Chapter 95
ချန်ရုံက ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ချန်ချီကပြောလိုက်သည်။
"တူတူသွားကြမယ်လေ..."
ထိုအခါ အနောက်မှ ချန်ဝေ့က လှမ်းပြောလိုက်သည်။
"အဖေက အိမ်မှာမရှိဘူး...ဝမ်ချီလန်ကို ကူညီဖို့ သွားနေတယ်..."
ချန်ရုံက ခေါင်းကိုငုံ့၍ အရိုအသေပေးကာ ယဉ်ကျေးစွာပြောလိုက်သည်။
"အဒေါ့်ကိုပဲ သွားနှုတ်ဆက်ရင်လည်း တူတူပဲဖြစ်မှာပါ..."
ချန်ချီက စိတ်မရှည်စွာဖြင့် ဝင်ပြောလိုက်သည်။
"နောက်မှပဲ သွားတော့လေ..."
ချန်ချီက ပြောရင်းဖြင့် ချန်ရုံ့ရှေ့သို့ရောက်လာလေသည်။
ထို့နောက် ချန်ချီသည် ခေါင်းကိုစောင်း၍ ချန်ရုံ့အား ကြာမြင့်စွာ အကဲခတ်နေပြီးမှ ရုတ်တရက် မေးလိုက်သည်။
"အားရုံ...နင် ဘာဖြစ်လို့ ဒီအချိန်မှာမှ ပြန်လာရတာလဲ..."
ချန်ချီပြောချင်သည့်အဓိပ္ပာယ်ကို ချန်ရုံ ချက်ချင်း နားလည်လိုက်သည်။ ချန်ချီဆိုလိုသည်က ဝမ်ချီလန်ပြန်ရောက်လာသည့်အချိန်မှပင် အဘယ်ကြောင့် ချန်ရုံက တိုက်ဆိုင်စွာ ပြန်ရောက်လာသည်လဲ ဟု မေးနေခြင်းဖြစ်သည်။
ချန်ရုံသည် ခေါင်းကိုမော့၍ တောက်ပနေသောမျက်လုံးများဖြင့် မိန်းကလေးများအား တက်ကြွစွာပြောလိုက်သည်။
"ဒီနေ့ ဝမ်ချီလန်ပြန်ရောက်လာတယ်လို့ ငါကြားတယ်...သူ ဘာထိခိုက်မှုမှမရှိပဲ ပြန်ရောက်လာတာလား...လမ်းခရီးမှာ အန္တရာယ်ကင်းခဲ့ရဲ့လား...လမ်းတွေမှာတော့ လူတွေက ပြည့်ကျပ်နေတာပဲနော်...ညီအစ်မတို့ရော သူ့ကို သွားကြိုဆိုလိုက်ကြသေးလား...ကောင်းတယ် ကောင်းတယ်..."
ချန်ရုံ၏လေသံသည် ပျော်ရွှင်၍ မျှော်လင့်ချက်အပြည့်ဖြင့် ဖြစ်နေကာ ဝမ်ချီလန်ပြန်ရောက်လာသည်ကို မမြင်လိုက်ရ၍ အနည်းငယ် စိတ်မကောင်းဖြစ်နေသည့်ပုံပင် ပေါက်နေသေးသည်။ ချန်ရုံ၏စကားများကို ကြားသော မိန်းကလေးများသည် မနေနိုင်ပဲ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်မိကြသည်။
ခုနလေးကပင် ချန်ရုံပြန်ရောက်လာသည်ဟု သတင်းကြားသည့်အချိန်၌ မိန်းကလေးများ ပထမဆုံး တွေးလိုက်မိသည်က "ဘာဖြစ်လို့ ချန်ရုံက ဝမ်ချီလန်နဲ့ တစ်ချိန်တည်းမှာ ပြန်ရောက်လာရတာလဲ..." ဟူသည့်အတွေးပင်ဖြစ်သည်။
ယခုတော့ ချန်ရုံ့၏မျက်နှာကိုကြည့်၍ မိန်းကလေးများသည် ဇဝေဇဝါဖြစ်ကုန်ကြသည်။
ဒါ တိုက်ဆိုင်မှုသက်သက်ပဲလား...
ထိုအချိန်မှာပင် ချန်ရုံက လမ်းဆီသို့ လှမ်းမျှော်ကြည့်လိုက်၍ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"မောယန်မြို့လိုနေရာမျိုးမှာ ဝမ်ချီလန် အရမ်းကို ဒုက္ခရောက်ခဲ့ရမှာပဲနော်...သူ့ကို ငါ ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ ထင်ခဲ့မိတာ..."
ချန်ရုံထိုသို့ပြောခြင်းမှာ မောယန်မြို့သည် အလွန်အန္တရာယ်များသည့်နေရာဖြစ်ကြောင်း မိန်းကလေးများအား သတိပေးလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ချန်ရုံ၏ဦးနှောက်သည် မပျက်စီးသေး၍ သူမ၏ချစ်သူနှင့် တွေ့ဆုံချင်လျှင်တောင်မှ လုံခြုံသည့်နေရာသို့သာ လိုက်သွား၍တွေ့မည်ဖြစ်ကြောင်းလည်း အရိပ်အကဲနှင့်ပြောလိုက်ခြင်းဖြစ်သည်။ ချန်ရုံနှင့် ဝမ်ချီလန်တို့ တစ်ချိန်တည်းပြန်ရောက်လာကြခြင်းမှာ တိုက်ဆိုင်မှုသက်သက်သာဖြစ်ကြောင်း ပြောလိုက်ခြင်းဖြစ်သည်။ ချန်ရုံ၏စကားကို နားလည်သွားကြသောမိန်းကလေးများသည် ပြန်၍ တက်ကြွလာကြသည်။
ချန်ဝေ့သည် ချန်ရုံ့နားသို့ရောက်လာ၍ ချန်ရုံ့အား လှည့်ပတ်၍ကြည့်ကာ ရယ်လိုက်သည်။
"အားရုံ...နင်ပိန်သွားရုံမကလို့ အသားတွေပါမည်းသွားတယ်နော်...နောက်တစ်ခါ ချီလန်က နင့်ကို ခေါ်တော်မူရင် နင် ပေါင်ဒါများများလိမ်းသွားမှ ရတော့မယ်..."
ထိုသို့ပြောနေရင်းဖြင့် ချန်ဝေ့၏မျက်လုံးများသည် အထိန်းတော်ဖျင်ထံသို့ရောက်သွားသောကြောင့် အော်ဟစ်၍ ပြောလိုက်မိသည်။
"ဒီ အစေခံအဖွားကြီးက ဘာဖြစ်လို့ ဒီကိုပြန်ရောက်နေရတာလဲ..."
ချန်ဝေ့ ပြောပြီးပြီးချင်းမှာပင် ချန်ရုံ၏ ဝမ်းနည်းမှုလွှမ်းနေသောအသံလေးက အနောက်မှထွက်ပေါ်လာသည်။
"လမ်းခရီးမှာတုန်းက ငါ့ကို ဒုက္ခသည်တစ်ဦးက အန္တရာယ်ပြုဖို့ အနားကပ်လာခဲ့တယ်...အဲ့ဒီအချိန်မှာ အထိန်းတော်ဖျင်က ငါ့ရှေ့ကနေ ဝင်ပြီးကာကွယ်ပေးခဲ့တယ်လေ...ရထားလုံးက အမြန်မောင်းထွက်နိုင်လိုက်လို့တော်သေးတာပေါ့...ရထားလုံးသာ အချိန်မှီမထွက်နိုင်ခဲ့ရင် အထိန်းတော်ဖျင် ဘာဖြစ်သွားမယ်ဆိုတာ ငါတွေးတောင်မတွေးရဲဘူး...အားဝေ့ အထိန်းတော်ဖျင်က ငါ့အပေါ်မှာ အရမ်းသစ္စာရှိတဲ့ အစေခံတစ်ယောက်မို့လို့ ငါ ဒီကို ပြန်ခေါ်လာခဲ့တာပါ..."
ခဏမျှရပ်လိုက်ပြီးသောအခါ ချန်ရုံက နှုန်ခမ်းကို တင်းတင်းစေ့၍ ခေါင်းမာစွာဆက်ပြောလိုက်သည်။
"ဦးလေးက အထိန်းတော်ဖျင်ကို ရိုက်နှက်ပြီး သတ်ချင်တယ်ဆိုရင်လည်း ငါကတော့ အထိန်းတော်ဖျင်ကို ငါ့နားမှာ ဆက်ခေါ်ထားရမှာပဲ..."
ချန်ရုံ၏စကားများကြောင့် တုန်လှုပ်သွားသော ချန်ဝေ့က ပြောလိုက်သည်။
"သူက နင့်ကို သစ္စာရှိရှိနဲ့ ကယ်ပေးခဲ့လို့ နင်က သူ့ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ပြန်ခေါ်လာတာပဲ...အဖေက သဘောမတူစရာအကြောင်းမရှိလောက်ပါဘူး..."
ချန်ဝေ့၏လေသံကတော့ အနည်းငယ် မကျေနပ်သည့်အသံပေါက်နေသည်။ ထိုအစေခံကြီးက ချန်ရုံ့အားကယ်ခဲ့သောကြောင့် ချန်ရုံက ပြန်ခေါ်လာသည်ကို ချန်ဝေ့၏ဖခင် ချန်ယွမ်ကလည်း ကန့်ကွက်စရာရှိမည်မဟုတ်ပါ။ သို့သော် ချန်ရုံက အထိန်းတော်ဖျင်အား အဖေက ရိုက်နှက်၍ သတ်ပစ်မည်ဟုပြောခြင်းက ချန်ယွမ့်အား နှလုံးသားမဲ့၍ ရက်စက်သူတစ်ယောက်ဟု ထင်မြင်လာအောင် ပြောလိုက်သကဲ့သို့ ဖြစ်နေလေသည်။
ချန်ဝေ့က နှုတ်ခမ်းစူနေစဉ်တွင် ချန်ချီက ချန်ရုံ့ဘက်သို့ လှည့်၍ ရုတ်တရက် ပြုံးလိုက်သည်။
ချန်ချီ၏အပြုံးက အလွန်ထူးဆန်းနေသည်။ အခြားမိန်းကလေးများကလည်း ရုတ်တရက် အံ့ဩသွားကြသော်လည်း ခဏအကြာတွင်တော့ သူတို့သည်လည်း ချန်ရုံ့အား ချန်ချီကဲ့သို့ အပြုံးမျိုးဖြင့် ပြုံးကာကြည့်နေကြတော့သည်။ ချန်ဝေ့သည်လည်း တစ်ယောက်အပါအဝင်ပေ။ သူမသည် ပါးစပ်ကို အင်္ကျီလက်ဖြင့် အုပ်၍ မျက်လုံးများကို မှေးစင်းကာ ချန်ရုံ့အား သနားညှာတာသည့်လေသံဖြင့် ပြောလိုက်သည်။
"အားရုံ နင်သိသင့်တာ နောက်တစ်ခုရှိသေးတယ်...နောက်ကျတော့ နင်သိလာမှာပါ..."
ချန်ဝေ့က ပြောလိုက်သောအခါ ဘေးမှ ချန်ချီက စိတ်မရှည်သည့်လေသံဖြင့် ဝင်ပြောလိုက်သည်။
"နောက်ကျရင် သူ့ဘာသာသူသိရအောင် ချန်ရုံက အခုလည်း သူ့ရဲ့ အဆင့်အတန်းနဲ့ ကစားခံနေရတာပဲမဟုတ်လား...ဝမ်ချီလန်က ချန်ရုံ့ကို ဘယ်လောက်ပဲ နှစ်သက်ပါစေ ဒါမျိုးကတော့ ပြောပြသင့်တယ်လေ...အားဝေ့ သူ့ကို စောင့်ခိုင်းထားတာက မဖြစ်သင့်ပါဘူး...ပြီးတော့ မိန်းကလေးဆိုတာ ဒါမျိုးတွေကိုလည်း ခံနိုင်ရည်ရှိအောင် ကျင့်ထားသင့်တယ်...ဝမ်ချီလန်က တခြားတစ်ယောက်နဲ့ စေ့စပ်ထားရင်တောင် အားရုံက ပျော်ပေးသင့်တယ်မဟုတ်လား..."
ချန်ရုံ၏ နားမလည်၍ မျက်စိသူငယ်ဖြစ်နေပုံကို မိန်းကလေးများက ရယ်မောကြပြီးမှ ချန်ချီက ပြောလိုက်သည်။
"အားရုံ...နင့်ရဲ့ ချီလန်က ချစ်သူလေးတစ်ယောက် ခေါ်လာတယ်လေ...ကျွတ် ကျွတ် နင်မသိဘူးနော်...နင့်ရဲ့ ချီလန်ကလေ သူ့ရဲ့ ချစ်သူလေးကို စကားပြောတာ အရမ်းကို နူးညံ့ပြီး တကယ်ကို အချစ်တွေနဲ့ ပြည့်နေတာ..."
ချန်ချီက အကြိမ်အနည်းငယ် စုတ်သပ်၍ သူမ၏မျက်လုံးများက ချန်ရုံ့အား သနားနေပုံပေါက်သော်လည်း သူမ၏ အသံကတော့ သူတို့တစ်ခါမှမတွေ့ဖူးသည့် ဝမ်ချီလန်၏ချစ်သူလေးကို မနာလိုဖြစ်နေပုံပေါ်သည်။ ချန်ချီ၏စကားကိုကြားသောအခါ ချန်ရုံ၏မျက်နှာက တည်သွား၍ မျက်တောင်တစ်ချက်ခတ်ကာ ခေါင်းကိုဖြည်းညှင်းစွာ ငုံ့လိုက်သည်။ ချန်ရုံသည် ခေါင်းကို အချိန်အတန်ကြာငုံ့ထားပြီးမှ နောက်သို့ဆုတ်ကာ မိန်းကလေးများကို နောက်ကျောပေး၍ ခပ်ဖြည်းဖြည်းပြောလိုက်သည်။
"ငါ့ကိုပြောပြပေးလို့ ကျေးဇူးတင်ပါတယ် ညီအစ်မတို့...သူဘယ်သူလဲဆိုတာ ငါသိပါတယ်..."
ချန်ရုံ၏အသံက တိုးတိတ်လွန်း၍ လေသံကဲ့သို့ ဖြစ်နေသည်။
"ဟုတ်တယ် အားရုံ...ဝမ်းနည်းမနေပါနဲ့...နင်နဲ့ ဝမ်ချီလန်နဲ့ကလည်း အစတည်းက တွဲဖက်လို့ရမယ့် စုံတွဲမျိုးမှမဟုတ်တာ...ရူးကြောင်ကြောင်အိပ်မက်တွေထဲမှာ နစ်မြောမနေပါနဲ့..."
ချန်ချီ၏ဖခင်၏ကိုယ်လုပ်တော်တစ်ဦးမှ မွေးဖွားလာသော မိန်းကလေးတစ်ဦးက ညင်သာစွာ ဝင်ပြောလိုက်ခြင်းဖြစ်သည်။
ချန်ဝေ့ကလည်း အသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်သည်။
"အားရုံ...ဒီအကြောင်းတွေစဉ်းစားမနေပါနဲ့တော့...ဝမ်ချီလန်က နင်တမ်းတနေရမယ့်လူမျိုးလည်းမဟုတ်ပါဘူး..."
ချန်ဝေ့ကပြုံးကာ ချန်ရုံ၏လက်ကို နှစ်သိမ့်သည့်သဘောဖြင့် ဆွဲကိုင်လိုက်သည်။ ချန်ရုံ့ကိုကြည့်ရင်းဖြင့် ချန်ဝေ့သည် စိတ်ထဲ၌ တွေးနေမိသည်။
'ငါ အားရုံကို ဝမ်းနည်းအောင်လုပ်မိတဲ့အခါတိုင်း ငါလည်း သူ့ကိုသနားပြီး စိတ်မကောင်းဖြစ်မိရပါလား...'
ချန်ရုံက သူမ၏လက်ကို ချန်ဝေ့၏လက်ထဲမှ ပြန်ဆွဲယူလိုက်၍ မည်းနက်သောဆံပင်များ ဖရိုဖရဲဖြစ်သွားသည်အထိ ခေါင်းကိုခါကာ အပြုံးမဲ့မဲ့တစ်ခု ပြုံးလိုက်သည်။ ထို့နောက် မိန်းကလေးများအား အရိုအသေပေး၍ ခေါင်းကိုငုံ့ထားလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ညီအစ်မတို့...ဒါပေမယ့် ငါ တကယ် ဝမ်းမနည်းပါဘူး..."
ချန်ရုံ၏ပါးစပ်က ဝမ်းမနည်းပါ ဟု ပြောနေသော်လည်း ခေါင်းကိုငုံ့၍ ပခုံးများလျော့ကျနေသော ချန်ရုံ၏ပုံသည် တစ်ကိုယ်လုံးအားအင်များပြတ်လတ်နေသကဲ့သို့ရှိလေသည်။ ချန်ရုံ့ကိုကြည့်ရင်းဖြင့် မိန်းကလေးများ၏မျက်လုံးများသည် သနားစိတ်များ ပို၍ ဖုံးလွှမ်းလာလေသည်။ ချန်ရုံက ခေါင်းကိုငုံ့၍ ပြောလိုက်ပြန်သည်။
"ညီအစ်မတို့ ငါ ထွက်သွားတုန်းက ဘာမှမပြောပဲ ထွက်သွားခဲ့တာမို့လို့ လူကြီးတွေကို စိတ်ပူအောင်လုပ်ခဲ့မိတယ်...အခု ငါပြန်ရောက်လာပြီမို့လို့ လူကြီးတွေဆီသွားပြီး အပြစ်ဝန်ခံလိုက်ပါဦးမယ်..."
ထိုသို့ပြောပြီးသောအခါ ချန်ရုံသည် ယိုင်တိုင်တိုင်ဖြင့် ရှေ့သို့ ဆက်လျှောက်သွားလေသည်။ အထိန်းတော်ဖျင်က အနောက်က ကပျာကယာထလိုက်သွားသည်။
ယိုင်တိယိုင်တိုင်ဖြစ်နေသော ချန်ရုံ့ကိုကြည့်၍ ချန်ချီက ရုတ်တရက်ပြောလိုက်သည်။
"ငါတို့လည်း သွားကြမယ်...အားဝေ့...အားရုံက အခု အများကြီး စိတ်ထိခိုက်ခံစားနေရတာမို့လို့ အပြစ်မပေးသေးဖို့ သခင်မရွမ်ကို သွားပြောလိုက်..."
ချန်ချီက ပြောလိုက်သောအခါ ချန်ဝေ့က ထိုနေရာ၌ပင် မလှုပ်မယှက် တောင့်တင်းစွာရပ်နေလေသည်။ ထို့ကြောင့် ချန်ချီလည်း စိတ်မရှည်စွာထပ်ပြောလိုက်သည်။
"အားဝေ့ ငါနင့်ကိုပြောနေတယ်လေ...မကြားဘူးလား..."
ချန်ဝေ့က ခါးသီးစွာပြုံး၍ ပြောလိုက်သည်။
"အင်းပါ...အင်းပါ..."
ချန်ဝေ့သည်လည်း နောက်သို့လှည့်၍ ချန်ရုံ့နောက်သို့ လိုက်သွားတော့သည်။
ခဏအကြာတွင် သခင်မရွမ်၏အဆောင်တော်ခြံဝန်းဆီသို့ ချန်ရုံရောက်လာလေသည်။ သခင်မလီက သခင်မရွမ်၏အနောက်၌ရပ်နေ၍ သူမ၏စူးရှသောမျက်လုံးများဖြင့် ချန်ရုံ့အားတွေ့သွားတော့သည်။
သခင်မလီသည် ချန်ရုံ့ကိုတွေ့သည်နှင့်တစ်ပြိုင်နက် စူးရှသော အသံဖြင့်ပြောလိုက်သည်။
"အိုး...ငါတို့ရဲ့ အထူးဧည့်သည်တော်က ဘယ်သူများလဲ..."
သခင်မလီ၏ကျယ်လောင်သောအသံက လူများအားလုံးကို အသိပေးလိုက်သကဲ့သို့ဖြစ်သွားကာ သခင်မရွမ်နှင့် အစေခံများက ခေါင်းများကို ပြိုင်တူမော့၍ ချန်ရုံ့အား လှမ်းကြည့်လိုက်ကြသည်။ သခင်မလီက မျက်ခုံးများကိုပင့်ကာ မဲ့ပြုံးပြုံး၍ ခါးကိုလှုပ်ခါကာ ရှေ့သို့တိုးလာသည်။
"ဪ ငါတို့ရဲ့အထူးဧည့်သည်တော်က ရောက်လာပေမယ့် အခုထိ ဒူးထောက်အရိုအသေမပေးသေးပဲကိုး..."
သခင်မလီက ထိုသို့ပြောလိုက်သော်လည်း ချန်ရုံကတော့ မတုန်မလှုပ်ပင်။ ထိုအချိန်၌ သခင်ရွှမ်၏ နွေးထွေးသောအသံက စိတ်မရှည်မှုအနည်းငယ်စွက်၍ ထွက်ပေါ်လာသည်။
"ဒီမိန်းကလေးက သူ့ဦးလေးရဲ့ မိန်းမကိုတောင် လျစ်လျူရှုတတ်နေပြီလား..."
Xxxxx