယင်းနောက်တွင် တစ်ဖက်လူ၏တုံ့ပြန်ချက်ကို မစောင့်ဘဲ ချန်ရုံက အသံခပ်တိုးတိုးဖြင့် ထပ်လောင်းပြောကြားပြန်သည်။
" ဘယ်လိုသိခဲ့လဲဆိုတာကိုတော့ ပြောမပြချင်ဘူး ...စွင်းယန် ... ဒီနေ့ည အရုဏ်တက် ၂နာရီပတ်ဝန်းကျင်မှာ တောင်ဘက်ဂိတ်မှာရှိတဲ့ တပ်သားတွေက ဆင့်ခေါ်ခံရပြီး အင်အားသုံးထောင်လောက်ပဲ ကျန်နေခဲ့လိမ့်မယ် ...အဲ့ဒီတပ်သားတွေက မူရုံခယ်ရဲ့လူတွေမဟုတ်သလို စည်းလုံးမှုလည်းရှိမှာမဟုတ်ဘူး ... ဒါက ကျွန်မတို့အတွက် တစ်ခုတည်းသော ရှင်သန်ဖို့ အခွင့်အရေးပဲ”
" မင်းကို ဝမ်ချီလန်က အဲ့လိုပြောတာလား "
ချန်ရုံမှာ စွင်းယန်၏စကားအား သိပ်နားမလည်ချေ။
“အခုလေးတင် ဝမ်ချီလန်က ဒီလိုမျိုးနောက်တစ်ခေါက်ထပ်ပြောလာခဲ့တာ ... အတိအကျတော့ မဟုတ်ပေမဲ့ပေါ့ .... ငါတို့တပ်တွေ အားလုံးကိုစုပြီး ဒီည တောင်တံခါးကနေ ထွက်သင့်တယ်တဲ့ ... အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိနိုင်တယ်လို့ပြောတယ် ... ဒါပေမဲ့ မောယန်က အထက်တန်းလွှာတွေက သူ့စကား နားမထောင်ဘူးလေ ... မြို့စားဆိုရင်စကားဆုံးတဲ့ထိတောင် နားမထောင်ဘူး ... အားရုံ ... မင်းက သူ့စကားတွေကိုပြန်ပြောတယ်ဆိုတာက ဘာသဘောလဲ "
" သူလည်း ဒီလိုပြောခဲ့တာပဲလား"
ချန်ရုံက ရေရွတ်လျက် မျက်လွှာချလိုက်တော့သည်။
သူမ၏မျက်ဝန်းများမှာ ဆည်းဆာရောင်ခြည်အငွေ့အသက်များဖြင့်ပြည့်နှက်နေပြီး ထိုအရာက ချန်ရုံ့အား အနည်းငယ်စိတ်မကောင်းဖြစ်နေဟန် ဖြစ်သွားစေလေ၏။
" သူ့မှာလည်း တခြားနည်းလမ်းမရှိတော့ဘူးထင်ပါတယ် ... "
စွင်းယန်က ချန်ရုံ၏အမူအရာအား အံ့အားသင့်စွာ ကြည့်နေခဲ့သည်။
ယင်းနောက်တွင် ချန်ရုံမှာ စိတ်ကိုပြန်လည်စုစည်းလိုက်ပြီး
စွင်းယန်အား မော့ကြည့်ကာပြတ်ပြတ်သားသားပြောလိုက်တော့သည်။
“ ပြောစကားနားမထောင်တာက သူတို့ရဲ့ ပြဿနာပဲ ... ကျွန်မတို့ဘာသာကျွန်မတို့ ထွက်သွားကြမယ် ... တပ်မှူးရဲ့ တပ်သားနှစ်ထောင်နဲ့ ဝမ်အိမ်တော်က အမှုထမ်းတွေကိုခေါ်ပြီး ဒီညပဲ တောင်တံခါးကနေ ထွက်ကြမယ် ”
စွင်းယန်က ချန်ရုံ့အား စေ့စေ့ကြည့်နေပြီး ယင်းနောက်တွင်မူ ညာဘက်လက်အားဝှေ့ယမ်း၍အသံပြုလိုက်တော့၏။
" အပြင်မှာ တစ်ယောက်ယောက်ရှိလား ... ဝမ်ချီလန့်ကို သွားပြီး ဖိတ်ခေါ်လိုက်ပါ ... အချစ်ဆုံးသူငယ်ချင်းကို တွေ့နိုင်တယ်လို့လည်း ပြောလိုက် "
" ဟုတ်ကဲ့ပါ "
ရိုသေကျိုးနွံစွာဖြင့် ဆုတ်ခွာသွားသောခြေလှမ်းသံများအား ကြားလိုက်ရချိန်တွင် ချန်ရုံ၏မျက်နှာမှာ ကြည်လင်လာပြီး တောက်ပသည့်အပြုံးတစ်ခုက ချက်ချင်းပင် ပေါ်ပေါက်လာသည်။စွင်းယန်မှာ ယင်းစွဲဖက်ဖွယ်ကောင်းသည့်မျက်နှာထားအား ကြည့်ရင်း ထူပူသွားခဲ့လေ၏။ထို့နောက်တွင် စွင်းယန်က ခေါင်းကို မသိမသာငုံ့ကာ ချန်ရုံ့အား ဆက်မကြည့်တော့ပေ။
အခန်းထဲ၌ တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။
" ဟုတ်သားပဲ ... "
အချိန်အနည်းငယ်ခန့်အကြာတွင် စွင်းယန်ဘက်မှ စကားစလာပြန်လေ၏။
" ဝမ်အမှုထမ်းတွေ မြို့ထဲဝင်လာတုန်းက စကားတပြောပြောနဲ့ ပြုံးရယ်နေကြတယ်လို့ ကြားလိုက်ရတယ် ... အားရုံလည်း သူတို့နဲ့အတူတူဝင်လာတာပဲဖြစ်ရမယ် "
စွင်းယန်၏လေသံအရ မြို့ထဲသို့ဝင်ခဲ့စဥ်ကသူမ၏ဉာဏ်ပညာမြောက်သောအကြံအစည်မှာ ပျံ့နှံ့သွားခြင်းမရှိသေးကြောင်း ချန်ရုံသိလိုက်ရသည်။ဝမ်ချီလန်၏တိတ်တဆိတ်နှိုးဆော်ထားမှုကြောင့်ပင်ဖြစ်လေမည်။သူမသည် ထိုလူအား မည်သည့်အချိန်တွင်မှ မမှန်းဆနိုင်ပါချေ။
ချန်ရုံက တစ်ကိုယ်တည်းတွေးတောလိုက်ပြီး ယင်းနောက်တွင် ခေါင်းညိတ်လျက် ပြန်လည်ဖြေကြားလာသည်။
" ဟုတ်ပါတယ် ... အဲဒါက ကျွန်မရဲ့အကြံပါပဲ...အနောက်တံခါးကနေ ဝင်လို့ရမယ်မှန်းသိခဲ့တယ် ... ဟူတပ်သားတွေကျွန်မတို့ကို တိုက်ခိုက်မှာမဟုတ်ဘူးဆိုတာကိုရောပဲ "
" ဒါလည်းမင်းအကြံပဲပေါ့ ... "
ချန်ရုံက ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ စွင်းယန်မှာ မတ်တပ်ထရပ်ပြီး အခန်းတစ်ဝိုက်သို့ ကူးလူသွားလာနေလေ၏။ခြေလှမ်းအနည်းငယ်လျှောက်လှမ်းပြီးနောက် သူက ချန်ရုံ့အား ပိုမိုတောက်ပသောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်လာသည်။
" မင်းက စစ်ရေးဗျူဟာတွေကို သိတယ်ပေါ့ ... အရမ်းကောင်းတယ် ... မင်းလည်း အဲလိုတွေးရင် ဒီညပဲ ငါတို့တောင်တံခါးကနေထွက်မယ်”
စွင်းယန်က ပြောပြောဆိုဆိုဖြင့် အပြင်သို့ လှည့်ထွက်သွား၏။
" ဝမ်ချီလန့်ကို မစောင့်တော့ဘူးလား "
အနောက်တွင် ကျန်ရစ်ခဲ့သောချန်ရုံက အလျင်အမြန်လှမ်းမေးလိုက်သည်။
"ဘာလို့ သူ့ကိုစောင့်နေရဦးမှာလဲ ... အခုပဲ မောယန်မြို့စားနဲ့မျိုးနွယ်စုအကြီးအကဲတွေကို ငါ့ဆုံးဖြတ်ချက်အကြောင်း သွားပြောပြမယ် ... သူတို့ဘာသာသူတို့ သဘောတူတူ မတူတူ ဂရုမစိုက်ဘူး ... လက်တွေ့မှာ ဝမ်ချီလန်ဆိုတာက နတ်ဘုရားလိုလူပဲ ... သူ့ကိုယုံကြည်ထားရမယ် "
ယင်းနောက်တွင် စွင်းယန်က မပြေးရုံတမယ်ထွက်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် ပျောက်သွားတော့သည်။
Xxxxx