Chapter 89
သဝန်တိုခြင်း
အမှောင်ထု၏အဓိကချုပ်နှောင်မှုဖြစ်လာသော ဝမ်းနည်းပူဆွေးစွာအော်ဟစ်သံများမှာ ညကောင်းကင်ယံတွင် ကျယ်လောင်စွာ မြည်ဟီးလာကြသည်။
တဖြည်းဖြည်းနှင့်ချန်ရုံမှာ စိတ်တည်ငြိမ်မှုပျောက်ဆုံးသွားပြီး ဒူးထောက်လျက်သားခွေကျသွားခဲ့သည်။ထို့နောက်တွင်သူမက လှည်းရထားကြမ်းပြင်၌ လေးဖက်ထောက်သွားကာ ထောင့်တစ်နေရာ၌ ကျုံ့ကျုံ့ကလေး ထိုင်နေခဲ့လေ၏။
သို့သော်လည်း အချိန်သည် သူမအတွက် ရပ်တန့်မပေးခဲ့ပေ။တိုက်ပွဲတွင်းမှ အော်ဟစ်သံများကလည်း အတောမသတ်နိုင်ပုံရသည်။
အချိန်အတော်ကြာပြီးနောက် ချန်ရုံတစ်ယောက် နွေးထွေးမှုကို ခံစားလိုက်ရသည်။
ချန်ရုံမှာ သူမကိုယ်တိုင်ပင်မသိလိုက်ဘဲ ထိုရင်ခွင်ထဲသို့တိုးဝင်ကာ တစ်ဖက်လူ၏ခါးကိုလည်း လက်ဖြင့်တင်းကြပ်စွာဖက်တွယ်ထားမိလေ၏။သူမက ထိုရင်ခွင်ထဲ၌ ခေါင်းဝှက်ထားလျက် အနေအထားရှိနေသည်။
အမှောင်ထုနှင့် စိတ်ရှုပ်ထွေးမှုများကြားတွင် ထိုသူက
သာယာသောလေစိုင်သဖွယ်ပင်။ချန်ရုံမှာ လေထုကို အလွန်အမင်းလိုအပ်နေသောရေနစ်နေသူတစ်ဦးသဖွယ် ထိုလူအား လက်မလွှတ်စတမ်း ဖက်ထားမိလျက်သားရှိနေခဲ့၏။
အချိန်မည်မျှကြာရှည်သွားသည် မသိလိုက်ပေ။ထို့နောက်တွင် လှည်းရထားအပြင်၌ရှိနေသည့်စွင်းယန်က ကျယ်လောင်စွာအော်ဟစ်လာလေသည်။
" မီတာငါးရာ ... နောက်ထပ်မီတာငါးရာပဲ ဆက်ဖောက်ထွက်ဖို့လိုမယ်ကွ ... "
ထိုအော်သံတွင် စည်းဘောင်မဲ့သော အတောမသတ်နိုင်သည့် စိတ်လှုပ်ရှားမှုအငွေ့အသက်များပါဝင်နေသည်။
အမိန့်နာခံကြောင်းပြသသည့် ကြွေးကြော်သံများကြားတွင် ဓားချင်းရိုက်ခတ်သံများက ပိုမိုကျယ်လောင်လာသည်။
“ညီအစ်ကိုတို့ ...လူရိုင်းတွေမှာ စစ်ကူမရှိဘူး ... သူတို့မှာ စစ်ကူမရှိဘူး ... ငါတို့နဲ့အင်အားချင်းအတူတူပဲ ”
စွင်းယန်က အော်ပြောပြန်လေ၏။
တက်ကြွနေသည်မှာသူတစ်ဦးတည်းမဟုတ်ပေ။ထိုအချိန်တွင် အက်ရှရှလေသံတစ်သံကပါ တစ်နေရာရာမှ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
" ညီအစ်ကိုတို့ ... ဒီလူရိုင်းတွေကို သတ်ပြီး အိမ်ပြန်ကြမယ်ဟေ့… ”
' အိမ်ပြန်ကြမယ် ' ဟူသော ဆောင်ပုဒ်မှာ လောကကြီးတွင် အထိရောက်ဆုံးပင်ဖြစ်လေ၏။ရုတ်ချည်းပင် ဓားသံတချွမ်ချွမ်က ပို၍တိုးလာပြီး အော်ဟစ်သံများမှာလည်း ပိုလို့ပင်ကျယ်လောင်လာပြန်သည်။
သတ်ဖြတ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် မြင်းခွာသံများနှင့် လေးလံသော အသက်ရှူသံများကိုသာ ကြားနိုင်တော့သည်။
ထို့နောက်တွင် ထုံးစံအတိုင်းဝမ်ဟုန်၏နှစ်လိုဖွယ်ရာလေသံကို ချန်ရုံကြားလိုက်ရ၏။
" ဖောက်ထွက်နိုင်ခဲ့ပြီလား ... "
"ကျွန်တော်မျိုးတို့ ဟူစခန်းကို ကျော်လာခဲ့ပြီ ... နည်းနည်းဆက်သွားရင် လမ်းမကြီးကိုရောက်တော့မှာပါ"
လှည်းယာဉ်မောင်းသူက လေသံကိုမြှင့်ပြီး ပြန်လည်ဖြေကြားလာသည်။
" သခင်လေး ... ကျွန်တော်တို့သာချုံခိုအတိုက်မခံရရင် အောင်အောင်မြင်မြင်နဲ့ထွက်ပြေးနိုင်မှာ "
ယင်းနောက်တွင် ယာဉ်မောင်းဖြစ်သူက တစ်ဆက်တည်းပင် တုန်ယင်နေသောလေသံဖြင့် ထပ်လောင်းပြောကြားလာပြန်လေ၏။
ထိုအချိန်တွင် စွင်းယန်၏ကျိန်ဆဲသံထွက်ပေါ်လာသည်။ " " မောယန်မြို့စားက သောက်ရူးကောင်ပဲ ... ဘာလို့ အဲ့မှာတင် ဒီတိုင်းရပ်ကြည့်နေနိုင်ရတာလဲ ... ငါတို့ဦးဆောင်တဲ့နောက်ကိုလိုက်ပြီး ဒီကနေထွက်ဖို့ကြိုးစားရမှာပေါ့ ... ဦးနှောက်မရှိတဲ့သောက်ရူးကောင်ပဲ ... "
အချိန်အတော်ကြာ ကျိန်ဆဲပြီးသောအခါတွင်မှ စွင်းယန်က ဆက်လက်ပြောကြားလာခဲ့၏။
“အားလုံးပဲ အားစိုက်ထုတ်ပြီး လမ်းမကြီးဘက်ကို ဖောက်ထွက်ကြမယ် ... ငါတို့တွေ ဘေးကင်းကင်းနဲ့ အိမ်ပြန်ကြမယ်"
လူအုပ်ကြီးက စိတ်အားထက်သန်စွာ တုံ့ပြန်ကြပြီး လှည်းရထားများသည်လည်း လျင်မြန်စွာထွက်ခွာလာခဲ့ကြသည်။
နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင်ခန့်ဟုထင်ရလောက်သောအချိန်ကာလတစ်ခုအားဖြတ်ကျော်အပြီးတွင် အားလုံးက အရှိန်လျှော့လိုက်ကြသည်။ထိုအချိန်တွင် ပင်ပန်းနေသည့်လေသံတစ်သံက အနောက်မှ ထွက်ပေါ်လာ၏။
" လူရိုင်းတွေက အနောက်ကနေလိုက်မလာဘူး ... ခရီးတစ်ထောက် နားကြရအောင် "
" ကောင်းပြီလေ "
"ဝမ်ချီလန် ... ထွက်လာပြီး ဘာဆက်လုပ်ရမယ်မှန်း ပြောပါဦး "
စွင်းယန်က ဝမ်ဟုန်၏လှည်းရထားနားသို့ ချဉ်းကပ်သွားပြီး ပြောပြောဆိုဆိုဖြင့် လိုက်ကာစကို မတင်လိုက်သည်။အထဲမှပူနွေးသောမြင်ကွင်းအား မြင်လိုက်ရချိန်တွင်မူ စွင်းယန်တစ်ယောက် ပျာယာခတ်သွားလေ၏။
"ဘာတွေဖြစ်နေတာလဲ"
ဝမ်ဟုန်က စွင်းယန်အားလျစ်လျူထားသည်။မျက်နှာ၌ သွေးစများစွန်းထင်းနေပြီး အခြေအနေမှာ ဝရုန်းသုန်းကား ဖြစ်နေသည့်တိုင် ဝမ်ဟုန်မှာ ခပ်ပြေပြေကလေး ပြုံးနေနိုင်သေး၏။စွင်းယန်စိုက်ကြည့်နေသည့်ကြားကပင် ဝမ်ဟုန်မှာ ချန်ရုံ့အား ဘယ်ဘက်လက်ဖြင့်သိုင်းဖက်ထားလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ချန်ရုံ၏မေးဖျားအား ဆွဲယူကာ ခေါင်းမော့စေသည်။
" ဘယ်လိုပဲဖြစ်ဖြစ် သူက ကလေးမလေးပဲလို့ ငါထင်တယ် ... ကြောက်နေရှာတာ ... "
ဝမ်ဟုန်၏စကားအဆုံးတွင် စွင်းယန်က မြင်းပေါ်မှ ဝုန်းခနဲခုန်ဆင်းလျက် လှည်းရထားထဲသို့ဝင်လာပြီး ချန်ရုံ့အား ဆွဲထုတ်တော့သည်။သို့သော်လည်း ချန်ရုံမှာ ဝမ်ဟုန့်အား ရေဘဝဲတစ်ကောင်သကဲ့သို့ တွယ်ကပ်နေခဲ့လေ၏။စွင်းယန်မှာ ထအော်မိတော့မတတ်ဖြစ်သွားသော်လည်း အတတ်နိုင်ဆုံးစိတ်ထိန်းကာ လေသံလျှော့၍ပြောလာသည်။
" ဝမ်ဟုန် ... သူက လက်ထပ်ရဦးမှာနော် ... "
စွင်းယန်၏လေသံ၌ ဒေါသအငွေ့အသက်အနည်းငယ်ပါဝင်နေသည်။
ထိုအခါဝမ်ဟုန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး စွင်းယန်အားမော်ကြည့်လျက် မေးမြန်းလာလေ၏။
" အားရုံကို သဘောကျနေတာလား ... တပ်မှူးစွင်း "
စွင်းယန်၏ချောမောသောမျက်နှာမှာ ရုတ်ချည်းပင် ပျာယာခတ်သွားခဲ့သည်။ယင်းနောက်တွင် သူက ဘေးဘီအားလှည့်ကြည့်လိုက်၏။အားလုံးက သူ့အားစိုက်ကြည့်လျက်ရှိကြောင်းသိလိုက်ရသောအခါ စွင်းယန်က ကန်လန့်ကာစအား အမြန်ပြန်ချလိုက်သည်။
ထို့နောက်တွင် စွင်းယန်က ခေါင်းငုံ့ကာ အားယူပြီးနောက် ဝမ်ဟုန့်အား စိုက်ကြည့်လျက် လေးနက်စွာဆိုလာပြန်သည်။
" ဝမ်ချီလန် ... သူ့ကို ပေါ့ပေါ့တန်တန်မဆက်ဆံနဲ့ ... ငါပြောတာကို နားလည်လား ... သူနဲ့မထိမ်းမြားနိုင်ဘူးဆိုရင် အစကတည်းက ဇာတ်မရှုပ်နဲ့ ... အားရုံလိုမိန်းကလေးက တစ်ယောက်ယောက်ရဲ့ ဇနီးမယားဖြစ်ဖို့ ထိုက်တန်တယ် ...ဒီလိုနဲ့ မင်းက သူ့ကိုဖျက်ဆီးမိသလို ဖြစ်သွားလိမ့်မယ် ... ငါသူ့အကြောင်းသိတယ် ... အားရုံက ယောက်ျားတစ်ယောက်အပေါ် စိတ်နှစ်ပြီးရင် သေချာပေါက် ခေါင်းမာမဲ့သူ ... အသက်ကိုပါပေးပြီး သေတဲ့အထိ အဲဒီလူနောက်ပဲလိုက်နေမှာ ... ဒါတွေက မင်းခံနိုင်ရည်ရှိတဲ့ အကျိုးဆက်တွေ မဟုတ်ဘူး "
ဒေါသတကြီးဖြစ်နေသောစွင်းယန်အားကြည့်ရင်း ဝမ်ဟုန်က တစ်ချက်ပြုံးသည်။ထို့နောက်တွင် သူက ချန်ရုံ၏ပါးပြင်ကို ပွတ်သပ်ပေးနေခဲ့၏။ချန်ရုံ၏မျက်ဝန်းများမှာ အသက်ကင်းမဲ့နေပြီး သူမ၏မျက်နှာမှာမူ စက္ကူချပ်တစ်ချပ်သဖွယ် ဖြူဖပ်နေသည်။အနှီမိန်းကလေးမှာ ကြောက်စိတ်မှ မသက်သာသေးကြောင်းထင်ရှားပေ၏။
ဝမ်ဟုန်က ချန်ရုံ၏ကြွေသားသဖွယ်မျက်နှာကလေးကို ပွတ်သပ်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။
" လေသံအရတော့ မင်းက ချန်ရုံ့ကို ကောင်းကောင်းသိတဲ့ပုံပါပဲလား ... အားရုံက သူကြိုက်တာသူလုပ်တယ် ... ငါလည်း ငါ့သဘောအတိုင်းငါလုပ်မယ် ... မင်းဘာသာမင်း စိုးရိမ်လွယ်နေတာမဟုတ်ဘူးလား တပ်မှူးစွင်း "
ထိုအခါ စွင်းယန်က ဒေါသတကြီး လက်သီးဆုပ်လိုက်ပြီး ဝမ်ဟုန်အား ဆွဲထိုးရန်ပြင်တော့သည်။သို့သော်လည်း အချိန်ကိုက်ပင် ချန်ရုံ နိုးထလာခဲ့၏။သူမက ခေါင်းထောင်လိုက်ပြီး တပ်မှူးစွင်းအား ကျော်ဖြတ်ကာ တစ်ဖက်သို့သွားလျက် လှည်းနံရံအား လက်ဖြင့်ကိုင်ဆုပ်ပြီး ထိုးအန်တော့သည်။
နောက်ဆုံးတွင်မူ ချန်ရုံ၏မျက်နှာ၌ အရောင်အသွေးပြန်လည်စုံလင်လာ၏။သူမက ဒေါသထွက်နေသောတပ်မှူးစွင်းအား ဂရုမထားဘဲ မော့ကြည့်လျက် မေးမြန်းလာခဲ့သည်။
" အဖိုးစွင်းဘယ်မှာလဲ ... ဒီမှာရှိသေးရဲ့လား ... အသက်ရော ရှိသေးလား "
ချန်ရုံ နိုးလာသည်နှင့်တစ်ပြိုင်နက် အစေခံဖြစ်သူအား ဦးစွာရှာဖွေလိမ့်မည်ဟု ဝမ်ဟုန်တို့နှစ်ဦးစလုံး မမျှော်လင့်ထားခဲ့ကြပေ။ဝမ်ဟုန်က ချန်ရုံ့အားရင်ခွင်ထဲပြန်ဆွဲသွင်းလိုက်ချိန်တွင် စွင်းယန်မှာ ပါးစပ်ပင်မဟနိုင်ခဲ့ချေ။
ဝမ်ဟုန်က တစ်ဖက်လူ၏မျက်ဝန်းများအား ညင်သာစွာစိုက်ကြည့်ရင်း စိတ်ချလက်ချအသိပေးလိုက်သည်။
" အဖိုးစွင်း အဆင်ပြေပါတယ် "
တစ်ချိန်တည်းမှာပင် ဝမ်အစေခံတစ်ဦးက ထပ်လောင်းပြောဆိုလာခဲ့လေ၏။
" သခင်မလေး ... သခင်မလေးရဲ့ အမှုထမ်းက မူးမေ့သွားပါတယ် ... ခြေထောက်ကို မြားမှန်သွားလို့ သွေးနည်းနည်းထွက်နေတယ် ... စိတ်မပူပါနဲ့ ... သေတော့မသေပါဘူး "
ယင်းအဖြေကိုရရှိပြီးနောက်တွင် ချန်ရုံမှာ စိတ်အေးသွားပြီး သက်ပြင်းချလျက် မျက်လုံးများအားမှိတ်ထားခဲ့သည်။ သိပ်မကြာခင်၌ပင် သူမ၏မျက်လုံးများက ပြန်ပွင့်လာခဲ့ပြီး မော့ကြည့်လိုက်သောအခါတွင် သူမအား သိုင်းဖက်ထားသောဝမ်ဟုန်နှင့် စူးစူးရှရှအကြည့်များရှိနေသည့်စွင်းယန်အားတွေ့လိုက်ရလေ၏။
ချန်ရုံက ခပ်ယဲ့ယဲ့ပြုံးလာခဲ့ပြီး တိုးညင်းစွာ ဆ်ိုလာခဲ့သည်။
“ ရှင်တို့နှစ်ယောက်လုံး ဒီမှာရှိနေလို့ အရမ်းဝမ်းသာပါတယ် "
ထို့နောက်တွင် ချန်ရုံမှာ ရှိသမျှခွန်အားများ ကုန်ဆုံးသွားသလိုပင် မျက်လုံးများပြန်ပိတ်သွားကာ ခြေလက်များသည်လည်း ပျော့ခွေသွားခဲ့သည်။
ထိုအခါစွင်းယန်က ချန်ရုံ၏လက်မောင်းအားလှမ်းဖမ်းဆွဲခဲ့ပြီး ဝမ်ဟုန့်အား သတိပေးသောအကြည့်ဖြင့်ကြည့်လေ၏။ယင်းနောက်တွင် သူက ချန်ရုံ့အား လှည်းရထားထဲမှ ခေါ်ဆောင်လာခဲ့ပြီး အခြားရထားလုံးထဲသို့ ဝင်ရောက်စေသည်။
လုပ်လက်စများပြီးစီးသွားသောအခါတွင် စွင်းယန်က လူအုပ်ကြီးဘက်သို့လှည့်ကြည့်ပြီး အော်ဟစ်အသိပေးလိုက်လေသည်။
" အနားယူလို့ဝကြပြီမလား ... ဆက်သွားကြမယ် "
လူတိုင်းက စွင်းယန်၏အမိန့်အားနာခံကြပြီး မြင်းများကိုမောင်းနှင်လျက် လက်နက်များအား ပြန်လည်ကိုင်ဆောင်ကြသည်။ဒဏ်ရာရရှိသူများမှာမူ သွေးထွက်သံယိုဖြစ်နေသောနေရာများအား သေချာစွာပတ်တီးစည်းလျက်ရှိပြီးဖြစ်၏။မြင်းဆက်လက်စီးနင်းနိုင်သူများက စီးနင်းကြပြီး မစီးနင်းနိုင်သူများအား လှည်းရထားများပေါ်၌ ထိုင်၍လိုက်ပါစေသည်။ဤသို့ဖြင့် လူစုတန်းကြီးက နန်ယန်သို့ ဆက်လက်ဦးတည်ခဲ့သည်။
သူတို့ အရှိန်မြှင့်လိုက်သောအခါတွင် မောယန်ရှိ တိုက်ပွဲတွင်းမှအဆုံးမဲ့အော်ဟစ်သံများအား လှမ်းကြားနေရဆဲ ဖြစ်သည်။တောင်တံခါး၌ မီးရှူးမီးတိုင်များပိုမိုများပြားလာသည်ကိုကြည့်ရှုနေရင်း စွင်းယန်က တစ်ကိုယ်တည်းတွေးလိုက်လေ၏။
လူရိုင်းများက အခြားတံခါးဘက်မှနေ၍ စစ်ကူများ ပို့ဆောင်နေကြပုံပေါ်သည်။ထပ်မံ၍ တွေဝေနေပါက အထက်တန်းလွှာမှန်သမျှမှာ ၎င်းတို့၏အခွင့်အရေးအား ဆုံးရှုံးကြရလိမ့်မည်။သို့သော်လည်း တတ်နိုင်သမျှ ကြိုးစားအားထုတ်ခဲ့ပြီးဖြစ်သည့်အတွက် ထိုအရာက သူနှင့်သက်ဆိုင်မနေချေ။
အမှောင်ထုထဲမှ မီးသံတဖျောက်ဖျောက်နှင့် အော်ဟစ်သံများက သူတို့၏ခြေသံများကို ဖုံးကွယ်ပေးထားနိုင်သော အဓိကအရာများ ဖြစ်လာခဲ့သည်။
လူစုတန်းကြီးက အရှိန်မြှင့်တင်လာခဲ့ကြပြီး များမကြာမီပင် အရုဏ်တက်ချိန်သို့ရောက်ရှိလာ၏။ယခုအချိန်၌ သူတို့သည် မောယန်မှ မိုင်တစ်ရာအကွာအဝေးသို့ ရောက်ရှိခဲ့ပြီး ဘေးရန်ကင်းကွာသွားကြပြီဖြစ်သည်။
လူအုပ်ကြီးက ကျယ်လောင်စွာ အော်ဟစ်ကာ လှည်းယာဉ်များမှ မြင်းများကို ဖြုတ်ချလိုက်လေ၏။အချို့မြင်းများမှာ ဘုန်းခနဲလဲသွားကြပြီး အချို့မှာမူ ပါးစပ်မှ အမြှုပ်များပင်ထွက်လာသည်။အနားယူချိန်ရောက်လေပြီ။
ချန်ရုံတစ်ယောက် စိတ်နှင့်လူ ပြန်ကပ်သွားချိန်တွင် နေ့ဘက်အလင်းက ကောင်းကင်တစ်ခွင်အား စိုးမိုးနေပြီဖြစ်သည်။သူမက ထထိုင်လိုက်ပြီး အင်္ကျီလက်ဖြင့် မျက်လုံးများအားပွတ်သပ်ရန် လက်ကိုဆန့်တန်းလိုက်သော်လည်း ယင်းအပေါ်၌ သွေးစများ စွန်းထင်းနေသည်ကို တွေ့လိုက်ရလေ၏။ချန်ရုံတစ်ယောက် သူမ၏အင်္ကျီလက်အား ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေစဉ်တွင်
" သခင်မလေး ... " ဟုခေါ်လာသော ရင်းနှီးသည့်လေသံတစ်သံအား ကြားလိုက်ရသည်။
ထိုလေသံမှာ အားပျော့ပြီး ငိုချင်သလိုလို ရယ်ချင်သလိုလိုဖြစ်နေသောခံစားချက်မျိုးရလေ၏။လေသံပိုင်ရှင်မှာမူ အဖိုးစွင်းပင်ဖြစ်သည်။
ချန်ရုံက ခေါင်းမော့လိုက်ပြီး သူမထံသို့ တွားသွားလျက် ဦးတည်လာနေသည့် အဖိုးစွင်းအား တစ်ချက်ကြည့်လိုက်လေ၏။
"သခင်မလေး ... ကျွန်တော်တို့ အသက်ရှင်လျက် ထွက်လာနိုင်ပြီ" အဖိုးစွင်းက မျက်ရည်များကြားထဲမှ တုန်တုန်ယင်ယင် ပြောလာသည်။
ထိုအခါ ချန်ရုံ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပွင့်လန်းလာတော့၏။
“ဟုတ်တယ် ကျွန်မတို့ အသက်ရှင်လျက် ထွက်လာခဲ့တယ် ... ပြီးတော့ သူတို့လည်း အတူတူပဲ ”
ချန်ရုံ၏မျက်ဝန်းများမှာတောက်ပနေခဲ့ပြီး မျက်နှာထားမှာလည်းအလွန်အမင်းရွှင်လန်းနေသည်။ထို့နောက်တွင် သူမက မတ်တတ်ထရပ်ကာ ကန့်လန့်ကာကိုဆွဲတင်ပြီး အပြင်မှလူများကို လှမ်းကြည့်သည်။
ဝမ်ဟုန်၏လှည်းရထားနှင့် မြင်းပေါ်တွင်ရှိသောစွင်းယန်အား ကြည့်နေရင်း ချန်ရုံက တီးတိုးပြောဆိုလာလေ၏။
" အဖိုးစွင်း ... ကျွန်မက ငရဲပြည်ကိုသွားပြီး သူတို့နဲ့ အတူ ပြန်လာတာ ... ဒီနေ့ကစပြီး ကျွန်မရဲ့အခြေအနေက ပိုကောင်းလာတော့မှာ "
နိုးထလာပြီးနောက် သခင်မဖြစ်သူပထမဆုံးတွေးသည့်အရာမှာ ဤသို့ဖြစ်နေလိမ့်မည်ဟု အဖိုးစွင်း မျှော်လင့်မထားပေ။သူက ဖျတ်ခနဲတစ်ချက်ပြုံးလိုက်ပြီး စာနာစိတ်နှင့် ကြေကွဲမှု ရောယှက်နေသောအကြည့်မျိုးဖြင့် " ဟုတ်ပါတယ် " ဟု ပြန်လည်ဖြေကြားလိုက်သည်။
စွင်းယန်လှည့်ကြည့်လိုက်သောအခါတွင် လှည်းရထားပေါ်ရှိချန်ရုံက သူ့အား ခေါင်းလှမ်းညိတ်ပြနေသည်။
ထိုအခါ စွင်းယန်မှာ ချန်ရုံရှိရာဆီသို့ အမောတကောပြေးသွားခဲ့ပြီး အရှေ့သို့အနည်းငယ်ညွှတ်ကာ တိုးညင်းစွာပြောလိုက်လေ၏။
“ငါ အကုန်လုံးကို သတိပေးပြီးပြီ ... မဟုတ်မဟတ်တွေ မပြောကြဖို့ ... စိတ်ချလက်ချနားပါ အားရုံ "
" ဘာအကြောင်းပြောနေဝာာလဲ "
ချန်ရုံက ချက်ချင်းမေးမြန်းလိုက်သော်လည်း စွင်းယန်က ပါးစပ်ပိတ်ကာ ပြန်ဖြေရန် စိတ်ကူးမရှိပုံပင်။
ယင်းနောက်တွင် သူက တပ်သားတစ်ဦးအား လက်ဝှေ့ယမ်းပြလိုက်ပြီး " ဝါးပြွန်ယူလာခဲ့ " ဟု လှမ်းအော်ပြောသည်။
" ဟုတ်ကဲ့ပါ "
ထို့နောက်တွင် တပ်သားဖြစ်သူက ရေထည့်ထားသောလတ်လတ်ဆတ်ဆတ်ဖြတ်တောက်ထားသည့် ဝါးပြွန်ကို ကိုင်ဆောင်ပြီး သူတို့နှစ်ဦးရှိရာဆီသို့ ဦးတည်လာ၏။
စွင်းယန်က ယင်းဝါးပြွန်အား ချန်ရုံ၏လက်ထဲသို့ ထည့်ပေးလျက် "မင်းမျက်နှာပေါ်က သွေးတွေကို သန့်စင်လိုက်ပါ" ဟုပြောပြီး ပြန်လှည့်ထွက်သွားခဲ့သည်။
ခြေနှစ်လှမ်းအကွာတွင် စွင်းယန်မှာရပ်တန့်သွားပြီး ချန်ရုံရှိရာဘက်သို့ပြန်လှည့်လာ၏။သူက တစ်ခုခုပြောချင်သော်လည်း အတွေးများနေဟန်ရပြီး နောက်ဆုံးတွင် မည်သည်ကိုမှ မပြောတော့ဘဲ လှည့်ထွက်သွားခဲ့သည်။
Xxxxxxx