Chapter 90
ဝါးပြွန်ထဲတွင်ရေများဖြည့်ထားပြီး ချန်ရုံမှာ ထိုရေများဖြင့် မျက်နှာသစ်ပြီး ပါးလုပ်ကျင်းပစ်လိုက်၏။
ဝါးပြွန်အား လွှင့်ပစ်လိုက်ချိန်တွင် အနက်ရောင်ဝတ်စုံအား ခြုံလွှမ်းထားသည့်ဝမ်ဟုန်က လက်ကိုနောက်ပစ်လျက် တောအုပ်ထဲတွင် လျှောက်လှမ်းသွားလာနေသည်အား ချန်ရုံတွေ့လိုက်ရသည်။လေနုအေးက သူ၏ဆံသားများထဲမှ ဖြတ်သန်းတိုက်ခတ်နေရုံသာမက ချောမောသောမျက်နှာထက်သို့လည်း ဝေ့ဝိုက်သွားသေးသည်။
ထိုသူအား တွေ့လိုက်ရချိန်တိုင်းတွင် ထူးဆန်းထွေလာကမ္ဘာတစ်ခုသို့ရောက်ရှိသွားသလို ခံစားရလေ၏။ဤလူတွင် တစ်ပါးသူအား သိမ်ငယ်စေလောက်သော အမူအကျင့်ကောင်းများရှိသည်။
ချန်ရုံမှာ ထိုနေရာမှ အကြည့်လွှဲလိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။သူမက ခေါင်းကို အနည်းငယ် စောင်းကာ အဖိုးစွင်းအား ခပ်တိုးတိုးလေသံဖြင့် မေးလိုက်လေ၏။
" အဖိုးစွင်း ... ကျွန်မက ဝမ်ချီလန်ရဲ့ လှည်းပေါ်မှာ ရှိနေခဲ့တာ မဟုတ်ဘူးလား "
“ ဟုတ်ပါတယ် ...တပ်မှူးစွင်းက သခင်မလေးကို ပြန်ခေါ်လာခဲ့တာပါ ”
ချန်ရုံ၏မျက်နှာမှာ ဖြူရာမှနီမြန်းသွားပြီး နီမြန်းနေရာမှ ပြန်လည် ဖြူဖပ်ဖြူလျော်ဖြစ်သွားခဲ့သည်။အချိန်အတော်ကြာ နှုတ်ဆိတ်နေခဲ့ပြီးနောက်တွင် သူမ ရုတ်တရက် " ဒါက စွင်းယန်ဆိုလိုချင်နေတဲ့ အဓိပ္ပါယ်ပေါ့ " ဟုရေရွတ်လိုက်၏။ထို့နောက်တွင် ချန်ရုံက ကန့်လန့်ကာစအား ဆွဲဖယ်ပြီး စွင်းယန်ရှိရာဆီသို့ ဦးတည်သွားခဲ့သည်။
ထိုအချိန်တွင် စွင်းယန်မှာ တပ်မှူးငယ်တစ်ဦးနှင့် စကားပြောနေခဲ့ပြီး ချန်ရုံအားမြင်သောအခါတွင် သူက တစ်ဖက်လူအား လက်ဟန်ခြေဟန်ပြ၍ ရှောင်တိမ်းစေသည်။ယင်းနောက်တွင် တပ်မှူးစွင်းက ချန်ရုံရှိရာဆီသို့ ဦးတည်လာခဲ့၏။
"ကျေးဇူးတင်ပါတယ် တပ်မှူးစွင်း ..."
ချန်ရုံ၏လှတပတမျက်နှာကလေးတွင် နေရထိုင်ရခက်မှုတို့ ခိုအောင်းနေသည်။စွင်းယန်က သူမအား အချိန်အတော်ကြာစိုက်ကြည့်နေပြီးနောက် " ဝမ်ဟုန့်ကို အဲ့လောက်ကို သဘောကျတာလား " ဟုမေးမြန်းလာလေ၏။
ထင်ထားသလောက် မြန်ဆန်ခြင်းမရှိသည့် ချန်ရုံ၏တုံ့ပြန်ချက်ကြောင့် စွင်းယန်က စိတ်လိုက်မာန်ပါပြောလာခဲ့သည်။
" မထိမ်းမြားရသေးဘဲနဲ့ မင်းက အဲ့လူဆီကို ပစ်ဝင်ပြီးသားဖြစ်နေတယ် ... ချန်အိမ်တော်က အားရုံ ... မင်းက သူ့ရဲ့ ကိုယ်လုပ်တော်လုပ်ဖို့ဆုံးဖြတ်ပြီးပြီလား "
" ဟင့်အင်း "
ချန်ရုံ၏အသွင်အပြင်မှာအေးစက်သွားတော့၏။
ထိုအခါစွင်းယန်၏မျက်နှာကြောသည်လည်း အနည်းငယ်ပြေလျော့သွားသည်။ယင်းနောက်တွင် စွင်းယန်က ချန်ရုံ့အားစိုက်ကြည့်ကာ " အဲ့ဒါဆိုလည်း အနေအထိုင်ဆင်ခြင် ... " ဟုကြိမ်းမောင်းလိုက်တော့၏။
စွင်းယန်မှာ ဒေါသထွက်နေပုံရပြီး အခင်းနေရာမှ လှည့်ထွက်သွားတော့သည်။
ချန်ရုံက စွင်းယန်၏အနောက်သို့လိုက်ရန်ပြင်လိုက်သော်လည်း သူမ၏ခြေလှမ်းများက တုံ့ဆိုင်းသွားခဲ့၏။
ထို့နောက်တွင် သူမကိုယ်တိုင်ပင်မသိလိုက်ပါဘဲ ချန်ရုံမှာ ဝမ်ဟုန်ရှိရာဘက်သို့ အလိုလိုလှည့်ကြည့်မိသည်။ယင်းဘက်သို့အလှည့်တွင် ချန်ရုံတစ်ယောက်ရုတ်တရက် တောင့်တင်းသွားတော့၏။ဝမ်ဟုန်က သူမနှင့် စွင်းယန်အား လက်ပိုက်လျက်သားအနေအထားဖြင့် ရပ်ကြည့်နေလျက်ရှိပြီး အကြောင်းအရင်းတစ်ချို့ကြောင့် သူ၏မျက်ဝန်းများမှာ ချန်ရုံ့အပေါ် စိတ်အလိုမကျဖြစ်နေပုံရသည်။
ထိုအချိန်တွင် စွင်းယန်က ကျယ်လောင်စွာအော်ပြောလာသည်။
"မနက်စာစားပြီးတာနဲ့ ဆက်သွားမယ် "
ယင်းနောက်တွင် စွင်းယန်က အနောက်သို့လှည့်ကာ ဝမ်ဟုန်နှင့်ချန်ရုံတို့ အကြည့်ချင်းဆုံနေကြသည်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ရှုပ်နေဟန်ဖြင့် ချောင်းဟန့်လိုက်တော့၏။
စွင်းယန်မှာ မနီးမဝေးလှသည့်နေရာတစ်ခုတွင်ရှိနေသေးသောကြောင့် သဘောမတွေ့ဖြစ်နေသောလေသံအား ရှင်းလင်းပြတ်သားစွာကြားနိုင်သည်။ချန်ရုံတစ်ယောက် ရုတ်တရက် နေရထိုင်ရခက်လာပြီး ဝမ်ဟုန့်ထံသို့ အကြည့်ကိုရုတ်သိမ်းလျက် ခေါင်းငုံ့ပြီး သူမ၏လှည်းရထားထဲသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။
ရိက္ခာခြောက်များအား စားသုံးပြီးသည်နှင့် လူစုတန်းကြီးက ပြန်လည်ထွက်ခွာလာခဲ့ကြ၏။
အနောက်တွင် ကျန်ရစ်ခဲ့သောမောယန်နှင့် အကွာအဝေးကွာဟသွားလေလေ အားလုံးက စိတ်အေးလက်အေးဖြစ်လာကြလေလေဖြစ်သည်။
နေ့ခင်းဘက်တွင် စွင်းယန်စေလွှတ်လိုက်သော ကင်းထောက်များက ပြန်လည်ရောက်ရှိလာပြီး အရှေ့လမ်းခွဲ၌ ဟူစစ်သည်များ တပ်စွဲထားလျက်ရှိကြောင်း သတင်းပေးလာခဲ့သည်။၄င်းတ်ို့က စစ်သည်အင်အားနည်းပါးကြောင်းကိုပါ တစ်ဆက်တည်းအသိပေးလာခဲ့ပြီး ထို့ကြောင့်ပင် ကြောက်ရွံ့နေစရာမလိုဘဲ ဆက်လက်ရှေ့ဆက်နိုင်လေ၏။
ညနေစောင်းသောအခါ စွင်းယန်က စခန်းချရန် နေရာတစ်ခုကို ရွေးချယ်လိုက်ပြီး ယခုအချိန်တွင် တပ်သားများလည်း ခြေဆန့်လက်ဆန့် အနားယူနိုင်ကြပြီဖြစ်သည်။
ချန်ရုံက လှည်းရထားနံရံကိုမှီတွယ်လျက်သားရှိနေခဲ့၏။မောယန်မှာ အဝေးတွင် ကျန်ရစ်ခဲ့သဖြင့် သူမ၏စိတ်နှလုံးသည်လည်း ပြေလျော့သွားလေသည်။သို့သော်လည်း အပန်းဖြေနေရာမှ အကြောင်းတစ်ခုခုကြောင့် ပင်ပန်းနွမ်းနယ်လာပြီး သူမ၏ခြေလက်များမှာလည်း နာမကျန်းဖြစ်နေသည့်သဖွယ် အားယုတ်လျော့လာသည်။
ညနေစောင်းသောအခါ ကောင်းကင်ယံတွင် လမင်းကြီးက ကြီးစိုးလာခဲ့၏။စွင်းယန်က ချန်ရုံ့အား သစ်ပင်တစ်ပင်ဆီသို့ ဆွဲခေါ်သွားသည်။
ချန်ရုံမှာ ပျင်းရိစွာဖြင့် ထိုင်ခုံကိုမှီကာ ကောင်းကင်ယံမှ လအား မော့ကြည့်နေချိန်တွင် ငြိမ့်ညောင်းသော ဗျပ်စောင်းသံက သူတို့နှစ်ဦးထံသို့ လွင့်ပျံလာခဲ့သည်။
အသံလာရာဘက်သို့ ချန်ရုံ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သောအခါ တောအုပ်ထဲ၌ ထိုင်နေသော ဝမ်ဟုန့်အား တွေ့လိုက်ရလေ၏။သူ၏ နူးညံ့သော လက်ချောင်းများက ဗျပ်စောင်းကြိုးများတစ်လျှောက် ကူးလူသွားလာနေသည်။ငွေအဆင်းရှိသောလရောင်ကဲ့သို့ပင် သူ၏ကိုယ်ရောင်ကိုယ်ဝါမှာလည်း ခပ်ဖျော့ဖျော့ လင်းလက်နေလေ၏။ ဤအခိုက်အတန့်တွင် ဝမ်ဟုန်မှာ ချန်ရုံလက်လှမ်းမမီနိုင်သော ပန်းချီကားတစ်ချပ်သကဲ့သို့ပင်။
သူသည် နီးကပ်သောနေရာတွင် ရှိနေသည်မှာ ထင်ရှားသော်လည်း မြစ်များ ၊ တောင်ကုန်းများ ခြားနားထားသလိုခံစားရသည်။
ချန်ရုံက လရောင်အောက်မှ မျက်စိပဒါဿဖြစ်ဖွယ်ရာမြင်ကွင်းအား ဘေးတိုက်လှည့်ကာ ခံစားကြည့်ရှုနေခဲ့လေ၏။
ဝမ်ဟုန်တီးနေကျဂီတသံတွင် သေခြင်းတရားအားထင်ဟပ်စေသော တေးသွားများပါဝင်သည်။ယင်းသံစဉ်အား နားဆင်နေစဉ်၌ ချန်ရုံမှာ ကောင်းကင်ပေါ်တွင် သွေးစွန်းလကိုပင် မြင်မိတော့မည့်ဆဲဆဲပင်။
ထိုအချိန်တွင် ချန်ရုံ၏ ခြေထောက်မှာ အကန်ခံလိုက်ရသည်။
ချန်ရုံက စွင်းယန်အား လှည့်ကြည့်ပြီး " ဘာလဲ " ဟု မေးမြန်းလိုက်၏။သူမမှာ မောပန်းနွမ်းနယ်နေသဖြင့် အသံပင် အက်ရှရှဖြစ်နေသည်။
ထိုအခါ စွင်းယန်က စိတ်အနှောက်ဖြစ်နေဟန်ဖြင့် တစ်ဖက်သို့လှည့်ပြီး ယင်းနောက်တွင် ချန်ရုံ့အား ပြန်လှည့်ကြည့်ကာ “ သွားရည်တွေကျနေပြီ ” ဟု ခပ်တိုးတိုးဆိုလာလေ၏။
ချန်ရုံက သက်ပြင်းချလျက် ပါးစပ်အားသုတ်ရန်ပြင်လိုက်သော်လည်း ချဲ့ကားပြောဆိုနေခြင်းသာဖြစ်ကြောင်း သဘောပေါက်သွားသည်။
" လူလိမ် ... "
စွင်းယန်က သူမအား နိုင်စားစွာကြည့်ရှုလာခဲ့ပြီး ထို့နောက်တွင်မူ မြေပြင်ပေါ်သို့ ရုတ်တရက် ထိုင်ချလိုက်တော့သည်။
ယခုအချိန်၌ စွင်းယန်မှာ ချပ်ဝတ်တန်ဆာများကို ချွတ်ထားပြီး အပြာရောင်၀တ်စုံအား ၀တ်ဆင်ထားလျက်ရှိ၏။
သူက ချန်ရုံ၏အရှေ့တွင် ထိုင်နေပြီး ဒူးပိုက်ထားလျက် လမင်းကြီးအား မော့ကြည့်နေခဲ့သည်။
" အားရုံ ... မင်း ဝမ်ချီလန့်ကို တကယ်ကိုသဘောကျတာပဲလား "
စွင်းယန်က ချန်ရုံနှင့်အကြည့်ချင်းဆုံမနေသော်လည်း သူ၏လေသံမှာ လေးနက်ပေ၏။ ချန်ရုံက ခဏတာတွေးပြီးနောက် အဖြေပြန်ပေးလိုက်သည်။
" အင်း "
ယင်းနောက်တွင် သူမက ပြောလက်စကိုရပ်တန့်ကာ အပြစ်ကင်းစင်စွာ ပြုံးရယ်လိုက်ပြီး "ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတိုင်းက သူ့လိုလူကို ကြိုက်ကြမှာပဲမဟုတ်ဘူးလား " ဟုပြောလာခဲ့၏။
စွင်းယန်က သူမအား လှည့်ကြည့်လာသည်။ယင်းအကြည့်ထဲတွင် ချန်ရုံမမှန်းဆတတ်သည့် ထူးဆန်းသောအငွေ့အသက်တစ်ခုပါဝင်လေ၏။ခဏတာကြာပြီးနောက် စွင်းယန်မှာ အခင်းနေရာမှ ထထွက်သွားခဲ့ပြီး သူ၏ခြေလှမ်းများက တဖြည်းဖြည်းမြန်ဆန်နေခဲ့သည်။
ချန်ရုံက တစ်ဖက်လူကို ပြန်လှမ်းခေါ်ရန် ပါးစပ်ဟလိုက်သော်လည်း သူမအား လူအများက စိုက်ကြည့်နေလျက်ရှိသည်ကို တွေ့ရှိလိုက်ရ၏။
ခြေအလှမ်းနှစ်ဆယ်ခန့်လျှောက်လှမ်းပြီးသောအခါ ပြတ်တောင်းပြတ်တောင်း မြင်းခွာသံများအား စွင်းယန်ကြားလိုက်ရတော့သည်။
ထိုအချိန်တွင် စကားပြောဆိုမှုအားလုံး ရပ်တန့်သွားခဲ့ပြီး အချို့မှာမူ အလျင်အမြန်ပင် မြင်းများဆီသို့ လှည့်ပြေးကြသည်။သူတို့အားလုံးသည် သတ်ဖြတ်ခြင်းနှင့် သေဆုံးခြင်းများကို ကြုံတွေ့ခဲ့ရပြီး မြင်းခွာသံကြားသည့်အခိုက်တွင် တစ်ခုခုဖြစ်တော့မည်ကို ကြိုတင်သိရှိခဲ့ကြ၏။
စွင်းယန်မှာလည်း တုံ့ဆိုင်းသွားခဲ့ပြီး သူ၏ချောမောသောမျက်နှာက နွမ်းနယ်လာသည်။
ထိုအချိန်တွင် မြင်းစီးသူရဲတစ်ယောက်က စွင်းယန်၏အနားသို့ရောက်ရှိလာပြီး မြင်းပေါ်မှဆင်းသက်ကာ
ဦးညွှတ်လျက် လျှောက်တင်လေသည်။
" တပ်မှူးစွင်း .. ကျွန်တော်တို့လူတွေက ဒီကနေ မိုင်တစ်ရာလောက်ဝေးတဲ့နေရာကို ရောက်ခဲ့တာ ... တပ်မှူးရန်နဲ့ မူရုံခယ် တွေ့နေကြပြီတဲ့ "
ထိုသူက ပြောလက်စကိုရပ်တန့်လိုက်ပြီး စွင်းယန်အား တစ်ချက်မော့ကြည့်ကာ ခေါင်းပြန်ငုံ့လျက် ပြောဆိုလာပြန်လေ၏။
" အခု တပ်မှူးရန်မှာ အင်အားကောင်းကောင်းမရှိဘူး ... သွားပြီးတော့ ကူညီပေးကြရအောင်ပါ "
"ကောင်းပြီ"
စွင်းယန်က အမြန်ပင် ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ဝမ်ဟုန်၏တေးသွားမှာ ပြီးဆုံးသွားခဲ့ပြီး သူက ဗျပ်စောင်းပေါ်မှ လက်များကိုရုတ်ကာ စွင်းယန်အား မော့ကြည့်လျက် မေးမြန်းလိုက်သည်။
" မူရုံခယ်လား .... သူအခု ဘယ်မှာလဲ "
“ဒီကနေ အနောက်ဘက် မိုင်တစ်ရာအကွာမှာ ချိုင့်ဝှမ်းတစ်ခုရှိတယ်” တပ်သားတစ်ဦးက ကြားဖြတ်၍ပြောလိုက်၏။
" အဲတော့ ...အဲလိုဖြစ်သွားတာလား "
"ဘာလဲဟ " စွင်းယန်နှင့် ဆက်ဆံရေးကောင်းမွန်သည့် တပ်မှူးငယ်တစ်ဦးက ရေရွတ်လိုက်လေသည်။
ထိုအခါ ဝမ်ဟုန်က ခပ်ယဲ့ယဲ့ပြုံးသည်။
" မနေ့ညက တပ်တွေကို တောင်တံခါးကနေ ခေါ်သွားတယ်ဆိုတာက မူရုံခယ်က ရန်မင်းကို တိုက်ခိုက်ချင်လို့ပဲ ... မင်းတို့တပ်မှူးက အံ့ဩရလောက်အောင်ကို ခပ်မြန်မြန်ကြီးရောက်လာတော့ မူရုံခယ့်ခမျာ သူ့လူတွေကိုခေါ်ဖို့ အချိန်မမီဘူးဖြစ်သွားတာပေါ့ "
၎င်းတပ်မှူးငယ်ထံတွင် လေးထောင့်ကျသောမျက်နှာကျ ၊ ညိုမည်းသောအသားအရည်နှင့် ထုထည်ကြီးမားသော ခန္ဓာကိုယ်ရှိသည်။သူ၏အသံဩဩကြီးမှာလည်း ယင်းအသွင်အပြင်များနှင့် လိုက်ဖက်လှပေ၏။ဝမ်ဟုန်၏ ရှင်းလင်းချက်ကို ကြားသောအခါ ယင်းတပ်မှူးငယ်က အခြေအနေကို သဘောပေါက်သွားပြီး ဂုဏ်ယူစွာဖြင့် ပြောလာသည်။
“မူရုံခယ်က ဟန်သူရဲကောင်းတွေ ... အထူးသဖြင့် စစ်ဘက်ဆိုင်ရာဗျူဟာ နားလည်တဲ့လူတွေကို သတ်ဖို့စိတ်အားထက်သန်နေတယ်လို့ ကြားတယ် ... ဒါပေမဲ့ ကျုပ်တို့ တပ်မှူးနဲ့ရင်ဆိုင်လာရရင် ရှုံးနိမ့်မှုက သူ့ရဲ့ တစ်ခုတည်းသော ရွေးချယ်ခွင့်ပဲ ... တစ်ခါတုန်းကဆို ကျုပ်တို့တပ်မှူးက အင်အား နှစ်ထောင်လောက်ပဲခေါ်သွားပေမဲ့ သူ့ဘက်ကလူ တစ်သောင်းခွဲလောက်ကို ရှင်းပစ်နိုင်ခဲ့တာ ... ဒီလောကကြီးမှာ ကျုပ်တို့တပ်မှူးကို ယှဉ်နိုင်တဲ့သူမရှိဘူး ... "
" လီ ... မင်းပါးစပ်ကို ပိတ်ထားပေး ...တပ်မှူးက စစ်ကူယူဖို့ ငါတို့ကို စောင့်နေတုန်းပဲ ”
စွင်းယန် အော်ပြောလိုက်သောအခါတွင် လီအမည်ရှိသည့်တပ်မှူးငယ်မှာ တုန်လှုပ်ခြောက်ခြားသွားပြီး “ ဟုတ်ကဲ့ပါ” ဟု အမြန်ပြန်ဖြေသည်။ထို့နောက်တွင် သူကခေါင်းကို ပြန်မော့ကာ သူ၏လက်အောက်ငယ်သားများထံသို့ ပြန်လည် လှည့်ထွက်ပြေးသွားခဲ့သည်။
အားလုံးပြီးစီးသွားချိန်တွင် စွင်းယန်က သူ၏မြင်းအား ဝမ်ဟုန်ရှိရာဘက်သို့ကပ်ကာ အောက်သို့ငုံ့ကြည့်လျက် မေးမြန်းလေ၏။
"ဝမ်ဟုန် ... နန်ယန်ကို မင်းဘာသာမင်း ပြန်မှာလား ဒါမှမဟုတ် တပ်မှူးရန်ကိုတွေ့ဖို့ ငါတို့နဲ့အတူလိုက်မှာလား "
မနေ့ညကတည်းက စွင်းယန်မှာ ဝမ်ဟုန်အားမြင်သည့်အခါတိုင်း အော်ဟစ်နေခဲ့သည်မှာ နှစ်ဦးသားက မရင်းနှီးသူများသကဲ့သို့ပင်။
ဝမ်ဟုန်က ပြန်လည်ဖြေကြားခြင်းမပြုဘဲ ချန်ရုံအား စိုက်ကြည့်ရင်း ပြုံးလျက် သူမထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။
ထိုအခါ စွင်းယန်တစ်ယောက် ခေါင်းမွေးများထောင်တော့မတတ်ပူထူသွားပြီး " အဲဒီမှာရပ်လိုက် "ဟု လှမ်းအော်လေ၏။လူအများက ဝိုင်းဝန်းကြည့်ရှုနေသည်ကိုမြင်သောအခါမှ စွင်းယန်က လေသံလျှော့ပြီးပြောသည်။
"ဝမ်ချီလန် မင်းဘာလုပ်နေတာလဲ"
စွင်းယန်ဒေါသထွက်နေသည်ကို ကြည့်ရှုရင်း ဝမ်ဟုန်က ပြုံးလိုက်သည်။ယင်းနောက်တွင် သူက ချန်ရုံ့အားလက်ယပ်ခေါ်ပြီး အေးအေးလူလူပြန်ဖြေလေ၏။
“ဘာမှ မလုပ်ပါဘူး ... အချစ်ကိုခေါ်ပြီး သူ့သဘောကို မေးမလို့လေ ... "
ရည်ရွယ်သည်ဖြစ်စေ ၊ မရည်ရွယ်သည်ဖြစ်စေ ဝမ်ဟုန်၏လေသံတွင် “အချစ်” ဟူသော စကားလုံးကို အလေးပေးဖော်ပြထားသည်။ သူက စွင်းယန်အား စိုက်ကြည့်ပြီး ပြုံးပြုံးလေးမေးလိုက်တော့၏။
" တပ်မှူးစွင်းက အရမ်းစိတ်လှုပ်ရှားနေပုံရတယ် ... ဒါမှမဟုတ် ချန်အိမ်တော်က အားရုံကို သဘောကျပြီး ထိမ်းမြားချင်နေတာလား "
ထိုစကားကြောင့် စွင်းယန်တစ်ယောက် ငြိမ်သက်သွားသည်။
Xxxxxxx