Chapter 93:
နာမည်ကျော်ကြားသူအား ကြိုဆိုခြင်း
အချိန်အတော်ကြာသောအခါမှ ချန်ရုံက ချည့်နဲ့စွာ ပြောလိုက်သည်။
"ကျွန်မ အရှင့်ကို အရင်ကလည်း တစ်ခါ ဖက်ဖူးပြီးပြီပဲ..."
ချန်ရုံက ထိုသို့ပြောလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ဝမ်ဟုန်၏ရယ်သံကိုကြားလိုက်ရသည်။
ဝမ်ဟုန်၏ရယ်သံကိုကြားသည်နှင့် ချန်ရုံ၏ရင်ထဲမှ မျိုသိပ်ထားရသော နာကျည်းဒေါသထွက်မှုများက ပေါ်ထွက်လာသည်။ ချန်ရုံသည် ညာဘက်လက်ကိုဆန့်တန်း၍ ဝမ်ဟုန်၏ လက်မောင်းအတွင်းသားကို ဆွဲလိမ်လိုက်သည်။ ထို့နောက် အံကြိတ်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အရှင် ဘာဖြစ်လို့များ ဒီလိုပြောနိုင်ရတာပါလဲ...အရှင်သာ ကျွန်မကို 'အချစ်လေး' လို့မခေါ်ခဲ့ရင် ဒီလိုကိစ္စတွေဖြစ်လာစရာအကြောင်း မရှိဘူးမဟုတ်လား..."
ချန်ရုံ၏အသံက ပြောနေရင်းဖြင့် တုန်ယင်သွားသည်။
ဝမ်ဟုန့်ထံမှ ဘာစကားမှမထွက်လာသောအခါ ချန်ရုံသည် တိုးတိတ်စွာ ရှိုက်ငင်လိုက်၍ မျက်နှာပေါ်မှ အုပ်ထားသည့် ဝတ်ရုံကို ဖယ်လိုက်သည်။
ချန်ရုံမော့ကြည့်လိုက်သောအခါ ဝမ်ချီလန်သည် ချန်ရုံ့အား ဘာမှမတတ်နိုင်ပဲ နာကျင်နေသည့်မျက်နှာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
ချန်ရုံသည် ပထမဆုံးအကြိမ်ဖြင့် ကောင်းကင်ဘုံမှ မသေမျိုးနွယ်နတ်ဘုရားဖြင့်ပင် နှိုင်းယှဉ်ရသော ဝမ်ချီလန်၏မျက်နှာ၌ ခံစားချက်ကို မြင်လိုက်ရခြင်းဖြစ်သည်။ ချန်ရုံသည် ရင်ထဲ၌ မထိန်းချုပ်နိုင်ပဲ ပျော်ရွှင်သွားမိသည်။
ထိုသို့ ပျော်သွားမိသည့်အတွက်လည်း ချန်ရုံသည် သူမကိုယ်သူမ ဒေါသထွက်ကာ ရှက်သွားမိသည်။
ချန်ရုံသည် ဝမ်ဟုန်၏ရင်ခွင်ထဲမှ ဖြည်းညှင်းစွာ ရုန်းထွက်လိုက်၍ တည့်တည့်မတ်မတ်ထိုင်ကာ ခေါင်းကိုငုံ့၍ တိုးတိတ်စွာပြောလိုက်သည်။
"ချီလန်...ကျွန်မ တကယ်ပဲ ကိုယ်လုပ်တော် မဖြစ်ချင်ဘူး..."
ချန်ရုံ၏အသံထဲ၌ ငိုရှိုက်သံများပါနေသည်။
ချန်ရုံသည် နှစ်ခါမျှ ရှိုက်ငင်လိုက်၍ မျက်နှာမှ မျက်ရည်များကို အင်္ကျီလက်ဖြင့်သုတ်ကာ ထပ်ပြောလိုက်သည်။
"တကယ်တော့ အရှင့်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီက အားရုံက အရှင့်ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့တောင် မတန်ပါဘူး..."
ချန်ရုံသည် နှုတ်ခမ်းကို ပြင်းစွာဖိကိုက်၍ စိတ်ကို ဆုံးဖြတ်လိုက်သည်။
ချန်ရုံသည် ခေါင်းကိုမော့၍ ဝမ်ချီလန်၏ ထူးဆန်းသောအကြည့်ကို ငေးကြည့်ကာ ဝမ်ချီလန်၏လက်ကို ဆွဲလိမ်လိုက်ပြန်၍ ပြောလိုက်သည်။
"မြန်မြန်...ဘယ်သူမှမသိစေပဲ ကျွန်မ ဒီရထားလုံးပေါ်ကနေ ဆင်းဖို့နည်းလမ်းကို စဉ်းစားပေးဦး..."
ဝမ်ဟုန်က နာကျင်စွာဖြင့် အနည်းငယ်အော်လိုက်သည်။ ဝမ်ဟုန်၏မျက်နှာကပြုံးနေသေးသော်လည်း အနည်းငယ် နာနေသည့်ပုံပေါ်သည်။
"ဟုတ်ပါပြီ..."
ဝမ်ဟုန်က သဘောတူလိုက်မှ ချန်ရုံက ဆွဲလိမ်ထားသည်ကို လွှတ်လိုက်သည်။ လွှတ်ပြီးသောအခါမှ ချန်ရုံသည်လည်း ရှက်သွား၍ လည်ပင်းအထိ နီရဲနေတော့သည်။
ဝမ်ချီလန်က ခေါင်းကိုစောင်း၍ ချန်ရုံ့အားပြုံးကြည့်လိုက်ကာ ရထားလုံး၏အနောက်ဘက်သို့ လက်ညှိုးထိုးပြ၍ ခပ်ဖြည်းဖြည်းပြောလိုက်သည်။
"အနောက်မှာ အစေခံဝတ်စုံတစ်ခုရှိတယ်...မင်း အဲဒီဝတ်စုံကို လဲဝတ်...မျက်နှာကို တစ်ခုခုနဲ့အုပ်ပြီး ဆင်းသွားလိုက်ပေါ့..."
ချန်ရုံက ခေါင်းငြှိမ့်၍ ရထားလုံး၏အနောက်ဘက်သို့ သွားကာ လိုက်ကာကိုဖွင့်လိုက်သည်။
"ရထားလုံးထဲမှာတောင် အစေခံရဲ့ အင်္ကျီကရောက်နေတယ်..."
ချန်ရုံသည် ဒေါသထွက်ထွက်နှင့်ပြောလိုက်သည်။
"ဘယ်လိုတောင် ပွေရှုပ်တဲ့လူမျိုးနဲ့ ကျွန်မပတ်သတ်နေမိပါလိမ့်..."
ဝမ်ဟုန်က ချန်ရုံ့အား ပြုံး၍ကြည့်နေရင်းဖြင့် ချန်ရုံ၏စကားကိုကြားသောအခါ သက်ပြင်းချလိုက်သည်။
"လောကမှာ လူကောင်းတစ်ယောက်ဖြစ်ဖို့အခက်ခဲဆုံးပဲ ဆိုတဲ့ စကားက တကယ်ကိုမှန်တာပဲ...အဲ့ဒီအင်္ကျီကို မင်းအတွက်စဉ်းစားပြီး အဆင်သင့်ပြင်ပေးထားပါ အချစ်ရယ်..."
ချန်ရုံက ကြောင်အသွားကာ အနောက်သို့ ဗလာမျက်လုံးများဖြင့် ပြန်လှည့်ကြည့်လိုက်သည်။
သို့သော်လည်း ဝမ်ဟုန်၏မျက်လုံးများနှင့် ရင်ဆိုင်မိသွားသောအခါ ချန်ရုံသည် မျက်စောင်းထိုးလိုက်၍ တိုးတိုးလေးပြောလိုက်သည်။
"ဟိုဘက်လှည့်နေပါ...ကျွန်မကိုမကြည့်နဲ့..."
ဝမ်ဟုန်က ပြုံး၍ အကြည့်ကိုလွှဲလိုက်သည်။
အမျိုးသမီးများ၏အဝတ်အစားများသည် အမျိုးသားအဝတ်အစားများထက် ဝတ်ရသည်မှာ ပို၍ရှုပ်ထွေးသည်။ အစေခံများပင်လျှင် သူတို့၏အဝတ်အစားများကို တင့်တယ်မှုအပြည့်ဖြင့် ဝတ်ဆင်ကြသည်။ ချန်ရုံသည် အဝတ်အစားများကိုလဲနေရင်းဖြင့် သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။
'ဝမ်ဟုန်လိုလူက မိန်းမတွေအများကြီးကို တွေ့ဖူးမှာပါ...ငါအဝတ်အစားလဲတာကိုတော့ သူလှည့်မကြည့်လောက်ပါဘူး...'
သို့သော်လည်း အနည်းငယ်ကြောက်လန့်နေမိသောကြောင့် ချန်ရုံ၏လက်များမှာ ကတုန်ကယင်ဖြစ်နေကြသည်။
ခဏအကြာ၌ ချန်ရုံသည် အဝတ်အစားများကို အလုံးစုံလဲလှယ်ပြီးသွားသောအခါ အဝတ်အစားများသည် ချန်ရုံနှင့် ကွက်တိတော်နေသည်ကို သတိထားမိလိုက်သည်။
'သူက ဒီအဝတ်အစားတွေက ငါ့အတွက်လုပ်ပေးထားတာလို့တော့ ပြောတာပဲ...ဘာဖြစ်လို့ ငါ့အတွက် ဒီလို အဝတ်အစားတွေကို ပြင်ဆင်ပေးထားတာလဲ...'
ချန်ရုံသည် စဉ်းစားရင်းဖြင့် ဒေါသထွက်လာ၍ ရှက်လည်း ရှက်လာမိသည်။
ချန်ရုံသည် အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်နိုင်သေးချေ။
'အဲဒီလူက ငါ့ကို ဂိတ်တံခါးမှာ အချစ်လေးလို့ခေါ်လိုက်တည်းက ဒီလိုတွေ ဖြစ်လာမှာ ကြိုတွက်ထားပြီးသားဖြစ်လောက်တယ်...အဲဒါကြောင့် ရထားလုံးထဲမှာ အဝတ်အစားတွေထည့်ထားပြီး ငါ ထောင်ချောက်ထဲဝင်လာမယ့်အချိန်ကို ထိုင်စောင့်နေတာပဲနေမှာ...'
ထိုသို့တွေးရင်းဖြင့် ချန်ရုံသည် ပို၍ပင်ဒေါသထွက်လာမိသည်။
ခဏကြာသောအခါ ချန်ရုံသည် အစေခံဝတ်စုံကို သပ်ရပ်စွာဝတ်ဆင်၍ ခေါင်းပေါ်၌ ဇာမျက်နှာဖုံးပါသောဦးထုပ်ကိုဆောင်းကာ ရထားလုံး၏အရှေ့သို့ ပြန်ရောက်လာသည်။ ချန်ရုံသည် အရက်ခွက်ကိုကိုင်၍ တစ်ငုံချင်းသောက်နေသော ဝမ်ဟုန့်အား မျက်စောင်းထိုးကြည့်လိုက်ပြီးမှ လိုက်ကာအား အသံမထွက်အောင် မလိုက်သည်။
အပြင်၌ လူအနည်းငယ်သာ ရှိတော့သောကြောင့် ချန်ရုံသည် ခေါင်းကိုငုံ့၍ ရထားလုံးထဲမှ ခုန်ထွက်လိုက်သည်။
ရထားလုံးသည် အရှိန်မလျှော့ပဲ သွားနေဆဲဖြစ်သောကြောင့် ချန်ရုံသည် အရှေ့သို့ ထိုးကျသွားသော်လည်း အရှိန်ကို အချိန်မှီထိန်းလိုက်နိုင်သောကြောင့် ဟန်ချက်သိပ်မပျက်သွားပေ။
ဝမ်ချီလန်၏ရထားလုံးကိုမြင်သည်နှင့် လူများသည် စိတ်ဝင်တစားလှမ်းကြည့်ကုန်ကြသည်။ ထိုရထားလုံးထဲမှ လူတစ်ယောက်ထွက်လာသည်ကိုမြင်သောအခါ လူတိုင်း၏မျက်လုံးများသည် ချက်ချင်းပင် ချန်ရုံ့ထံသို့ ရောက်သွားကုန်ကြသည်။
သို့သော်လည်း ထိုလူမှာ အစေခံမိန်းကလေးတစ်ဦးသာဖြစ်သည်ကိုမြင်သောအခါ စိတ်ဝင်စားမှုများက ပြန်လျော့ကျသွား၍ အကြည့်များကို ပြန်လွှဲလိုက်ကြသည်။ အထက်တန်းလွှာများအတွက် သူတို့သွားသည့်နေရာများသို့ အစေခံများကို ခေါ်သည်မှာ ထမင်းစားခြင်း ရေသောက်ခြင်းကဲ့သို့ ဘာမှမထူးခြားသည့် သာမာန်အပြုအမူများသာဖြစ်သည်။ ထို့ကြောင့် ဝမ်ဟုန့်ကိုသည်းသည်းလှုပ်ဖြစ်ကြသည့် မိန်းကလေးများပင် ချန်ရုံ့အား တစ်ချက်အားကြည့်၍ ပြန်လှည့်သွားကြသည်။
ထိုအရာကိုမြင်သောအခါမှပင် ချန်ရုံလည်း စိတ်အေးသွား၍ ခြေလှမ်းကျဲများဖြင့် အစေခံများ၏ ရထားလုံးဆီသို့ သွားလိုက်သည်။
အစေခံများသည်လည်း သူတို့၏ရထားလုံးထဲသို့ တစ်စုံတစ်ယောက်တက်လာသည်ကို မြင်သောအခါ အံ့ဩသွားကြသည်။ သူတို့သည် ဇာမျက်နှာဖုံးပါသောဦးထုပ်ကို ဝတ်ဆင်ထားသည့် ချန်ရုံ့အား ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်နေကြသည်။
ချန်ရုံက ရထားလုံး၏ထောင့်၌ ထိုင်လိုက်၍ တိုးတိတ်သောအသံဖြင့် ပြောလိုက်သည်။
"ကျွန်မပါ...ကျေးဇူးပြုပြီး အသံမထွက်လိုက်ကြပါနဲ့..."
အစေခံများက ချက်ချင်းသဘောပေါက်သွားကြသည်။
ထိုအစေခံမိန်းမပျိုများသည် ဝမ်ချီလန်လက်အောက်၌ သစ္စာရှိရှိအမှုထမ်းခဲ့ကြ၍ ဝမ်ချီလန်ဘယ်သွားသွား လိုက်ပါခဲ့ကြသူများဖြစ်သည်။ ရုပ်ရည်နှင့် ဉာဏ်ပညာတွင်လည်း သာမာန်အထက်တန်းလွှာပညာရှိများနှင့် ကောင်းကောင်းကြီးယှဉ်နိုင်လေသည်။ ထိုအစေခံမိန်းမပျိုများအားလုံးသည်ပညာတတ်၍ ယဉ်ကျေးသိမ်မွေ့သူများဖြစ်ကာ ချစ်ရသူအတွက် သေခြင်းတရားကိုပင်ရင်ဆိုင်ရဲသော ချန်ရုံ့ကိုလည်း လေးစားကြသည်။ ထို့ကြောင့် ချန်ရုံစကားပြောလိုက်သည်နှင့် အစေခံများအားလုံးသည် အသံတိတ်သွား၍ ဘာမှမဖြစ်သကဲ့သို့ လုပ်လက်စအလုပ်များကို ဆက်လုပ်နေကြလေသည်။
ချန်ရုံသည် ထိုအစေခံလေးများအားကြည့်၍ မနေနိုင်ပဲ တွေးနေမိသည်။
ဝမ်ချီလန်ရဲ့ အစေခံတွေကတောင်မှ ငါ့ထက်သာကြပါလား...
ထိုသို့တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် ချန်ရုံ၏မျှော်လင့်ချက်များအားလုံးသည် ပျောက်ကွယ်သွားကြသည်။ ယခင်ဘဝ၌ ချန်ရုံသည် သူမ မပိုင်ဆိုင်သော လင်ယောင်္ကျားအတွက် သူမ၏ ဂုဏ်သိက္ခာကို အညှိုးနွမ်း အပျက်စီးခံခဲ့ရသည်။ ယခုဘဝတွင်တော့ ချန်ရုံ ထိုမျှ မကြိုးစားချင်တော့ပေ။
အပြင်၌ ဆူညံသံများထွက်ပေါ်လာသည်။
ပျော်ရွှင်စွာအော်ဟစ်နေသံများက ကျယ်သထက် ကျယ်လာသည်ကို ချန်ရုံ ကြားနေရသည်။ ချန်ရုံသည် သိချင်စိတ်အနည်းငယ် ပြင်းပြလာသောကြောင့် ရထားလုံး၏လိုက်ကာကို အနည်းငယ်မ၍ ကြည့်လိုက်သည်။
လမ်း၏တစ်ဖက်တစ်ချက်၌ လူများဖြင့် ပြည့်နှက်နေသည်။ ထို့အပြင် အဓိကအိမ်တော်မှလူများရာက်လာကြသောကြောင့် ဝမ်ဟုန်၏အဖွဲ့သည် ရပ်၍ ထိုလူများအား တစ်ဦးချင်းစီ နှုတ်တက်နေရလေငည်။
ထိုလူများမှာ ဟွမ်းကျိုးလန်၊ ယွီကျစ် အစရှိသည့် မိန်းကလေးများကို သည်းသည်းလှုပ်ဖြစ်စေသောလူများဖြစ်သည်။ သူတို့သည် လမ်းမအလယ်၌ မြင်းဆွဲသောရထားလုံးများကို မောင်းနှင်၍ ရောက်လာကြသည်။
ဝမ်ဟုန်၏အဖွဲ့ သွားမည့်လမ်းကို ပိတ်ပြီးသွားသောအခါ ချန်ရုံတွေ့ခဲ့ရသော အသက်ကြီးကြီး ပညာရှိက ရထားလုံးထဲမှ ခုန်ဆင်းလိုက်သည်။ အစေခံလေးတစ်ဦးက ထိုပညာရှိ မြေပေါ်သို့ရောက်လာသည်နှင့်တစ်ပြိုင်နက် ပုလွေတစ်ခုကိုကမ်းပေးလိုက်သည်။ ပညာရှိက ပုလွေကို ပါးစပ်၌တေ့၍ စတင်မှုတ်တော့သည်။
ပုလွေသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟွမ်းကျိုးလန်က ဗျပ်စောင်းကိုပိုက်၍ အောက်သို့ဆင်းလာပြန်သည်။ ဟွမ်းကျိုးလန်က ဗျပ်စောင်းကို စတီးလိုက်သောအခါ ယွီကျစ်က ရထားလုံးပေါ်မှ ဆင်းလာသည်။ ထို့နောက် ယွီကျစ်က လက်ကို ဝှေ့ယမ်းလိုက်သောအခါ လှပသော ကချေသည် အယောက် နှစ်ဆယ်သည် ရထားလုံးများပေါ်မှ ဆင်းလာ၍ ခါးများကို ဝှေ့ယမ်း၍ လူပုံအလယ် လမ်းပေါ်၌ ကနေကြတော့သည်။
အကသည် အလွန်ပင် ရမ္မက်သွေးကိုကြွစေသည့်အကဖြစ်သည်။ ကချေသည်များသည် ပါးလွှာသောအဝတ်အစားများကို ဝတ်ထားကြ၍ သူတို့၏လှုပ်ရှားမှုများ၌ ရင်သားများက လှုပ်ခါနေကြသည်ကို ချန်ရုံမြင်နေရသည်။ အပျော်မယ်တစ်ဦး၏ဗိုက်ပေါ်၌ မှဲ့လေးတစ်ခုရှိသည်ကိုလည်း တစ်ချက်ကြည့်ရုံနှင့်ပင် ထင်ရှားစွာမြင်နေရသည်။
ကချေသည်များက ကနေကြစဉ်တွင် ဗျပ်စောင်းကို တီးခတ်နေသော ဟွမ်းကျိုးလန်က တီးခတ်ခြင်းကိုရပ်လိုက်သည်။ ထို့နောက် ဘေးသို့လှည့်၍ ယွီကျစ်အား အနည်းငယ်စိတ်တိုသည့်ပုံဖြင့် မေးလိုက်သည်။
"ဒါ ဘာသဘောလဲ ယွီကျစ်...ရုတ်တရက်ကြီး ဘာဖြစ်လို့ အကမယ်တွေကိုခေါ်ပြီး ငါတို့ရဲ့အစီအစဉ်ကို ဖျက်ဆီးနေတာလဲ..."
ယွီကျစ်က လက်ကို ဆန့်၍ သူ၏မုတ်ဆိတ်မွှေးတိုတိုကိုပွတ်ကာ သက်ပြင်းချ၍ပြောလိုက်သည်။
"အစကတော့ သေခြင်းကနေ သီသီလေးလွတ်မြောက်လာတဲ့ ချီလန့်ကို ဂီတနဲ့ ကြိုဆိုမလို့ပါပဲ...ဒါပေမယ့် မမျှော်လင့်ထားပဲ ချီလန်က အင်္ကျီလက်ကို ဖြတ်လိုက်တယ်လေ...ငါ စိတ်မကောင်းလွန်းလို့ သူ့အတွက် အကမယ်တွေခေါ်လိုက်တာပါ...အား သူတို့ရဲ့အကနဲ့ ဝမ်ချီလန်ရဲ့ ယောင်္ကျားစိတ်တွေ ပြန်လည်နိုးထလာလိမ့်မယ်လို့ မျှော်လင့်မိတာပါ..."
ယွီကျစ်က ဝမ်ဟုန်အား "အင်္ကျီလက်ကိုဖြတ်" ၍ "ယောင်္ကျားလေးနှင့်အိပ်ခဲ့သည်" ဆို၍ တမင်သက်သက် လူသိအောင်ပြောနေသကဲ့သို့ ရှိလေသည်။
အချိန်ခဏအတွင်းမှာပင် အံ့ဩခြင်းများ၊ ရယ်သံများနှင့် ဆွေးနွေးသံများဖြင့် ဆူညံသွားသည်။
သက်ပြင်းချသံနှင့်အတူ ဝမ်ဟုန်က ရထားလုံး၏လိုက်ကာကို ဆွဲဖွင့်လိုက်သည်။
လိုက်ကာပွင့်သွားသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးသည် ခေါင်းများကိုလှည့်၍ မျက်လုံးများကို အတင်းပြူးကာ ဝမ်ဟုန်၏ ရထားလုံးထဲသို့ ပြူးပြဲကြည့်နေကြတော့သည်။
သို့သော် ရထားလုံးထဲ၌ မည်သူမျှ မရှိပါချေ။
ထို့အပြင် ဝမ်ဟုန်၏ အဝတ်အစားများသည် သပ်ရပ်၍ ဆံပင်ကလည်း ကျနစွာ ဖြီးသင်ထားလျက်ရှိသည်။ ဝမ်ဟုန်၏ပုံစံသည် တစ်စုံတစ်ယောက်နှင့် အိပ်ထားသည့်ပုံပေါ်မနေချေ။
ဝမ်ဟုန်သည် အားလုံး၏အကြည့်များကို ရင်ဆိုင်၍ ပြုံးလိုက်သည်။ ထို့နောက် မျက်လုံးများကိုမှေးစင်း၍ ယွီကျစ်အား လှမ်းကြည့်ကာ အော်ပြောလိုက်သည်။
"ယွီကျစ်...မင်းကတော့ကွာ..."
ယွီကျစ်က အော်ရယ်လိုက်သည်။
ယွီကျစ်သည် ခြေလှမ်းကျဲကြီးများဖြင့် သုံး လေးလှမ်းခန့်သာလှမ်း၍ ဝမ်ဟုန်၏ရထားလုံးနားသို့ရောက်လာသည်။ ထို့နောက် ယွီကျစ်သည် လက်ကိုဆန့်၍ လိုက်ကာကို အကုန်အစင် ဖွင့်ကာ အထဲသို့ကြည့်လိုက်သည်။ ရထားလုံးထဲသို့ စေ့စပ်စွာကြည့်ပြီးသောအခါ ယွီကျစ်က ပြောလိုက်သည်။
"ဟင်း...ဒီထဲမှာ ယောင်္ကျားရဲ့ အငွေ့အသက်အစား မိန်းကလေးတစ်ယောက်ရဲ့ ရနံ့ကိုပဲရနေတယ်...ချီလန် မင်းရဲ့ ချစ်သူက ယောင်္ကျားဟန်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်များလား..."
ယွီကျစ်ပြောသည်ကို ကြားသောအခါ ချန်ရုံသည် အံ့ဩသွားမိသည်။ ယွီကျစ်၏နှာခေါင်းသည် မည်မျှပင် အနံ့ခံကောင်းလိုက်ပါသနည်း။
ရထားလုံးထဲသို့ သုံး လေးခါမျှ ရှုရှိုက်ပြီးသောအခါ ယွီကျစ်သည် ခေါင်းကို တစ်ဆတ်ဆတ်ငြှိမ့်၍ လူအုပ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ရထားလုံးထဲမှာ ဘယ်သူမှမရှိဘူး...အခုကြားနေရတဲ့ သတင်းက မှားယွင်းတဲ့သတင်းပါပဲ..."
ထို့နောက် ယွီကျစ်သည် သက်ပြင်းကြီးစွာချ၍ လက်ကိုဝှေ့ယမ်းကာ ခြေထောက်နှင့်ခါးများကိုလှုပ်ခါ၍ ပုရိသယောင်္ကျားများအားဆွဲဆောင်နေသော ကချေသည်များကို ရပ်ခိုင်းလိုက်သည်။
"မင်းတို့ပြန်ကြတော့..."
ကချေသည်များရပ်သွားကြသောအခါ လူအုပ်ထဲမှ သန်မာထွားကြိုင်းသည့်လူတစ်ယောက်က အော်မေးလိုက်သည်။
"အရှင်ယွီကျစ်...အရှင့်ရဲ့ ကောင်းကင်ဘုံကနှာခေါင်းကိုအသုံးပြုပြီး စူးစမ်းလေ့လာတာ အတည်ဖြစ်ပါပြီလား...ရထားလုံးထဲမှာ တကယ်ပဲ ဝမ်ချီလန်ရဲ့ ချစ်သူယောင်္ကျားမရှိပါဘူးလား..."
ထိုသန်မာသည့်လူသည် အရပ်မြင့်၍ အသံကျယ်ကာ မုတ်ဆိတ်မွှေးတိုတိုနှင့် အဝါရောင်မျက်လုံးများရှိသည်။ ထိုလူသည် ထိုခေတ်အခါက လူများမုန်းတီးကြသည့် ရွံရှာဖွယ်လူများ၏ ကြင်အင်လက္ခဏာများနှင့် ပြည့်စုံနေပေသည်။
သို့သော် ယွီကျစ်ကတော့ ထိုလူအား ခွဲခြား၍ မဆက်ဆံပါချေ။ ယွီကျစ်သည် ထိုလူပြောသည့်စကားများကိုကြားသောအခါ ပျော်ရွှင်သွား၍ ခပ်ညစ်ညစ်အပြုံးဖြင့် ပြောလိုက်သည်။
"ကောင်းကင်ဘုံက နှာခေါင်းတဲ့လား...ကောင်းတယ် ကောင်းတယ်..."
ယွီကျစ်က ထိုသို့ပြောလိုက်သောအခါ ဘေးမှ ဟွမ်းကျိုးလန်က အေးစက်စွာပြုံးလိုက်သည်။
"ငါ့ရဲ့ခွေး အားနုံမှာလည်း ကောင်းကင်ဘုံကနှာခေါင်းရှိတာပဲ..."
ဟွမ်ကျိုးလန်က ပြောလိုက်သောအခါ နေရာအနှံ့မှ ရယ်သံများထွက်ပေါ်လာက့သည်။
သို့သော် ယွီကျစ်ကတော့ ဒေါသမထွက်သွားပေ။ သူ၏မျက်နှာသည် ပုံမှန်ပင်ဖြစ်နေကာ ပြုံး၍ပြောလိုက်သည်။
"ဘာယောင်္ကျားမှမရှိပါဘူး...ဘာယောင်္ကျားမှမရှိပါဘူး ဟားဟား...ငါ့ရဲ့ ကောင်းကင်ဘုံကနှာခေါင်းရဲ့ဆုံးဖြတ်ချက်အရ ဝမ်ချီလန်ရဲ့ ရထားလုံးထဲမှာ ဘာ ချစ်သူအမျိုးသားမှမရှိပါဘူး...ချစ်သူအမျိုးသမီးသာ ရှိရင်ရှိပါလိမ့်မယ်..."
ယွီကျစ်က ထိုသို့ပြောလိုက်မှပင် အခြေအနေကပိုဆိုးသွားတော့သည်။ ဝမ်ဟုန်က မနေနိုင်ပဲ မျက်လုံးကိုဝေ့လိုက်မိကာ ဟွမ်းကျိုးလန်ကတော့ ရယ်နေမိတော့သည်။ အသက်ကြီးကြီး ပညာရှိက သက်ပြင်းချ၍ သူ၏ပုလွေကို သိမ်းကာ ရှေ့သို့ ဆက်လျှောက်သွားလေသည်။
"သွားကြမယ် သွားကြမယ်...ဒီကြိုဆိုပွဲက ယွီကျစ်ကြောင့် ပျက်စီးသွားပြီ..."
ပညာရှိကြီးက ထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူအုပ်သည် ဝမ်းနည်းစွာ သက်ပြင်းချလိုက်ကြသည်။
ယွီကျစ်ကတော့ တဟားဟား အော်ရယ်နေတော့သည်။
Xxxx