အပိုင်း ၉၆
Viewers 16k

Chapter 96
လှည့်စားခြင်း



သခင်မရွမ် ဒေါသထွက်နေသည်ကိုတွေ့သောအခါ ချန်ရုံက အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်၍ ခေါင်းငုံ့အရိုအသေပေးလိုက်သည်။

"ကျွန်မ အဲ့ဒီလို မလုပ်ဝံ့ပါဘူး..."

ချန်ရုံသည် မြေကြီး‌ပေါ်၌ ‌ဖြည်းညှင်းစွာ ဒူးထောက်ကာ သခင်မရွမ်အား အရိုအသေပေး၍ ပြောလိုက်သည်။

"အဒေါ် ခွင့်လွှတ်ပေးပါ...အားရုံ ခုနတုန်းက ခဏစိတ်လွတ်သွားမိလို့ပါ..."

ချန်ရုံ ဒူးထောက်နေသည်ကို မြင်သောအခါ သခင်မလီက ပါးစပ်ကို လက်ကိုင်ပုဝါဖြင့်အုပ်၍ သူ့ကိုယ်သူ အထင်ကြီးသည့်ပုံဖြင့် ပြုံးနေလေသည်။

သခင်မရွမ်က ရေနွေးကြမ်းတစ်ငုံသောက်၍ ချန်ရုံ့အား လှမ်းကြည့်ကာ ပြောလိုက်သည်။

"အင်း...မင်းက တကယ်ကို ခပ်ဆိုးဆိုးကောင်မလေးပဲ..."

ချန်ရုံသည် ခေါင်းကိုငုံ့ထားဆဲဖြစ်၍ အပြာရောင်ပိုးထည်စက ချန်ရုံ၏မျက်နှာကို ကွယ်နေလေသည်။ ချန်ရုံသည် နှုတ်ခမ်းကိုတင်းတင်းစေ့၍ ကြည်လင်သောအသံဖြင့်ပြောလိုက်သည်။

"အဒေါ်...အထိန်းတော်ဖျင်က ကျွန်မကို နှစ်ပေါင်းဆယ်နှစ်ကျော် အလုပ်‌အကျွေးပြုပြီး စောင့်ရှောက်ပေးခဲ့တာပါ...ကျွန်မတို့က ဆွေမျိုးလိုဖြစ်နေကြပါပြီ...ဒီလို အားလုံး ဒုက္ခရောက်နေတဲ့ အချိန်မျိုးမှာ အထိန်းတော်ဖျင်ကို တစ်ယောက်တည်း တခြားမိသားစုတစ်စုကိုရှာဖို့ မလွှတ်လိုက်နိုင်ပါဘူး..."

ထို့နောက် ချန်ရုံသည် သခင်မရွမ်ကို ပါးစပ်ဟခွင့်ပင်မပေးပဲ ထပ်ခါထပ်ခါ ဦးညွှတ်၍ တောင်းပန်လိုက်သည်။

"ဒါပေမယ့် ကျွန်မ အားရုံက စိတ်ရှည်မှုမရှိပဲ ဦးလေးနဲ့အဒေါ်တို့ကို အသိမပေးပဲ ကိုယ့်စိတ်နဲ့ကိုယ် ထွက်သွားခဲ့မိပြီး အဒေါ်တို့ကို စိတ်ပူစေခဲ့မိပါတယ်...ကျွန်မ အပြစ်ရှိမှန်းလည်း ကိုယ့်ဘာသာကိုယ် သိတာမို့လို့ အပြစ်ပေးတာကိုခံယူဖို့ အဆင်သင့်ဖြစ်နေပါပြီ..."

ချန်ရုံ၏စကားဆုံးဆုံးချင်းမှာပင် အစေခံတစ်ဦးက ချန်ရုံ၏နောက်မှပြောလိုက်သည်။

"အဲ့ဒါဆိုရင် သခင်မက အားရုံကို မှတ်သားသွားအောင် ကြိမ်ဒဏ် ဆယ်ချက်ပေးသင့်ပါတယ်..."

ထိုအစေခံသည် ယခင်တစ်ခေါက်က ချန်ရုံက ဓားမြှောင်ကိုထုတ်ပြလိုက်သည့်အခါ အလွန်ကြောက်လန့်သွားသည့်အစေခံဖြစ်သည်။ ထိုအစေခံသည် ချန်ရုံအပေါ် အညှိုးအတေးထား၍ ယခု အခွင့်အရေးရသည့်အခါ လက်လွတ်မခံပဲ ဝင်ပြောလိုက်ခြင်းဖြစ်သည်။

သခင်မရွမ်က မျက်မှောင်ကြုတ်ကာ ထိုအစေခံကို ငဲ့၍ပင်မကြည့်ပဲ ပြောလိုက်သည်။

"ဘယ်သူက နင့်ကို ပါးစပ်ဟခွင့်ပေးလိုက်လို့ ဝင်ပြောနေရတာလဲ..."

အစေခံသည် ပထမတော့ ကြောက်လန့်သွား၍ သခင်မလီအား အကူအညီတောင်းခံသည့်ပုံဖြင့် လှမ်းကြည့်လိုက်သည်။ သခင်မလီက သူမ အား လျစ်လျူရှုနေသည်ကိုမြင်သောအခါမှ အစေခံသည် မြေကြီး‌ပေါ်၌ ခယဝပ်တွား၍ သူမကိုယ်သူမ ရိုက်ပုတ်ကာ ပြောလိုက်သည်။

"ကျွန်တော်မျိုးမ နားမလည်ပဲမိုက်မဲမိပါတယ် သခင်မ...သနားညှာတာစိတ်ထားပြီး ခွင့်လွှတ်ပေးတော်မူပါ..."

သခင်မရွမ်က လျစ်လျူရှုနေ၍ အစေခံက သူမကိုယ်သူမ ရိုက်ပုတ်နေသည်ကို မတားပဲ လွှတ်ထားလေသည်။ အစေခံက အချက်ရေ တစ်ဒါဇင်ခန့်မျှ ရိုက်နှက်ပြီးမှ သခင်မရွမ်က ညင်ညင်သာသာပင်ပြောလိုက်သည်။

"ဟုတ်ပါပြီ အဆုတ်ကွဲအောင်အော်မနေပါနဲ့...ထတော့..."

"ဟုတ်ကဲ့ ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် သခင်မရှင့်...ကျေးဇူးတင်ပါတယ်..."

အစေခံသည် ကျေးဇူးတင်စွာပြောလိုက်၍ မတ်တပ်ထကာ အနောက်၌ သွားရပ်နေလိုက်သည်။

သခင်မရွမ်၏အကြည့်က ချန်ရုံ့ဆီသို့ပြန်ရောက်သွားသည်။ ချန်ရုံက မြေကြီးပေါ်၌ မလှုပ်မရှားပဲ ဒူးထောက်ခစားနေသည်ကို သခင်မရွမ်က သေချာကြည့်လိုက်သည်။ ချန်ရုံ၏သေးသွယ်သောခန္ဓာကိုယ်လေးသည် တွေ့သမျှယောင်္ကျားတိုင်းကို စိတ်လှုပ်ရှားစေ၍ မိန်းမတိုင်းအား မနာလိုစိတ်များနိုးကြွစေကာ ရွံရှာမှုဖြင့် မျက်မှောင်များကြုတ်သွားစေနိုင်စွမ်းရှိနေလေသည်။

ထိုအချိန်၌ အပြင်မှ ခြေသံများထွက်ပေါ်လာသည်။

အပြင်မှ အစေခံတစ်ဦးက ရိုကျိုးစွာ လှမ်းပြောလိုက်သည်။

"မိန်းကလေးအချို့က တွေ့ခွင့်တောင်းနေပါတယ် သခင်မ..."

"ဘယ်သူတွေလဲ..."

မေးခွန်းမေးလိုက်သူက သခင်မလီ ဖြစ်သည်။

အစေခံက ရိုသေစွာ ပြန်ဖြေလိုက်သည်။

"အားချီ အားချမ် အားဝေ့နဲ့ တခြားမိန်းကလေး ၇ ယောက် ၈ ယောက်လောက်ပါ သခင်မ..."

သခင်မရွမ်က ခေါင်းကိုမော့၍ ရေနွေးကိုတစ်ငုံထပ်သောက်လိုက်ကာ ဖြည်းညှင်းစွာပြောလိုက်သည်။

"သူတို့က ဒီကို ဘာလာလုပ်ကြတာလဲ..."

အစေခံက ပြန်မဖြေနိုင်ခင်မှာပင် ချန်ချမ်၏ရယ်သံက ထိုးထွက်လာသည်။

"အား...အဒေါ် ၄ ရဲ့ အဆောင်တော်က ခမ်းနားလိုက်တာ..."

ထို့နောက် ခဏရပ်သွားပြီးမှ အသံကဆက်ထွက်လာသည်။

"ဒါက ဘာပါလိမ့်...ဘုရားရေ သန္တာကျောက်ကြီးပဲ...ဒီလောက်ကြီးတာ တစ်ခါမှမတွေ့ဖူးဘူး...ညီအစ်မတို့ ဒီမှာလာကြည့်ကြ...အရမ်းလှတာပဲ..."

ချန်ချမ်၏ ကျယ်လောင်၍ ယဉ်ကျေးမှုမရှိသည့်အသံကိုနားထောင်ရင်းဖြင့် သခင်မရွမ်၏မျက်ခုံးများက ပို၍ တွန့်သွားသည်။ သို့သော် ခဏအကြာတွင် နားထောင်နေရင်းဖြင့် သခင်မရွမ်၏မျက်နှာ၌ အကြံအစည်တစ်ခုခုရှိသည့်ပုံဖြင့် အပြုံးတစ်ခုပေါ်လာသည်။

ချန်ချမ်က ရယ်မောအော်ဟစ်ရင်းဖြင့် အထဲသို့ ရောက်လာသည်။

ချန်ချမ်သည် ချန်ရုံ့နားသို့ပြေးလာ၍ အနားသို့ရောက်သောအခါ သခင်မရွမ်အား ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။ အခြားမိန်းကလေးများအားလုံးက သခင်မရွမ်အားနှုတ်ဆက်ပြီးသောအခါ ချန်ချမ်က ခေါင်းကိုငုံ့၍ ချန်ရုံ့အားတစ်ချက်ကြည့်ကာ ပြုံး၍ပြောလိုက်သည်။

"အဒေါ် ၄...အားရုံကို အပြစ်မပေးပါနဲ့နော်...အားရုံက ဝမ်ချီလန်မှာ ချစ်သူရှိနေတာကို အခုမှသိပြီး ဝမ်းနည်းနေတာ...အခု ထပ်ပြီး အပြစ်ပေးခံရရင် သူသေသွားမလားတောင်မသိဘူး..."

ချန်ချမ်သည် အဆောင်တော်ခြံဝန်းထဲသို့ စဝင်လာတည်းက အော်ဟစ်၍ဝင်လာသည်ကို သခင်မရွမ်ရော သခင်မလီရောက သည်းခံခဲ့ရသည်။

ထို့အပြင် ယခုလည်း လူကြီးသူမများကို အနည်းငယ်မျှပင် ရိုသေမှုမပြပဲ သူမ ပြောချင်သည်များကိုပြောသွားသည့်အခါ သခင်မရွမ်သည် အနည်းငယ် ဒေါသထွက်လာမိသည်။ သို့သော် ဘာမှတော့ မပြောလိုက်ချေ။

ချန်ချမ်က ပြောချင်သည်များကိုပြောပြီးသောအခါ ခဏ စကား‌ပြောရပ်သွားသည်။ထို့နောက် သူမ၏အနောက်မှ ချန်ဝေ့အား မျက်စောင်းထိုးကာ အရှေ့တိုး၍ ချန်ရုံ့အတွက်ပြောပေးရန် လက်ပြလိုက်သည်။

သို့သော် ချန်ဝေ့၏မိခင်သည် ချန်ယွမ်၏မျက်နှာသာအပေးခံရဆုံး ကိုယ်လုပ်တော်ဖြစ်၍ သခင်မရွမ်က မကြည်ဖြူသူဖြစ်သောကြောင့် ချန်ဝေ့သည်လည်း သခင်မရွမ်အား ကြောက်နေမိသည်။ သူမ ဘယ်လိုများ ရှေ့သို့တိုးရဲပါမည်နည်း။ ခြံဝန်း၏အပြင်ဘက်သို့ရောက်သည့်အခါကပင် ချန်ဝေ့သည် နောက်ပြန်ဆုတ်ရန်စဉ်းစားနေမိခြင်းဖြစ်သည်။ ထို့ကြောင့် ချန်ချမ်က မည်မျှပင် တိုက်တွန်းနေစေကာမူ ချန်ဝေ့သည် ပါးစပ်ကို လုံးဝမဖွင့်တော့ချေ။ အခြားမိန်းကလေးများကလည်း သူတို့နှစ်ယောက်ကို စပ်စုလိုစိတ်များဖြင့် ကြည့်နေကြသည်။ သခင်မရွမ်က ထိုမိန်းကလေးများကို အကဲခတ်လိုက်သောအခါ သူတို့၏မျက်နှာ၌ တွန့်ဆုတ်ခြင်း၊ ကိုယ်ချင်းစာခြင်းများမရှိပဲ အဖြစ်အပျက်ကို ပျော်ရွှင်စွာကြည့်နေကြသည့်ပုံသာပေါက်နေလေသည်။ သူတို့ကိုကြည့်ရသည်မှာ ပွဲကြီးပွဲကောင်းတစ်ခုကိုကြည့်နေရသကဲ့သို့ ဖြစ်နေကြသည်။

ထို့နောက်သခင်မရွမ်သည် သေချာစဉ်းစားလိုက်၍ ရေနွေးကိုတစ်ငုံထပ်သောက်ကာ သခင်မလီဘက်သို့လှည့်၍ပြောလိုက်သည်။

"အားရုံကို အိမ်အလွတ်တစ်ခုဆီပို့လိုက်...သူ အဲဒီမှာနေနေတုန်း သူ့ရဲ့လုပ်ရပ်တွေကို ပြန်စဉ်းစားပါစေ...တခြားကိစ္စတွေအတွက်ကတော့ ငါ့ယောင်္ကျားပြန်လာအောင် စောင့်ဦးမယ်..."

ဤသည်မှာ ကြီးလေးသောအပြစ်ပေးခြင်းမဟုတ်ပဲ ချန်ရုံ့အား ခဏမျှ အကျဉ်းချုပ်ချလိုက်ခြင်းသာဖြစ်သည်။ ချန်ချမ်ကပြုံး၍ သခင်မရွမ်အား ကျေးဇူးတင်စကားပြောလိုက်သည်။ ထို့နောက် ချန်ရုံ့ဘက်သို့လှည့်၍ မျက်စိတစ်ဖက်မှိတ်ပြကာ ခပ်တိုးတိုးပြောလိုက်သည်။

"ခေါင်းမာတဲ့ အားရုံ...ငါ နင့်အပေါ်မှာ ကျေးဇူးရှိသွားပြီနော်..."

စိတ်မသက်မသာဖြစ်နေသော ချန်ရုံက မနည်းအားယူ၍ ပြုံးသာပြုံးပြ၍ ဘာမှပြန်မပြောလိုက်ချေ။ ယခုတစ်ကြိမ်တွင်တော့ ချန်ရုံ အလဲထိုးခံလိုက်ရပေပြီ။

ချန်ချမ်၏စကားများကြောင့်လားမသိသော်လည်း ချန်ရုံနေရမည့်အိမ်သည် ချန်ယွမ်၏ခြံဝန်းဘေး၌ ရှိ‌နေသည်။

ကုတင်နှင့် ခေါင်မိုးပေါ်မှပြတင်းပေါက်မှလွဲ၍ လေးဘက်လေးတန်ရှင်းလင်းနေသော အခန်းကိုကြည့်၍ ချန်ရုံသည် ကုတင်ပေါ်၌ ထိုင်လိုက်သည်။

အချိန်သည်လျင်မြန်စွာကုန်ဆုံးသွား၍ မျက်စိတစ်မှိတ်အတွင်းမှာပင် ခေါင်းမိုးရှိပြတင်းပေါက်မှ လရောင်ကဖြာကျလာတော့သည်။ အဝေးမှဆူညံသံများသည်လည်း ချန်ရုံနှင့် တဖြည်းဖြည်းဝေးကွာသွားသကဲ့သို့ရှိ၍ နောက်ဆုံး၍ ချန်ရုံ အိပ်မောကျသွားတော့သည်။

ယနေ့ ဝမ်ဟုန်ပြန်ရောက်လာခြင်းက လူအများကို အံအားသင့်စေခဲ့သောကြောင့် ညဘက်အထိ ပျော်ပွဲရွှင်ပွဲများက မပြီးမစီးနိုင်ဖြစ်နေသည်။

ဧည့်ခံပွဲပြီးသောအခါ ချန်ယွမ်၏ရထားလုံးက ချန်အိမ်တော်ဆီသို့ ပြန်ရောက်လာလေသည်။

အိမ်ထဲသို့ ချန်ယွမ်ဝင်ဝင်လိုက်ချင်းမှာပင် သခင်မလီက ကြိုဆိုလိုက်သည်။ သခင်မလီသည် ချန်ယွမ်၏ဝတ်ရုံပေါ်မှ မရှိသည့်ဖုန်မှုန့်များကို ခါပေးဟန်ပြု၍ ချန်ယွမ့်နားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

"အရှင်...အားရုံ ပြန်ရောက်နေပါပြီ..."

ချန်ယွမ်က ဂရုမစိုက်နိုင်အားပဲ လက်ကိုဆန့်တန်း၍ သခင်မလီအား လှမ်းကိုင်ကာမေးလိုက်သည်။

"ဘယ်က အားရုံလဲ..."

သခင်မလီက ချန်ယွမ့်အား ညုတုတုဟန်ဖြင့် မျက်စောင်းထိုး၍ နူးညံ့သည့်အသံဖြင့်ပြောလိုက်သည်။

"ဖျင်မြို့တော်က အားရုံပေါ့ အရှင်...ဝမ်ချီလန်နဲ့ ပတ်သက်နေတဲ့ အားရုံပေါ့..."

ချန်ယွမ်က သခင်မလီအား လှည့်ကြည့်လိုက်သောအခါ မသာမယာဖြစ်နေသော ချန်ယွမ်၏မျက်နှာသည် အနည်းငယ်အံ့ဩနေပုံလည်းရသည်။

"သူက ဘာဖြစ်လို့ ပြန်လာရဲရတာလဲ..."

ချန်ယွမ်က လှည့်၍ သခင်မလီအား စိုက်ကြည့်လိုက်သည်။

"သူက ဒီနေ့ ပြန်ရောက်လာတာလား...သူ ဘာဖြစ်လို့ နန်ယန်ကို ဝမ်ချီလန်နဲ့ တစ်ချိန်တည်းမှာ တူတူပြန်ရောက်လာတာလဲလို့ မင်းမေးလိုက်သေးလား..."

သခင်မလီက အေးအေးဆေးဆေးပင်ပြန်ဖြေလိုက်သည်။

"အင်း...ဒါပေမယ့် အားရုံက ချီလန် ဒီနေ့ပြန်ရောက်တယ်ဆိုတာတောင် မသိဘူးတဲ့...သူလည်း အံ့ဩနေတဲ့ပုံပါပဲ..."

သခင်မလီက ပြောနေရင်းဖြင့် ပါးစပ်ကို အင်္ကျီလက်ဖြင့်ကွယ်ကာ ညုတုတုပြုံး၍ ဆွဲဆောင်မှုများပြည့်နေသောမျက်လုံးများဖြင့် ချန်ယွမ်အားကြည့်လိုက်သည်။

"မောယန်မြို့ဆိုတာ အန္တရာယ်အရမ်းများတဲ့နေရာမဟုတ်လား...အားရုံလို မိန်းကလေးက အဲ့ဒီနေရာကိုသွားလောက်တဲ့အထိ သတ္တိမရှိပါဘူး...အရှင် အရမ်းစိတ်ပူမနေပါနဲ့..."

သခင်မလီ၏ ဆွဲဆောင်သောမျက်လုံးများကြောင့် ချန်ယွမ်က သဘောကျသွားသည်။ ချန်ယွမ်သည် ရယ်လိုက်၍ သခင်မလီ၏ လှပသောမျက်နှာကို လှမ်းကိုင်ကာ ပြောလိုက်သည်။

"ဟုတ်ပါပြီ...ဟုတ်ပါပြီ..."

ချန်ယွမ်သည် အခန်းထဲ၌ အစေခံများရှိသည်ကို ဂရုပင်မစိုက်ပဲ သခင်မလီ၏ အင်္ကျီထဲသို့ လက်ထိုးသွင်းလိုက်သည်။ ထို့နောက် သခင်မလီ၏ရင်သားများကို ညင်သာစွာ ပွတ်သပ်ရင်းဖြင့် ပြောလိုက်သည်။

"ဝမ်ချီလန်က အခုတစ်ခေါက်မှာ ချစ်သူတစ်ယောက် ခေါ်လာတယ်လို့ငါကြားတယ်...အဲ့ဒီချစ်သူက အရမ်းချောတဲ့ ယောင်္ကျားပျိုတစ်ယောက်လို့ လူတွေကပြောနေကြတယ်...ဒါပေမယ့် ငါတို့ကိုယ်တိုင်‌မတွေ့ခဲ့ရတော့ အဲ့ဒီသတင်းက မှန်လား မှားလား မပြောနိုင်ဘူး..."

ပြောနေရင်းဖြင့် ချန်ယွမ်သည် သခင်မလီ၏ ဝတ်ရုံအပေါ်ပိုင်းတစ်ခုလုံးကို ဆွဲချွတ်လိုက်၍ သခင်မလီ၏ ရင်သားများကြား မျက်နှာအပ်ကာ ဆက်ပြောလိုက်သည်။

"အခု ဝမ်ချီလန်မှာ ချစ်သူရှိနေပြီဆိုတော့ အားရုံကိုလည်း ဂရိုစိုက်နိုင်တော့မှာမဟုတ်ဘူး...ဒီရက်ပိုင်းမှာ ငါအလုပ်တွေများနေတာကြောင့် အဲ့ဒီ စကားနားမထောင်တဲ့ မိန်းကလေးကို ခဏမျက်ခြေပြတ်သွားမိတယ်..."



Xxxx