အပိုင်း ၉၄
Viewers 18k

Chapter 94
ချန်အိမ်တော်သို့ ပြန်ရောက်ခြင်း



လူအုပ်ကြီးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် ဆူညံပွက်လောရိုက်နေကြသည်။ ထိုအချိန်၌ ချန်ရုံက ဘယ်ညာကြည့်လိုက်ရာ မည်သူကမှ ချန်ရုံရှိသည့်ဘက်ကို အာရုံစိုက်မနေသည်ကိုတွေ့သောအခါ ရထားလုံးပေါ်မှခုန်ချ၍ လူအုပ်ကြားထဲသို့ ရောဝင်လိုက်သည်။ ချန်ရုံသည် ပေါ့ပါးသွက်လက်စွာဖြင့် လူကြားထဲ၌ တိုးဝင်ဖြတ်သန်းကာ ချန်အိမ်တော်ရှိသည့်ဘက်သို့ ပြေးသွားတော့သည်။

လူတိုင်းသည် ဝမ်ဟုန်ရှိရာဘက်သို့ သွားနေကြချိန်တွင် ချန်ရုံက ဆန့်ကျင်ဘက်သို့သွားနေလေသည်။ ထိုလမ်းက သွားရလွယ်ကူသောကြောင့် ခဏလေးနှင့်ပင် တောင်ဘက်ပိုင်းလမ်းသို့ရောက်သွားတော့သည်။ ထိုနေရာတွင်တော့ ပတ်ဝန်းကျင်က ငြိမ်သက်အေးဆေးနေလေသည်။ သေတွင်းမှ လက်မတင်လေးလွတ်လာခဲ့သောချန်ရုံသည် ဤ ရင်းနှီးသောလမ်းလေးကို လှည့်ပတ်ကြည့်ရှုနေမိသည်။ အရာရာသည် ချန်ရုံ့အတွက် ရင်းနှီးကျွမ်းဝင်မှုရှိနေကာ လှပနေလေသည်။

ချန်ရုံပိုင်ဆိုင်သည့် ပိတ်ထားသောဆိုင်ခန်းအချို့ကိုဖြတ်ကျော်ပြီးသောအခါ တံခါးများကို ကျယ်ဝန်းစွာဖွင့်ဟထား‌သော ဆိုင်ခန်းတစ်ခုကို ချန်ရုံတွေ့လိုက်ရသည်။ ထိုဆိုင်သည် မျက်နှာခြယ်နှင့် ပေါင်ဒါများရောင်းချသည့်ဆိုင်ဖြစ်သည်။ ဆိုင်တစ်ခုလုံး၌ ပန်းရောင်ခန်းစီးလိုက်ကာများတပ်ဆင်ထားကာ အသစ်စက်စက်ဆေးသုတ်ထားသောတောက်ပြောင်သည့် မဟော်ဂနီစားပွဲများလည်းရှိနေ၍ တစ်ဆိုင်လုံးသည် ဖုန်မှုန့်တစ်စက်တောင်မရှိအောင် သန့်ရှင်းပြောင်လက်နေပေသည်။

ချန်ရုံသည် ထိုဆိုင်ဆီသို့ အမြန်လျှောက်သွားလိုက်သည်။

ဆိုင်ကို‌စောင့်နေသူမှာ အသက် ၂၇ ၂၈ နှစ်အရွယ်ခန့်ရှိသော အရပ်ရှည်ရှည်နှင့် ပိန်ပါးသောအစေခံတစ်ဦးဖြစ်သည်။ ဆိုင်တံခါးဝသို့ ချန်ရုံရောက်လာသည်ကိုမြင်သောအခါ အစေခံသည် ယဉ်ကျေးသောအပြုံးဖြင့် အလျင်အမြန်ကြိုဆိုလိုက်သည်။

"သခင်ကြီး..."

ထိုအချိန်မှာပင် ချန်ရုံက မျက်နှာဖုံးဇာပါသော ဦးထုပ်ကိုချွတ်၍ သူမ၏ မျက်နှာကို ပြလိုက်သည်။

အစေခံလေးက ကြောင်အသွား၍ အံ့ဩစွာအော်လိုက်သည်။

"သခင်မ...သခင်မ..."

ချန်ရုံက အစေခံအားကြည့်၍ပြုံးကာ ပြောလိုက်သည်။

"ကျွန်မပါ...အဲ့ဒီလောက်လန့်သွားစရာမလိုပါဘူး..."

အစေခံလေးသည် မျက်လုံးထောင့်မှ ချွေးများကို အင်္ကျီလက်ဖြင့်သုတ်၍ တုန်ရီနေသောအသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့ မနက်ရော ညရော သခင်မလေးအတွက်စိတ်ပူနေကြရတာ...မောယန်မြို့ကနေကြားနေရတဲ့သတင်းတွေကလည်း တစ်နေ့ထက်တစ်နေ့ဆိုးနေတော့ အရမ်းစိုးရိမ်နေကြရတယ်..."

ချန်ရုံက စိတ်မရှည်ဖြစ်လာ၍ ခေါင်းကိုတဆတ်ဆတ်ငြှိမ့်ကာ အမြန်မေးလိုက်သည်။

"အထိန်းတော်ဖျင်ရော ဘယ်မှာလဲ...သူထွက်မလာသေးဘူးလား..."

"ဟုတ်ကဲ့...ဟုတ်ကဲ့..."

အစေခံလေးက အလျင်အမြန်ပြန်ဖြေလိုက်သည်။

"ကျွန်တော်သွားခေါ်လိုက်ပါ့မယ်..."

ချန်ရုံက လက်ကို ဝှေ့ယမ်းလိုက်သည်။ ဆိုင်ခန်းသည် အတော်အသင့်ကျယ်ဝန်း၍ အတွင်း၌လည်း အခန်းနှစ်ခန်းရှိသေးသည်။ ချန်ရုံသည် အတွင်းသို့လျှောက်သွား၍ အခြားမည်သူမျှမရှိသောကြောင့် အခန်းတွင်း၌ အရုပ်ကြိုးပြတ်သလို ထိုင်ချလိုက်တော့သည်။

ထိုင်ပြီးသောအခါ ချန်ရုံသည် ရေသောက်ရင်းဖြင့် လှည့်ပတ်ကြည့်မိသည်။ ဆိုင်သည် အလွန်ပင် သန့်ရှင်းသပ်ရပ်နေသော်လည်း လူရှင်းနေကာ သိပ်မရောင်းရသည့်ပုံပေါ်နေသည်။

ချန်ရုံတွေးတောနေဆဲမှာပင် အလျင်အမြန်လျှောက်လာသော ခြေလှမ်းများကိုကြားလိုက်ရသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းတွင် အထိန်းတော်ဖျင်သည် အခန်းထဲသို့ ရောက်လာလေတော့သည်။ အထိန်းတော်ကြီးသည် ချန်ရုံ့အား မြင်မြင်ချင်း မျက်လုံးများနီရဲလာကာ မျက်ရည်များစီးကျလာတော့သည်။

အထိန်းတော်ဖျင်သည် သူမ၏မျက်နှာကို အင်္ကျီလက်ဖြင့် ကာလိုက်သည်။ ချန်ရုံက မတ်တပ်ထ၍ အထိန်းတော်ဖျင်အား ဖက်မည်လုပ်လိုက်သောအခါ အထိန်းတော်ကြီးသည် နောက်သို့ဆုတ်၍ ချန်ရုံ့ရှေ့၌ ဒူးထောက်ကျကာ ငိုယိုနေတော့သည်။ ငိုနေရင်းဖြင့်လည်း ချန်ရုံ့အား အပြစ်တင်နေသည်။

"မောယန်မြို့က ဒီလောက်တောင်အန္တရာယ်များနေတာကိုသိရဲ့နဲ့ ဘာဖြစ်လို့များ မိန်းမပျိုလေးတန်မဲ့ တစ်ယောက်တည်းသွားခဲ့ရတာပါလဲ...နန်ယန်ရဲ့မင်းသားက မမလေးကို ဒီလောက်နှစ်သက်နေတာ သူ့ရဲ့ကမ်းလှမ်းမှုကို လက်ခံပြီး ချမ်းချမ်းသာသာ ငြိမ်းငြိမ်းချမ်းချမ်း နေသွားလို့ရတယ်မဟုတ်ပါလား...သေနေတဲ့ခြင်္သေ့ထက် အသက်ရှင်နေတဲ့ခွေးက ပိုကောင်းတယ်ဆိုတဲ့ စကားပုံကို မမလေး မကြားဖူးပါဘူးလား..."

အထိန်းတော်ဖျင်သည် ပြောရင်းဖြင့် ရပ်ကာ တစ်ချက်ငိုရှိုက်ပြီးမှ ထပ်ပြောနေသည်။ ပြောရင်းဖြင့်လည်း မျက်ရည်များက သွင်သွင်စီးကျနေကြသေးသည်။ ချန်ရုံသည် အထိန်းတော်ဖျင်အား သေချာကြည့်လိုက်မိသောအခါ ရက်အနည်းငယ်သာရှိသေးသော်လည်း အထိန်းတော်ဖျင်၏မည်းနက်သောဆံပင်များကြား၌ ဆံပင်ဖြူများပေါက်နေသည်ကို မြင်လိုက်ရသည်။ ချန်ရုံသည် အထိန်းတော်ကြီးနားသို့ အမြန်ပြေး၍ လက်‌များကိုကိုင်ကာ ဆွဲထူလိုက်သည်။ အထိန်းတော်ဖျင်သည် ချန်ရုံ၏အကူအညီနှင့် မတ်တပ်ထပြီး၍ ချန်ရုံ၏မျက်နှာကို မြင်သောအခါ ထပ်၍ ငိုလိုက်ပြန်သည်။

အထိန်းတော်ဖျင်သည် ဆယ့်ငါးမိနစ်ခန့် ငိုပြီးသောအခါမှ ချန်ရုံက အသံတိုးတိုးနေရန် အတင်းအကျပ်ပြောသောကြောင့် အငိုရပ်သွားတော့သည်။

သူတို့သည် နှစ်ယောက်သားဘေးချင်းယှဉ်ထိုင်နေ၍ ချန်ရုံက မေးလိုက်သည်။

"ကျွန်မ ထွက်သွားပြီးတော့ ချန်အိမ်တော်မှာ ထူးခြားတာတွေ ဖြစ်သေးလား..."

အထိန်းတော်ဖျင်က လက်ကိုင်ပဝါကို ထုတ်၍ မျက်ရည်များကို သုတ်ရင်း အက်ကွဲသောအသံဖြင့်ပြောလိုက်သည်။

"ဘာမှထူးခြားတာတော့ မဖြစ်ပါဘူး မမလေးရယ်...ဒါပေမယ့် မမလေးရဲ့ဦးလေး သခင်ကြီးယွမ်ကတော့ ဒေါသတွေအရမ်းထွက်ပြီး 'ဘာဖြစ်လို့များ ဒီကောင်မလေးက မိသားစုကို တစ်ခွန်းမှအသိမပေးပဲထွက်သွားရတာလဲ' လို့ပြောတယ်လို့တော့ ကျွန်မကြားရတယ်...ပြီးတော့ မမလေးပြန်လာရင် ဘိုးဘေးတွေရဲ့ဝတ်ကျောင်းမှာ ဒူးထောက်ပြီးတောင်းပန်ရမယ်လို့လည်း ပြောတယ်တဲ့...မမလေးရဲ့ ဝမ်းကွဲညီအစ်မတွေကလည်း မမလေးက လူတစ်ယောက်နဲ့ လိုက်ပြေးသွားတယ်လို့ ဧည့်ခံပွဲတစ်ခုမှာပြောကြတယ်...ဒါပေမယ့် သခင်ကြီးက လူလွှတ်ပြီး မမလေးရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးခိုင်းတော့ မမလေးက ဘာမှမယူသွားတာမို့လို့ ပိုက်ဆံခြူးတစ်ပြားတောင် ပျောက်နေတာမတွေ့ရဘူးလို့ပြောပါတယ်..."

ချန်ရုံသည် ယခုမှပင် စိတ်အေးသွား၍ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် အထိန်းတော်ဖျင်၏လက်ကိုလှမ်းကိုင်၍ ပြောလိုက်သည်။

"အထိန်းတော်ဖျင်...ကျွန်မနဲ့တူတူ ချန်အိမ်တော်ကို ပြန်လိုက်ခဲ့ပါ..."

အထိန်းတော်ဖျင်က အလွန်အံ့ဩသွား၍ မျက်လုံးများပင် ပြူးကျယ်သွားသည်။

"မမလေး...ကျွန်မက အိမ်တော်က နှင်ထုတ်ခံထားရတာလေ..."

ချန်ရုံက မျက်မှောင်ကြုတ်လိုက်သည်။

"ကိစ္စမရှိပါဘူး...အထိန်းတော်ဖျင်က ကျွန်မကို လမ်းခရီးမှာ သစ္စာရှိရှိ ကာကွယ်ပေးခဲ့တယ်လို့ပြောပြီး ပြန်ခေါ်သွားမှာပေါ့..."

ထို့နောက် ချန်ရုံက တစ်ချက်လှောင်ပြောင်သည့်ပုံစံဖြင့် ရယ်ကာပြောလိုက်သည်။

"အဆိုးဆုံးအခြေအနေအထိဖြစ်ခဲ့မယ်ဆိုရင်တောင် အထိန်းတော်တို့ရဲ့လခကို ကျွန်မရဲ့ကိုယ်ပိုင်ပိုက်ဆံထဲကပေးပြီး အိမ်တော်ရဲ့ပိုင်ဆိုင်မှုကို ဆန်တစ်စေ့တောင်မထိပါဘူးလို့ လူတိုင်းရှေ့မှာပြောလိုက်မှာပေါ့..."

အထိန်းတော်ဖျင်က ခေါင်းငုံ့၍ ချန်ရုံ၏စကားများက ဖြစ်နိုင် မဖြစ်နိုင်ကို စဉ်းစားနေလိုက်သည်။

ထို့နောက် ချန်ရုံက စိတ်မရှည်စွာပြောလိုက်သည်။

"အထိန်းတော်ဖျင်...ကျွန်မရဲ့အင်္ကျီတွေ ဒီမှာရှိလား...အခု နောက်တောင်ကျနေပြီ...ကျွန်မတို့ ချန်အိမ်တော်ကို ပြန်ကြမယ်လေ..."

အထိန်းတော်ဖျင်က ခေါင်းတဆတ်ဆတ်ငြှိမ့်၍ ပြောလိုက်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့...အဲ့ဒီနေ့က ကျွန်မ နှင်ထုတ်ခံရတုန်းက မမလေး မြောက်ပိုင်းအိမ်မှာတုန်းက ဝတ်လေ့ရှိတဲ့ အင်္ကျီနှစ်ထည်ကို ကျွန်မ အမှတ်တရသိမ်းထားဖို့ ယူလာခဲ့တယ်...ကျွန်မ အခုပဲ တစ်ထည်သွားယူလိုက်မယ်..."

ခဏအကြာတွင် အထိန်းတော်ဖျင်သည် ချန်ရုံ၏ဝတ်စုံကို ယူဆောင်လာလေသည်။

ချန်ရုံ အဝတ်အစားလဲပြီးသွားသောအခါ အဖိုးစွင်းက ရထားလုံးကို တိတ်ဆိတ်စွာ မောင်းလာသည်။ ထို့နောက် ချန်ရုံနှင့် အထိန်းတော်ဖျင်တို့က ရထားလုံးပေါ်တက်လိုက်ပြီး သုံးယောက်သား ချန်အိမ်တော်သို့ ပြန်သွားကြတော့သည်။

ချန်အိမ်တော်၏ဂိတ်တံခါးဝတွင် အစေခံများသည် တစ်ယောက်ပြီးတစ်ယောက် သွားလိုက်ပြန်လိုက်ဖြင့် ခြေဖျားများထောက်ကာ မြောက်ပိုင်းတံခါးဝဘက်သို့ လှမ်းမျှော်ကြည့်နေကြသည်။ စကားပြောသံများကြားတွင် သူတို့အချင်းချင်းမေးနေသံများကို ကြားနေရသည်။

"ဝမ်ချီလန် ဒီလမ်းကနေ ဖြတ်သွားမလားမသိဘူးနော်..."

"ဖြတ်မှာပါ...သခင်ကြီးတွေအများစုတောင် သူ့ကိုကြိုဆိုဖို့ သွားနေကြတာပဲ..."

"နန်ယန်မင်းသားက ဝမ်ချီလန်ကို သူ့ရဲ့စံအိမ်တော်မှာ လက်ခံတွေ့ဆုံနေပြီမဟုတ်ဘူးလား..."

"မဖြစ်နိုင်ပါဘူး...ဝမ်ချီလန်က မင်းသားရဲ့စံအိမ်ဆီရောက်နေပြီဆိုရင် မြောက်ပိုင်းတံခါးက အခုလောက်လူရှုပ်နေမလား..."

ထိုအော်ဟစ်ပြောဆိုနေသံများကြားတွင် ချန်ရုံက အဖိုးစွင်းအားပြောလိုက်သည်။

"ဘေးဘက်တံခါးပေါက်ကနေဝင်လိုက်ပါ..."

အဖိုးစွင်းက ချန်ရုံပြောသည်ကို သဘောပေါက်ကာ ဝမ်ချီလန်၏ အဖွဲ့ လုံးဝမဖြတ်သန်းနိုင်လောက်သည့် လူရှင်းသောဘေးဘက်တံခါးသို့ ရထားလုံးကိုမောင်းသွားလိုက်သည်။

ထင်ထားသည့်အတိုင်းပင် ဘေးဘက်တံခါးပေါက်က လူရှင်းနေကာ တံခါးစောင့်နှင့် အိမ်စောင့်စစ်သည် အနည်းငယ်သာရှိနေသည်။ သူတို့သည် ချန်ရုံပြန်ရောက်လာသည်ကို မြင်သောအခါ အလွန်လန့်သွားကြသည်။ ရထားလုံးက ချန်ဝေ့၏ခြံဝန်းကို ဖြတ်သန်းသွားသောအခါ ထိုခြံဝန်းသည်လည်း လူရှင်းနေသည်ကို မြင်လိုက်ရသည်။ ချန်ဝေ့သည်လည်း အပြင်မှ ဆူဆူညံညံအောင်ပွဲခံနေကြသည်ကို ကြည့်ရန် ထွက်သွားဟန်တူသည်။

ချန်ရုံ၏အဆောင်တော်တွင်တော့ အစေခံများသည် သူတို့၏ သခင်မ မရှိသဖြင့် ဘာမျှ လုပ်စရာမရှိဖြစ်နေသည်။ ချန်ရုံပြန်ရောက်လာသည်ကို မြင်လိုက်ကြသောအခါ တစ်ယောက်ပြီးတစ်ယောက် မျက်နှာများက ပြုံးရွှင်လာကြတော့သည်။ ချန်ရုံသည် လာကြိုဆိုသော အစေခံများကို ပြန်လည်နှုတ်ဆက်ပြီးသောအခါ ရေချိုးသန့်စင်၍ အဝတ်အစားလဲရန် အိမ်ထဲသို့ ဝင်လာလိုက်သည်။ ရေချိုးစည်ထဲ၌ နာရီဝက်ကျော်မျှ ရေစိမ်နေပြီးသောအခါမှ ချန်ရုံသည် ပျင်းရိလေးတွဲ့စွာထ၍ အစိမ်းဖျော့ရောင်အင်္ကျီအသစ်ကို ဝတ်ဆင်လိုက်သည်။

ခြံဝန်းထဲသို့ ပြန်ဆင်းသွားသောအခါ တစ်ဖက်ရှိ ချန်ဝေ့၏အဆောင်တော်ခြံဝန်းထဲမှ ရယ်သံများကြားနေရပြီဖြစ်သည်။ အထိန်းတော်ဖျင်က အနည်းငယ် မသက်မသာဖြစ်နေလေသည်။ ချန်ရုံဆင်းလာသည်ကိုမြင်သောအခါ အထိန်းတော်ဖျင်သည် အလျင်အမြန် ပြေးသွား၍ မေးလိုက်သည်။

"မမလေး...သခင်ကြီးကို သွားတွေ့မလို့ပါလား..."

ချန်ရုံက ခဏမျှ စဉ်းစားပြီးမှ ခေါင်းငြှိမ့်ကာပြောလိုက်သည်။

"အင်း...ကျွန်မ အခုမသွားရင်လည်း နောက်ကျရင် သွားကိုသွားရမှာပဲ မဟုတ်လား...သွားရမယ့်တူတူတော့ အခုပဲ သွားလိုက်တော့မယ်လေ..."

နန်ယန်မြို့ဆီသို့ ဝမ်ချီလန်တစ်ယောက် ဘေးကင်းစွာပြန်ရောက်လာသည့်သတင်းက တစ်မြို့လုံးဖုံးလွှမ်းနေသောကြောင့် ချန်ယွမ်နှင့် သခင်မရွမ်တို့သည် ချန်ရုံ့အား များစွာ အပြစ်ပေးနိုင်မည်မဟုတ်ဟု ချန်ရုံတွေးမိသည်။

ထိုအချိန်၌ အနောက်မှ ချန်ဝေ့၏အံ့ဩစွာအော်ပြောလိုက်သံကို ကြားလိုက်ရသောကြောင့် ချန်ရုံသည် တစ်ဖက်သို့ လှည့်လိုက်သည်။

"ဪ...အားရုံ ပြန်ရောက်နေပြီလား..."

ချန်ဝေ့၏အသံနှင့်အတူ ခြေသံများစွာပေါ်လာ၍ မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ရုံ၏ အဆောင်ခြံဝန်းဂိတ်တံခါး၌ ခေါင်း ၇ လုံး ၈ လုံးခန့် ပေါ်လာတော့သည်။

ချန်အိမ်တော်မှ မိန်းမပျိုများသည် ဝမ်ဟုန့်အား သွားရောက်ကြည့်ရှုပြီးနောက်တွင် ချန်ရုံပြန်ရောက်နေပြီဟူသော သတင်းကိုကြားခဲ့ကြရသည်။ အံ့ဩကုန်ကြသောမိန်းမပျိုများသည် စပ်စုချင်စိတ်ဖြင့် ချန်ရုံ၏အဆောင်တော်ဆီသို့ အပြေးအလွှားရောက်လာကြခြင်းဖြစ်သည်။ ချောင်းမြောင်းကြည့်ရှုနေကြသော မိန်းကလေးများကို ကြည့်၍ ချန်ရုံသည် ဦးညွှတ်အရိုအသေပေးကာပြောလိုက်သည်။

"ညီအစ်မတို့ကို အားရုံ နှုတ်ဆက်ပါတယ်..."

ထို့နောက် ချန်ရုံသည် ချန်ချီ၏အမေးကိုမစောင့်ပဲ ဆက်ပြောလိုက်သည်။

"ငါ အခုပဲ ဦးလေးဆီသွားပြီး ‌တောင်းပန်မလို့ပါ..."


Xxxx