အပိုင်း ၁၀၀
Viewers 18k

Chapter 100



ချန်ရုံ၏ရထားလုံးထွက်သွားပြီး မကြာခင်မှာပဲ ရထားလုံးအဖွဲ့တစ်ဖွဲ့က လျှိုအိမ်တော်ဆီသို့ရောက်လာသည်။ ထိုရထားလုံးများ ဆိုက်ရောက်လာသည်နှင့် တစ်ပြိုင်နက် ခန်းမဆောင်နှင့် ခြံဝန်းထဲရှိ ဆူညံနေသော လူအုပ်ကြီးသည် တိတ်ဆိတ်သွားကာ ထိုရထားလုံးများဆီသို့ လေးစားသည့်အကြည့်များဖြင့် တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

ထိုအချိန်မှာပင် ရှေ့ဆုံးက ရထားလုံးကရပ်သွား၍ လိုက်ကာက ပွင့်သွားကာ ချောမော၍ အိန္ဒြေအပြည့်နှင့် တင့်တယ်နေသော ဝမ်ဟုန်က ရထားလုံးပေါ်မှ ဆင်းလာလေသည်။

ဝမ်ဟုန်ထွက်ပေါ်လာချင်းမှာပင် လူအုပ်ထဲမှ မိန်းမပျိုလေးများနှင့် လူငယ်အချို့ထံမှ ဩဘာပေးလိုက်သံများထွက်လာသည်။

အော်ဟစ်နေကြသော လူအုပ်ရှေ့၌ ဝမ်ဟုန်သည် အနည်းငယ်သာပြုံးလိုက်၍ အနောက်သို့ လှည့်လိုက်သည်။

ဝမ်ဟုန်၏အနောက်ရှိ ရထားလုံးထဲမှ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ထွက်လာသည်။ ထိုလူသည် ချောမောခန့်ညားသောရုပ်ရည်၊ မုတ်ဆိတ်မွေးတိုတိုနှင့် တောက်ပသောမျက်လုံးများကို ပိုင်ဆိုင်ထားသည်။

ရထားလုံးထဲမှ အသက်ကြီးသောလူထွက်လာသည်ကို မြင်သောအခါ ခန်းမထဲမှ လျှို့အိမ်တော်၏အကြီးအကဲပညာရှိက ကျယ်လောင်စွာ ရယ်မော၍ နှုတ်ဆက်လိုက်သည်။ ထို့နောက် အကြီးအကဲသည် အဝေးမှနေ၍ အသက်ကြီးကြီးလူအား အရိုအသေပေးကာ အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။

"လန်ယာဝမ်ရိ ကြွရောက်လာပြီမို့လို့ လျှိုအိမ်တော်တစ်ခုလုံး ထွန်းလင်းတောက်ပနေကြပါပြီ..."

ထိုစကားကိုကြားသောအခါ ဝမ်ရိက လျှိုအိမ်တော်၏အကြီးအကဲကိုကြည့်၍ အံ့ဩသည့်ပုံဖြင့်မေးလိုက်သည်။

"မင်းရဲ့ယိုယွင်းပျက်စီးနေတဲ့အိမ်တော်ကို အလင်းပေးဖို့က ချီလန်နဲ့တင် မလုံလောက်ဘူးလား..."

ဝမ်ရိကပြောလိုက်သောအခါ အကြီးအကဲက ရုတ်တရက်တော့ ကြောင်အသွားသည်။ ထို့နောက်တွင်မှ ဟက်ဟက်ပက်ပက်ရယ်မောရင်းဖြင့် စိတ်ထဲမှ တွေးလိုက်မိသည်။

ဝမ်ချီလန်ရဲ့ဦးလေး ဝမ်ရိက စကားအရာမှာ အရမ်းကျွမ်းကျင်ပိုင်နိုင်ပြီး လူတွေကို စကားနဲ့ထိခိုက်အောင်လုပ်တတ်တယ်လို့ ငါကြားဖူးထားတာ...အခုတော့ ငါကြားရသလောက်လည်း အရမ်းမဆိုးပါဘူး...

လျှိုအိမ်တော်၏အကြီးအကဲပညာရှိက စဉ်းစားနေချိန်တွင် ဝမ်ရိကတော့ ထိုပညာရှိအား နှုတ်ပင်မဆက်ပဲ အင်္ကျီဝတ်ရုံလက်များကို လှုပ်ခတ်ကာ စံအိမ်ထဲသို့ ဝင်သွားတော့သည်။

ခဏအကြာတွင် ဝမ်ရိသည် ခန်းမထဲ၌ ရပ်၍ ဘေးပတ်ဝန်းကျင်သို့ အကဲခတ်နေလေသည်။ ထို့နောက် ရုတ်တရက်မေးလိုက်သည်။

"ချန်ဆိုတဲ့ မျိုးရိုးနာမည်နဲ့ လူဘယ်မှာလဲ..."

ဝမ်ရိပြောသည်ကို ကြားလိုက်သူများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

ဝမ်ဟုန်က ခပ်ဖျော့ဖျော့ပြုံး၍ ‌ပြောလိုက်သည်။

"ချန်ယွမ်ကိုပြောတာလား...သူအစောကြီး ပြန်သွားပြီထင်ပါတယ် ဦးလေး..."

ဝမ်ရိက မျက်မှောင်ကြုတ်၍ မကျေနပ်သည့်အသံဖြင့် ပြောလိုက်သည်။

"သူက ဘာဖြစ်လို့ အစောကြီးပြန်သွားရတာလဲ...မနေ့က သူက ငါ့လူတွေကို စည်းရုံးပြီး ငါ့ကို မရမကလာတွေ့တယ်လေ...ပြီးတော့ ငါ့ကို သူ့သမီးကိုဆက်သမယ်လို့ပြောတယ်...ငါကလည်း ချီလန် မင်းအတွက် ဇနီးမယားတစ်ယောက်တော့ ရှာပေးသင့်တယ်ထင်လို့ သူ့ရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်တယ်...သူက အခုတော့ သဘောတူညီချက်ကို သူကိုယ်တိုင်ဖျက်သွားတာပဲ..."

ဝမ်ရိကပြောသောအခါ ဝမ်ဟုန်က ပြုံးလိုက်သည်။ ထို့နောက်တွင်မှ ဖြည်းညှင်းစွာပြောလိုက်သည်။

"ဒီအကြောင်းတွေ ထပ်ပြောမနေပါနဲ့ ဦးလေး..."

ဝမ်ရိကတော့ ဝမ်ဟုန်၏လေသံက တစ်မျိုးဖြစ်နေသည်ကို သတိမထားမိပဲ ခေါင်းငြှိမ့်၍ ဆက်ပြောနေသည်။

"အဲ့ဒီ ကတိမတည်တဲ့လူက သူ့သမီးကို ထုတ်တောင်မပြပဲ ငါတို့နဲ့ ကျန့်ခန်းကို ပြန်လိုက်ချင်တယ်လို့တောင် တောင်းဆိုနေသေးတာ...ပြီးတော့ ငါ့ဆီကနေ နံပါတ် ၆ အဆင့်ရှိတဲ့ ရာထူးကိုလည်းတောင်းနေသေးတယ်...ဒီလို လူဆိုးလူညစ်မျိုးကို စကားထဲတောင် ထည့်မပြောသင့်ပေဘူး..."

ဝမ်ဟုန်က မျက်ခုံးတစ်ဖက်ကို မြှင့်လိုက်သော်လည်း ဘာမှတော့ ဝင်မပြောလိုက်ပေ။

လန်ယာ၏ဝမ်အိမ်တော်မှ အလွန်ဩဇာအာဏာကြီးမားသူတစ်ယောက်ထံမှ လူဆိုးလူညစ်ဟု အခေါ်ခံနေရ၍ စကားထဲပင်ထည့်မပြောသင့်ဟု အပြောခံနေရချိန်တွင် ချန်ယွမ်တစ်ယောက် မည်သို့ရောက်နေပါသနည်း။

ထိုအချိန်၌ ချန်ယွမ်သည် မျက်နှာက အလွန်နီရဲ၍ တရှူးရှူးတရှဲရှဲဖြင့် ရထားလုံးထဲ၌ ထိုင်နေခဲ့သည်။ ရထားလုံးက ချန်အိမ်တော်ရှေ့သို့ ဆိုက်ရောက်သွားသည့်အချိန်တွင်တော့ ချန်ယွမ်သည် အနည်းငယ်နောင်တရသကဲ့သို့ ဖြစ်သွားမိသည်။

ချန်ယွမ်သည် လက်ကိုဆန့်တန်း၍ လိုက်ကာကိုမလိုက်သော်လည်း အချိန်အတော်ကြာသည်အထိ လှုပ်ရှားမှုကိုမတွေ့ရပေ။ ခဏကြာသောအခါမှ ချန်ဝေ့က တွန့်ဆုတ်စွာဖြင့် လှမ်းခေါ်လိုက်သည်။

"အဖေ..."

ချန်ယွမ်က အနောက်သို့လှည့်ကြည့်၍ သူ၏မျက်လုံးများသည် ချန်ဝေ့ကိုကျော်၍ ချန်ဝေ့နောက်သို့ လှမ်းကြည့်လိုက်သည်။

"အားရုံ ပါလာလား..."

ချန်ဝေ့က ကြောင်အသွား၍ အနောက်သို့ လှည့်ကြည့်လိုက်သည်။

ခဏကြာသောအခါမှ ချန်ရုံ၏ ရထားလုံးသည် အိမ်တော်နားသို့ မောင်းနှင်လာသည်ကို ချန်ဝေ့တွေ့လိုက်သောကြောင့် အော်ပြောလိုက်သည်။

"အဖေ...ဟိုမှာ သူလာပြီ..."

ချန်ယွမ်က စိတ်မရှည်သည့်လေသံဖြင့်ပြောလိုက်သည်။

"ငါမျက်လုံးမကန်းပါဘူး...မြင်ရပါတယ်...သွား နင် အရင် အိမ်ထဲဝင်နှင့်တော့..."

သူမ၏ဖခင် ဒေါသထွက်နေသည်ကို ချန်ဝေ့က မြင်သောကြောင့် အသံသေးသေးလေးဖြင့် အလျင်အမြန်ပင် ဖြေလိုက်သည်။

"ဟုတ်ကဲ့..."

ချန်ဝေ့၏ရထားလုံးက မောင်းထွက်သွားသော်လည်း ချန်ယွမ်၏ရထားလုံးက နေရာမှမရွေ့သေးသည်ကို လှမ်းမြင်လိုက်သောအခါ ချန်ရုံ အနည်းငယ် စိတ်ရှုပ်သွားသည်။

ချန်ရုံ အနားသို့ရောက်လာသောအခါ ချန်ယွမ်က ရထားလုံးထဲမှ ချန်ရုံ့အားစိုက်ကြည့်နေသည်။ အချိန်သည် ညဘက်မိုးချုပ်နေပြီဖြစ်၍ ကောင်းကင်၌ လသာနေသော်လည်း ချန်ရုံတို့ရှိသည့်နေရာနားက အတော်လေးမှောင်နေလေသည်။ ချန်ရုံ့အားကြည့်နေသော ချန်ယွမ်၏အကြည့်က ထူးဆန်းနေသောကြောင့် ချန်ရုံသာ် ကြက်သီးများပင် ထသွားရသည်။

ချန်ရုံသည် ခေါင်းကိုငုံ့၍ သတိကြီးစွာထားကာ ခေါ်လိုက်သည်။

"ဦးလေး..."

ခဏကြာသောအခါမှ ချန်ယွမ်က ခေါင်းငြှိမ့်ကာပြောလိုက်သည်။

"အားရုံ..."

"ဟုတ်ကဲ့..."

ချန်ယွမ်သည် ချန်ရုံ့အား အချိန်ခဏမျှ စိုက်ကြည့်နေသော်လည်း ချန်ရုံ၏ သတိကြီးကြီးထား၍ မေးခွန်းများဖြင့်ပြည့်နေသော မျက်လုံးများအောက်တွင် ချန်ယွမ်သည် လက်ကိုဝှေ့ယမ်း၍ပြောလိုက်သည်။

"ဘာမှမဟုတ်တော့ဘူး...မင်းလည်း အိမ်ကို ပြန်နှင့်တော့..."

"ဟုတ်ကဲ့..."

ထို့နောက် ချန်ရုံ၏ရထားလုံးသည် အိမ်ပြန်ဖို့ကိုမစောင့်နိုင်တော့သလို အလျင်အမြန်ပင် မောင်းနှင်သွားတော့သည်။

မှိန်ဖျော့သောလရောင်အောက်တွင် ချန်ယွမ်သည် ချန်ရုံ၏ရထားလုံးအား မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေလေသည်။ ချန်ယွမ်သည် စိုက်ကြည့်ရင်းဖြင့် စိတ်ကတိုလာမိပြန်သည်။ ချန်ကုန်းရန်းက နန်ယန်မြို့သည် အနှေးနှင့်အမြန်ကျဆုံးတော့မည်ဖြစ်၍ ချန်ယွမ်၏ပိုင်ဆိုင်မှုများကို ဆက်၍ ထိန်းသိမ်းထားချင်လျှင် ကျန့်ခန်းကိုရွှေ့ပြောင်းနေသင့်သည်ဟု ပြောခဲ့သောကြောင့် ချန်ယွမ်သည် လန်ယာဝမ်ရိနှင့် အဆက်အသွယ်ရရန် နှစ်ရက်မျှ ကြိုးစားခဲ့ရသည်။ သို့သော်လည်း ချန်ယွမ်သည် ရသည့်အခွင့်အရေးကို ကောင်းစွာအသုံးမချနိုင်ခဲ့ချေ။ ချန်ရုံသာ လူအများရှေ့၌ ဝမ်ချီလန်အတွက် ဗျပ်စောင်းမတီးပြခဲ့ပါက ချန်ယွမ်သည် ချန်ရုံ့အား ဝမ်ရိဆီ ဆက်သနိုင်ဦးမည်ဖြစ်သည်။ ယခုတော့ ထိုသို့လုပ်၍‌မရတော့ချေ။

ယခု၌ ဝမ်ဟုန်ပြန်လာသည်ကို ကြိုဆိုရန် ဝမ်ရိသည် ကြီးမား၍အားကောင်းသောစစ်တပ်တစ်ခုကို ဦးဆောင်၍ ဟူလူမျိုးများကို ထိုးဖောက်ကာ နန်ယန်မြို့ဆီသို့ ရောက်လာခြင်းဖြစ်သည်။ ထိုသတင်းကြောင့် နန်ယန်မြို့မှ ပညာရှိအများအပြားသည်လည်း မျှော်လင့်ချက်များ ပြန်ရှိလာကြသည်။

ချန်ယွမ်သည် ယခုထိ ဉာဏ်နီဉာဏ်နက်များသုံးရန်ကြံစည်နေဆဲဖြစ်သည်။ ယနေ့ည၌ ဒေါသထွက်ထွက်နှင့် ချန်အိမ်တော်သို့အမြန်ပြန်ခဲ့သော်လည်း ယခုအချိန်တွင်တော့ ချန်ယွမ်၏ဒေါသများသည် လွင့်ပါးစပြုပြီဖြစ်သည်။ လျှိုအိမ်တော်၌ အရှက်ခွဲခံရခြင်းသည် ပိုင်ဆိုင်မှုများ ဆုံးရှုံးရသည်နှင့်စာလျှင်တော့ မပြောပလောက်သောဖြစ်ရပ်ဖြစ်သည်။ လန်ယာဝမ်မိသားစုနှင့် အဆက်အသွယ်ရ၍ သူတို့၏ကိုယ်ပိုင်စစ်တပ်နှင့်အတူ ကျန့်ခန်းမြို့သို့ ပြန်လိုက်သွားနိုင်ရန်မှာ ချန်ယွမ်အတွက် လက်ရှိအရေးအကြီးဆုံးကိစ္စဖြစ်သည်။ ချန်ယွမ်၏ရထားလုံးသည် အိမ်တော်ခြံဝန်းထဲသို့ မောင်းဝင်လာသည်။

ရထားလုံးပေါ်မှ ဆင်းပြီးပြီးချင်းတွင် ချန်ယွမ်သည် ခုနက ခံခဲ့ရသော အရှက်ခွဲမှုကို ပြန်စဉ်းစားမိ၍ ရထားလုံးဆီသို့ ပြန်သွားကာ အော်ပြောလိုက်သည်။

"ချန်ကုန်းရန်းရဲ့ အိမ်တော်ဆီကိုမောင်းစမ်း..."


"ဟုတ်ကဲ့..."

.......


တစ်နေ့တာသည် မျက်စိတစ်မှိတ်အတွင်း၌ပင် ကုန်ဆုံးသွားပြန်သည်။

နေ့လယ်၌ ချန်ဝေ့၏ ခြံဝန်းထဲမှ ရယ်မောသံများနှင့် စကားပြောသံများကို ချန်ရုံကြားလိုက်ရသည်။

စကားပြောသံများသည် လေတိုက်သံလောက်ပင် ချန်ရုံ့ကိုဆွဲဆောင်မှုမရှိသောကြောင့် ပြန်လှည့်လိုက်သည်။

ထိုအချိန်မှာပင် ခြေသံ‌တိုးတိုးလေးတစ်ခုပေါ်လာ၍ မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ဝေ့သည် ချန်ရုံ၏ ခြံဝန်းနားသို့ရောက်နေ၍ ရယ်မောကာ အော်ခေါ်နေတော့သည်။

"အားရုံ...အားရုံ..."

ချန်ဝေ့၏ ငှက်ကဲ့သို့စီညံနေသောအသံကို နားထောင်၍ ချန်ရုံသည် စိတ်ကိုလျှော့ကာ ပြန်ဖြေလိုက်သည်။

"အင်း..."

ချန်ဝေ့က ချန်ရုံ၏ခြံဝန်းထဲသို့ အမြန်ဝင်လာသည်။

ချန်ဝေ့သည် တောက်ပနေသောမျက်လုံးများဖြင့် ချန်ရုံ့အားကြည့်ကာ သူမ၏အသံကလည်း ငှက်များသီချင်းဆိုနေသကဲ့သို့ ပေါ့ပါးလျင်မြန်နေသည်။

"အားရုံ အားရုံ...အခုပဲ ဦးလေး ကုန်းရန်းရဲ့ လူတွေလာသွားတယ်...ဒီညနေမှာ ငါတို့နှစ်ယောက်ကို ဝမ်အိမ်တော်ရဲ့ ဧည့်ခံပွဲကိုခေါ်သွားမယ်တဲ့..."

ချန်ဝေ့ပြောပြီးပြီးချင်းမှာပင် ချန်ရုံက စိတ်ညစ်သောပုံစံဖြင့် ချန်ဝေ့အားကြည့်လိုက်သည်။ ချန်ဝေ့က မြင်သောအခါ နှုတ်ခမ်းစူ၍ ခြေဆောင့်လိုက်သည်။

"နင်က ဘာဖြစ်လို့ ငါ့ကို အဲ့ဒီလိုကြည့်နေရတာလဲ..."

ချန်ရုံက ချန်ဝေ့၏အမူအရာကို ကြည့်၍ ပြုံးလိုက်မိသည်။ မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို သတိပင်မရလောက်တော့သော ချန်ဝေ့အား ချန်ရုံကပြောလိုက်သည်။

"နင် အရမ်းပျော်နေတာ သတိလည်းထားဦးနော်..."

"နင်ငါ့ကို ပြောစရာမလိုပါဘူး..."

ချန်ဝေ့က အော်ပြောလိုက်၍ ခြံဝန်းထဲမှ ပြေးထွက်သွားတော့သည်။

ခဏအကြာတွင် ချန်ဝေ့၏ အဆောင်တော်ထဲမှ ပျော်ရွှင်စွာ သီချင်းဆိုနေသံ ထွက်ပေါ်လာလေသည်။

ချန်ရုံသည် သီချင်းကို နားထောင်နေရင်းဖြင့် တစ်စုံတစ်ခုကိုတွေးမိသွားသည်။ ချန်ဝေ့အား ဤမျှအထိပျော်ရွှင်အောင်လုပ်နိုင်သည်မှာ လူတစ်ယောက်နှင့် ကိစ္စတစ်ခုသာရှိလေသည်။ ဤညနေ၌ ချန်ကုန်းရန်းသည် ဝမ်အိမ်တော်၏ဧည့်ခံပွဲသို့ ချန်ရုံတို့နှစ်ယောက်ကိုခေါ်၍ ရန်မင်းနှင့် တွေ့ဆုံကာ ရန်မင်းနှင့် ချန်ဝေ့တို့အား တရားဝင်စေ့စပ်ကြောင်းလမ်းတော့မည်ပေလား။

ချန်ရုံတွေးရင်းဖြင့် ထိုကိစ္စသည်သာ အဖြစ်နိုင်ဆုံးဟု စဉ်းစားလာမိသည်။

ခြံဝန်းထဲသို့ အထိန်းတော်ဖျင်ထွက်လာသောအခါ ချန်ရုံတစ်ယောက် တောင့်တောင့်လေးထိုင်၍ အတွေးလွန်နေသည်ကို မြင်လိုက်ရသောကြောင့် အော်ခေါ်လိုက်သည်။

"မမလေး...မမလေး..."

ချန်ရုံက လှည့်ကြည့်လိုက်သည်။

အထိန်းတော်ဖျင်က ချန်ရုံ့အား စိုးရိမ်စွာကြည့်၍ နူးညံ့စွာပြောလိုက်သည်။

"မမလေး မျက်နှာလည်းမကောင်းပါလား...နေမကောင်းဘူးလား..."

ချန်ရုံက ခေါင်းကိုခါ၍ အခန်းထဲသို့ ပြေးဝင်သွားသည်။ ထို့နောက် တံခါးကိုဆောင့်ပိတ်လိုက်ကာ အချိန်အတော်ကြာသည်အထိ ထွက်မလာတော့ပေ။

တစ်ခဏအတွင်းမှာပင် ညနေသို့ရောက်သွားသည်။

ညနေ၌ ချန်ကုန်းရန်းသည်လည်း ချန်ရုံ့ထံသို့ လူလွှတ်၍ ဝမ်အိမ်တော်၏ဧည့်ခံပွဲကိုတက်ရောက်ရမည်ဖြစ်၍ ပြင်ဆင်ထားရန်အကြောင်းကြားလိုက်သည်။

ထို့ကြောင့် ချန်ရုံသည် အစေခံများ၏အကူအညီဖြင့် ရေချိုးသန့်စင်ခြင်း၊ အဝတ်အစားလဲခြင်းများ ပြုလုပ်နေရတော့သည်။ ခဏအကြာတွင် ချန်ရုံသည် ကြေးဝါမှန်ရှေ့၌ထိုင်၍ အစေခံနှစ်ဦးက ပြင်ဆင်ခြယ်သပေးနေသည်ကို ငြိမ်ခံနေရလေသည်။

အစေခံတစ်ဦးက ချန်ရုံကို မျက်ခုံးမွှေးဆွဲပေးနေရင်းဖြင့် ပြုံးကာပြောလိုက်သည်။

"သခင်မလေးရဲ့အသားအရည်က အရမ်းကို နီရဲပြီး ကျန်းမာတဲ့ပုံပေါက်နေတယ်...ဒီ့ထက်ပိုပြီး ဖြူဖျော့တဲ့ပုံဖြစ်နေရင် ပိုကောင်းတယ်...ပေါင်ဒါနည်းနည်းထပ်အုပ်မှထင်တယ်..."

အခြားအစေခံတစ်ဦးကလည်း ဝင်ပြောလိုက်သည်။

"သခင်မလေးရဲ့ နှုတ်ခမ်းတွေကလည်း ပြည့်ဖောင်းပြီး ယောင်္ကျားတွေကို ဆွဲဆောင်နေသလိုဖြစ်နေတယ်...နှုတ်ခမ်းကိုလည်း ပေါင်ဒါနဲ့ဖုံးပစ်ရမယ်..."

"ဟုတ်တယ်..."



Xxxxx