Chapter 97
ချန်ယွမ်၏ထိတွေ့ပွတ်သပ်မှုများအောက်တွင် သခင်မလီလည်း ရင်ဖိုကာ ညည်းညူနေမိသည်။ အခန်းထဲမှ အစေခံများသည်လည်း မျက်နှာများနီရဲ၍ အကြည့်လွှဲနေကြရကာ ချန်ယွမ်၏အသံကလည်း သခင်မလီကို ထိတွေ့ရင်းဖြင့် အသက်ရှူသံများပြင်းလာသည်။
"ဝမ်ချီလန်နဲ့ နန်ယန်မင်းသားတို့နဲ့ ကိစ္စအပြီးမှာ အားရုံက တော်တော်တန်ဖိုးတက်သွားလောက်တယ်...အားရုံကို ဘယ်သူ့ဆီကိုပဲ ကိုယ်လုပ်တော်အနေနဲ့ ဆက်သ ဆက်သ ပစ္စည်းဥစ္စာတွေအများကြီးရမှာ သေချာနေပြီ...ဒီတစ်ခေါက်တော့ အဲ့ဒီအခွင့်အရေးကို ငါ ကောင်းကောင်းအသုံးချရမယ်..."
သခင်မလီက သူ၏ရင်ဘတ်ဆီမှ ချန်ယွမ်၏ခေါင်းကို ဖက်၍ ညည်းညူရင်းဖြင့် ပြောလိုက်သည်။
"အရှင်ပြောတာ အရမ်းမှန်ပါတယ်..."
ချန်ရုံသည် ထိုအခန်းထဲ၌ တစ်ညမျှ ပိတ်လှောင်ခံထားရခဲ့သည်။ တစ်ညလုံးလုံး ဆာလောင်မှုဒဏ်ကိုခံပြီးသောအခါ နောက်တစ်နေ့ မနက်စောစော၌ အပြင်မှ အစေခံ၏အသံကို ချန်ရုံကြားလိုက်ရသည်။
"သခင်မလေးအားရုံ...သခင်ကြီးချန်က အားရုံနဲ့တွေ့ဖို့ရောက်လာပါတယ်..."
ချန်ယွမ်က ဒီကိုရောက်လာတာလား...
ချန်ရုံက အလျင်အမြန်ပင် ကုတင်ပေါ်မှ ထရပ်လိုက်သည်။ သော့ခတ်ထားသောတံခါးက ဒေါက်ခနဲ ပွင့်သွားသည်။
လေးထောင့်ကျကျမျက်နှာ၊ မုတ်ဆိတ်မွှေးများနှင့် အပြင်ပုံပန်းကတော့ လူကြီးလူကောင်းပုံပေါက်နေသော ချန်ယွမ်က အခန်းဝ၌ ပေါ်လာသည်။
ချန်ရုံသည် ချန်ယွမ့်အား တွေ့တွေ့ချင်းမှာပင် အသံတိုးတိုးဖြင့် နှုတ်ဆက်လိုက်သည်။
"ဦးလေး..."
ချန်ယွမ်က ခေါင်းတစ်ချက်ငြှိမ့်၍ သူ၏အကြည့်များက ချန်ရုံ၏မျက်နှာမှ ကိုယ်လုံးဆီသို့ ရွေ့သွားသည်။
မှောင်ရိပ်သမ်းသောအခန်းထဲ၌ ရပ်နေသော ချန်ရုံ့ကိုကြည့်၍ ချန်ယွမ်သည် စိတ်ထဲ၌ စဉ်းစားနေမိသည်
အားရုံက မျက်နှာရော ခန္ဓာကိုယ်ရော တကယ်ကို လှတာပဲ...တခြားမိန်းမတွေသာ အားရုံလောက်လှမယ်ဆိုရင် သူတို့ကိုယ်သူတို့ ဒီထက်ပိုလှအောင်ပြင်ဆင်ပြီး သူတို့ရဲ့အလှအပနဲ့ ဘဝကို ကျော်ကြားအောင် လုပ်ကြမှာပဲ...ဒါပေမယ့် ဒီကောင်မလေးကတော့ အဲ့ဒီလိုမဟုတ်ဘူး...အားရုံကိုကြည့်ရတာ အမြဲတမ်းတစ်ခုခုကိုတွေးနေပြီး လျှို့ဝှက်ထားတဲ့အရာတွေရှိနေသလိုပဲ...သူ့ကို ဘယ်သူကမှ ထွင်းဖောက်ပြီး မမြင်နိုင်ကြဘူး...အဲ့ဒါကြောင့်လည်း နန်ယန်မင်းသားက အားရုံကို တမ်းတမ်းစွဲဖြစ်နေပြီး ဝမ်ချီလန်ကလည်း အားရုံကို အရမ်းကာကွယ်ပေးချင်နေတာဖြစ်မယ်...
ထိုသို့တွေးနေရင်းဖြင့် ချန်ယွမ်သည် မေးစေ့မှမုတ်ဆိတ်များကို ပွတ်သပ်၍ မျက်နှာက ကျေနပ်သွားပုံရသည်။
ချန်ယွမ်၏မျက်လုံးများသည် ချန်ရုံ့အားကြည့်၍ မည်သည့်ဈေးနှင့်ရောင်းလျှင်ရမည်လဲဟု တန်ဖိုးဖြတ်နေသကဲ့သို့ဖြစ်သည်။ ချန်ယွမ်၏အကြည့်အား ချန်ရုံသည် အရမ်းရွံရှာသွားမိကာ ခေါင်းကိုငုံ့၍ ပြောလိုက်ပြန်သည်။
"ဦးလေး..."
ဤတစ်ခေါက်တွင်တော့ ချန်ရုံ၏အသံသည် အနည်းငယ်ကျယ်သွား၍ အနည်းငယ်စိတ်မရှည်သံလည်းပေါက်နေသည်။
ချန်ယွမ်က အတွေးထဲ၌နစ်မျောနေရာမှ ချန်ရုံ၏အသံကြောင့် ပြန်အသိဝင်သွားသည်။ ချန်ယွမ်သည် ရှေ့သို့ တစ်လှမ်းတိုး၍ သစ်သားအိမ်လေးကိုလှည့်ပတ်ကြည့်ကာ ချန်ရုံ့ဘက်သို့လှည့်၍ ကြင်နာစွာပြောလိုက်သည်။
"အားရုံ မင်းက ဘာမှမပြောပဲ ရုတ်တရက်ထွက်သွားတော့ ငါတို့ ဘယ်လောက်တောင်စိတ်ပူခဲ့ရလဲသိလား..."
ထို့နောက် ချန်ယွမ်သည် ရှည်လျားသောသက်ပြင်းကိုချ၍ ဘာမှမတတ်နိုင်သကဲ့သို့ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
"အခုအချိန်မှာ နေရာတိုင်းက အန္တရာယ်များနေတာ မင်းလည်း သိမှာပါ အားရုံ...ဒါပေမယ့် မင်းက ဘာမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ တစ်ယောက်တည်းထွက်သွားခဲ့တယ်...မင်းအသက်ကို မင်းဂရုမစိုက်ရင်တောင်မှ မင်းရဲ့ ဆွေမျိုးတွေကိုတော့ နည်းနည်းဂရုစိုက်သင့်ပါတယ်...အားရုံရဲ့အကြောင်းကိုစဉ်းစားလိုက်တိုင်း ငါ စိတ်ပူလွန်းလို့ အိပ်တောင်မပျော်ခဲ့ဘူး..."
ချန်ယွမ်၏အသံက နူးညံ့၍ တကယ်ပင် ချန်ရုံ့အပေါ်ဂရုစိုက်သကဲ့သို့ ဖြစ်နေသည်။
ချန်ရုံသည်လည်း ချန်ယွမ်၏စကားများကြောင့် ဝမ်းနည်းသွားမိသည်။ သူမသည် ခေါင်းကိုငုံ့၍ မျက်နှာကို အင်္ကျီလက်ဖြင့်ကာကာ တစ်ချက်ရှိုက်လိုက်မိသည်။
"ကျွန်မရဲ့ အဖေနဲ့အစ်ကိုက အဝေးကိုရောက်နေကြတဲ့အတွက် အားရုံ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူးလို့ ထင်ခဲ့မိပါတယ်...ဒါပေမယ့် အခု ဦးလေးပြောတာကိုနားထောင်ပြီးတော့ ကျွန်မမှားသွားမှန်း သိလိုက်ပါပြီ..."
ထို့နောက် ချန်ရုံသည် ချန်ယွမ့်အား ရိုသေစွာပြောလိုက်သည်။
"ဒီလို မိုက်မဲတဲ့လုပ်ရပ်မျိုးကို အားရုံ နောက်ဘယ်တော့မှ မလုပ်တော့ပါဘူး...ဦးလေးတို့ နောက်တစ်ခါ ကျွန်မအတွက် စိတ်မပူကြစေရဘူးလို့ ကတိပေးပါတယ်..."
ချန်ရုံ၏အသံသည် ရင်ထဲမှလှိုက်လှဲစွာပြောနေသောအသံဖြစ်၍ မျက်နှာလေးမှာလည်း ချန်ယွမ်ထက်ပင် ပို၍ ဝမ်းနည်းနေပုံပေါ်နေလေသည်။
ချန်ယွမ်က မျက်နှာထားတည်တည်ဖြင့် ချန်ရုံ့အားကြည့်ကာ ညင်သာစွာပြောလိုက်သည်။
"ပြီးခဲ့တာတွေကို ထားလိုက်ပါတော့လေ...အားရုံ မင်းကို မင်းရဲ့အဒေါ်က ဒီမှာ တစ်ညလုံး ပိတ်လှောင်ထားတာလား..."
ချန်ရုံက ခေါင်းကို အလျင်အမြန်ခါယမ်း၍ ပြောလိုက်သည်။
"ကျွန်မက စကားနားမထောင်လို့ အဒေါ်က အပြစ်ပေးထားတာပါ...အဒေါ့်ကို အပြစ်မတင်ပါနဲ့..."
ချန်ရုံ၏စကားကိုကြားသောအခါ ချန်ယွမ်က ခဏမျှ ကြောင်အသွားသည်။ ခဏကြာသောအခါမှ ရယ်မောကာ ပြောလိုက်သည်။
"ဟုတ်ပါပြီ အားရုံပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်...ငါ မင်းရဲ့အဒေါ်ကို အပြစ်မတင်တော့ပါဘူး..."
ချန်ရုံနေနေရသော သစ်သားအိမ်လေးသည် သေးလွန်း၍ စိတ်ဓာတ်ကျစရာဖြစ်သည်။ ချန်ယွမ်သည် အထဲ၌ရပ်နေရင်းဖြင့် ကျဉ်းကျပ်သကဲ့သို့ ခံစားလာရကာ အသက်ရှူပင် ကျပ်လာမိသည်။ ထို့နောက် အပြင်သို့ထွက်၍ အစေခံတစ်ဦးအား လှမ်းခေါ်လိုက်သည်။
"အားရုံကို ဒီကနေ ပြန်ဖို့ ကူညီပေးလိုက်စမ်း..."
အစေခံလေးက အမြန်ပင် သစ်သားအိမ်ထဲသို့ ပြေးဝင်သွား၍ ချန်ရုံ့အား အိမ်ပြင်သို့ထွက်နိုင်ရန်ကူညီပေးလိုက်သည်။
ချန်ရုံသည် အပြင်သို့ရောက်လာသောအခါ ချန်ယွမ့်အား ထပ်၍ အရိုအသေပေးလိုက်၍ ခေါင်းကိုငုံ့ကာ လေပျော့လေးဖြင့် ပြောလိုက်သည်။
"ဦးလေး...ကျွန်မ ပြောစရာတစ်ခုရှိနေပါသေးတယ်..."
"ဘာများလဲ..."
ချန်ယွမ်က ကြင်နာသောလေသံဖြင့်ပြောလိုက်သည်။
ချန်ရုံက နူးညံ့စွာပြောလိုက်သည်။
"ဒီတစ်ခေါက် ကျွန်မ ခရီးသွားနေတုန်းမှာ ဒုက္ခသည်တစ်ယောက်နဲ့ ကြုံခဲ့ရပါတယ်..."
ချန်ရုံက ပြောလိုက်သောအခါ ချန်ယွမ်က အလန့်တကြားဖြစ်သွား၍ စိတ်ပူစွာမေးလိုက်သည်။
"မင်း ဘာဖြစ်သွားသေးလဲ..."
ချန်ယွမ်စိတ်ပူသွားသည်ကို မြင်သောအခါ ချန်ရုံက ရင်ထဲမှ ကျေးဇူးတင်သွားမိ၍ အမြန်ဆက်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ဦးလေး ကျွန်မ ဘာမှမဖြစ်သွားပါဘူး...အဲ့ဒီအချိန်တုန်းက အထိန်းတော်ဖျင်က ကျွန်မရှေ့မှာ ဝင်ကာပြီး ရပ်ပေးခဲ့တယ်လေ...အဲ့ဒီဒုက္ခသည်က အတင်းဆွဲလို့ အထိန်းတော်ဖျင် ရထားလုံးထဲကပြုတ်ကျတော့မလိုတောင်ဖြစ်သွားသေးတယ်...ကျွန်မရော တခြားအစေခံတွေရာ ဘာထိခိုက်မှုမှမရှိခဲ့လို့ တော်သေးတာပေါ့..."
ချန်ရုံသည် မျှော်လင့်မှုအပြည့်ဖြင့် ချန်ယွမ်အားမော့ကြည့်ကာ မေးလိုက်သည်။
"ဦးလေး အထိန်းတော်ဖျင်က ကျွန်မကို အရမ်းချစ်ပါတယ်...ကျွန်မလည်း သူ့ကို မစွန့်ပစ်ရက်ပါဘူး...အဲ့ဒါကြောင့် အထိန်းတော်ဖျင်ကို ချန်ရုံ့နားမှာ ဆက်ခေါ်ထားခွင့်ပြုပါနော်..."
ချန်ယွမ်သည် ရှေ့သို့ အမြန်သွား၍ ချန်ရုံ့အား ဆွဲထူလိုက်သည်။ ချန်ရုံ့နားသို့ ချန်ယွမ်တိုးကပ်သွားချိန်တွင် ဖျော့တော့သောရနံ့တစ်ခုက ချန်ယွမ်၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ချန်ယွမ်ကကြောင်သွား၍ ခဏအကြာမှ ထိုရနံ့သည် ချန်ရုံ၏ ပထမဆုံးရာသီပန်းပွင့်သည့်ရနံ့မှန်း နားလည်သွားသည်။
ချန်ယွမ်သည် ထိုရနံ့ကိုရှူနေရင်းဖြင့် မျက်လုံးများက တောက်ပလာသည်။ ချန်ယွမ်ငယ်စဉ်အခါတုန်းက အပျိုစင်မိန်းကလေးအချို့၏ ရာသီပန်းပွင့်သည့်ရနံ့က ပန်းကဲ့သို့ မွှေးကြိုင်၍ ဆွဲဆောင်မှုရှိလှသည်ဟူ၍ ကြားဖူးခဲ့သည်။ သို့သော် ထိုအကြောင်းအရာသည် ကြားဖူးနားဝသာဖြစ်၍ ချန်ယွမ့်ဘဝတစ်လျှောက်၌ ကြုံတွေ့ခဲ့ရသောမိန်းကလေးများထဲတွင် ထိုကဲ့သို့သော ရနံ့ပိုင်ရှင်ကို တစ်ခါမှ မကြုံခဲ့ရဖူးပေ။ နောက်ဆုံး၌ ယခုကြုံတွေ့ရသည့်အခါတွင်လည်း ချန်ယွမ်၏ရှေ့မှောက်ရှိ မိန်းကလေးထံမှ ဖြစ်နေလေသည်။ ထိုချန်ရုံသည် တကယ်ပင် တန်ဖိုးကြီးမားလှသည့် အမျိုးသမီးငယ်ပါပင်။
ချန်ယွမ်သည် ချန်ရုံ၏လက်များကို ဆုပ်ကိုင်ထား၍ အချိန်အတော်ကြာသည်အထိ မလွှတ်ပေးတော့ချေ။ ချန်ရုံက တိတ်တဆိတ်မျက်မှောက်ကျုံ့၍ သူမ၏လက်များကို ပြန်ဆွဲယူလိုက်သည်။
ထိုအခါမှသာ ချန်ယွမ်သည်လည်း အသိပြန်ဝင်လာကာ ရယ်၍ပြောလိုက်သည်။
"ဟုတ်ပြီ ဟုတ်ပြီ အားရုံ...ကောင်းပြီ..."
ထို့နောက် ချန်ယွမ်သည် သူ၏ အင်္ကျီဝတ်ရုံလက်များကို လှုပ်ခါ၍ ခြောက်ကပ်သည့်အသံဖြင့်ပြောလိုက်သည်။
"မင်းက မနေနိုင်တော့လည်း ပြန်ခေါ်ထားလိုက်ပေါ့...မင်း အစတည်းကမခွဲချင်ဖြစ်နေတဲ့ တခြားအစေခံတွေကိုပါ ဦးလေး ပြန်ခေါ်ပေးမယ်...အားရုံ တခြား လိုအပ်တာရှိရင်လည်း ဦးလေးကိုသာလာပြောချေ ဟုတ်ပြီလား..."
ချန်ရုံသည် ချန်ယွမ်၏ရှေ့၌ ကပ်၍ ချန်ယွမ်စကားပြောနေသည်ကို ရွံရှာစွာ ကြည့်နေမိသည်။ သူမသည် အထိန်းတော်ဖျင်တို့အတွက် ဤလူကြီးအား သည်းခံ၍ စကားပြောခဲ့ရပြီမဟုတ်ပါလား။ ချန်ယွမ်က စကားဆက်ပြောမည်လုပ်နေသောကြောင့် ချန်ရုံက အလျင်အမြန်ပင် စကားဖြတ်ပြောလိုက်သည်။
"ဟုတ်ကဲ့ ဦးလေး ကျေးဇူးတင်ပါတယ်...အခုတော့ ဘာမှ မလိုအပ်သေးပါဘူး..."
"ဟုတ်ပြီ...တခြားလိုတာရှိရင် ငါ့ကိုသာ ချက်ချင်းလာပြောပါ အားရုံ..."
"ဟုတ်ကဲ့..."
"ကဲ...သွားတော့..."
"ဟုတ်ကဲ့..."
ချန်ရုံထွက်သွားသောအခါ ချန်ယွမ်သည်လည်း ထွက်လာတော့သည်။
ချန်ယွမ်သည် လျှောက်နေရင်းဖြင့် ရုတ်တရပ် ရပ်ကာ အနောက်သို့ လှည့်လိုက်သည်။ ထို့နောက် သပ်ရပ်လှပသည့် ဝတ်စုံဖြင့် ကျော့ရှင်းစွာလမ်းလျှောက်၍ တဖြည်းဖြည်းထွက်ခွာသွားသော ချန်ရုံ့ကို လှမ်းကြည့်လိုက်သည်။ ချန်ယွမ်သည် ခုနက ချန်ရုံတစ်ယောက် သူ့အား ရိုသေစွာဆက်ဆံသွားသည်ကို ပြန်စဉ်းစား၍ အနီးအနားမှ အစေခံများအားမေးလိုက်သည်။
"အားရုံက ဘယ်လိုမိန်းကလေးမျိုးလည်းဆိုတာ မင်းတို့ သိကြလား..."
ချန်ယွမ်၏အနောက်မှ လိုက်လာကြသော အစေခံများက ကြောင်သွား၍ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့ မည်ကဲ့သို့ ဖြေရမည်မှန်းမသိကြပါချေ။
ထိုအချိန်၌ပင် ချန်ယွမ်က မျက်လုံးများကိုမှေး၍ ခပ်တိုးတိုး ဆက်ပြောလိုက်သည်။
"ဘယ်လောက်ပဲ ထူးဆန်းအံ့ဩဖွယ်ကောင်းနေပါစေ အားရုံက တကယ်တော့ ကလေးဆန်တဲ့ မိန်းကလေးတစ်ယောက်ပါပဲ..."
ချန်ယွမ်က ပြောရင်းဖြင့် တဟားဟားအော်ရယ်လိုက်သည်။
ချန်ယွမ်၏ရယ်သံကြောင့် အစေခံများကလည်း ဘာလုပ်ရမည်မသိဖြစ်သွားသည်။ သူတို့သည် နားမလည်နိုင်သည့်မျက်နှာများဖြင့်သာ အချင်းချင်းကြည့်လိုက်မိကြတော့သည်။
Xxxx