Chapter 91
: နန်ယန်မြို့သို့ ပြန်ရောက်ခြင်း
စွင်းယန် ဘာမှမပြောနိုင်တော့သည်ကို မြင်သောအခါ ဝမ်ဟုန်ကပြုံးလိုက်သည်။
ထိုအချိန်၌ ချန်ရုံက သူမအား ဝမ်ဟုန် လက်လှမ်းပြနေသည်ကိုမြင်၍ အမြန်သွားလိုက်သည်။ စွင်းယန်၏ စိတ်တိုနေသော မျက်နှာကိုမြင်သောအခါ စွင်းယန်အား စိတ်ပူသောအကြည့်ဖြင့် ကြည့်လိုက်ပြီးမှ ဝမ်ဟုန့်အားမေးလိုက်သည်။
"ဘာဖြစ်နေကြတာလဲ..."
"တပ်မှူးစွင်းက တပ်မှူးရန်ကို သွားကယ်ချင်နေတယ်...မင်း သူနဲ့လိုက်သွားချင်လား..."
"ကျွန်မ အရှင့်နောက်ကိုပဲလိုက်ချင်ပါတယ် ချီလန်..."
ဝမ်ဟုန်က ခေါင်းငြှိမ့်လိုက်သည်။ ထို့နောက် စွင်းယန်အား မျက်နှာချင်းဆိုင်လိုက်၍ ချိတ်ဆက်ထားသောလက်များကိုမြှောက်ပြကာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကျွန်ုပ်တို့ မလိုက်တော့ပါဘူး...နောက်မှ ပြန်လည်ဆုံတွေ့ကြတာပေါ့ တပ်မှူးစွင်း...အဲ့ဒီအခါကျရင် ကျွန်ုပ်တို့ နှစ်ယောက်အရက်တူတူ သောက်ကြပါစို့..."
စွင်းယန်က သိသိသာသာပင် ဒေါသထွက်နေသေးသော်လည်း ဝမ်ဟုန့်အား လက်ကိုတော့ ချိတ်ဆက်၍ မြှောက်ပြလိုက်သေးသည်။
ထို့နောက် စွင်းယန်သည် ချန်ရုံ့နားသို့သွား၍ ခပ်တိုးတိုးပြောလိုက်သည်။
"ငါနဲ့ ခဏလိုက်ခဲ့..."
စွင်းယန်သည် ချန်ရုံ့အား ခြေလှမ်းတစ်ရာခန့် အဝေးသို့ ခေါ်လာပြီးသောအခါ ခေါင်းကိုစောင်း၍ ဝမ်ဟုန်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ ပြီးမှ ချန်ရုံ့ကိုကြည့်ကာ မျက်မှောင်ကျုံ့၍ပြောလိုက်သည်။
"အားရုံ...အဲ့ဒီဝမ်ဟုန်က မိန်းကလေးတွေကို ဆော့ကစားတတ်တဲ့လူပဲ...သူက မိန်းကလေးတစ်ယောက် သူ့အပေါ် ဘယ်လိုကြွေကျလာအောင်လုပ်ရမလဲ ဆိုတာ အကုန်သိနေတာ...သူ့ကို အရမ်း ယုံစားမနေသင့်ဘူး..."
ထိုသို့ပြောနေရင်းချိန်တွင် ဝံပုလွေ၏မျက်လုံးများနှင့် ဆင်တူသော စွင်းယန်၏ နက်မှောင်သည့်မျက်လုံးများ၌ ကြင်နာမှုများအနည်းငယ် ပါဝင်နေလေသည်။ စွင်းယန်သည် ချန်ရုံ၏ပခုံးအား ငြင်သာစွာကိုင်၍ ပြောလိုက်သည်။
"မင်းနဲ့ငါက...ငါတို့တွေက တူတူပဲ...ငါတို့တွေ အယုံလွယ်လို့မဖြစ်ဘူး..."
ချန်ရုံသည် ကျေးဇူးတင်မှုများပြည့်နေသောအကြည့်ဖြင့် စွင်းယန်အား ကြည့်လိုက်သည်။ ထို့နောက် ဖြည်းညှင်းစွာဖြင့် စွင်းယန်အား အရိုအသေပေးလိုက်ကာ မျက်လွှာချ၍ ပြောလိုက်သည်။
"အရှင့်ရဲ့ စကားတွေကို ကျွန်မ သေချာမှတ်သားထားပါ့မယ် အရှင်စွင်းယန်..."
ချန်ရုံက စွင်းယန်အား အရှင်သခင်တစ်ဦးကဲ့သို့ ရိုသေလေးစားစွာပြောပြီးသောအခါ ပြန်မော့ကြည့်လိုက်၍ မျက်တောင်တစ်ချက်ခတ်ကာ ခပ်နောက်နောက်လေး မေးလိုက်သည်။
"စွင်းယန်...တစ်နေ့နေ့မှာ ရှင်ရဲ့ လက်ထပ်ထိမ်းမြားမှုကို ရှင်ကိုယ်တိုင်ထိန်းချုပ်နိုင်ပြီး ရှင့်မှာ ချစ်နှစ်သက်ရမယ့်လူလည်း မရှိသေးဘူးဆိုရင် ကျွန်မကို လက်ထပ်မလား..."
ချန်ရုံ၏အပြုံးက အပြစ်ကင်းစင်နေသော်လည်း မျက်လုံးများကတော့ လေးနက်နေလေသည်။
ချန်ရုံ၏မျက်လုံးများမှာ နှစ်ပေါင်းများစွာ အထီးကျန်မှုများ၊ စိတ်ပျက်နောင်တရမှုများနှင့်နေခဲ့ရသောဝံပုလွေတစ်ကောင်၏ နွေးထွေးမှုနှင့် အပေါင်းအဖော်ကို တောင့်တနေသောမျက်လုံးများနှင့် ဆင်တူနေပေသည်။
စွင်းယန်ကတော့ ထိုလေးနက်မှုကို နားမလည်နိုင်ပေ။ သူသည် မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်ပြီးမှ နောက်ဆုံးတွင် ခေါင်းခါကာ ခပ်တိုးတိုးပြန်ပြောလိုက်သည်။
"ငါ လုပ်နိုင်မှန်း မလုပ်နိုင်မှန်း မသိသေးတဲ့အရာတွေအတွက် ငါကတိမပေးချင်ဘူး..."
ထို့နောက်စွင်းယန်သည် ချန်ရုံ၏လက်မောင်းများကို ခပ်ဖွဖွဆုပ်ကိုင်၍ပြောလိုက်သည်။
"ငါတို့ ဒီတစ်ခေါက်ခွဲခွာပြီးရင် ပြန်တွေ့နိုင်မလား မတွေ့နိုင်မလားဆိုတာ မသိနိုင်တော့ဘူး...အားရုံ မပြိုလဲသွားအောင်အားတင်းပြီး ဉာဏ်ကို အမြဲ လွှာသုံးပါ...အဲဒီလူတွေ မင်းကို လှည့်ဖျားတာ ဖျက်ဆီးတာတွေကို လုံးဝ ခွင့်မပြုနဲ့..."
ပြောပြီးသောအခါ စွင်းယန်သည် လှည့်ထွက်သွားတော့သည်။
ချန်ရုံသည် စွင်းယန်အား ငေးကြည့်နေမိသည်။ လှည့်ထွက်သွား၍ မြင်းပေါ်သို့ခုန်တက်သွားသော လူငယ်လေးနှင့် လရောင်ဖြာနေသော ကောင်းကင်သို့ မီးခိုးများလွှင့်တင်နေသော လူနှစ်ထောင်တို့ကို ချန်ရုံကြည့်နေမိသည်။
အတွေးများထဲ၌ ချန်ရုံ နစ်မြုပ်နေဆဲမှာပင် သာယာငြိမ့်ငြောင်းသောဂီတသံတစ်ခု ထွက်ပေါ်လာသည်။ ခုနက တီးခတ်ခဲ့သော ဂီတသံနှင့်မတူပဲ ယခုဂီတသံသည် ညှိုးငယ်မှုနှင့် ခွဲခွာရမည်ဖြစ်သောကြောင့် ဝမ်းနည်းမှုများ ရောယှက်နေသည်။ ထိုဂီတသံမှာ မိမိ၏သူငယ်ချင်းများနှင့် ခွဲခွာရတော့မည်ဖြစ်သော လူကြီးလူကောင်းတစ်ဦးက နောက်တစ်နှစ်ပြန်လည်ဆုံတွေ့ကြပါစို့ ဟူ၍ ကတိပေးနေပုံနှင့် တူလေသည်။
ချန်ရုံက အနောက်သို့ လှည့်ကြည့်လိုက်သည်။ လရောင်အောက်တွင် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသော ဝမ်ဟုန်သည် မှိုင်းဝေသော မြူများကြား၌ ဗျပ်စောင်းကိုတီးခတ်နေသည်။ ဝမ်ဟုန့်နားသို့ ချန်ရုံ ဖြည်းဖြည်းချင်း တိုးကပ်သွားလိုက်သည်။
အနားသို့ရောက်သောအခါ အစေခံအမျိုးသမီးတစ်ဦးက ချက်ချင်းပင် ဝမ်ဟုန်၏ ညာဘက်၌ ခုံတစ်လုံးကိုချပေးလိုက်သည်။
ချန်ရုံက ထိုင်၍ ဝမ်ဟုန်၏ ချောမောသောသွင်ပြင်ကို ငေးကြည့်နေမိသည်။
ဝမ်ဟုန်၏လှုပ်ရှားနေသောလက်များက နှေးကွေးသွားကြသည်။ သူသည် ခေါင်းကိုလှည့်၍ ကြယ်ကဲ့သို့တောက်ပသောမျက်လုံးများဖြင့် ချန်ရုံ့အားကြည့်လိုက်သည်။ ချန်ရုံ၏အမြင်ထဲတွင်တော့ ထိုမျက်ဝန်းများသည် ကောင်းကင်မှတကယ့်ကြယ်များကဲ့သို့ပင် အလွန်တောက်ပ၍ကြည်လင်ကာ ချန်ရုံနှင့် အလှမ်းဝေးကွာလွန်းလှပေသည်။
ချန်ရုံသည် ဝမ်ဟုန်အား မော့ကြည့်လိုက်သည်။
ဝမ်ဟုန်က နှုတ်ခမ်းများကိုတွန့်ကွေး၍ ပြုံးလိုက်သည်။
"ဘာတွေကြည့်နေတာလဲ အားရုံ..."
"အရှင် အသက်ရှင်နေသေးတယ်နော်..."
ချန်ရုံ၏ အကြည့်များက မှုန်ရီနေကြသည်။
ချန်ရုံသည် ထိုကဲ့သို့ ပဟေဠိဆန်သောစကားများကို ဟာလာဟင်းလင်းဖြစ်နေ၍ မူးဝေနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
ဝမ်ဟုန်သည် မျက်ခုံးများကို မြှင့်လိုက်၍ ဗျပ်စောင်းကိုချကာ ချန်ရုံ့အား အကဲခတ်ကြည့်နေလိုက်သည်။
ထိုအချိန်မှသာ ချန်ရုံသည် အသိစိတ်ပြန်ဝင်သွာ၍ ခပ်ရွံ့ရွံ့ပြုံးပြလိုက်ကာ ပြန်လှည့်ရန် မတ်တပ်ရပ်လိုက်သည်။
"အားရုံ..."
ချန်ရုံ၏ခြေလှမ်းများက ရပ်တန့်သွားကြသည်။
ဝမ်ဟုန်သည် မတ်တပ်ထ၍ ချန်ရုံ၏အနောက်သို့ လျှောက်လာသည်။ ချန်ရုံနှင့် လက်တစ်ကမ်းအကွာသို့ ရောက်သောအခါမှ ရပ်လိုက်၍ ခေါင်းကိုငုံ့ကာ နူးညံ့စွာမေးလိုက်သည်။
"မင်း ဘာဖြစ်လို့ မောယန်ကို လိုက်လာလဲဆိုတာ ငါသိခွင့်ရှိမလား..."
"ကျွန်မ အရှင့်ကို အဲဒီမေးခွန်းရဲ့အဖြေကိုပေးပြီးပါပြီ..."
ချန်ရုံကပြောလိုက်သည်။ ထို့နောက် ဝမ်ဟုန်ထပ်မေးမည်ကို မစောင့်တော့ပဲ အရှေ့သို့ အမြန်ဆက်လျှောက်သွားလိုက်သည်။
ဝမ်ဟုန်က ခပ်ဖျော့ဖျော့ပြုံး၍ အမြန်ပြေးသွားသော ချန်ရုံ့အား ကြည့်နေလိုက်လေသည်။
ထိုအချိန်၌ အသက်ကြီးကြီးပညာရှိတစ်ဦးက ဝမ်ဟုန့်နားရောက်လာ၍ ချန်ရုံ၏နောက်ကျောကိုငေးကြည့်ကာ ပြောလိုက်သည်။
"အဲဒီ ချန်အိမ်တော်က အားရုံဟာ အရမ်းကို ထူးဆန်းတဲ့မိန်းကလေးပဲ ချီလန်...ကျွန်ုပ်တို့နဲ့အတူ မောယန်ကိုလာတုန်းက မြို့ထဲကိုဝင်ဖို့ကို သူပဲ ဦးဆောင်ပြီး အားလုံးအစီအစဉ်ချခဲ့တာ...အရမ်းလည်း သူ့ကိုယ်သူယုံကြည်မှုရှိပြီး တည်ငြိမ်တယ်...ကျွန်ုပ်တို့ တောင်ဘက်တံခါးကနေ ဖောက်ထွက်ဖို့စီစဉ်တုန်းကလည်း သူပဲ ယုံကြည်ချက်အပြည့်နဲ့ ဦးဆောင်ခဲ့တာ...ရန်သူတွေရဲ့ အရေအတွက်နဲ့ အချိန်အတိအကျကိုလည်း သူသိနေခဲ့တယ်...ဒါပေမယ့် တကယ့်တိုက်ပွဲထဲကိုလည်းရောက်ရော တခြားမိန်းကလေးတွေနဲ့ ဘာမှမခြားနားပဲ အရမ်းကြောက်နေခဲ့တယ်...ချီလန်ရော အဲဒီ ချန်အိမ်တော်ရဲ့ အားရုံကို ဘယ်လိုမြင်ပါသလဲ..."
ဝမ်ဟုန်က ခေါင်းခါလိုက်သည်။ သူသည် တဖြည်းဖြည်းဝေးကွာသွားသော ချန်ရုံ၏ပုံသဏ္ဍာန်ကိုကြည့်၍ အနည်းငယ်ပြုံးကာ ခပ်တိုးတိုးပြောလိုက်သည်။
"တကယ်ကို ပဟေဠိဆန်တဲ့ မိန်းကလေးပါပဲ..."
ခဏအကြာတွင် လူတိုင်းသည် မောပန်းနွမ်းနယ်လွန်းသောကြောင့် အိမ်မောကျကုန်ကြတော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် အဖွဲ့သည် ခရီးစတင်ထွက်ခွာကြပြန်သည်။
မနေ့ကအထိ အဖွဲ့ထဲ၌ လူနှစ်ထောင်ကျော်ရှိခဲ့သော်လည်း ယခုတွင်တော့ လူတစ်ရာကျော်ခန့်သာကျန်တော့ကာ ထိုထဲမှ သုံးဆယ်ခန့်က ဒဏ်ရာများရနေကြသည်။ လူများက အလွန်နည်းသောကြောင့် လမ်းခရီး၌ အလွန်သတိထားနေရသည်။ လမ်းခရီး၌ တစ်စုံတစ်ခု မူမမှန်ဖြစ်ပါက ချက်ချင်း အစီအစဉ်ပြောင်းနိုင်ရန် ဝမ်ဟုန်သည် ခရီးတစ်လျှောက်၌ အထောက်တော်များစွာကို စေလွှတ်ထားရသည်။
သုံးရက်မြောက်နေ့တွင်တော့ နန်ယန်မြို့ကို လှမ်းမြင်နေကြရပြီဖြစ်သည်။
အဖွဲ့သည် ထိုရင်းနှီးသောမြင်ကွင်းကို မြင်လိုက်ရသောအခါ ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ကြသည်။
"ဝမ်ဟုန်..."
ကြည်လင်သောအသံက ရုတ်တရက် လှမ်းခေါ်လိုက်သည်။
လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။ ရထားလုံးထဲမှ ချန်ရုံက ဝမ်ဟုန့်ကို လှမ်းခေါ်လိုက်ခြင်းဖြစ်သည်။ ချန်ရုံသည် လူအများ၏စိတ်ဝင်စားခြင်းမခံရရန် ယောင်္ကျားလေးကဲ့သို့ ဝတ်ဆင်ထားဆဲဖြစ်၍ မျက်နှာ၌ပင် ဖုန်မှုန့်များပေကျံနေသေးသည်။
လူအုပ်က စိတ်ဝင်စားစွာ ကြည့်နေကြချိန်တွင် ချန်ရုံသည် မြင်းကို ဝမ်ဟုန့်နားသို့သွားစေလိုက်ကာ လေးနက်သောအသံဖြင့်ပြောလိုက်သည်။
"ချီလန်...ကျွန်ုပ်တို့ နန်ယန်မြို့ဆီလည်း ရောက်ခါနီးပြီမို့လို့ ကျွန်ုပ်တောင်းဆိုစရာတစ်ခုရှိပါတယ်..."
ဝမ်ဟုန်က မျက်လုံးများကို မှေးစင်းလိုက်သည်။ ထို့နောက် ချန်ရုံ့အား အကဲခတ်၍ ဖြည်းညှင်းစွာပြုံးလိုက်ကာ ပြောလိုက်သည်။
"အချစ်လေး...မင်းက ချန်အိမ်တော်က အားရုံက မောယန်ကို တစ်ခါမှမသွားဖူးပါဘူး လို့ လူတိုင်းကိုသိစေချင်လို့ ဒီလိုမျိုးဝတ်ထားတာလား...ဒါဆိုရင် ငါ့အိမ်တော်က လူတွေနဲ့အတူ ငါ့ဆီကိုလိုက်လာတာကိုရော ဘယ်လိုဖြေရှင်းမှာလဲ..."
ဝမ်ဟုန်၏အပြုံးက အေးစက်နေသောကြောင့် ချန်ရုံ တုန်လှုပ်သွားမိသည်။
ချန်ရုံသည် သူမ တောင်းဆိုသည်က ကျိုးကြောင်းသင့်လျော်သည်ဟု ထင်မိသော်လည်း ဝမ်ဟုန်က ထိုသို့ပြောလိုက်သောအခါ သူမကိုယ်သူမ အပြစ်ရှိသူကဲ့သို့ ခံစားသွားရသည်။ ချန်ရုံသည် ခေါင်းကိုငုံ့၍ နှုတ်ခမ်းကိုကိုက်ကာ တီးတိုးပြောလိုက်သည်။
"ကျွန်မ-ကျွန်မက လက်မထပ်ရသေးပါဘူး..."
ထို့နောက် ချန်ရုံသည် အားပြန်တင်းလိုက်၍ ဝမ်ဟုန့်အား မော့ကြည့်ကာ ငြင်သာစွာ တောင်းဆိုလိုက်သည်။
"အရှင်နဲ့ ကျွန်မကြားမှာ မိုင်နဲ့တွက်ဆလို့တောင်မရနိုင်အောင် ကွာဝေးနေကြတာပါ...ကျွန်မ ကိုယ်လုပ်တော်တစ်ယောက်တော့ မဖြစ်ချင်ပါဘူး..."
ထိုစကားများနှင့်အတူ ချန်ရုံသည် ကြာပွတ်ကို လွှဲယမ်း၍ နောက်သို့ ပြန်လှည့်ကာ ရထားလုံးဆီသို့ ပြေးသွားလိုက်သည်။
ဝမ်ဟုန်က ချန်ရုံ့အား ငေးကြည့်နေပြီးမှ လူအုပ်အား လေးတွဲ့စွာပြောလိုက်သာ်။
"ချန်အိမ်တော်ရဲ့အားရုံပြောသွားတာကို လူတိုင်းကြားလိုက်ကြလား..."
"ဟုတ်ကဲ့..."
"ဒါဆိုရင် သူပြောတဲ့အတိုင်း လုပ်လိုက်ကြ..."
"ဟုတ်ကဲ့..."
အသက်ကြီးကြီးပညာရှိသည် ချန်ရုံ၏ဝမ်းသာသွားသော မျက်နှာလေးကို ကြည့်ကာ မနေနိုင်ပဲ ခေါင်းကိုခါ၍ ဝမ်ဟုန့်အားပြောလိုက်သည်။
"ဒီမိန်းကလေးက ဘယ်သူတွေကိုများ သူက လှည့်စားနိုင်မယ်ထင်နေတာလဲ..."
ဝမ်ဟုန်ကတော့ ခပ်ဖျော့ဖျော့သာ ပြုံးလိုက်လေသည်။
Xxxxx