အပိုင်း ၈၈
Viewers 16k

Chapter 88
_ ထွက်လမ်း



သုံးယောက်သား စကားစမြည်ပြောပြီးသည့်နောက်တွင် အစီအစဉ်ကို စတင်အကောင်အထည်ဖော်ကြတော့သည်။

အချိန်သည် လျှပ်စီးဖွယ် မြန်ဆန်စွာကုန်ဆုံးသွားပြီး တဖြည်းဖြည်းနှင့် အမှောင်ထုက သက်ဆင်းလာခဲ့ပေ၏။

ညမိုးချုပ်သည်နှင့် တစ်ပြိုင်နက် မြို့စား၏အိမ်တော်တွင်းမှ ပုလွေသံထွက်ပေါ်လာပြီး ၎င်းမှာ အရှိန်အဟုန်ဖြင့် တောက်လျှောက်မြည်ဟီးနေလေသည်။

အထက်တန်းလွှာများမှာ နောက်တစ်နေ့၏လွတ်မြောက်မှုအား မျှော်လင့်ချက်မဲ့သွားကြသည်ဖြစ်စေ သို့မဟုတ် သူတို့သည် အသက်နှင့် သေခြင်းတရားကို ဂရုမစိုက်ကြောင်း ပြသလိုကြသည်ဖြစ်စေ ၊ မည်သို့ပင်ဆိုပါစေမူ ယခုအခါ တွင် သူတို့မှာ ပျော်ရွှင်မှုများနှင့် ပျော်ရွှင်ဖွယ်ရာများကို စွန့်လွှတ်လိုက်ကြပြီဖြစ်သည်။

ချန်ရုံမှာ လှည်းရထားအတွင်း၌ထိုင်ကာ လက်နှစ်ဖက်အား တင်းတင်းကြပ်ကြပ်ယှက်နွှယ်ကိုင်ဆုပ်ထားပြီး မြို့စား၏အိမ်တော်တံခါးသို့ စိုးထိတ်စွာဖြင့်လှမ်းမျှော်ကြည့်ရှုနေခဲ့လေ၏။

မြို့စားက ပြန်လွှတ်လိုက်သောအခါတွင် ဝမ်ဟုန်က အပြင်သို့ရောက်လာသည်။ချန်ရုံမှာ ဝမ်ဟုန့်အား အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့ပြီး သို့မှသာ သူတို့နှစ်ဦးမှာ စွင်းယန်နှင့်သွားရောက်တွေ့ဆုံနိုင်မည်ဖြစ်သည်။

လှည်းရထားအတွင်းရှိချန်ရုံမှာ အရည်ရှည်ပြီးတောင့်တောင့်ဖြောင့်ဖြောင့်ရှိသောလူသဏ္ဌာန်တစ်ခုအား လှမ်းမြင်လိုက်ရလေ၏။မကြာမီပင် ပြုံးရွှင်နေသည့်ဝမ်ဟုန်က လှည်းရထားကို မှီကာ အရှေ့၌ ပေါ်ပေါက်လာသည်။ထိုအခြင်းအရာကိုမြင်လိုက်ရသည့်ချန်ရုံမှာ အနည်းငယ်မင်သက်သွားတော့‌သည်။

" ကိုယ့်ကိုကြည့်တိုင်း အမြဲလိုလိုမင်သေသွားတတ်တယ်နော်အချစ် ... ကိုယ်တို့ ဘာလုပ်ကြမလဲ "

၎င်းလေသံမှာ မယုံနိုင်စရာကောင်းလောက်အောင်ပင် အလေးအနက်ဖြစ်နေခဲ့၏။

ချန်ရုံ၏မျက်နှာက အရောင်ပြောင်းသွားသည်။ထို့နောက်တွင် သူမက တစ်ဖက်လူထံမှအကြည့်လွှဲလိုက်ပြီး " ဘယ်သူက မင်သက်လောက်အောင်ကြည့်နေလို့လဲ ... ဟမ် " ဟု ပြာပြာသလဲဖြေရှင်း‌လိုက်သည်။

ထိုအခါ ဝမ်ဟုန်က နှုတ်ခမ်းစွန်းများအား ကော့ချိုးလိုက်ပြီး သူ၏လှည်းရထားဆီသို့ ပြန်လည်ဦးတည်သွားတော့သည်။

လက်ရှိအချိန်တွင် ဝမ်ဟုန်မှာ အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားလေ၏။လှပသောထူးထူးခြားခြားအဝတ်အစားများကိုဝတ်လျှင်ကြည့်ကောင်းရုံသာမက ရိုးရိုးရှင်းရှင်းဝတ်ဆင်သည့်အခါတွင်လည်း ကျက်သရေရှိရှိချောမောခန့်ညားနေတတ်သောလူမျိုးရှိကြောင်း ချန်ရုံမသိခဲ့ပေ။

ညနေစောင်းလာသည်နှင့်အမျှ မောယန်ရှိလမ်းများအား အမှောင်ထုက ဖုံးလွှမ်းသွားသည်။လှည်းဘီးများက တစ်သတ်မတ်တည်းဖြစ်သောအသံဖြင့် လိမ့်ပတ်ရွှေ့လျားနေကြပြီး ထိုအသံက လူများအား စိတ်မသက်မသာဖြစ်စေ၏။

အနည်းငယ်လှမ်းသောနေရာသို့ရောက်ချိန်တွင် လှည်းရထားက ရပ်တန့်သွားခဲ့သည်။

ချန်ရုံ လှည်းပေါ်မှဆင်းလာသောအခါ သူမ၏ရှေ့တွင် စစ်သားများတန်းစီနေကြသောမြင်ကွင်းအားတွေ့လိုက်ရသည်။ထိုသူများက သံချပ်ကာများဝတ်ဆင်ထားကြပြီး ၎င်းတို့၏မြင်းများနံဘေး၌အသီးသီးရပ်ကာ ဖြောင့်တန်းစွာ တန်းစီထားကြလေ၏။

မလှမ်းမကမ်းတွင်ရှိနေသည့်စွင်းယန်က လာရောက်နှုတ်ဆက်ရန်အတွက် အရှေ့သို့ထွက်လာသည်။

ယင်းနောက်တွင် စွင်းယန်မှာ စိတ်သက်သာရာရစေသောအကြည့်တစ်ခုကိုပေးလာပြီး ယခုလေးတင် လှည်းရထားပေါ်မှဆင်းလာသော ဝမ်ဟုန်အား လှမ်းကြည့်လိုက်သည်။

“တစ်ခုခုတော့ မှားနေတယ် ...ကြွက်နာရီ လေးပုံသုံးပုံကျော်(၁၂း၃၀ကျော်)လောက်ကတည်းက တောင်တံခါးအပြင်ဘက်မှာ လူရိုင်းတွေ တိုးလာတဲ့ပုံပဲ ”

စွင်းယန်က မျက်မှောင်ကြုတ်လျက် ပြောလာခဲ့၏။

" မဖြစ်နိုင်တာ ... "

ချန်ရုံက ဝင်ရောက်မှတ်ချက်ပြုလာခဲ့ချိန်တွင် စွင်းယန်က မျက်ခုံးပင့်လျက် ဝမ်ဟုန်အားကြည့်နေလေသည်။

" သွားကြည့်ကြရအောင် "

ဝမ်ဟုန်က ခေါင်းညိတ်ပြလျက် စွင်းယန်အား လှမ်းပြောလိုက်၏။

"ကောင်းပြီ "

ဝမ်ဟုန်က သူ၏အင်္ကျီလက်များအား တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ခံတပ်‌မျှော်စင်လှေကားထစ်များပေါ်သို့ ဦးဆောင်တက်ရောက်သွားခဲ့သည်။ယနေ့ည စစ်ဆင်ရေးကြောင့် စွင်းယန်မှာ တောင်ဘက်ဂိတ်တံခါးအား လုံးဝဥဿုံထိန်းချုပ်ထားနိုင်လေ၏။

ချန်ရုံသည်လည်း ထိုနှစ်‌ဦး၏အနောက်သို့ လိုက်ပါသွားခဲ့သည်။

များမကြာမီ၌ပင် သူတို့သည် မျှော်စင်ထိပ်သို့ရောက်လာကြ၏။ခြေဆယ်လှမ်းအကွာတိုင်းတွင် မီးရှူးတိုင်တစ်တိုင်စီရှိသည်။မှိတ်တုတ်မှိတ်တုတ်အလင်းရောင်များ‌အောက်တွင် ဟူတပ်စခန်းကို ရှင်းရှင်းလင်းလင်းမြင်ရလေသည်။

တစ်ခုခုမှာတော့ သေချာပေါက်ကွဲလွဲနေသလိုပင်။တပ်ဖွဲ့များက ဟူစခန်းထဲသို့ ရံဖန်ရံခါ ဝင်ရောက်လာကြပုံရပြီး မှိန်ဖျော့ဖျော့အလင်းရောင်တွင်ပင်လျှင် ထိုသူများ၏ခြေလှမ်းများကြောင့်ဖြစ်ပေါ်လာသောဖုန်လုံးများကို လှမ်းမြင်နေရသည်။

"အခြေအနေက အားရုံပြောခဲ့တာနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ"

စွင်းယန်က ဆိုလာခဲ့သော်လည်း ဝမ်ဟုန်မှာတော့ မည်သည့်အဖြေကိုမှ မပေးချေ။သူက မျက်လုံးများအား အနည်းငယ်မှေးစင်းကာ ဟူတပ်စခန်းအား နှုတ်ဆိတ်စွာဖြင့် ငုံ့ကြည့်လျက် စူးစမ်းအကဲခတ်နေသည်။

ယင်းအချိန်တွင် ကျန်လူများမှာ ဝမ်ဟုန်၏အဖြေအား စောင့်မျှော်နေခဲ့ကြလေ၏။

အချို့သူများမှာ ချန်ရုံ့အားစိုက်ကြည့်နေခဲ့ပြီး သူမ၏ဖြူဖတ်ဖြူလျော်ဖြစ်နေသောမျက်နှာနှင့် ဂနာမငြိမ်သည့် မျက်ဝန်းများအား မြင်လိုက်ရချိန်တွင် သူတို့သည် အတွေးလွန်မှုများအား မရပ်တန့်နိုင်ကြတော့ပေ။မည်သို့ပင်ဆိုပါစေ နောက်ဆုံး၌ သူမမှာ မိန်းကလေးတစ်ဦးသာဖြစ်သည်။

အခြေအနေက သေလောက်အောင်ပင် တိတ်ဆိတ်နေခဲ့၏။

ယင်းနောက်တွင် ဝမ်ဟုန်က ရုတ်တရက် ရယ်မောလိုက်ပြီး " မူရုံခယ်က တော်တာပဲ " ဟုပြောလာသည်။

အားလုံး၏အကြည့်များက ဝမ်ဟုန့်ထံသို့ ကူးပြောင်းသွားကြလေ၏။

"ဝမ်ချီလန် ... မင်းတစ်ခုခုတွေ့လို့လား"

စွင်းယန်က အလောတကြီး မေးမြန်းလာသောအခါတွင် ဝမ်ဟုန်က ခေါင်းညိတ်ပြသည်။

ထို့နောက်တွင် ဝမ်ဟုန်က အရှေ့သို့ညွှန်ပြလျက် ရယ်မောလာတော့၏။

“သူတို့က သူတို့ရဲ့ မီးရှူးတိုင်တွေကို မီးထွန်းမထားဘူး ... ဗုံတွေလည်း မရှိဘူး ... တစ်ယောက်ယောက်ဆက်တိုက်ဝင်နေသလိုမျိုးဖြစ်အောင် ဖုန်ထအောင်တမင်လုပ်ထားတာ ... မူရုံခယ်က အမြဲတမ်း ဉာဏ်နီဉာဏ်နက်သုံးပြီးလှည့်စားတတ်တာပဲလေ...အားရုံပြောတာ မှန်တဲ့ပုံပါပဲ ... တောင်တံခါးက တပ်သားထက်ဝက်လောက်ကို ခဏခေါ်သွားခဲ့တာ ... သူက ငါတို့ကို ဖောက်ထွက်တာကို တားဖို့ ဒီလှည့်ကွက်ကို သုံးနေတာ "

ဤအချိန်တွင် ဝမ်ဟုန်မှာ လူအုပ်ကြီးအား ဖြစ်ကြောင်းကုန်စင်အသေးစိတ်ကို စိတ်ရှည်လက်ရှည်ရှင်းပြခဲ့သည်။

" စီစဉ်ထားတဲ့အတိုင်း လုပ်ကြမယ် "

ကနဦးတွင် စွန်းယန်က ဝမ်ဟုန့်အား မသေချာမရေရာစွာ ကြည့်လာသော်လည်း ယင်းနောက်၌မူ သူ၏ချောမောခန့်ညားပြီးတည်ငြိမ်သည့်မျက်နှာပေးကြောင့် စိတ်ချလက်ချဖြစ်သွားခဲ့၏။

" ဟုတ်ပြီ .... "

စွင်းယန်က ပြောပြောဆိုဆိုဖြင့် အလျင်အမြန်ထွက်ခွာသွားသည်။

အရုဏ်တက်ချိန်ရောက်‌လာသောအခါတွင် မြို့စား၏အိမ်တော်မှ ပုလွေသံမှာ ရပ်တန့်သွားခဲ့ပြီး ယင်းနေရာတွင် အရပ်သုံးမျက်နှာမှ ဗုံသံများက ဖုံးလွှမ်းသွားသည်။အရှေ့တံခါး၊ အနောက်တံခါး ၊ မြောက်တံခါးတို့မှ ဗုံများကျယ်လောင်စွာတီးခတ်သံနှင့် မီးရှူးမီးပန်းသံများ ရုတ်တရက် ထွက်ပေါ်လာလေ၏။

တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ပြီး ထိတ်လန့်တကြားအော်ဟစ်သံများပေါ်ထွက်လာကာ မီးတိုင်များနှင့် မီးပုံးများလည်း လင်းလက်လာသည်။

လူများက " ဘာဖြစ်နေတာလဲ " ဟုမေးရန် ကြံရွယ်ပြီး အိမ်ထဲမှထွက်လာကြ၏။ထိုအချိန်တွင် ဒါဇင်နှင့်ချီသောသူရဲကောင်းများက တောင်တံခါးဘက်မှပြေးလာပြီး အော်ဟစ်လှုံ့ဆော်နေကြသည်။

“တောင်တံခါးက လွတ်နေတယ် ... မသေချင်ရင် တောင်တံခါးကနေ ထွက်သွားဖို့ တပ်မှူးစွင်းနောက်ကို လိုက်ခဲ့ ... "

ထိုသူတို့၏ကျယ်လောင်သည့်ပဲ့တင်သံများက လူတကာကို နိုးကြားစေခဲ့သည်။

မြို့စား၏အိမ်တော်တွင်း၌ ပျာပျာယာယာဖြစ်နေသောမျိုးနွယ်စုအကြီးအကဲတစ်ဦးက သူရဲကောင်းတစ်ဦးအား အော်ဟစ်၍ လှမ်းပြောလာသည်။

“ ဘယ်သူတွေက စွင်းယန်နဲ့ တောင်တံခါးကနေ ဖောက်ထွက်မလို့လဲ ... ပြန်ခဲ့ ... ဒီကိုပြန်လာခဲ့ကြ "

သို့သော်ငြားလည်း ထိုလူကြီးပြန်လည်ရရှိခဲ့သည့်အဖြေမှာ လေပွေသကဲ့သို့ဖြတ်ပြေးသွားသော သူရဲကောင်း၏ခြေလှမ်းများပင်ဖြစ်လေ၏။

ထိုအချိန်တွင် အခြားမျိုးနွယ်စုအကြီးအကဲတစ်ဦးက ဆက်ပြောပြန်သည်။

“ခဏနေပါဦး ... ငါတို့ကို ခဏလောက်စောင့်ပါ ...အထုပ်ပြင်ပြီး အတူတူလိုက်ချင်လို့ "

ဤတစ်ကြိမ်၌ ပြန်လည်ရရှိသောတုံ့ပြန်ချက်မှာလည်း ဖုန်ငွေ့များပင်။

......

တောင်တံခါး၌ဖြစ်လေ၏။

စွင်းယန်က အော်ဟစ်နေကြသောအထက်တန်းလွှာများကို အေးစက်စွာကြည့်ကာ “ငါ သူတို့ကို အချိန်မိနစ်သုံးဆယ်ပေးမယ်" ဟု ပြတ်ပြတ်သားသားပြောခဲ့သည်။

ဤကဲ့သို့ သေရေးရှင်ရေးအခြေအနေမျိုးတွင် မောယန်မြို့ခံများမှာ လှည်းရထားများအား အသင့်ပြင်ပြီး အထုပ်အပိုးများကိုလည်း ကြိုတင်ပြင်ဆင်ထားလျက် ထွက်ပြေးရန် အဆင်သင့်ရှိနေမည်ဖြစ်ကြောင်း ချန်ရုံတို့ နှစ်ဦးစလုံး သိရှိထား၏။ ၎င်းတို့သာစိတ်ရှိလျှင် မိနစ်သုံးဆယ်အတွင်း သံသယကင်းရှင်းစွာဖြင့် တပ်များနောက်မှအမှီလိုက်လာနိုင်မည်ဖြစ်သည်။ထို့ပြင် မိုးလင်းသည် အထိလည်း အချိန်များများရသေး၏။

ချန်ရုံက အော်ဟစ်ငေါက်ငမ်းနေကြသောအထက်တန်းလွှာလူကြီးများအား တစ်ချက်လှည့်ကြည့်လိုက်ပြီး ထို့နောက်တွင်မူ သူမ၏လှည်းယာဉ်ဆီသို့ ဦးတည်သွားတော့သည်။

ခြေလှမ်းငါးလှမ်းခန့်အကွာတွင် ဝမ်ဟုန်က နူးညံ့သောလေသံဖြင့် လှမ်း‌ပြောလာလေ၏။

" အားရုံ ... ဒီလှည်းထဲကိုလာထိုင် "

ချန်ရုံ၏ခြေလှမ်းများမှာ ရပ်တန့်သွားခဲ့ပြီး သူမက အသံလာရာဘက်သို့လှည့်ကြည့်လိုက်သည်။ထိုအခါ ' သေချာပေါက်လာရမည် ' ဟူသော သဘောသက်ရောက်သည့် ဝမ်ဟုန်၏မျက်နှာပေးနှင့် မှိန်ဖျော့ဖျော့အပြုံးတို့ဖြင့် ရင်ဆိုင်လိုက်ရတော့သည်။

ချန်ရုံက ပြတ်ပြတ်သားသားငြင်းဆိုရန် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင်မူ စကားလုံးများကို ပြန်မျိုချလိုက်ရပေ၏။ထို့နောက်တွင် သူမက ဖြူဖပ်ဖြူလျော်ဖြစ်ပြီး တုန်ယင်နေသောအဖိုးစွင်းအား လှမ်းကြည့်လိုက်သည်။

ဤလိုပုံစံနှင့် လှည်းအား မည်သို့မောင်းနိုင်တော့မည်နည်း။

မီးရောင်အောက်၌ ချန်ရုံက ဝမ်ဟုန့်အား ဦးညွှတ်ပြလိုက်ပြီး ထို့နောက်တွင်မူ တစ်ဖက်လူထံ ဦးတည်သွားသည်။

" ကျွန်မရဲ့ အမှုထမ်းက အသက်ကြီးပြီ ... သူ့ကို အထဲမှာထိုင်ပြီးစီးနင်းခွင့်ပြုပါ ... ဖြစ်နိုင်ရင် တခြားတစ်ယောက်ကို လှည်းမောင်းခိုင်းပေးပါ "

ထိုအခါ ဝမ်ဟုန်က ခေါင်းညိတ်ပြပြီး သူ၏အစေခံများအား အသေအချာညွှန်ကြားနေလေ၏။ယင်းနောက်တွင် ဝမ်ဟုန်မှာ ချန်ရုံ့အား တစ်ချက်မကြည့်ဘဲ လှည်းရထားထဲသို့ ဝင်သွားခဲ့သည်။ချန်ရုံသည်လည်း အနောက်မှနေ၍ လိုက်ပါ ဝင်ရောက်သွားလေ၏။

ထိုအချိန်၌ပင် ထိတ်လန့်တကြားအော်ဟစ်သံတစ်သံကို သူတို့ကြားလိုက်ရသည်။

“မင်းက ဘယ်လိုတောင်မျက်နှာပြောင်တိုက်တာလဲ စွင်းယန် ... မင်းဘာသာမင်း လွတ်အောင်ပြေးမယ်ပေါ့လေ ... ဆင်းလာခဲ့ ... ဒီကို ဆင်းလာခဲ့စမ်း"

၎င်းလေသံပိုင်ရှင်မှာ မောယန်မြို့စားပင်ဖြစ်လေ၏။ယခုအချိန်တွင် သူက ခြေဗလာဖြင့်ပြေးလာခဲ့ပြီး အင်္ကျီမှာလည်း ကပိုကရိုဖြစ်ကာ ဆံပင်များကလည်း ပွထနေလျက် မျက်နှာမှာလည်း ပြာနှမ်းနေလေ၏။မြို့စားဖြစ်သူ၏ကျက်သရေရှိမှုများက မည်သည့်နေရာသို့ရောက်ရှိသွားပါသနည်း။

ထိုသို့ရောက်ရောက်လာချင်း၌ပင် စွင်းယန်က သူ၏မြင်းပေါ်သို့ခုန်တက်ခဲ့ပြီး အနောက်သို့လှည့်ကြည့်ကာ ဦးညွှတ်လျက် ပြောဆိုလာခဲ့သည်။

" စိုးရွံ့မိကြောင်းပါ "

ထိုအချိန်တွင် ဝမ်ဟုန်၏‌သိမ်မွေ့သောလေသံ ထွက်ပေါ်လာလေ၏။

" ဘာလို့ ထုပ်ပိုးပြီး ကျွန်တော်တို့နဲ့ထွက်သွားဖို့ မလုပ်သေးတာလဲ မြို့စား ... ကျွန်တော်တို့သာ တပ်သားနှစ်ထောင်နဲ့တိုက်ခိုက်ပြီး လမ်းရှင်းနိုင်ရင် တောင်တံခါးဘက်က အလွတ်ကြီးဆိုတာကို သက်သေပြနိုင်မှာပဲ ... ဒါဆို မြို့စားကျွန်တော်တို့နောက် လိုက်လို့ရပြီ "

ဝမ်ဟုန်၏လေသံက အထူးကြည်လင်ပြီး အလွယ်တကူပင် နှုတ်ဆက်စကားဆိုနိုင်သည့်ပုံပင်။မောယန်မြို့စားက ခေတ္တတွေးလိုက်ပြီးနောက် တိုးညင်းစွာပြောလာခဲ့သည်။

“ဒီအချိန်မှာ ဝမ်ဟုန်ပြောသလိုပဲ လုပ်နိုင်တယ် ”

"တံခါးဖွင့်ကြတော့ဟေ့ ... ဖောက်ထွက်ကြမယ်... " စွင်းယန်က လှမ်းအော်လိုက်တော့၏။

စစ်သားနှစ်ထောင်နှင့် ဝမ်တပ်သားများမှာ ၎င်းတို့၏လက်နက်များကို တင်းကျပ်စွာဆုပ်ကိုင်ထားကြသည်။

ကျယ်လောင်သောအသံများထွက်ပေါ်လာပြီး သံတံခါးများလည်း ပွင့်လာကြပြီဖြစ်သည်။

ထိုအချိန်တွင် ညလေပွေမှာ အေးမြစွာတိုက်ခတ်နေလေ၏။

စွင်းယန်၏အမိန့်ပေးသံအားနာခံ၍ မြင်းစီးသူရဲများက တောင်တံခါးမှနေ၍ မြို့ပြင်သို့ စီးနင်းထွက်ခွာလာကြသည်။

ချန်ရုံမှာ လှည်းရထားကို ကိုင်ဆုပ်ကာ အတွင်း၌ ထိုင်လျက်သားရှိနေခဲ့သည်။သူမ၏မျက်နှာငယ်လေးမှာ စာရွက်တစ်ရွက်ကဲ့သို့ ဖြူ‌ဖျော့နေပြီး ချွေးများဖြင့် ရွှဲနစ်နေရှာသည်။ချန်ရုံတစ်ယောက် မျက်လုံးမှိတ်ထားလိုက်တော့၏။ပြီးပြည့်စုံသော ငြိမ်သက်မှုအပြီးတွင် မြင်းခွာသံ၊ မြင်းဟီးသံ ၊ လှည်းဘီးလှိမ့်သံ ၊ အော်ဟစ်သံ ၊ ဗုံသံနှင့် ဓားချင်းရိုက်ခတ်သံများအား ကြားလာရသည်။

ဤလိုအချိန်မျိုးအား မကြုံဖူးသည်ဖြစ်ရာ တစ်စက္ကန့်ချင်းစီက တစ်ဘဝတာသကဲ့သို့ ကြာရှည်နေလေသည်။

ဤမျှလောက် စိတ်ပန်းလူပန်းဖြစ်ရသောကာလမျိုးလည်း မရှိခဲ့ဖူးပေ။ဆို့နင့်လွန်းသဖြင့် နှလုံးသားက လည်ချောင်းထဲမှပင် ခုန်ထွက်လာတော့မလို ခံစားရသည်။

' ရွှတ် ... '

၎င်းမှာ အသားစိုင်အား ဓားဖြင့်လှီးဖြတ်သည့်အသံဖြစ်လေ၏။ရုတ်ချည်းပင် ကန့်လန့်ကာပေါ်၌ စမ်းချောင်းသဖွယ်သွေးစီးကြောင်းများ ဖြန်းခနဲ စွန်းထင်းသွားပြီး သွေးစက်အနည်းငယ်မှာ ချန်ရုံ၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်သို့ လွင့်စင်လာခဲ့သည်။

ဤသည်က အစပင်ရှိသေး၏။




Xxxxxxx