Chapter 98
ချန်ယွမ်အရှက်ခွဲခံရခြင်း
ချန်ရုံသည် သူမ၏အဆောင်ရှိရာသို့ပြန်လာလိုက်သည်။
ချန်ရုံ့ကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် အထိန်းတော်ဖျင်သည် ချန်ရုံ့နားသို့ပြေးသွား၍ အော်ခေါ်လိုက်သည်။
"မမလေး..."
အထိန်းတော်ကြီး၏မျက်လုံးများ၌ စိတ်ပူစိုးရိမ်မှုများပြည့်နေသည်။
ချန်ရုံက ခေါင်းငြှိမ့်ပြ၍ ပြောလိုက်သည်။
"ဘာမှစိတ်မပူပါနဲ့တော့ အထိန်းတော်ဖျင်...ဦးလေးယွမ်က အထိန်းတော်ကို ကျွန်မနဲ့ ဆက်နေခွင့်ပြုလိုက်ပြီ..."
ထိုစကားများကိုကြားလိုက်သည်နှင့်တစ်ပြိုင်နက် အထိန်းတော်ဖျင်သည် အလွန်ပျော်ရွှင်သွား၍ ပါးစပ်မှ တတွတ်တွတ်ပြောနေတော့သည်။
"သခင်ကြီးက တကယ်ကို စိတ်သဘောထားကောင်းတဲ့လူပဲ...သခင်ကြီးက တကယ်ကို စိတ်ထားမြင့်မြတ်ပါပေတယ်..."
စိတ်ထားမြင့်မြတ်တယ်ဆိုပါလား...
ချန်ရုံက လှောင်ရယ်ရယ်လိုက်၍ အိမ်ထဲသို့ ဝင်လာလိုက်သည်။ လမ်းလျှောက်နေရင်းဖြင့် ချန်ရုံသည် ပင်ပန်းနွမ်းနယ်စွာပြောလိုက်သည်။
"ကျွန်မအတွက် ရေနွေးတည်ပေးပါ...ကျွန်မ ရေချိုးချင်တယ်..."
ချန်ရုံသည် ယမန်နေ့က အခန်းထဲ၌ ပိတ်လှောင်ခံထားခဲ့ရ၍ ကောင်းစွာလည်း မအိပ်ပျော်ခဲ့ပေ။ ထို့ကြောင့် တစ်ကိုယ်လုံးတောင့်တင်း၍ ညောင်းညာနေသောကြောင့် ရေနွေးစိမ်၍ အနားယူချင်နေပြီဖြစ်သည်။
အထိန်းတော်ဖျင်က လှည့်၍ အခြားအစေခံတစ်ယောက်ကို အမိန့်ပေးညွှန်ကြားလိုက်သည်။
အထိန်းတော်ဖျင်တို့ ရေနွေးပြင်ဆင်သည်ကိုစောင့်နေစဉ်တွင် ချန်ရုံသည် အခန်းထဲသို့ဝင်၍ ကုတင်ပေါ်၌ တိုးတိတ်စွာ ထိုင်လိုက်သည်။
ယခင်ဘဝတုန်းက ချန်ရုံသည် စောင့်ဆိုင်းရသည်ကို စိတ်မရှည်တတ်သည့် တက်ကြွသောမိန်းကလေးတစ်ဦးဖြစ်ခဲ့သည်။ ယခင်ဘဝမှချန်ရုံသည် ဤသို့ တိတ်ဆိတ်စွာထိုင်သည်ဆိုသည်မှာ မရှိသလောက်ပင်။ သေဆုံးပြီး၍ ပြန်လည်မွေးဖွားလာပြီးနောက်တွင်တော့ ချန်ရုံသည် ဤကဲ့သို့ တိတ်ဆိတ်စွာထိုင်နေရသော ခံစားချက်ကို နှစ်သက်နေမိလေသည်။ ချန်ရုံသည် ယခင်ဘဝ၌လည်း ဤသို့သာ တစ်ယောက်တည်းနေခွင့်ရခဲ့ပါက ဆိုးရွားလှသော အဆုံးသတ်နှင့် ကြုံတွေ့ချင်မှတွေ့ရလိမ့်မည် ဟု တစ်ခါတစ်ရံ၌ တွေးမိလေသည်။
...... ..
ရက်အနည်းငယ်ကြာသော်...
ဤရက်ပိုင်း၌ နန်ယန်မြို့သို့ ဝမ်ချီလန် လုံခြုံဘေးကင်းစွာပြန်ရောက်လာခြင်းသည် မြို့သူမြို့သားများကြား၌ ရေပန်းအစားဆုံးခေါင်းစဉ်ဖြစ်နေသည်။
မြို့ကလူများ ဝမ်ဟုန့်အကြောင်းကို ပြောနေကြသည်ကို နားထောင်ရင်းဖြင့် ချန်ရုံသည် ချန်ယွမ်နှင့်တွေ့ခဲ့စဉ်က ချန်ယွမ်၏ထူးခြားသော အပြုံးနှင့် အပြုအမူတို့ကို စဉ်းစားနေမိသည်။ ထို့နောက် ရထားလုံးပေါ်တက်၍ လမ်းပေါ်သို့ မောင်းခိုင်းလိုက်သည်။
ချန်ရုံသည် လမ်းပေါ်သို့ရောက်ပြီးသောအခါ ဝမ်ဟုန့်ကို သွားရှာသင့် မရှာသင့်ကို မဆုံးဖြတ်နိုင်ဖြစ်နေသည်။ ချန်ရုံသည် ဝမ်ဟုန့်ကို သွားတွေ့ရမည်ကို အနည်းငယ် စိုးရွံ့နေမိသည်။ နောက်ဆုံးတွင်တော့ ချန်ရုံသည် ရထားလုံးမောင်းသူအား ဝမ်အိမ်တော်ဆီသို့သာ မောင်းခိုင်းလိုက်တော့သည်။
လမ်းပေါ်၌ လူများပြည့်နှက်နေဆဲဖြစ်၍ ပျော်ရွှင်စွာ ရယ်မောဟစ်ကြွေးနေကြသည်။
ချန်ရုံ၏ရထားလုံးလေးသည် ရယ်မောသံများ၊ အော်ဟစ်သံများကြား၌ တိုးဝင်သွားလာနေသည်။ ချန်ရုံသည် လူများ၏အသံများကို နားထောင်ရင်းဖြင့် ဆောင်းရာသီ၏ နေအလင်းရောင်နွေးနွေးအောက်တွင် အိပ်မက်မက်နေသကဲ့သို့ ခံစားနေမိလေသည်။
ထိုအချိန်မှာပင် လူအုပ်ထဲမှ အော်သံတစ်ခုထွက်ပေါ်လာသည်။
"ဟိုမှာ ဘာလဲ..."
ချန်ရုံသည် ရုတ်တရက်လန့်သွား၍ မလှုပ်ရှားနိုင်ဖြစ်သွားသည်။ ချန်ရုံ၏ရထားလုံးနား၍ ကြောက်လန့်နေသော အသံများက ပိုဆူညံလာသည်။ ခဏအကြာတွင် ကြောက်စိတ်ဖြင့်တုန်ယင်နေသော လူအချို့က အော်ပြောလိုက်သည်။
"အဲ့ဒါ မောယန်မြို့ပဲ...အဲ့ဒါ မောယန်မြို့..."
မောယန်မြို့?
ချန်ရုံသည် အနောက်သို့ အလျင်အမြန်လှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ချန်ရုံသည်လည်း ကြက်သေသေသွားမိတော့သည်။
အနောက်မြောက်ဘက်၌ မီးခိုးလုံးကြီးများ တစ်ဒါဇင်ခန့် ကောင်းကင်ပေါ်သို့ တလိပ်လိပ်တက်နေသည်။ ယနေ့၌ နေက အလွန်သာနေသောကြောင့် ကောင်းကင်ပြာနှင့် တိမ်ဖြူဖြူများဆီသို့ အမည်းရောင်မီးခိုးလုံးများ တစ်ခုပြီးတစ်ခုတက်နေသည်မှာ အလွန်ခြောက်ခြားဖွယ်ကောင်းနေသည်။
စူးစူးဝါးဝါးအော်သံတစ်ခုထွက်လာပြီးသည့်နောက်တွင် လူတိုင်းသည် တိတ်ဆိတ်သွားကြတော့သည်။
ယခုအချိန်တွင် စစ်ဆိုသည်ကို မမြင်ဖူးသူများသည်ပင် စကားအဖြစ်နှင့်တော့ ကြားဖူးကြသည်သာဖြစ်သည်။ ဤကဲ့သို့သောအဖြစ်အပျက်မျိုးကိုလည်း တစ်နေ့မဟုတ် တစ်နေ့ဖြစ်လာမည်ဟု မျှော်လင့်ထားကြပြီးသားဖြစ်သည်။ ယခုမြင်တွေ့နေရသည့်အရာသည်လည်း ဖြစ်နိုင်ချေမှာ တစ်ခုတည်းသာရှိသည်။ မောယန်မြို့ကို ဟူလူမျိုးများက မီးရှို့နေကြခြင်းဖြစ်ပေသည်။
ကြက်သီးထဖွယ်ကောင်းသည့် တိတ်ဆိတ်မှုကို တုန်လှုပ်နေသော အသံတစ်ခုက ဖြိုခွဲလိုက်သည်။
"မိသားစု ဆယ်စုလောက်ပဲ ထွက်ပြေးနိုင်လိုက်မှာ...မြို့ထဲက ထောင်ချီရှိနေတဲ့လူတွေ...လွတ်မြောက်ကြမှာမဟုတ်ဘူး..."
အခြားအဖိုးအိုတစ်ဦး၏အသံကလည်း ထွက်ပေါ်လာသည်။
"မောယန်မြို့စားရော အချိန်မှီ ထွက်ပြေးနိုင်ခဲ့ပါ့မလား..."
လူအုပ်က တိတ်ဆိတ်သွားပြန်တော့သည်။
ချန်ရုံတို့အားလုံး ကြောင်အ၍ ရပ်တန့်နေကြသည်မှာ မည်မျှကြာသွားသည်ပင်မသိတော့ချေ။ အချိန်အတော်ကြာသောအခါမှ အသံတိုးတိုးတစ်ခုက ထွက်ပေါ်လာသည်။
"မီးခိုးလုံးတွေ လှိမ့်ထွက်လာပြီ...ဖြူဖွေးတဲ့အရိုးတွေဟာလည်း တောင်ပုံယာပုံ...မြစ်ထဲမှာပြည့်နေတာ ရေတွေလေလား မျက်ရည်တွေလား...ငါတို့ကို ကာကွယ်ပေးမယ့်သူရဲကောင်းက ဘယ်ဆီဘယ်ဝယ်...ဟန်မိသားစုတွေရဲ့သူရဲကောင်းတွေဟာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ကြတယ်...ဒါပေမယ့် ဒီနေ့မှာတော့ ဟူလူမျိုးတွေဟာ ငါတို့တွေရဲ့ ဘိုးဘွားဝတ်ကျောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပြီ..."
သီချင်းသံသည် နာကျင်မှုနှင့် ဝမ်းနည်းအားငယ်မှုများဖြင့် ပြည့်နှက်နေသည်။
ခဏအကြာတွင် ငိုရှိုက်နေသောလူများလည်း တစ်ဦးပြီးတစ်ဦး သီချင်းကို ပါဝင်သီဆိုနေကြတော့သည်။
"ငါတို့ကို ကာကွယ်ပေးမယ့်သူရဲကောင်းက ဘယ်ဆီဘယ်ဝယ်...ဟန်မိသားစုတွေရဲ့သူရဲကောင်းတွေဟာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ကြတယ်...ဒါပေမယ့် ဒီနေ့မှာတော့ ဟူလူမျိုးတွေဟာ ငါတို့တွေရဲ့ ဘိုးဘွားဝတ်ကျောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပြီ..."
သီချင်းသံသည် တစ်စတစ်စနှင့် ပို၍ကျယ်လောင်လာသည်။ သီဆိုနေသောအသံများထဲ၌လည်း အတိတ်က သူရဲကောင်းများကို လွမ်းဆွတ်တမ်းတခြင်းနှင့် ယခုပစ္စပ္ပန်ကာလအခြေအနေကို ဘာမှမလုပ်နိုင်ပဲ ဝမ်းနည်းစွာသာထိုင်ကြည့်နေနိုင်သည်ကို ကျိတ်မနိုင်ခဲမရဖြစ်နေသည့် ခံစားချက်များ ရောယှက်ပါဝင်နေလေသည်။
သီချင်းကိုနားထောင်ရင်းဖြင့် ချန်ရုံ၏မျက်လုံးများ နီရဲလာကြသည်။ ချန်ရုံသည် နှုတ်ခမ်းပိုဖိကိုက်၍ ရထားလုံးမောင်းသူအစေခံကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဆက်မောင်းလိုက်ပါ..."
"ဟုတ်ကဲ့..."
အစေခံ၏အသံသည်လည်း ငိုသံပါနေလေသည်။
ရထားလုံးက ထွက်ခွာစပြုသောအခါ သီချင်းသံကလွင့်ပျံလာပြန်သည်။
"တစ်နေ့က လောယန်မြို့ကျဆုံးခဲ့တယ်...ဒီနေ့ မောယန်မြို့ ကျဆုံးသွားပြီ...မနက်ဖြန် နန်ယန်မြို့ရဲ့ အလှည့်လေလား..."
ချန်ရုံသည် သီချင်းစာသားကိုနားထောင်ရင်းဖြင့် အသံကျယ်ကျယ်အော်ပြောလိုက်သည်။
"မြန်မြန်မောင်းပါ..."
ချန်ရုံ၏အသံက အက်ကွဲနေလေသည်။
ရထားလုံးမောင်းသူလည်း ကြာပွတ်ကိုဝှေ့ယမ်း၍ အော်ဟစ်ကာ ရထားလုံးကို မြန်ဆန်စွာ မောင်းနှင်လိုက်သည်။
ခဏတွင်းချင်းမှာပင် ရထားလုံးသည် ကြေကွဲဖွယ်ရာ သီချင်းသံကို နောက်၌ ချန်ထားခဲ့တော့သည်။
ထိုအချိန်၌ နန်ယန်မြို့သည် သီချင်းဆိုသံများမှတစ်ပါး အခြားအသံတစ်ခုမှမထွက်ပဲ တိတ်ဆိတ်နေသည်။ လူတိုင်းသည် မောယန်မြို့မှ မီးခိုးလုံးများကိုကြည့်နေ၍ အချို့ဆိုလျှင် မြေပြင်၌ ဒူးထောက်ကာ ကောင်းကင်ဘုံကိုအကူအညီတောင်းခံနေလေသည်။
ထို့ကြောင့် ချန်ရုံသည်လည်း အပြင်သို့သွားရန် စိတ်မပါတော့သောကြောင့် ရထားလုံးကို ချန်အိမ်တော်သို့သာပြန်မောင်းရန် အမိန့်ပေးလိုက်သည်။
ရထားလုံးပေါ်မှ ချန်ရုံ ဆင်းလိုက်ချင်းမှာပင် အစေခံအမျိုးသမီးတစ်ဦးက ချန်ရုံ့နားသို့ အပြေးအလွှားရောက်လာသည်။ အစေခံသည် ချန်ရုံ့အားမြင်သောအခါ ပျော်ရွှင်စွာအော်လိုက်သည်။
"သခင်မလေး ပြန်ရောက်လာပါပြီလား...သခင်ကြီးက သခင်မလေးကို ရှာနေပါတယ်..."
ချန်ယွမ်က ငါ့ကိုရှာနေတာလား...
ချန်ရုံက လမ်းလျှောက်သည်ကိုရပ်လိုက်၍ အစေခံအမျိုးသမီးကိုစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဦးလေးက ဘာဖြစ်လို့ ငါ့ကိုလိုက်ရှာနေတာလဲ..."
ချန်ရုံ၏အသံက ခါတိုင်းနှင့်မတူပဲ တင်းမာနေသည်။
အစေခံက ချန်ရုံ့အားအံ့ဩစွာကြည့်၍ ပြောလိုက်သည်။
"ဒီညမှာ လျှိုအိမ်တော်က ဧည့်ခံပွဲတစ်ခုကျင်းပမယ်လို့ပြောပါတယ်...သခင်ကြီးက အဲ့ဒီကို မမလေးအားရုံနဲ့ မမလေးအားဝေ့တို့ကို ခေါ်သွားဖို့စီစဉ်ထားလို့ပါ..."
ချန်ဝေ့ပါ ပါမှာလား...တော်ပါသေးရဲ့
ထိုအခါမှသာ ချန်ရုံသည် စိတ်အေးစွာ သက်ပြင်းချလိုက်နိုင်သည်။ သို့သော် ချန်ရုံ၏အသံက သတိရှိနေသေး၍ အနည်းငယ် ရိုင်းပျသကဲ့သို့ဖြစ်နေလေသည်။
"တခြားရော ဘယ်သူတွေပါဦးမှာလဲ..."
အစေခံအမျိုးသမီးက ပြုံး၍ပြောလိုက်သည်။
"သခင်မလေး...မေးခွန်းတွေအများကြီးမေးမနေပဲ အခုချက်ချင်း ရေချိုးသန့်စင်ပြီး ဧည့်ခံပွဲအတွက် ပြင်ဆင်သင့်ပါတယ်..."
ပြောပြီးသောအခါ အစေခံသည် ချန်ရုံ့အား တစ်ချက်မျှပင် မကြည့်တော့ပဲ လှည့်ထွက်သွားတော့သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးသောအခါ အစေခံအမျိုးသမီးထံမှ တီးတိုးပြောသံကို ချန်ရုံကြားလိုက်ရသည်။
"ကိုယ့်အဆင့်အတန်းနဲ့ကိုယ်မနေပဲ ငါ့ကို မေးခွန်းတွေ လာမေးနေသေးတယ်..."
ထိုအစေခံသည် သခင်မရွမ်၏အဆောင်မှအစေခံတစ်ဦး ဖြစ်ဟန်တူသည်။ ထိုကဲ့သို့သောအဆင့်အတန်းမှ အစေခံများသည် သူတို့သခင်မ၏အရှိန်အဝါဖြင့် ချန်ရုံ့အား သာမာန်ဆင်းရဲသားတစ်ယောက်ကဲ့သို့ ဆက်ဆံတတ်ကြသည်။ ချန်ရုံကတော့ ထိုသို့ဆက်ဆံခံရသည်ကို အသားကျနေပြီဖြစ်သည်။ ထို့ကြောင့် ချန်ရုံသည် ထိုသတင်းကိုကြားပြီးသောအခါ အစေခံအားတစ်ချက်သာလှမ်းကြည့်၍ သူမ၏အဆောင်ထဲသို့ အမြန်ဝင်သွားလိုက်တော့သည်။
Xxxx