အပိုင်း ၉၂
Viewers 18k

Chapter 92
ချီလန်က အင်္ကျီလက်ကို ဖြတ်ပစ်လိုက်ပြီတဲ့လား?
[T/N: အင်္ကျီလက်ကိုဖြတ်ခြင်း = လိင်တူကိုကြိုက်နှစ်သက်ခြင်း]



နန်ယန်မြို့ဂိတ်တံခါး၏အပြင်၌ ဝမ်ချီလန်၏ စစ်တပ်ပေါ်လာသောအခါ မြို့စောင့်စစ်သားများသည် အလွန်အံ့အားသင့်သွားကြသည်။

အချိန်အတော်ကြာသည့်အခါမှ မြို့စောင့်တပ်မှူးက ဂိတ်တံခါးမှထွက်လာ၍ ဝမ်မိသားစု၏အစေခံအား လှမ်းပြောလိုက်သည်။

"ကျွန်ုပ်တို့ ဝမ်ချီလန်နဲ့ တွေ့ခွင့်ရနိုင်မလား..."

တပ်မှူးပြောနေစဉ်မှာပင် အနီးအနားမှ ခေါင်းအလုံးတစ်ရာခန့်က အနားသို့တိုးကပ်၍ ချောင်းကြည့်နေကြသည်။

ဝမ်ဟုန်က ရထားလုံး၏ လိုက်ကာကိုဖွင့်ဟလိုက်သည်။

ဝမ်ဟုန်က ပြုံး၍ လေကဲ့သို့ကြည်လင်သောအသံ၊ လကဲ့သို့ ထွန်းလင်းတောက်ပသောမျက်နှာဖြင့် ပြောလိုက်သည်။

"ကျွန်ုပ်ပါ..."

ထိုစကားများကိုပြောလိုက်လျှင်ဆိုသည်ပဲ မြို့ရိုးပေါ်မှ ဝမ်းမြောက်ဝမ်းသာစွာဖြင့် အော်ဟစ်သံများပေါ်ထွက်လာသည်။ တပ်မှူးကလည်း ပျော်ရွှင်တက်ကြွစွာ အော်လိုက်သည်။

"တကယ်ပဲ ဝမ်ချီလန် ပြန်ရောက်လာတာပဲ...ဒါ ဝမ်ချီလန်အစစ်ပဲ...တံခါးကိုဖွင့်စမ်း...တံခါးကို မြန်မြန်ဖွင့်ကြစမ်း..."

အော်ဟစ်သံများကြားတွင် လေးလံသော သံဂိတ်တံခါးသည် ပွင့်ဟစပြုလေပြီ။ ဝမ်ဟုန်၏ ရထားလုံးက‌ ရှေ့ဆုံးမှ ဦးဆောင်၍ ဝင်သွားသည်။ သို့သော် ဝမ်ဟုန်၏ရထားလုံးက ချန်ရုံ၏ရထားလုံးနားသို့ရောက်လာသောအခါ ရုတ်တရက် ရပ်တန့်သွားသည်။ ပျော်ရွှင်၍ မျှော်လင့်တကြီး ကြည့်နေကြသော မျက်လုံးများစွာ၏အောက်တွင် ဝမ်ဟုန်သည် ချန်ရုံ့အား နူးညံ့၍ ကြင်နာယုယမှုအပြည့်ပါသောအသံဖြင့် ပြောလိုက်သည်။

"အချစ်လေး...သွားကြမယ်လေ..."

ဝမ်ဟုန်၏အသံက တိုးတိတ်မနေသောကြောင့် ဝမ်ဟုန်ပြောလိုက်သည်ကို မြို့ဂိတ်တံခါးအနီးအနားမှ လူများက ကောင်းစွာကြားလိုက်ကြရသည်။ ဝမ်ဟုန့်အသံကို မကြားလိုက်ရသည့်လူများကလည်း ဝမ်ဟုန်တစ်ယောက် ရထားလုံးထဲရှိလူအား နူးညံ့စွာပြုံးပြနေသည်ကို မြင်လိုက်ကြရသည်။

တမုဟုချင်းအတွင်းမှာပင် မျက်လုံးများအားလုံးသည် ချန်ရုံ၏ရထားလုံးဆီသို့ ရောက်သွားကြသည်။

ရထားလုံးပေါ်မှ ချန်အိမ်တော်၏တံဆိပ်ကိုမြင်သောအခါ ဆူဆူညံညံအသံများ ထွက်ပေါ်လာကြသည်။

ရထားလုံးထဲမှ ချန်ရုံတစ်ယောက် လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်နယ်နေမိသည်ကို မည်သူမျှ မသိပါချေ။ ချန်ရုံသည် နီရဲနေသောမျက်နှာဖြင့် နှုတ်ခမ်းများကိုကိုက်ကာ အဖျားတက်သကဲ့သို့ ဖြစ်နေလေသည်။ သူမသည် စိတ်ဓာတ်ကျစွာဖြင့် အဖိုးစွင်းအား တီးတိုးလှမ်းပြောလိုက်သည်။

"ဒါ သူ တမင်သက်သက်လုပ်တာပဲ...သူ အကြံဉာဏ်နဲ့ လုပ်တာ..."

ပင်ပန်းနွမ်းနယ်နေသော အဖိုးအိုက ဘာမှပြန်မပြောချေ။

ချန်ရုံသည် ဝမ်ဟုန်ရှိသည့်နေရာသို့ လူသတ်ချင်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်၍ ခါးသီးစွာ ပြန်လှည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"အဖိုးက ရထားလုံးကိုမောင်းမနေလို့ တော်သေးတာပေါ့...မဟုတ်ရင် ကျွန်မ-ကျွန်မရဲ့ ဂုဏ်သတင်းကတော့ အစအနတောင် ရစရာရှိတော့မှာမဟုတ်ဘူး..."

အဖိုးစွင်းက မောပန်းအက်ကွဲနေသည့်အသံဖြင့် ‌ပြန်ပြောလိုက်သည်။

"သခင်မလေးက ချီလန်နဲ့ သေခြင်းတရားကိုတောင်ရင်ဆိုင်ခဲ့ပြီးပြီမဟုတ်ပါလား...သခင်မလေးက သူ့ရဲ့ ကိုယ်လုပ်တော်ဖြစ်ခဲ့ရင်တောင်မှ ချီလန်က သခင်မလေးကို တလေးတစားနဲ့ ကောင်းကောင်းမွန်မွန်ထားမှာပါ..."

အဖိုးစွင်း၏စကားများထဲ၌ သဘောတူသည့်လေသံပါနေလေသည်။

ချန်ရုံသည် အဖိုးစွင်းအား ဒေါသထွက်စွာကြည့်လိုက်၍ လက်များကို ဆက်၍ ဆုပ်နယ်နေလိုက်သည်။ ချန်ရုံသည် အလွန်စိတ်တိုသွားသောကြောင့် အဖိုးစွင်းအား ထပ်၍ မျက်စောင်းထိုးကာကြည့်လိုက်ပြီးမှ နောက်ကျောပေးထားလိုက်သည်။

လူအုပ်က ဂိတ်တံခါးမှ မြို့ထဲသို့ ဝင်စပြုနေလေပြီ။

ဝမ်ဟုန်၏စစ်တပ်က နန်ယန်မြို့သို့ ဘေးမသီရန်မခပဲ ပြန်ရောက်လာသည်ဆိုသော သတင်းက နန်ယန်တစ်မြို့လုံးအား အံ့အားသင့်သွားစေသည်။ လမ်း၏ တစ်ဖက်တစ်ချက်မှ လူများက အပြေးအလွှားရောက်လာကြ၍ ဆိုင်ပိုင်ရှင်များကလည်း ဆိုင်များကိုပင်ပိတ်ကာ ဂိတ်တံခါးနားသို့ ရောက်လာကြသည်။ အိမ်တော်အကြီးကြီးများ၌နေသောလူများကလည်း ခြံတံခါးများကို အလျင်အမြန်ဖွင့်၍ အော်ဟစ်ကြသည်။

"ဝမ်ချီလန် ပြန်ရောက်လာပြီ...ဝမ်ချီလန်ပြန်ရောက်လာပြီ..."

"ဝမ်ချီလန်ပြန်ရောက်လာပြီ..." ဟူသော စကားလုံးများက လမ်းများပေါ်၌ ပဲ့တင်သံထပ်နေလေသည်။ လမ်း၏တစ်ဖက်တစ်ချက်မှ ရာချီနေသော လာကြည့်သူများကို မြင်ရချိန်အထိ ချန်ရုံသည် လူမမြင်စေပဲ ဝမ်ဟုန်၏စစ်တပ်အတွင်းမှ ခိုးထွက်နိုင်ရန် ကြံစည်နေဆဲဖြစ်သည်။

သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် လာရောက်ကြည့်ရှုသူများသည် ရာဂဏန်းမှ ထောင်ချီသွားသည်။ လမ်းများသည် တဖြည်းဖြည်းပို၍ ပိတ်ဆို့လာကာ ထပ်၍လာနေသော လူများ၏ခြေသံများကိုလည်း နေရာအနှံ့မှ ကြားနေကြရသည်။ ချန်ရုံ၏မျက်နှာသည် ဖြူဖျော့သွား၍ နှုတ်ခမ်းများက တဆတ်ဆတ်တုန်ကာ အဖိုးစွင်းအား အော်ပြောလိုက်သည်။

"အဖိုးစွင်း ကျွန်မတို့ ထွက်လို့မရတော့ဘူး...ဘယ်လိုလုပ်ကြမလဲ..."

ချန်ရုံ၏အသံသည် ခုနကနှင့် မတူတော့ချေ။ ချန်ရုံသည် ကြောက်လန့်လွန်းလှ၍ ငိုမိတော့မတတ်ဖြစ်နေသည်။

ချန်ရုံကြောက်လန့်နေသည်ကို မြင်သောအခါ အဖိုးစွင်းက ခပ်တိုးတိုးပြောလိုက်သည်။

"အဖိုး အောက်ဆင်းပြီး ကြည့်လိုက်မယ်..."

အဖိုးစွင်းက ရထားလုံးပေါ်မှ ဆင်းမည်အလုပ်မှာပင် ချန်ရုံက အဖိုးစွင်း၏လက်မောင်းကို လှမ်းဆွဲ၍ ခေါင်းကိုခါလိုက်သည်။

"အဖိုးသွားလို့မဖြစ်ဘူး...ဒီ ဝမ်စစ်တပ်ထဲမှာ အပြင်လူဆိုလို့ အဖိုးနဲ့ ကျွန်မပဲ ရှိတာ...အဖိုးသွားတာနဲ့ ကျွန်မကိုပါသိကုန်ပြီး ကျွန်မရဲ့ ဂုဏ်သိက္ခာလည်း ပျက်စီးသွားလိမ့်မယ်..."

ထိုအခါ အဖိုးစွင်းက အမြန်မေးလိုက်သည်။

"ဒါဆို သခင်မလေးက ဘယ်လိုလုပ်ချင်ပါသလဲ..."

အဖိုးစွင်းမေးနေစဉ်မှာပင် အပြင်မှ ဝမ်းသာအားရ အော်ဟစ်လိုက်သံများကိုကြားလိုက်ရသည်။

ချန်ရုံက ခဏမျှစဉ်းစားလိုက်၍ အဖိုးစွင်းအားကြည့်ကာ အသံကိုနှိမ့်၍ အပြင်သို့ အော်ပြောလိုက်သည်။

"ဇာမျက်နှာဖုံးပါတဲ့ ဦးထုပ် ယူလာပေးပါ..."

အပြင်မှ အသံများက ဆူညံနေသည့်အပြင် ချန်ရုံ၏အသံကလည်း သိပ်မကျယ်သောကြောင့် ချန်ရုံပြောသည်ကို မည်သူမျှ မကြားလိုက်ကြချေ။ ချန်ရုံသည် လည်ချောင်းတစ်ချက်ရှင်း၍ ထပ်အော်ပြောလိုက်ရသည်။

ခဏအကြာမှ အစေခံတစ်ဦးက ချန်ရုံ့နားသို့ရောက်လာသည်။

"သခင်မလေး ဘာအလိုရှိပါသလဲ..."

"ကျွန်မကို ဇာမျက်နှာဖုံးပါတဲ့ ဦးထုပ်ယူလာပေးပါ...ကျွန်မရဲ့ အစေခံအဖိုးသုံးမှာမို့လို့ ဇာထူထူမျက်နှာဖုံးကို ယူလာပေးပါ..."

"ဟုတ်ကဲ့..."

မကြာခင်မှာပင် ဦးထုပ်သည် ချန်ရုံ၏လက်ထဲသို့ ရောက်လာလေသည်။ ချန်ရုံက ဦးခုပ်အား အဖိုးစွင်းပေါ်သို့ဆောင်းပေး၍ သေချာပြောလိုက်သည်။

"အဖိုး...လူတွေဘယ်လောက်ပဲများနေပါစေ ဒီဦးထုပ်ကို သေချာကာကွယ်ပါ...အဖိုးကို ဘယ်သူမှ မမြင်ပါစေနဲ့..."

အဖိုးစွင်းက အသံအက်အက်ဖြင့် ပြန်ပြောလိုက်သည်။

"စိတ်မပူပါနဲ့ သခင်မလေး..."

ထိုအချိန်၌ မိန်းကလေးများတစ်သိုက်က အော်ဟစ်လိုက်ကြသည်။

"မဖြစ်နိုင်ဘူး...ဝမ်ချီလန်မှာ ဘယ်လိုလုပ်ပြီး ချစ်သူရှိနိုင်မှာလဲ..."

"ငါမယုံဘူး...ငါမယုံနိုင်ဘူး..."

"ကျွန်မတို့ကို ကြည့်ခွင့်ပေးပါ..."

"သူဘယ်သူလဲ...ကျွန်မတို့ မြင်ချင်တယ်..."

အော်ဟစ်သံများကြားတွင် အဘက်ဘက်ဆီမှ ခြေသံများလည်းပေါ်လာ၍ ချန်ရုံ၏ရထားလုံးကို ဝိုင်းရံလိုက်ကြသည်။ ချန်ရုံသည် အလွန်‌ကြောက်သွားသောကြောင့် အော်မိမတတ်ပင်ဖြစ်သွားသည်။ သူမသည် အဖိုးစွင်းဘက်သို့ အမြန်လှည့်၍ မေးလိုက်သည်။

"ကျွန်မတို့ ဘာလုပ်ကြမလဲ..."

ထိုအချိန်မှာပင် ချန်ရုံ၏ရထားလုံးအပြင်၌ ဝမ်ချီလန်၏ချောမောသောပုံသဏ္ဍာန်ပေါ်လာသည်။

ချန်ရုံသည် လိုက်ကာများကြားမှသာ ဝမ်ဟုန်၏သဏ္ဍာန်ကိုမြင်လိုက်ရသော်လည်း ဝမ်ဟုန်၏ပုံရိပ်က နှလုံးသားထဲ စွဲမြဲနေသောကြောင့် ဝမ်ဟုန်မှန်း ချက်ချင်းသိလိုက်သည်။ ချန်ရုံသည် အံကိုကြိတ်၍ ဝမ်ဟုန်အား မျက်စောင်းထိုးလိုက်သည်။

"ဝမ်ချီလန်က အရမ်းကိုရွံဖို့ကောင်းတာပဲ...ကျွန်မ တခြားတစ်ယောက်နဲ့ လက်မထပ်နိုင်အောင် သူထပ်လုပ်ရင်တော့..."

ချန်ရုံက မျက်လုံးထဲ၌ မျက်ရည်စများနှင့် ကျိန်ဆိုလိုက်သည်။

"ကျွန်မကိုယ်ကျွန်မ သတ်သေပြီး သူ့ကို အမြဲ လိုက်ခြောက်လှန့်နေမှာပဲ...သူ့ဘဝတစ်လျှောက်လုံး တခြား ဘယ်သူနဲ့မှ လက်မထပ်နိုင်အောင် ကျွန်မ တစ်သက်လုံး လိုက်နှောင့်ယှက်နေမှာ..."

ချန်ရုံ၏ကျိန်ဆိုသံက တိုးတိတ်လွန်းသောကြောင့် အော်သံများ၊ ဟစ်ကြွေးသံများကြားတွင် မည်သူမျှ မကြားလိုက်ကြချေ။ သို့သော်လည်း ချန်ရုံပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ရထားလုံး၏အပြင်မှ ဝမ်ဟုန်က ရေကဲ့သို့သိမ်မွေ့သည့်အသံဖြင့်ပြောလိုက်သည်။

"ငါ့ရဲ့အချစ်လေးက ဘယ်သူ့ကိုများ ဒီလောက် စိတ်ဆိုးမာန်ဆိုး ကျိန်ဆဲနေရတာလဲ..."

ဝမ်ဟုန်၏အသံကလည်း တိုးတိတ်လွန်းလှသည်။ သို့သော် ဝမ်ဟုန်၏အသံက အခြားလူများနှင့်မတူပဲ စူးရှသောကြောင့် ဆူညံနေသောပတ်ဝန်းကျင်မှာပဲ ချန်ရုံ၏နားထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။

ထူးဆန်းလှပေသည်။ ချန်ရုံသည် ချက်ချင်းပင် ဝမ်ဟုန့်ပေါ်သို့ ခုန်တက်၍ ကိုက်ပစ်ချင်လောက်အောင် ဒေါသထွက်နေသော်လည်း ဝမ်ဟုန်၏အသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ဒေါသများက တစ်ဝက်ခန့်လျော့ကျသွားသည်။ ထိုဒေါသများအစား ရှက်ကြောက်မှုနှင့် မျှော်လင့်မှုတို့အား ချန်ရုံ၏စိတ်ထဲသို့ ဝင်လာကြသည်။

ချန်ရုံသည် သူမ၏မရှိသင့်သော စိတ်ခံစားချက်များကို မျိုသိပ်ကာ ဝမ်ဟုန့်အား စကားပြန်ပြောမည်အပြုမှာပင် မိန်းကလေးတစ်ဦးက ရုတ်တရက် ထအော်လိုက်သည်

"ဝမ်ချီလန် အရှင့်ကို ကျွန်မတို့က အရမ်းချစ်ပြီး လေးစားပါတယ်...အရှင့်ကို အဝေးက မြင်ရတာနဲ့တင် ကျွန်မတို့ မူးဝေကြရပါတယ်...ဒါပေမယ့် အရှင်က ရုတ်တရက်ကြီး အရှင့်မှာ "အချစ်လေး" ရှိတယ်လို့ပြောတော့ ကျွန်မတို့ မယုံနိုင်ဖြစ်ရပါတယ်...အဲဒါကြောင့် ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် အရှင့်ရဲ့ ချစ်ရသူကို ကျွန်မတို့ကို ထုတ်ပြပေးပါ..."

ထိုမိန်းကလေး၏အော်သံရပ်သွားသည်နှင့် အခြားမိန်းကလေးများကလည်း အော်ဟစ်လိုက်ကြသည်။

"ဝမ်ချီလန်...အရှင့်ရဲ့ အချစ်လေးကို ထုတ်ပြပေးပါ..."

မိန်းကလေးများသည် ပြောရင်းဖြင့် ရှေ့သို့ အလုံးအရင်းဖြင့် တိုးလာကြပြန်သည်။ မိန်းကလေးများ၏ အားအင်သည် မယုံနိုင်ဖွယ်ပင်ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်အိမ်တော်၏အစေခံများက အော်ဟစ်၍ တားနေကြသော်လည်း မိန်းကလေးများက အရှိန်မလျှော့ပဲ ဆက်တိုးလာကြသည်။

ချန်ရုံသည် ဝမ်ဟုန့်အား မျှော်လင့်တကြီး ကြည့်နေလိုက်မိသည်။ ဝမ်ဟုန် ဘာမှပြောမည်မဟုတ်ဟု ချန်ရုံသိသော်လည်း အနည်းငယ်တော့ မျှော်လင့်နေမိသေးသည်။ မိန်းကလေးများသည် ဝမ်ဟုန်တစ်ခုခုပြောလိုက်မှ နောက်ဆုတ်သွားကြမည်မဟုတ်လား။ ချန်ရုံက ဝမ်ဟုန့်အား ကြည့်နေဆဲမှာပင် ဝမ်ဟုန်က သက်ပြင်းချ၍ ရထားလုံးမောင်းသမားအား မောင်းရန်အမိန့်ပေးလိုက်သည်ကို ကြားလိုက်ရလေသည်။

ထိုအပြုအမူကတော့ အတော်ပင် ရက်စက်လွန်းသွားပြီဖြစ်သည်။ ဝမ်ဟုန်ထွက်သွားသည်နှင့်တစ်ပြိုင်နက် ချန်ရုံသည် ကျားပါးစပ်ထဲမှ သိုးငယ်ကဲ့သို့ ထိုမိန်းကလေးများအလယ်၌ ကျန်ခဲ့တော့မည်မဟုတ်လား။

ချန်ရုံသည် ကြောက်စိတ်ဖြင့် ချွေးပြန်နေဆဲမှာပင် မိန်းကလေးများ၏ လက်လေးများသည် ချန်ရုံ၏ ရထားလုံးပေါ်သို့ တွယ်တက်လာနေကြပြီဖြစ်သည်။

ချန်ရုံ တုံ့ဆိုင်းနေရန်အချိန်မရတော့ချေ။ ချန်ရုံသည် အံကိုကြိတ်၍ ဝမ်ဟုန်ပေးထားသောဝတ်ရုံကိုဆွဲယူလိုက်သည်။ ထို့နောက် မျက်လုံးကိုသာဖော်၍ ဝတ်ရုံကိုစွပ်လိုက်ကာ ဝရုန်းသုဉ်းကားဖြစ်နေသည့်ကြားထဲမှ ရထားလုံးထဲက ခုန်ထွက်လိုက်တော့သည်။

ခုန်ထွက်လာသောချန်ရုံကြောင့် လူတိုင်းက လန့်သွားကြကာ ဝမ်အိမ်တော်မှအစောင့်များရော မိန်းကလေးများရောပါ တစ်ခဏမျှ ငြိမ်သက်သွားကြသည်။ ထွက်ခွာစပြုနေသော ဝမ်ဟုန်ပင်လျှင် ခေါင်းကိုလှည့်၍ ချန်ရုံ့အား အံ့ဩစွာ ကြည့်နေလေသည်။

လူတိုင်း ကြောင်အနေဆဲမှာပင် ချန်ရုံသည် လူတိုင်း၏ရှေ့၌ ဝမ်ဟုန်၏ရထားလုံးထဲသို့ မြှားတစ်စင်းကဲ့သို့ ခုန်ဝင်လိုက်ကာ ဝမ်ဟုန်၏ ရင်ခွင်ထဲတည့်တည့်သို့ဝင်သွားသည်။ ထို့နောက် ချန်ရုံသည် လက်ကိုဆန့်တန်း၍ ရထားလုံး၏လိုက်ကာကို ပိတ်လိုက်တော့သည်။

...

အသံများက တိတ်ဆိတ်သွားကြသည်။ အနားသို့အလျင်အမြန်ရောက်လာကြသော ပညာရှိများနှင့် မိန်းကလေးများသည် ဘာမှမပြောနိုင်တော့ပဲ ဗလာမျက်လုံးများနှင့် ကြည့်နေကြသည်။ အချိန်အတော်ကြာသောအခါမှ မိန်းကလေးတစ်ဦး၏အော်ငိုလိုက်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ဝမ်ချီလန်...လောကမှာ မိန်းမချောလေးတွေအများကြီးရှိရဲ့နဲ့ ဘာဖြစ်လို့ အဲဒီလူတွေ(လိင်တူကြိုက်နှစ်သက်သူများ) ရဲ့လမ်းစဉ်ကိုလိုက်ပြီး အင်္ကျီလက်ကို ဖြတ်ရတာပါလဲ..."

ထိုမိန်းကလေး၏အသံကိုကြားလိုက်သောအခါ ဝမ်ဟုန်သည် တောင့်တင်းသွားသည်။ ထို့နောက် မိန်းကလေးများစွာကလည်း အက်ကွဲနေသောအသံများဖြင့် အော်ငိုလိုက်ကြသည်။

"အရှင်က ယောင်္ကျားတစ်ယောက်ကို 'အချစ်' လို့ခေါ်ပြီး အရှင့်ရဲ့ အင်္ကျီတွေကိုပါ ဝတ်ခွင့်ပြုနေတာပါလား ဝမ်ချီလန်...အရှင် ဘယ်လိုများ လုပ်ရက်ရတာပါလဲ..."

"ကမ္ဘာပေါ်က တခြားယောင်္ကျားတွေအားလုံး အင်္ကျီလက်တွေဖြတ်ပစ်ရင်တောင်မှ အရှင်ကတော့ မဖြတ်သင့်ပါဘူး ဝမ်ချီလန်...ချီလန်က အင်္ကျီလက်တွေဖြတ်ပစ်လိုက်ပြီတဲ့...ကျွန်မတို့ ဘယ်လိုလုပ်ကြရပါ့မလဲ..."

ထိုစကားများကို မိန်းကလေးများကို ဦးဆောင်သူမိန်းမပျိုက ပြောလိုက်ခြင်းဖြစ်သည်။

ထိုခေါင်းဆောင်မိန်းကလေး၏အသံသည် အလွန်ဝမ်းနည်း၍ သွေးရူးသွေးတမ်းဖြစ်နေသောကြောင့် ကျန်မိန်းကလေးများအားလုံးသည်လည်း ရင်ထဲမှ ခံစားလာကြရကာ ထိုစကားများကိုကြားလိုက်သည်နှင့်တစ်ပြိုင်နက် မျက်ရည်များ ဖြိုင်ဖြိုင်ကျလာကြတော့သည်။

အပြင်မှ ငိုယိုနေသောမိန်းကလေးများအားလုံးသည် ဝမ်းနည်းစွာဖြင့် ပြန်စပြုကုန်ကြသည်။ ရထားလုံးထဲတွင်တော့ ချန်ရုံသည် ဝမ်ဟုန်၏ရင်ခွင်ထဲ၌ မျက်နှာအပ်ထားရင်းက မနေနိုင်ပဲ ရယ်လိုက်မိသည်။

ချန်ရုံ၏ရယ်သံကိုကြားသောအခါ ဝမ်ဟုန်က ခေါင်းကိုငုံ့ကြည့်လိုက်သည်။

ချန်ရုံသည် ဝမ်ဟုန်၏မျက်နှာကို မမြင်ရသော်လည်း အလွန်ထက်မြက်၍ နာမည်ကျော်ကြားက တစ်ကမ္ဘာလုံး၏လေးစားခြင်းကိုခံရသော ထိုအမျိုးသားသည် စိတ်ဓာတ်ကျနေမည်ဖြစ်ကြောင်း ချန်ရုံ မကြည့်ပဲ သိနေမိသည်။

ချန်ရုံသည် နှုတ်ခမ်းများကို ကိုက်၍ ရယ်လိုက်သည်။

"ဝမ်ချီလန် အရှင် အခုတော့ နောင်တရနေပါပြီလား...ဝမ်းနည်းနေပါပြီလား...လမ်းပျောက်နေပါပြီလား...ကျွန်မ အရှင့်ကို သတိပေးခဲ့ပေမယ့် အရှင်က နားမထောင်ခဲ့ဘူးလေ...အရှင် အခုတော့ သင်ခန်းစာရနေပြီထင်ပါတယ်..."

ချန်ရုံ၏အသံက အနိုင်ရသူကဲ့သို့ တက်ကြွနေသည်။ ချန်ရုံမျှော်လင့်ထားသကဲ့သို့ပင် ဝမ်ဟုန်သည် တစ်ကိုယ်လုံးတောင့်တင်းနေ၍ အချိန်အတော်ကြာသည်အထိ ချန်ရုံ၏စကားများကို ဘာမှပြန်မပြောချေ။

ချန်ရုံသည် သူမကိုယ်သူမ ဂုဏ်ယူနေဆဲမှာပင် ဝမ်ဟုန်က ချန်ရုံ၏နားရွက်နားသို့ကပ်၍ တိုးတိတ်သောလေသံဖြင့်ပြောလိုက်သည်။

"အားရုံ ငါက မင်းကို အခုလေးတင်ပဲ 'အချစ်' လို့ခေါ်ခဲ့ပြီး မင်းက အခု ငါ့ရင်ခွင်ထဲမှာ ငါ့ခါးကို ဖက်ထားတယ်...စစ်မြေပြင်မှာတုန်းကတော့ မင်းက ကြောက်လို့ လို့ အကြောင်းပြချက်ပေးနိုင်ပေမယ့် အခုတော့ မင်း ဘယ်လို အကြောင်းပြချက်ပေးဦးမှာလဲ..."

ထိုစကားများကိုကြားလိုက်ရသောအခါတွင်တော့ ဤတစ်ခေါက် တောင့်တင်းရမည့်လူမှာ ချန်ရုံဖြစ်သွားလေသည်။


Xxxxc