အပိုင်း ၉၉
Viewers 18k

Chapter 99


ရေချိုးနေစဉ်တွင် အထိန်းတော်ဖျင်က ချန်ရုံ့အား ခေါင်းဖြီးပေးနေရင်းဖြင့် ပြောနေသည်။

"သိပ်လည်း စိတ်ပူမနေပါနဲ့ မမလေးရယ်...မမလေးက ကျွန်မတို့လို အ‌စေခံတွေပြန်ခေါ်တာကိုတောင် သခင်ကြီးက ခွင့်ပြုခဲ့တာပဲမဟုတ်လား...ဒီညဧည့်ခံပွဲမှာလည်း မမလေးကို ‌အားဝေ့တို့လို တခြားလူငယ်တွေနဲ့ တွေ့စေချင်လို့ ခေါ်တာနေမှာပါ..."

ချန်ရုံက မျက်မှောင်သာကြုတ်၍ ဘာမှပြန်‌မပြောလိုက်ပေ။


အထိန်းတော်ဖျင်သည် ချန်ရုံ့ကိုကြည့်၍ မကျေမနပ်ဖြစ်သွားသည်။ ထို့နောက် အထိန်းတော်ဖျင်သည် ချန်ရုံ၏အသားအရည်ကို စေ့စေ့စပ်စပ်ကြည့်နေလေသည်။ ချန်ရုံ၏မျက်နှာလေးသည် သေးငယ်လွန်း၍ အရိုးနှင့် ‌အရေပြားသာရှိသကဲ့သို့ဖြစ်နေသည်။ သို့သော် ရေထဲစိမ်နေသော အသားအရည်ကတော့ နီရဲကာ နူးညံ့နေသည်။

အထိန်းတော်ဖျင်က ချန်ရုံ့အားကြည့်၍ သက်ပြင်းချကာ မျက်နှာအိုအိုဖြင့်ပြောလိုက်သည်။

"ဒီ မမလေးကတော့လေ လူက သရဲပုံပေါက်နေပြီ...တဖြည်းဖြည်းနဲ့ မိန်းကလေးနဲ့မတူပဲ ယောင်္ကျားလေးပုံပေါက်တော့မယ်..."


ဤခေတ်အခါ၌ အနည်းငယ်ပိန်၍ အသားအရည်အနည်းငယ်ဖြူဖျော့သောမိန်းကလေးများသည် အလှပဆုံးရတနာလေးများဖြစ်သည်ဟု တင်စားခံရ၍ ယောင်္ကျားများကြား၌ ရေပန်းစားလေသည်။ ထိုမိန်းကလေးများနှင့်ယှဉ်လျှင် ချန်ရုံက အနည်းငယ်ပြည့်ဖြိုး၍ အသားအရည်ကလည်း ကျန်းမာရေးကောင်းသည့်လက္ခဏာအရ နီစွေးစွေးလေးဖြစ်နေသည်

ချန်ရုံက အထိန်းတော်ဖျင်‌ပြောနေသည်ကို ဂရုမစိုက်ပဲ ရေချိုးကန်ထဲမှထကာ သူမ၏ဖြူဖွေးသောလက်ကိုဆန့်တန်း၍ အထိန်းတော်ဖျင်၏လက်ထဲမှ ခရမ်းရောင်အနားသတ်ထားသောအပြာရောင်ဝတ်စုံကိုယူကာ ဝတ်ဆင်လိုက်သည်။

ထိုအဝတ်အစားများသည် ချန်ရုံ၏လှပပြီးသားရုပ်ရည်ကို ပို၍တင့်တယ်သွားစေသည်။ ချန်ရုံသည် သစ်သားဖိနပ်များကို ခြေအိတ်မစွပ်ပဲစီးလိုက်၍ ရေစိုနေသောဆံပင်ကို ဖြီးကာ ပြောလိုက်သည်။

"ကျွန်မရဲ့ အဖေနဲ့ အစ်ကိုက ဒီမှာမရှိကြလို့ ကျွန်မကို ဘယ်သူကမှလည်း သေချာကြည့်ကြမှာမဟုတ်ပါဘူး..."

ချန်ရုံက ထိုသို့ပြောလိုက်သောအခါ အထိန်းတော်ဖျင်ကတော့ သက်ပြင်းသာချလိုက်မိတော့သည်။

ချန်ရုံသည် ပြတင်းပေါက်ဆီသို့သွား၍ ဝင်ကာစပြုနေသော နေကိုကြည့်ကာ ဖျော့တော့သည့်အသံဖြင့်ပြောလိုက်သည်။

"တပ်မှူးစွင်းသာ သူ့ရဲ့နောက်ခံအဆင့်အတန်းက ဒီ့ထက်နည်းနည်းနိမ့်ကျခဲ့မယ်ဆိုရင် ကျွန်မကို နှစ်သက်မယ်ထင်လားဟင်..."

အထိန်းတော်ဖျင်ကတော့‌ ခေါင်းငြှိမ့်၍ သက်ပြင်းကိုသာ အခါခါချနေမိတော့သည်။

တိမ်ဖြူဖြူများကို သူ၏ရောင်ခြည်များဖြင့် အနီရောင်ဆိုးပေးနေသော ခမ်းနားလှသည့်နေမင်းကြီးကိုကြည့်ရင်းဖြင့် ချန်ရုံ၏မျက်လုံးထဲ၌ ဝမ်ဟုန်၏ပုံရိပ်ကိုမြင်ယောင်မိလာသည်။

သို့သော် ထိုပုံရိပ်ကို မြင်လိုက်ရချင်းမှာပင် ချန်ရုံသည် ခေါင်းကို ခါရမ်းလိုက်သည်။ ရန်မင်း၏ပုံရိပ်ကိုတော့ ချန်ရုံသည် စဉ်းပင်မစဉ်းစားမိစေရန်စိတ်ကို ချုပ်တည်းထားလိုက်သည်။

ယနေ့ည ဧည့်ခံပွဲကျင်းပမည့် လျှိုအိမ်တော်သည် အလွန်ထူးခြားသော မျိုးနွယ်တစ်ခုဖြစ်သည်။ လျှိုမျိုးနွယ်များသည် ဟန်မင်းဆက်များမှဆင်းသက်လာကြသောကြောင့် အလွန်ပင် မြင့်မြတ်သောအထက်တန်းလွှာမျိုးရိုးများဖြစ်ကြသည်။

ချန်အိမ်တော်၏ ရထားလုံးက အိမ်တော်သို့ဆိုက်ရောက်လာသောအခါ ခြံဝန်းတစ်ခုလုံး၌ ရထားလုံးများဖြင့် ပြည့်နေပြီဖြစ်သည်။

ချန်ယွမ်သည် ရထားလုံးထဲမှ အရင်ထွက်၍ အစေခံမိန်းမပျိုလေးတစ်ဦးနှင့်အတူ ခပ်ဖြည်းဖြည်းလျှောက်သွားသည်။ ချန်ယွမ်၏နောက်မှ ချန်ရုံနှင့် ချန်ဝေ့တို့ လိုက်ပါလာကြသည်။

ဧည့်ခံပွဲ၌ ချန်အိမ်တော်မှလူဆို၍ ချန်ရုံတို့နှစ်ယောက်နှင့် ချန်ယွမ်သာရှိလေသည်။

တဖွဲဖွဲဝင်ရောက်လာကြသော လူပင်လယ်ကြီးကိုကြည့်၍ ချန်ဝေ့သည် ချန်ရုံ၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ ချန်ဝေ့၏မျက်လုံးများသည် တလက်လက်တောက်ပနေ၍ လှပသော မျက်နှာ၌လည်း အနီရောင်များသမ်းနေသေည်။

ချန်ရုံက ချန်ဝေ့ကြည့်၍ ထပ်မေးလိုက်သည်။

"အားဝေ့...ဘာဖြစ်လို့ နင့်အဖေက ငါတို့နှစ်ယောက်တည်းကိုပဲ ဒီကိုလာခိုင်းတာလဲ..."

ချန်ဝေ့က အနောက်သို့မလှည့်ပဲ သူမ၏လက်သည်းများက ချန်ရုံ၏လက်ဖဝါးထဲသို့ တိုးဝင်သွားသည်အထိ လက်ကိုသာ ဆုပ်ကိုင်လိုက်၍ ပြောလိုက်သည်။

"အဖေ ဒီကို ဘာဖြစ်လို့လာတာလဲ နင်မသိဘူးလား အားရုံ..."

ထိုအချိန်၌ အရှေ့မှချန်ယွမ်သည် စံအိမ်ထဲသို့ ဝင်နေပြီဖြစ်သည်။ ဘေးပတ်ဝန်းကျင်မှ များပြားလှသော လူအုပ်ကြီးကြောင့် လူပျောက်သွားမည်စိုးနေသော ချန်ရုံတို့နှစ်ယောက်သည်လည်း စကားပြောသည်ကို ရပ်၍ ချန်ယွမ်၏နောက်သို့ အပြေးအလွှားလိုက်သွားကြသည်။

ချန်အိမ်တော်၏၏စံအိမ်သည် နန်ယန်မြို့ရှိ ပထမတန်းစားစံအိမ်များထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် ချန်ယွမ်သည် အထဲသို့ ဝင်ပြီးသောအခါ ဘယ်ဘက်ရှိဒုတိယခုံတန်းဆီ၌ ဝင်ထိုင်လိုက်သည်။

ချန်ယွမ်သည် ခုံနားသို့သွား၍ ထိုင်ပင်မထိုင်ရသေးခင်မှာပင် လျှိုအိမ်တော်မှ အစေခံတစ်ဦးက အနားသို့ရောက်လာကာ ချန်ယွမ့်အား တားလိုက်သည်။

"သခင်ချန်...အရှင့်ရဲ့ ခုံနေရာက ဒီမှာပါ..."

အစေခံက ချန်ယွမ့်အား ဘယ်ဘက်ရှိ လေးတန်းမြောက် ခုံနေရာသို့ညွှန်ပြလိုက်သည်။

ချန်ယွမ်၏ မျက်နှာသည် ညိုမှောင်သွား၍ နေရာမှမရွှေ့ပဲပြောလိုက်သည်။

"ဒါ ဘာသဘောလဲ...မင်းကဒီအိမ်တော်ရဲ့ သခင်မို့လို့ ငါ့ကို လာအမိန့်ပေးနေတာလား..."

ဘေးပတ်ဝန်းကျင်၌ လူများအလွန်များပြားနေသော်လည်း ဤကဲ့သို့သောအခြေအနေမျိုးဖြစ်လာသောအခါ ပညာရှိများသည် မစပ်စုကြပဲ ကိုယ့်အိန္ဒြေနှင့်ကိုယ်သာနေနေကြသည်။ ထိုအချိန်၌ ချန်ယွမ်၏မျက်နှာသည်လည်း တည်ငြိမ်နေသည်။ ချန်ယွမ်ပြောလိုက်သည့်အသံက သိပ်မကျယ်သော်လည်း အနီးအနား၌ လူများက အလွန်များပြားနေသောကြောင့် ချန်ယွမ်၏အသံကို လူများကကြားသွားကြသည်။

အထက်တန်းလွှာများသည် အဆင့်အတန်းသည် ပထမဦးစားပေးအခံရဆုံးဖြစ်သည်။ သူတိုသည် ချန်ယွမ်နှင့် ခုံနေရာကိုကြည့်၍ အဖြစ်အပျက်ကို နားလည်သွားကြသည်။

လျှိုအိမ်တော်မှအစေခံသည် အသက် သုံးဆယ်ခန့်ရှိ၍ ကောင်းမွန်သောမျိုးရိုးမှ မွေးဖွားလာသူဖြစ်သည်။ အစေခံသည် အလွန်ဒေါသထွက်သော ချန်ယွမ်ကိုကြည့်လိုက်သောအခါ သူ၏မျက်လုံးထဲ၌ အထင်သေးမှုများပါ ပါဝင်နေလေသည်။

အစကတော့ စိတ်သာအနည်းငယ်တိုနေမိသော ချန်ယွမ်သည် အစေခံ၏အထင်သေးသောအကြည့်ကို မြင်လိုက်ရသောအခါ ချန်ယွမ်၏ ဒေါသသည် လောင်စာထည့်လိုက်သကဲ့သို့ အလွန်ကြီးထွားသွားတော့သည်။

ချန်ယွမ်၏မျက်နှာက အလွန်နီရဲလာ၍ ပါးစပ်ကိုဖွင့်ကာ ပေါက်ကွဲထွက်တော့မည့်အချိန်တွင် အစေခံက ပထမဆုံးခုံတန်းကိုညွှန်ပြ၍ ပြုံးကာ ပြောလိုက်သည်။

"ဒီခုံနေရာက ဝမ်ချီလန်အတွက်ဖြစ်ပါတယ်..."

ချန်ယွမ်က အစေခံအား စိုက်ကြည့်နေမိသည်။ အစေခံက ဒုတိယမြောက်ခုံတန်းကို ညွှန်ပြ၍ပြောလိုက်သည်။

"ဒီခုံနေရာကတော့ တပ်မှူးရန်မင်း အတွက်ဖြစ်ပါတယ်..."

ထို့နောက် တတိယမြောက်ခုံနေရာကို ညွှန်ပြ၍ ပြောလိုက်သည်။

"‌ဒီနေရာကတော့ တပ်မှူးစွင်းယန်အတွက်ဖြစ်ပါတယ်..."

ပြောနေရင်းဖြင့် အစေခံသည် ချန်ယွမ်အား မျက်လုံးထောင့်မှ လှမ်းကြည့်၍မေးလိုက်သည်။

"ဒီလူတွေထဲက ဘယ်သူကများ အရှင့်ထက်‌နိမ့်ကျပြီး အရှင့်နောက်မှာ ထိုင်သင့်တယ်လို့ ထင်လို့ပါလဲ သခင်ချန်..."

ချန်ယွမ်က စွင်းယန်၏နေရာကို လက်ညှိုးထိုးပြ၍ လှောင်ရယ်ရယ်‌လိုက်သည်။

"အဲ့ဒီကောင်လေးက နို့နံ့တောင်မစင်သေးတဲ့ ကလေးလေးပဲရှိသေးတာပဲ...သူ့ကို ငါတို့ရဲ့ချန်အိမ်တော်မှာတောင် လာနေဖို့ ခေါ်ထားနိုင်သေးတယ်..."

"အဲ့ဒါချန်ယွမ်လေ...ချန်အိမ်တော်ရဲ့ အကြီးအကဲပေါ့..."

လူကြားထဲမှ အသံများထွက်လာသည်။ အစေခံက ခပ်ရွဲ့ရွဲ့ပြုံးကာ ပြောလိုက်သည်။

"သခင်ကြီးချန်ကုန်းရန်းဆိုရင်တော့ ဒီတတိယမြောက်ခုံတန်းမှာထိုင်ခွင့်ရမှာပါ...ဒါပေမယ့် သခင်ကြီးချန်ကုန်းရန်းက ဂုဏ်သိက္ခာရှိတဲ့ လူကြီးလူကောင်းမို့လို့ ဒီလို ခုံနေရာလေးအတွက်နဲ့ ကျွန်တော့်လို အိမ်စေတစ်ယောက်နဲ့လည်း ဖက်ပြိုင်ပြီး ရန်ဖြစ်နေမှာမဟုတ်ပါဘူး..."

ချန်ယွမ်သည် အလွန်တရာပင် ဒေါသထွက်လာ၍ အော်ပြောလိုက်သာည်။

"မင်း...မင်း...အဆင့်အတန်းမရှိတဲ့ ခွေးလိုကောင်..."

လျှိုအိမ်တော်မှ အစေခံက ခေါင်းကိုမော့၍ အင်္ကျီလက်ကို လှုပ်ခတ်ကာ ‌လေသံမာမာဖြင့်ပြောလိုက်သည်။

"ကျွန်တော်က အိမ်စေတစ်ယောက်ပေမယ့် လျှိုအိမ်တော်ကိုအလုပ်အကျွေးပြုတဲ့ အိမ်စေပါ...အရှင်ဒေါသထွက်ချင်‌တယ်ဆိုရင် အရှင့်အိမ်ကိုပဲပြန်ပြီး အရှင့်ရဲ့ အိမ်စေတွေအပေါ်ကိုပဲ ဒေါသထွက်သင့်ပါတယ်..."

ထို့နောက် အစေခံသည် လှည့်ထွက်သွားတော့သည်။

ချန်ယွမ်သည် လျှိုအိမ်တော်မှ ဘာမဟုတ်သည့် အစေခံတစ်ယောက်က သူ့အား ဤသို့စော်ကားဝံ့လိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိချေ။ ချန်ယွမ်သည် ဒေါသအလွန်ထွက်နေသောကြောင့် မျက်နှာတစ်ခုလုံးနီရဲနေကာ အသက်ကိုပင် ခက်ခက်ခဲခဲရှူနေရလေသည်။ နောက်ဆုံး၌ အနည်းငယ် စိတ်အနည်ထိုင်သွားတော့မှ ချန်ယွမ်သည် ဘေးပတ်ဝန်းကျင်မှ စပ်စုသည့်အကြည့်များကို ရင်ဆိုင်လိုက်ရသည်။

လူများကဝိုင်းကြည့်နေကြသည်ကို တွေ့သောအခါ ချန်ယွမ်၏မျက်နှာက ပို၍ပင် နီရဲလာပြန်သည်။

ထိုအချိန်၌ လူအုပ်ထဲမှ အသံအချို့က ချန်ယွမ့်နားထဲသို့ ဝင်လာကြသည်။

"ချန်ယွမ်က အပြင်ပုံပန်းက‌သာ သဘောကောင်းပုံပေါ်ပေမယ့် တကယ်တော့ သူ့စိတ်ထဲမှာ ဘယ်လိုအမြတ်ထုတ်ပြီး ငွေကြေးရှာရမလဲဆိုတာပဲတွေးနေတာ...တော်ဝင်နန်းတော်ထဲမှာ နေရာတစ်ခုရဖို့ သူ့သမီးကိုတောင် နန်ယန်မင်းသားဆီ သူကိုယ်တိုင် ဆက်သလိုက်တာတဲ့..."

"အဲ့ဒါတကယ်ပဲလား...ဒါဆိုရင်တော့ ချန်ယွမ်က တကယ်ကို ရွံစရာကောင်းတဲ့ ယုတ်မာတဲ့လူပဲ..."

"ယုတ်မာတဲ့လူဆိုးဆိုတာထက် အပြင်ပန်းက ကောင်းဟန်ဆောင်နေတဲ့ ကြောင်သူတော်လို လူမျိုးပေါ့..."

နားထောင်နေရင်းဖြင့် ချန်ယွမ်၏မျက်နှာသည် ပို၍ ပို၍ နီရဲလာတော့သည်။

ဘေးမှ ချန်ဝေ့သည် သူမ၏အဖေက လူကြားထဲ၌ အရှက်ခွဲခံနေရသည်ကို မြင်သောအခါ ရှက်သွေးဖြန်း၍ မျက်ရည်စများနှင့် ချန်ရုံ့အားပြောနေလေသည်။

"ဘာတွေဖြစ်နေတာလဲဟင်...အရင်ကဆို ဧည့်ခံပွဲတွေကို အဖေတက်ရင် အမြဲ ဒုတိယခုံတန်းနေရာမှာ ထိုင်ရတတ်တာပါ...အခုတော့ လျှိုအိမ်တော်က အဖေ့ကို အရမ်းကို နှိမ့်ချနေသလိုပဲ...အစေခံကတောင် မချေမငံဆက်ဆံပြီး အခုလူတွေရဲ့အလှောင်ကိုခံနေရပြီ..."

ချန်ဝေ့သည် ချန်ရုံ၏လက်ကို ဆွဲယူ၍ မေးနေသည်။

"အားရုံ ဘာတွေဖြစ်နေတာလဲ နင်သိလားဟင်...နင်သိရင် ငါ့ကိုပြောပြပါ...ငါတောင်းပန်ပါတယ်..."

ချန်ဝေ့က အလျင်အမြန်မေးနေရင်းဖြင့် မျက်လုံးများနီရဲကာ မျက်ရည်များစီးကျလာတော့သည်။ ချန်ဝေ့ကဲ့သို့သော မိန်းကလေးမျိုးအတွက်တော့ သူမ၏မိခင်နှင့်ဖခင်တို့၏ ဂုဏ်ရှိန်အဆင့်အတန်းက သူမ အနာဂတ်၌ လက်ထက်ရမည့် ခင်ပွန်းလောင်း၏အဆင့်အတန်းနှင့် တိုက်ရိုက်ပတ်သတ်နေသည်မဟုတ်လား။ ဤကဲ့သို့ ချန်ယွမ့်အား လူများလှောင်ပြောင်နေကြပါက ချန်ဝေ့၏ ဂုဏ်သိက္ခာလည်း ပျက်စီးရတော့မည်ဖြစ်သည်။

မျက်ရည်များစီးကျနေသော ချန်ဝေ့ဘေးမှ ချန်ရုံသည်လည်း အံ့ဩနေမိသည်။ လျှိုအိမ်တော်မှ အစေခံ၊ လူအုပ်ထဲမှ လူများကြားအောင် ချန်ယွမ့်မကောင်းကြောင်းထပြောသည့်လူများ စသည်တို့သည် ချန်ယွမ့်အား တမင်သက်သက် အပုပ်ချတိုက်ခိုက်နေသည်ဟု ချန်ရုံခံစားမိသည်။ ချန်ယွမ်သည် တစ်စုံတစ်ယောက်ကိုများ စော်ကားမိလေသည်လားမသိပေ။

ချန်ယွမ့်အကြောင်းပြော‌နေသောအသံများက တစ်စ တစ်စ ပို၍ကျယ်လောင်လာကြသည်။

တဖြည်းဖြည်းနှင့် လူများသည် ချန်ယွမ့်အား လှောင်ပြောင်ခြင်း၊ မကျေနပ်ခြင်းတို့ဖြင့်ပြည့်နေသောမျက်လုံးများဖြင့် ကြည့်နေကြတော့သည်။ အချို့လူများကလည်း ချန်ယွမ့်အား စာနာသကဲ့သို့ကြည့်နေကြလေသည်။

လူအများရှေ့တွင် ချန်ယွမ်၏မျက်နှာသည်လည်း ပို၍နီရဲလာကာ နောက်ဆုံးတွင်တော့ သည်းမခံနိုင်တော့ပဲ ချန်ယွမ်သည် အင်္ကျီလက်ကို ဝှေ့ယမ်း၍ အိမ်တော်ထဲမှ ထွက်သွားတော့သည်။

ချန်ယွမ်ထွက်သွားသည်ကိုမြင်သောအခါ ချန်ဝေ့က ခဏမျှ ကြောင်ကြည့်နေသေးသည်။ ခဏအကြာမှ အသိစိတ်ပြန်ဝင်ကာ ချန်ရုံ၏လက်ကိုလွှတ်၍ ပြေးထွက်သွားတော့သည်။

လျှိုအိမ်တော်ထဲ၌ ချန်အိမ်တော်မှ လူဆို၍ ချန်ရုံတစ်ယောက်သာ ကျန်ခဲ့တော့သည်။

ချန်ရုံသည် ခေါင်းကိုစောင်းငဲ့၍ ခဏမျှစဉ်းစားလိုက်ပြီးမှ ချန်ယွမ်တို့နောက်သို့သာလိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

ခြံဝန်းထဲသို့ ချန်ရုံရောက်သွားသောအခါ ချန်ယွမ်၏ရထားလုံးက ထွက်သွားပြီးဖြစ်၍ ချန်ဝေ့၏ရထားလုံးက ခြံဝန်း၏ဂိတ်ဝသို့ပင်ရောက်နေပြီဖြစ်သည်။

ချန်ရုံသည် သူမ၏ရထားလုံးဆီသို့သွား၍ ခပ်အေးအေးပင်ပြောလိုက်သည်။

"သွားကြရအောင်..."

ရထားလုံးမောင်းသောအဖိုးစွင်းက တိုးတိတ်စွာမေးလိုက်သည်။

"သခင်မလေး ဘာတွေဖြစ်နေကြတာလဲ...ဘာဖြစ်လို့ သခင်ကြီးယွမ်က မျက်နှာနီရဲပြီး အရမ်းဒေါသထွက်တဲ့ပုံပေါက်နေတာလဲ..."

ချန်ရုံက ခေါင်းငုံ့၍ လက်ချောင်းများကို ဖြန့်ကြည့်ကာ တစ်ချက်ရယ်၍ပြောလိုက်သည်။

"သူ ဘယ်သူ့ကို သွားစော်ကားမိလဲမှမသိတာ...သူ တမင်သက်သက် အရှက်ခွဲခံလိုက်ရတာ..."

ချန်ရုံက ပြောရင်းဖြင့် ပြုံးလိုက်သည်။

"အဲ့ဒီလူဘယ်သူမှန်းမသိပေမယ့် သူ့ကို တွေ့ခဲ့ရင်တော့ ကျေးဇူးတင်ရမယ်ထင်တယ်..."

အဖိုးစွင်းက ရယ်လိုက်၍ ရထားလုံးကို စတင်၍ မောင်းနှင်ရန် ပြင်လိုက်လေသည်။


Xxxxxx