Chapter 87
တစ်ဖက်လူ၏ထွက်ခွာသွားသောပုံရိပ်ကိုကြည့်ရှုနေရင်း ချန်ရုံတစ်ယောက် စိတ်အေးသွားလေ၏။
မောယန်သို့ရောက်စ၌ သူမမှာ အနည်းငယ်စိတ်ရှုပ်ထွေးနေခဲ့သည်။ချန်ရုံမှာ ငယ်ရွယ်သော မိန်းကလေးတစ်ဦးသာဖြစ်ပြီး သူမပြောသမျှကို မည်သူမှ မယုံနိုင်ဟုတွေးထင်ခဲ့ကာ သူမအား ယုံကြည်စိတ်ချရကြောင်း ပြသနိုင်ရန် မျှော်လင့်ချက်ဖြင့် ဝမ်မျိုးနွယ်စုထံသို့ အကြံဥာဏ်တစ်ခုကမ်းလှမ်းရန် စွန့်စားခဲ့ရသည်။ထိုအချိန်တွင် သူမ လိုချင်သော ရလဒ်ကို ရရှိခဲ့ပုံပါပင်။
မည်သို့ပင်ဆိုစေကာမူ ဝမ်မျိုးနွယ်စုများက သူမအား ပြင်ပလူများထံ၌ ချီးမွမ်းထောပနပြုခြင်းကို ရှောင်ကျဉ်လိမ့်မည်ဟု ချန်ရုံမတွေးခဲ့ပေ။ထို့အပြင် သူမသည်ဝမ်ဟုန်နှင့် စကားပြောရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရလေသည်။ကံကောင်းစွာပင် ယခု သူမ၏စကားက ဝမ်ဟုန်၏စကားနှင့် တိုက်တိုက်ဆိုင်ဆိုင်ပင် တူညီနေပေ၏။ထို့ကြောင့်ပင် စွင်းယန်က သူမတို့နှစ်ဦးလုံးအား ယုံကြည်ရန် ဆန္ဒရှိခဲ့သည်။
ချန်ရုံက ခုံပေါ်သို့လှဲချလိုက်ပြီး ဝိုင်တစ်ကျိုက်မော့ပစ်လိုက်၏။ခေါင်းပြန်ငုံ့လိုက်သောအခါတွင် သူမ၏မြင်ကွင်းက ရုတ်တရက် မှောင်မိုက်သွားသည်။ချန်ရုံက လက်ထဲမှခွက်ကို ချက်ချင်းချလိုက်ပြီး သူမ၏ပါးစပ်အား အင်္ကျီလက်ဖြင့်သုတ်ပစ်လိုက်သည်။ထို့နောက်တွင်တစ်နေရာသို့ မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်ပြီးဖရိုဖရဲဖြစ်မှုအား ဖုံးကွယ်လိုက်လေ၏။
နှင်းသားသဖွယ်ဖြူဖွေးသောလူတစ်ဦးက တံခါးဝတွင်ရပ်နေပြီး ခေါင်းကို ဘေးသို့ အနည်းငယ် စောင်းငဲ့ကာ ပြုံးလျက် ချန်ရုံ့အား စိတ်ဝင်တစား ကြည့်နေသည်။
ထိုသူမှာ ဝမ်ချီလန်ပင်ဖြစ်ပေ၏။ချန်ရုံ၏မျက်နှာက ချက်ချင်း အရောင်ပြောင်းသွားသည်။
တောင်ပိုင်းရှိအထက်တန်းလွှာများသည် အမူအရာနှင့် အသွင်အပြင်ကို အလွန်အလေးပေးကြသည်ဖြစ်ရာ ၎င်းတို့၏သားသမီးများအား ငယ်ရွယ်စဉ်အချိန်ကပင် အထူးညွှန်ကြားချက်များနှင့် လေ့ကျင့်ပေးမှုများရှိခဲ့သည်။
ထိုအခြင်းအရာမှာ အလွန်အရေးကြီးသဖြင့် ချန်ရုံမှာ အခြားသူများ၏ရှေ့တွင် အနည်းငယ်ပိုပိုသာသာ ကျက်သရေရှိရှိပြုမူရန် အမြဲသတိရှိနေခဲ့လေ၏။
လူတစ်ဦးအား သူ၏သွေးသားအရ အထက်တန်းလွှာဖြစ်သည်ဟု လူအများက ယုံကြည်သောအခါတွင် ထိုသူ၏ ယဉ်ကျေးသိမ်မွေ့မှုမှာလည်း အတွင်းမှ ပေါက်ကြားလာလိမ့်မည်ဟု ထိုလူများက မျှော်လင့်လေ့ရှိကြသည်။
အကယ်၍သာ ထိုတစ်ဦးက အဆင့်အတန်းရှိရှိပြုမူခြင်းမရှိခဲ့ပါလျှင် သူသည် လူ့ဂွစာ သို့မဟုတ် ရိုးရာဓလေ့များကို မထီမဲ့မြင်ပြုသူ ၊ အများသူငှာ၏ပြောစကားကို ဂရုမစိုက်ဘဲ ပေါ့ပေါ့လျော့လျော့နေထိုင်သူ အစရှိသဖြင့် သတ်မှတ်၍ရလေသည်။ထိုနေရာတွင် မိန်းကလေးတစ်ဦးဖြစ်ပါက သူမသည် အဆင့်အတန်းရှိသူဖြစ်မလာနိုင်ကြောင်း ကောက်ချက်ချနိုင်ပေ၏။
ယင်းအရာအား ချန်ရုံအလေးပေးနေရသည့်အကြောင်းရင်းမှာ သူမ၏အသေးအဖွဲဆန်သောအပြုအမူများကို ယခင်က အထက်တန်းလွှာအမျိုးသမီးများအပြင် ရန်အိမ်တော်မှအစေခံများ ၊ မောင်းမမိဿံများက လှောင်ပြောင်ခဲ့ကြသောကြောင့်ဖြစ်သည်။ချန်ရုံ၏ ကိုယ်ပိုင်လေးစားမှုအား တစ်နေ့ထက်တစ်နေ့ ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့သော ထိုအဆုံးမရှိသည့်လှောင်ပြောင်မှုများသည် သူမအတွက် စိတ်ပိုင်းဆိုင်ရာ ခြောက်လှန့်မှုသဖွယ် ဖြစ်လာခဲ့သည်။
သူမ၏နမော်နမဲ့ဆန်သောအသွင်အပြင်အား ထင်ရှားကျော်ကြားပြီးမြင့်မြတ်သောအထက်တန်းလွှာတစ်ဦးထံ၌ ပထမဆုံးအကြိမ်အဖြစ် အမိဖမ်းခံလိုက်ရ၏။တစ်ဖက်လူမှာလည်း အလွန်ပြစ်ချက်ကင်းပြီး နတ်ဘုရားသဖွယ်ဖြစ်သောဝမ်ဟုန်ဖြစ်နေသည်။
ဝမ်ဟုန်က သူမထံသို့လျှောက်လှမ်းလာခဲ့၏။လက်တစ်ကမ်းအကွာတွင် သူက ခြေလှမ်းများအား ရပ်ဆိုင်းလိုက်ပြီး ခါးညွတ်ကာ အရှေ့သို့အနည်းငယ်ကိုင်းလာသည်။နှစ်ဦးကြားမှအကွာအဝေးကို ဝမ်ဟုန်က နီးကပ်သွားစေလေ၏။
အမှောင်ထောင့်တစ်နေရာ၌ ဝမ်ဟုန်၏မျက်ဝန်းများက ကြယ်စင်များသဖွယ် တောက်ပနေပြီး သူတို့နှစ်ဦးကြား၌ အသက်ရှူသံကိုပင် ထင်းထင်းလင်းလင်းကြားနိုင်သည်။
" ဘယ်လိုတောင် နမော်နမဲ့နိုင်နေတာလဲ "
ဝမ်ဟုန်က တိုးညင်းသောလေသံဖြင့်မေးလာခဲ့ပြီး ချန်ရုံ၏နှုတ်ခမ်းထောင့်မှ ဝိုင်စက်များအား သူ၏ခပ်သွယ်သွယ်လက်များဖြင့် ဖိသုတ်ပေးသည်။ဝမ်ဟုန်၏လေသံမှာ ဖြတ်ပြေးသွားသော နွေဦးလေပြေလေးသကဲ့သို့ပင်။
ချန်ရုံက ချက်ချင်းခေါင်းငုံ့လိုက်ပြီး ကြမ်းပြင်ကိုသာစိုက်ကြည့်နေသည်။ယင်းနောက်တွင် သူမက ဖြည်းဖြည်းချင်း ပုံမှန်အနေအထားအတိုင်းပြန်ပြောင်းထိုင်လိုက်တော့၏။
တစ်ချိန်တည်းမှာပင် ဝမ်ဟုန်သည်လည်း ခုံတန်းပေါ်သို့ ဝင်ထိုင်လာသည်။သူက ဝိုင်ပုလင်းကိုကောက်ယူကာ တစ်ကျိုက်မော့ပြီး ချန်ရုံပြုခဲ့သည့်အတိုင်းပင် အင်္ကျီလက်ဖြင့် ပါးစပ်သုတ်လိုက်၏။သို့သော်လည်း သူ၏ကိုယ်ရောင်ကိုယ်ဝါက အမှန်တကယ်ပင် ထူးခြားသည်။တူညီသောလုပ်ဆောင်ချက်များပင်ဖြစ်လင့်ကစား အခြားသူများနှင့် နှိုင်းယှဉ်လျှင် ဝမ်ဟုန်မှာ ဆွဲဆောင်မှု အပြည့်ရှိလေ၏။
ထိုအရာက အခြားသူများအား အရှက်ရစေရန် လုံလောက်သည်။ချန်ရုံမှာ တိတ်တဆိတ်သက်ပြင်းချလိုက်သော်လည်း တစ်ဖက်တွင် ကျေးဇူးတင်နေမိခဲ့သည်။
ဤသည်က သူ့နည်းသူ့ဟန်ဖြင့် နှစ်သိမ့်ပေးခြင်းဖြစ်ကြောင်း ချန်ရုံနားလည်ပေ၏။
ဝမ်ဟုန်မှာ ဝိုင်စွန်းထင်းနေသော အင်္ကျီလက်ကိုရုတ်လိုက်ပြီး ချန်ရုံအား ကြည့်လျက် မေးမြန်းလာသည်။
" ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကို ဒီမှာ တွေ့နိုင်မယ်လို့ စွင်းယန်က ပြောခဲ့တာမဟုတ်ဘူးလား ... ဘာလို့ သူကိုယ်တိုင်ကကျ ဒီမှာမရှိတာလဲ "
ချန်ရုံမှာ ၎င်းစကားအားကြားသည်နှင့်တစ်ပြိုင်နက် သူမ၏အတွေးများအား ဘေးဖယ်ထားလိုက်၏။
ထို့နောက်တွင် သူမက ကျောကိုမတ်ကာ အသက်ရှုသွင်းပြီးနောက် ဝမ်ဟုန့်ကို ကြည့်လိုက်သည်။
“တောင်ဘက်တံခါးက ဟူစစ်သားတွေက ဒီနေ့ည အရုဏ်တက်မှာ ရုတ်တရက် လွှဲပြောင်းခံရပြီး တပ်သားသုံးထောင်ပဲကျန်ခဲ့မှာလို့ စွင်းယန်ကိုပြောလိုက်တယ် ...
အဲ့ဒီတပ်သားတွေက မူရုံခယ်ရဲ့တပ်ကလည်းမဟုတ်တော့ မညီညွတ်ကြဘူး ... အဲဒါကြောင့် ဒါက ကျွန်မတို့ရဲ့ တစ်ခုတည်းသော ရှင်သန်ဖို့အခွင့်အရေးပဲလို့ ပြောပြလိုက်တာ ” အမှောင်ထဲတွင် သူမ၏အမူအရာက တည်ကြည်နေသော်လည်း ဝမ်ဟုန်အား ရင်ဆိုင်လိုက်ရသောအခါတွင် သူမ၏မျက်လုံးများက အနည်းငယ် မငြိမ်မသက်ဖြစ်သွားခဲ့သည်။
" စွင်းယန်က ရှင့်ကိုဒီခေါ်ဖို့ ဆုံးဖြတ်ပြီးတော့ မောယန်မြို့စားကိုသွားတွေ့မယ်ဆိုပြီး စိတ်ပြောင်းသွားတာ ... သူပြောတာကို နားမထောင်ရင်လည်း သူ့ဟာသူ တပ်သားနှစ်ထောင်ကို ခေါ်ပြီး ဒီကနေ ထွက်သွားမယ်တဲ့ ”
ချန်ရုံ၏စကားဆုံးပြီးနောက် အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေ၏။
ဝမ်ဟုန်က သူမအား စိုက်ကြည့်လာခဲ့ပြီး ယင်းနောက်တွင် ဝိုင်ကိုငှဲ့လျက် ဖြည်းညင်းစွာ ပြုံးလာသည်။
"ဒါဆို စွင်းယန်ပြောတဲ့ အချစ်ဆုံးသူငယ်ချင်းက အားရုံ မင်းပေါ့ ... "
ဝမ်ဟုန်သည် သူ၏လေသံအား ပေါ့ပါးစွာ ထိန်းထားခဲ့ပြီး ၎င်းသည် ချီးကျူးသောလေသံလော ၊ အခြားအဓိပ္ပါယ်တစ်ခုခုသက်ရောက်သလော ၊ ချန်ရုံသေချာနားမလည်တော့ပေ။
ဝမ်ဟုန်က ဝိုင်ကိုမော့ကာ ခွက်ကိုပြန်ချလိုက်သည်။
“အဲဒါဆိုရင် မင်းပြောတဲ့အတိုင်း လုပ်ကြရအောင် ... ”
ဝမ်းသာပီတိဖြစ်သွားသောချန်ရုံက ရုတ်ချည်းပင် မေးမြန်းလာသည်။
" ကျွန်မဘာလို့ဒီလောက်သေချာနေရသလဲ ဆိုတာကိုရော မမေးတော့ဘူးလား "
" မေးရင် ပြောပြမှာလား "
ချန်ရုံ ခေါင်းခါလိုက်သောအခါ ဝမ်ဟုန်က ရယ်လေသည်။
"ဒါဆို မင်းကို ဘာလို့မေးနေရမှာလဲ"
ချန်ရုံ၏မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ချို့ဖြတ်ပြေးသွားခဲ့ပြီး သူမက ခေါင်းငုံ့လျက် ပြုံးရယ်နေခဲ့၏။ထိုအချိန်တွင် ဝမ်ဟုန်၏သာယာသောလေသံက ထပ်မံထွက်ပေါ်လာပြန်သည်။
" အားရုံ ... မင်း ရှက်သွားပြန်ပြီ"
" ရှင့်ရှေ့မှာဆို အမြဲတမ်း ရူးနှမ်းနှမ်းပုံစံပဲ လုပ်မိနေတယ် ... " ချန်ရုံက ခေါင်းပြန်မော့လျက် သနားစဖွယ်လေသံဖြင့်ပြောလေ၏။
" အဲလိုလား ... "
“အင်း ”
ချန်ရုံက သူမ၏သတ္တိမှန်သမျှကို စုစည်းကာ ဝမ်ဟုန်နှင့်အကြည့်ချင်းဆုံလိုက်ပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်နေသောယင်းအကြည့်များထဲတွင် နှစ်သိမ့်မှုကိုခံယူလိုသော အငွေ့အသက်များပါဝင်နေသည်။သို့သော်လည်း ဝမ်ဟုန်က သူမအား နှစ်သိမ့်ခြင်းမပြုဘဲ
" သတိထားရတော့မှာပဲ ..." ဟုသာ ပေါ့ပေါ့ပါးပါး ပြောလာခဲ့၏။
သတိထားရပါမည်ဟု ပြောလိုက်ခြင်းလော။
ယင်းအဓိပ္ပါယ်မှာ မည်သည်နည်း။ သူမသည် အမြဲလိုလို ဖိုသီဖတ်သီဆန်သူဟု ဆိုလိုလိုက်ပါသလော။ထို့ကြောင့်ပင် ပိုမိုသတိထားရန် လိုအပ်ခြင်းလော။
ချန်ရုံ၏မျက်နှာငယ်လေးက ရုတ်ချည်းပင်ပိုမိုနီမြန်းလာသည်။သူမက ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမှ ထွက်မလာခဲ့ချေ။
ထိုအချိန်တွင် ဝမ်ဟုန်က သူမအား ပျင်းရိစွာ စူးစမ်းကြည့်ရှုနေသည်ကို ချန်ရုံမသိခဲ့ပါ။
ခဏအကြာတွင် ချန်ရုံက စိတ်ကိုပြန်လည်စုစည်းလိုက်ပြီး အားတင်းကာ တွေးလေသည်။
ပက်ပင်းမိသွားသော်လည်း မည်သည့်ကိစ္စရှိမည်နည်း။ဝမ်ဟုန်သည် ဤသို့သောအကြောင်းအရာများအား အခြားသူများထံ အားအားလျားလျားသွားပြောနေမည့်သူမဟုတ်ချေ။သူမသည်လည်း သူနှင့်လက်ထပ်မည်မဟုတ်သောကြောင့် အထင်အမြင်များအား လိုက်၍ဂရုထားနေစရာမလိုပါ။
ထိုအတွေးများကြောင့် ချန်ရုံတစ်ယောက် စိတ်သက်သာရာရလာခဲ့သည်။
ကောင်းကင်ကြီးက မှောင်မိုက်လာနေ၏။
ချန်ရုံမှာ ဝမ်ဟုန်ဝိုင်သောက်နေသည်ကို ထိုင်ကြည့်နေရင်း အချိန်ကုန်မှန်းမသိအောင်ပင် ဖြစ်ခဲ့ရသည်။
ဤသည်က ထူးဆန်းလွန်းသည်။တစ်ခါတစ်ရံ သူနှင့်အတူရှိသည့်အချိန်တိုင်းတွင် မည်သည်ကိုမှမပြောဘဲနေပါစေ
အချိန်ကုန်လွယ်သည်ဟု ခံစားရလေ၏။
ထိုအချိန်တွင် အရှိန်အဟုန်ပြင်းသောခြေလှမ်းသံများထွက်ပေါ်လာခဲ့သည်။ ထိုခြေသံများသည် လှေကားနားသို့ လျင်မြန်စွာနီးကပ်လာခဲ့ပြီး ယင်းနောက်တွင်မူ စွင်းယန်၏အမိန့်ပေးသံက တစ်ပါတည်းကပ်ပါလာခဲ့၏။
" ငါတို့ညီအစ်ကိုတွေကို ညစာစားပြီး အသင့်ပြင်ခိုင်းထား ... တိုးတိုးသက်သာပြောဖို့မမေ့နဲ့ ... "
" ဟုတ်ကဲ့ပါ "
ချက်ချင်းပင် စွင်းယန်က ဧည့်ခန်းထဲသို့ဝင်လာသည်။သူသည် ချန်ရုံနှင့် ဝမ်ဟုန်ရှိရာဆီသို့ လျှောက်လှမ်းသွားကာ စားပွဲပေါ်မှ ချန်ရုံသောက်လက်စ ခွက်အား လှမ်းကိုင်လိုက်ပြီး ဝိုင်ကိုတစ်ကျိုက်တည်း မော့ချပစ်လိုက်၏။
ထို့နောက်တွင် သူက ခွက်ကိုချလိုက်ပြီး ချန်ရုံနှင့်ဝမ်ဟုန်၏အမူအရာကို ဂရုမစိုက်ဘဲ ဒေါသတကြီးပြောဆိုလေသည်။
“ ဒီမောယန်အထက်တန်းလွှာတွေက စိတ်အနှောက်အယှက်ဖြစ်စရာပဲ ... သောက်ရေးကိုမပါဘူး ... သူတို့က အနောက်တံခါးကနေ ဖောက်ထွက်ဖို့ အခိုင်အမာပြောပြီး ငါ့စစ်သားတွေကို ခေါ်သွားခွင့်မပေးဘူး ... ခွေးမသားတွေ ... ငါ့လူတွေကို အရင်သေစေချင်နေကြတာ”
စွင်းယန်က ဝမ်ဟုန်၏နံဘေး၌ဝင်ထိုင်လိုက်ပြီး ဆက်ပြောပြန်၏။
" သူတို့ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို ငါကြိုသိပြီးသား ... ငါ ဒီအကြောင်းကို မပြောချင်တော့ဘူး ... ဝမ်ဟုန် ... ငါဘာလုပ်မယ်ဆိုတာကို သူတို့ကိုပေးမသိတော့ဘူး "
စွင်းယန်၏လေသံမှာ စိတ်ဆုံးဖြတ်ထားပုံရသည်။
သူ့အား နားလည်၍ရပေသည်။ယခုအချိန်တွင် လှုပ်ရှားမှုမှန်သမျှက မြို့တွင်း၌နေထိုင်သူများအား ထိခိုက်လာနိုင်စေပြီး စွင်းယန်သာသူ့သဘောနှင့်သူလုပ်ဆောင်လျှင်တပ်သားနှစ်ထောင်ကို အားကိုးနေကြသည့် မောယန်မြို့ခံများအတွက် ကြီးမားသောထိုးနှက်ချက်တစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ထို့ကြောင့်ပင် စွင်းယန်က ဝမ်ဟုန့်ကို စိုက်ကြည့်ကာ ဆုံးဖြတ်ချက်တစ်စုံတစ်ရာကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်လေ၏။
“ဆုံးဖြတ်ပြီးသွားရင် ဆုံးဖြတ်ထားတဲ့အတိုင်းပဲလုပ်ပါ "
"မင်းသဘောတူလား ... "
ဝမ်ဟုန်က ပြုံးရွှင်စွာ အကြံပြုသောအခါ စွင်းယန်က စိတ်လှုပ်ရှားနေသောလေသံဖြင့် ပြောလာခဲ့သည်။
“သူတို့က စိတ်တူကိုယ်တူဖြစ်လွန်းကြတယ် ...မင်းသာ ကိုယ်တိုင်ခွဲထွက်ချင်တယ်လို့သူတို့ကို သွားပြောရင် မင်းကိုချုပ်ထားပြီး မင်းရဲ့တပ်သားတွေကိုပါ ခြယ်လှယ်လာမှာ "
" ငါကလည်း မလုပ်ရဲဘူးထင်နေလို့လား ... "
စွင်းယန်က ခြေဆောင့်ပြီး မာန်ပါပါဖြင့်ရေရွတ်လိုက်၏။ထို့နောက်တွင် ဖြူစင်ဟန်ရသောမောယန်မြို့စားမှာ ဤလိုအချိန်မျိုးတွင် အလားတူလုပ်ရပ်အား ကျိန်းသေပေါက်လုပ်လာနိုင်သူဖြစ်ကြောင်း စွင်းယန်သဘောပေါက်သွားသည်။
ထိုအတွေးဖြင့်စွင်းယန်က ပြတ်ပြတ်သားသားဆိုလာပြန်လေ၏။
“ကောင်းပြီ ... ငါသူတို့ကို အသိပေးမှာ မဟုတ်ဘူး ... ငါတို့ဘာသာငါတို့ ဒီကနေ ထွက်သွားမယ် "
ယင်းနောက်တွင် သူက ချန်ရုံ၏သောက်လက်စခွက်ကို ထပ်မံယူရန်ပြင်လိုက်သော်လည်း လေဗလာကိုသာ ဖမ်းဆုပ်မိလေ၏။
ဝမ်ဟုန်က စွင်းယန်၏ရှေ့၌ရှိနေသာခွက်ကို အေးအေးလူလူလှမ်းယူကာ အမှိုက်စွန့်ပစ်လိုက်သည့်သဖွယ် ထောင့်တစ်နေရာသို့ ရွှေ့ပြောင်းလိုက်သောကြောင့်ဖြစ်သည်။ထို့နောက်တွင် ဝမ်ဟုန်က ဝိုင်ပုလင်းကိုကိုင်ကာ ခွက်အသစ်များထဲသို့ လောင်းငှဲ့လိုက်လေ၏။ သူသည် အရာရာကို အစီအစဥ်တကျ ချောချောမွေ့မွေ့လုပ်ဆောင်သွားသောကြောင့် စွင်းယန်မှာ မည်သည်ကိုမှ ဂရုမပြုမိခဲ့ပေ။ထို့ကြောင့်ပင် စွင်းယန်က ဝမ်ဟုန်ဖြည့်ထားခဲ့သောဝိုင်ခွက်အား ကိုင်ယူပြီး မော့သောက်လိုက်တော့သည်။
ချန်ရုံမှ အစောပိုင်းတွင် ခေတ္တကြောင်သွားသော်လည်း ဝမ်ဟုန်၏ သဘာဝကျသောအပြုအမူ၊ ပြုံးနေသည့် မျက်နှာထားတို့အား မြင်လိုက်ရချိန်တွင်မူ မည်သည်ကိုမှ ဆက်မတွေးမိတော့ပေ။
Xxxxxx