အပိုင်း ၁၀၁
Viewers 16k

Chapter 101
ဝမ်ဟုန်ပေးသည့် ရေတစ်ဇလုံ



အစေခံတစ်ဦးက ချန်ရုံ၏ခန္ဓာကိုယ်ကိုကြည့်၍ ပြုံးကာပြောလိုက်သည်။

"သခင်မလေးရဲ့ ရင်သားတွေက အရမ်းဖွံ့ဖြိုးလွန်းတယ်...ခါးကကျ အရမ်းသေးသွယ်နေပြီး တင်ပါးကလည်း ကားနေတယ်...ရင်ဘတ်ကို ကျပ်ကျပ်စည်းနှောင်ပြီး ခါးကိုလည်း အဝတ်နှစ်ထပ်လောက်ထပ်ဝတ်ရလိမ့်မယ်...အဲ့ဒါမှ တင်ပါးက ပြားသလိုဖြစ်သွားမှာ..."

ပြောနေရင်းဖြင့် အစေခံက ချန်ရုံ့အား အထင်အမြင်သေးသည့်အကြည့်ဖြင့်ကြည့်လိုက်သော်လည်း ပါးစပ်ကတော့ ပြုံး၍သာဆက်ပြောနေသည်။

"ကျွန်မကို တစ်မျိုးမထင်ပါနဲ့ သခင်မလေး...အခုခေတ် လူကြီးလူကောင်းတွေက အိန္ဒြေရှိတာကိုပဲ အလှအပလို့ယူဆကြတယ်လေ...သခင်မလေးက ကချေသည်မှမဟုတ်ပဲ...ဒီလောက် ဆွဲဆောင်မှုအားပြင်းနေတာ မကောင်းပါဘူး..."

ချန်ရုံကတော့ ထိုအစေခံကိုလှည့်၍ပင်မကြည့်ပင် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ပွယောင်းသောအင်္ကျီဝတ်ရုံလက်အောက်၌ လက်များကို ဆုပ်နယ်နေမိသည်။

ထိုအစေခံများသည် ချန်ရုံ့ကို ပြင်ဆင်ပေးရန် သခင်မရွမ်လွှတ်လိုက်သော အစေခံများဖြစ်သည်။ ယနေ့ည၏ဧည့်ခံပွဲသည် အလွန်အရေးကြီး၍ ချန်ကုန်းရန်းအတွက်လည်း အလွန်အရေးပါသည့်ပွဲဟု ဆိုသည်။ ထို့ကြောင့် ချန်ရုံ့အား ကျန့်ခန်းမှမိန်းကလေးများနှင့်ယှဉ်လျှင် မရှုံးနိမ့်စေရန် ကောင်းမွန်စွာ ဝတ်စားပြင်ဆင်ပေးကြရန် ရောက်လာကြခြင်းဖြစ်သည်။

ချန်ကုန်းရန်းနှင့် သခင်မရွမ်တို့၏ ဤမျှ အကွက်ကျအောင်လုပ်နေမှုကြောင့် ချန်ရုံသည် အသက်ရှူများမြန်အောင်ပင် တုန်လှုပ်လာမိသည်။ ချန်ရုံသည် တံခါးကိုဖျက်ဆီး၍ ဤလူများနှင့် လွတ်မြောက်ရာသို့ ပြေးသွားချင်စိတ်ကို အခါခါချိုးနှိမ်နေရလေသည်။

ယခင်ဘဝတုန်းကတော့ ချန်ရုံသည် သူမစိတ်ကို အလိုလိုက်၍ သူမလုပ်ချင်ရာများကိုသာလုပ်ခဲ့သော်လည်း သူမ ဖြစ်ချင်သကဲ့သို့ မဖြစ်ခဲ့ရပေ။

ယခု ဒုတိယအကြိမ်ပြန်လည်မွေးဖွားလာ၍ ဒုတိယမြောက်အခွင့်အရေးရသောအခါ ချန်ရုံသည် ယခင်ဘဝနှင့်မတူအောင် ဘဝကို ပြောင်းလဲကာ ကောင်းမွန်စွာနေထိုင်နိုင်ရန်ကြိုးစားမည်ဟု သံဓိဌာန်ချထားခဲ့သည်။

သို့သော် ဤအချိန်တွင်တော့ ဤအစေခံနှစ်ယောက်၏လက်ထဲ၌ ချန်ရုံသည် မူးမေ့လဲကျချင်အောင်ပင် စိတ်ညစ်နေမိသည်။

ချန်ရုံသာ် လက်များကိုသာ အခါခါဆုပ်နယ်နေမိသည်။ ထိုလှုပ်ရှားမှုကသာလျှင် ချန်ရုံ၏အာရုံကိုပြောင်းလွှဲစေ၍ အနည်းငယ် စိတ်သက်သာရာရစေသည်။

အချိန်မည်မျှကြာသွားသည်မသိနိုင်တော့ကာမှ အစေခံ၏အသံကထွက်လာသည်။

"ဟုတ်ပြီ...သခင်မ‌လေး ထလို့ရပါပြီ..."

ချန်ရုံသည် ဘာမှပြန်မပြောပဲ ထ၍သာ မှန်ထဲသို့ ကြည့်လိုက်သည်။ သို့သော် ချန်ရုံ မြင်လိုက်ရသည့်ပုံရိပ်ကြောင့် ခုန်မိတော့မတတ်ပင်ဖြစ်သွားသည်။

မှန်ထဲ၌ပေါ်နေသော ချန်ရုံ၏မျက်နှာသည် ပေါင်ဒါများက ထူထဲစွာ ဖုံးအုပ်နေကာ ဖြူဖွေးဆွတ်နေတော့သည်။ ပါးစပ်ကလည်း နှုတ်ခမ်းနီဖြင့် နီရဲနေသည်။ မျက်ခုံးများနှင့် နဖူးစမှ ဆံနွယ်များကိုလည်း ညှပ်ထားရာ နားထင်၌ ပန်းဝါလေးနှစ်ပွင့်ကိုလည်း ပန်ထားသေးသည်။

ဒါ ငါလား...ငါ့ကို အခုအချိန်မှာ စွင်းယန်နဲ့ ရန်မင်းတို့တွေ့ရင်တောင် မှတ်မိကြမှာမဟုတ်ဘူး...ကျန့်ခန်းက မိန်းကလေးတွေက တကယ်ပဲ ဒီလိုဝတ်ကြလို့လား...

ချန်ရုံက စိတ်တိုတိုနှင့် တွေးနေမိသည်။

ချန်ရုံသည် ချက်ချင်းပင်ပြေး၍ မျက်နှာသစ်ချင်စိတ်ကို မနည်းချုပ်တည်းထားရသည်။ ချန်ရုံသည် မှန်ထဲ၌ကြည့်၍ မနေနိုင်ပဲ မေးလိုက်မိသည်။

"ဒါ...ဒါက တကယ်ပဲ ကျန့်ခန်းမှာ ခေတ်စားနေတဲ့ အလှပြင်ပုံစံလား..."

ချန်ရုံ၏အသံက မယုံနိုင်သည့်လေသံပေါက်နေသည်။ အစေခံတစ်ဦးက ခေါင်းခါ၍ လက်ကိုဝှေ့ယမ်းကာပြောလိုက်သည်။

"သခင်မလေးက ပေါင်ဒါတွေနဲ့ ဒီလောက် အလှပြင်ထားတာတောင် အခုထိ ကြည့်မကောင်းသေးပဲကိုး..."

အစေခံနောက်တစ်ဦးက ပြုံး၍ပြောလိုက်သည်။

"လှပါတယ်...ကဲ သွားကြရအောင်..."


ရထားလုံးဆီသို့ ချန်ရုံရောက်သောအခါ နောက်ကျနေ၍ ချန်ကုန်းရန်း၏ရထားလုံးက သွားပင်သွားနေပြီဖြစ်သည်။

အဖိုးစွင်းက ရထားလုံးကို စတင်မောင်းနှင်လိုက်၍ ချန်ဝေ့၏ရထားလုံးက နောက်မှလိုက်လာကာ ချန်အိမ်တော်ထဲမှ စတင်ထွက်ခွာလာတော့သည်။

ဤည၌ လသာနေကာ လေညှင်းကလည်း တသွဲ့သွဲ့ တိုက်ခတ်လျက်ရှိသည်။ ချန်ရုံသည် ရထားလုံး၏လိုက်ကာကိုမ၍ လမ်းပေါ်၌ သွားလာနေကြသူများကို ကြည့်နေမိသည်။ စွင်းယန်က မောယန်မြို့မှ လူများကိုခေါ်၍ ထိုးဖောက်ထွက်ပြေးခဲ့စဉ်က မြို့မှလူများသည် အထုပ်အပိုးများပင် ယူချိန်မရခဲ့ပေ။ ယခု နန်ယန်မြို့သို့ရောက်လာကြသောအခါ နန်ယန်မြို့၌ မိသားစုဆွေမျိုးရှိသူများက တစ်နေ့ ထမင်းသုံးနပ်စားနေရသော်လည်း မိသားစုမရှိသူများကတော့ တစ်နေ့တစ်နေ့ အသက်ရှင်ရန်ပင် မနည်းရုန်းကန်နေရသည်။

ဤကဲ့သို့ခေတ်ကာလတွင် ချန်ရုံကဲ့သို့ မိသားစု၏အရိပ်အာဝါသအောက်၌ ခိုလှုံနေနိုင်သူများ အလွန်ရှားပါးနေပြီဖြစ်သည်။

ရထားလုံးက ဝမ်အိမ်တော်ဆီသို့ မောင်းသွားသည်။

ဝမ်အိမ်တော်၏ခြံတံခါးဝသို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် လမ်း၏တစ်ဖက်တစ်ချက်နှင့် အနီးအနားရှိသစ်ပင်များပေါ်တွင် မီးတုတ်များနှင့် မီးအိမ်များ နေရာအနှံ့ ထွန်းလင်းချိတ်ဆွဲထားသည်ကို မြင်လိုက်ရသည်။

ကျယ်ဝန်းစွာဖွင့်ထားသော ခြံတံခါးဝ၌ လူများ၊ ရထားလုံးများက စဉ်ဆက်မပြတ်ဝင်ရောက်နေလေသည်။ လှပစွာ ပြင်ဆင်ထားသော မိန်းမပျိုလေးများ၊ မွှေးကြိုင်သောရထားလုံးများသည် တိတ်ဆိတ်သောည၌ တဖွဲဖွဲရောက်လာနေသည်။

ချန်ရုံ၏ရထားလုံးက အိမ်တော်၏ခြံဝန်းထဲ၌ ရပ်သွားသည်။

သူမ၏အစေခံ၏အကူအညီနှင့်အတူ ချန်ဝေ့သည် ဂီတသံထွက်ပေါ်နေသည့်နေရာသို့လျှောက်သွားသည်။ သူမ၏ခြေလှမ်းများက အနည်းငယ်တုန်ယင်နေကြ၍ မျက်လုံးများကတော့ ရွှန်းလဲ့တောက်ပနေလေသည်။

ချန်ရုံက ချန်ဝေ့နားသို့ လျှောက်လာသောအခါ ချန်ဝေ့သည် လှည့်၍ပင်မကြည့်ပဲ နှုတ်ခမ်းကိုတင်းတင်းစေ့၍ စံအိမ်ကိုသာလှမ်းကြည့်နေလေသည်။ အစေခံကို ကိုင်ထားသောလက်များကတော့ အနည်းငယ်တင်းကျပ်တောင့်တင်းနေသည်။

ချန်ရုံက ချန်ဝေ့အားခဏမျှကြည့်၍ အကြည့်လွှဲလိုက်သည်။

ထိုအချိန်၌ ပညာရှိအချို့ခြံရံ၍ ချန်ကုန်းရန်းသည် စံအိမ်ထဲသို့ ဝင်ရန်ထွက်ခွာသွားလေသည်။ ချန်ရုံက ခြေလှမ်းအနည်းငယ်ခွာ၍ ချန်ကုန်းရန်းအနောက်သို့ လိုက်သွားလိုက်သည်။

ပင်မခန်းမဆောင်ထဲသို့ ရောက်သောအခါ ချန်ရုံအပါအဝင်လူတိုင်းသည် မထိန်းချုပ်နိုင်ပဲ ခမ်းနားလှပလှသော ခန်းမဆောင်အား တအံ့တဩ ကြည့်နေမိကြသည်။ ချန်ရုံသည် ပထမဆုံးအကြိမ်အဖြစ် အထက်တန်းတကာ့ အထက်တန်းလွှာများ၏ ဘဝကို နားလည်သွားမိသည်။ ခန်းမထဲရှိမီးရောင်များသည် ထိန်လင်းလှ၍ လူများသည်လည်း လှပ၍ ကျက်သရေရှိစွာဝတ်စားထားကြကာ မည်သည့်နေရာသို့ကြည့်သည်ဖြစ်စေ ထွန်းလင်းတောက်ပနေလေသည်။ သို့သော် ‌ခန်းမဆောင်၏တစ်နေရာတွင်တော့ တောက်ပလွန်းလှ၍ လူတိုင်း မကြည့်ရမနေနိုင်ဖြစ်နေသော နေရာတစ်နေရာရှိလေသည်။ ထိုနေရာသည် ဝမ်ချီလန် ထိုင်နေသည့်နေရာပင်ဖြစ်သည်။

ချန်ရုံသည် ဝမ်ဟုန့်အားကြည့်နေမိရာမှ အကြည့်ကိုလွှဲ၍ ချန်ကုန်းရန်းကို လှမ်းကြည့်လိုက်သည်။ ချန်ကုန်းရန်းသည် ခန်းမ၏ ထောင့်နှင့်အနီးဆုံး တတိယခုံတန်း၌ ထိုင်နေသည်။

ထိုင်ပြီးသောအခါ ချန်ရုံသည် ဝမ်ဟုန်ရှိသည့်နေရာသို့ လှမ်းကြည့်လိုက်မိပြန်သည်။

ထိုအမျိုးသားသည် မည်သည့်အချိန်၌ဖြစ်စေ လေညှင်းနှင့် လမင်းကဲ့သို့ အစဉ်အမြဲပင် အေးအေးဆေးဆေးရှိလှသည်။ ဤလောက၏ ပြဿနာများနှင့် ဆူညံသံများသည် ဝမ်ချီလန်အ‌ပေါ် မသက်ရောက်သကဲ့သို့ ဖြစ်နေလေသည်။

ချန်ရုံသည် ဝမ်ချီလန်အား ကြည့်ရင်းဖြင့် အနည်းငယ် ရင်ဖိုမူးဝေလာမိသည်။

ထိုအချိန်၌ အနည်းငယ်ပြုံးနေသော ဝမ်ဟုန်သည် ဝိုင်အရက်တစ်ငုံသောက်၍ ချန်ကုန်းရန်းနှင့် ချန်ရုံရှိရာသို့ လှမ်းကြည့်လိုက်သည်။

ချန်ရုံ့ကိုမြင်သွားသောအခါ ဝမ်ဟုန်သည် သိသိသာသာပင် အံ့ဩသည့်ပုံပေါက်သွားသည်။ ထို့နောက် ဖြည်းညှင်းစွာဖြင့် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။

အစေခံတစ်ဦးက လျင်မြန်စွာပင် ဝမ်ဟုန့်နားသို့ရောက်လာ၍ ရိုသေစွာမေးလိုက်သည်။

"အရှင် ဘာခိုင်းမလို့ပါလဲ..."

"ရေတစ်ဇလုံ ယူခဲ့ပေးပါ..."

"ဟုတ်ကဲ့..."

ခဏအကြာတွင် အစေခံက ရေဇလုံတစ်ခုကို ယူ၍ ဝမ်ဟုန့်နားသို့ပြန်ရောက်လာသည်။

အစေခံကို ကြည့်၍ ဝမ်ဝူလန်က စူးစမ်းသလိုပြုံးကာမေးလိုက်သည်။

"ချီလန်...မင်း ဘာတွေလုပ်နေတာလဲ..."

ဝမ်ဟုန်က ဘာမှပြန်မပြောပဲ ပြုံးရုံသာပြုံးလိုက်သည်။ ထို့နောက် ချန်ရုံရှိသည့်နေရာသို့လက်ညှိုးထိုးကာ အစေခံအား တိုးတိတ်စွာပြောလိုက်သည်။

"အဲ့ဒီ မိန်းကလေးကိုသွားပေးလိုက်ပါ..."

"ဟုတ်ကဲ့..."

အစေခံက ပြော၍ ရေဇလုံကိုယူကာ ချန်ရုံ့ဆီသို့ လျှောက်သွားလိုက်သည်။

ခန်းမထဲရှိ လူအများစုက ဝမ်ဟုန့်အား မျက်ခြေမပြတ်စောင့်ကြည့်နေကြသည်ဖြစ်သောကြောင့် ဝမ်ဟုန်၏အသံကမကျယ်ပဲ လှုပ်ရှားမှုများကလည်း ပုံမှန်ဖြစ်သော်လည်း ဝမ်ဟုန်က အစေခံအား ရေဇလုံသွားယူခိုင်းလိုက်သည်ကို လူတိုင်းမြင်လိုက်ကြလေသည်။

လူများ၏အကြည့်အောက်တွင် အစေခံသည် ရေဇလုံကိုယူ၍ ချန်ရုံ့ဆီသို့လျှောက်သွားတော့သည်။ ထို့နောက် ချန်ရုံ့ရှေ့၌ ရေဇလုံကိုချကာ ယဉ်ကျေးစွာပြောလိုက်သည်။

"ဒါ ဝမ်ချီလန်ပေးခိုင်းလိုက်တာပါ သခင်မလေး..."

လူအုပ်ထဲမှ တီးတိုးပြောသံများထွက်လာ၍ အကြည့်များကလည်း ချန်ရုံ့ထံသို့စုပြုံကျရောက်လာကြသည်။

ချန်ရုံ၏မျက်နှာသည် ပေါင်ဒါများနှင့် ဖြူဖွေးနေကာ အနီရောင်နှင့် ခရမ်းရောင်မျက်နှာချေများကလည်း လိမ်းခြယ်ထားသေးသည်။ ပေါင်ဒါများသည်အလွန်ထူထဲသောကြောင့် ချန်ရုံ၏ပင်ကိုယ်မျက်နှာလေးပင် ပျောက်နေကာ ပေါင်ဒါများသည် လည်ပင်းနှင့် ရင်ဘတ်ဆီ၌ပင် ထူထဲစွာလိမ်းခြယ်ထား‌သည်။

ချန်ရုံက နှုတ်ခမ်းကိုတင်းတင်းစေ့၍ တိုးတိုးလေးပြောလိုက်သည်။

"ဝမ်ချီလန်ကို ကျေးဇူးတင်ပါတယ် လို့ပြောလိုက်ပါ..."

ချန်ရုံ၏အသံက အံကြိတ်၍ပြောလိုက်သကဲ့သို့ဖြစ်နေသည်။

လူများက ချန်ရုံ့အား ကြည့်နေကြဆဲဖြစ်သည်။ သို့သော် ယခု၌ ဝမ်ချီလန်၏ရည်ရွယ်ချက်ကို သဘောပေါက်သွားကြပြီဖြစ်သည်။

ချန်ရုံသည်လည်း ဝမ်ချီလန်၏ရည်ရွယ်ချက်ကို သဘောပေါက်ပါသည်။ ချန်ရုံသည် ခဏမျှ စဉ်းစားပြီးသောအခါမှ ရေဇလုံထဲသို့ လက်ကိုနှစ်လိုက်သည်။ ဤကဲ့သို့သောအခြေအနေ၌ ချန်ရုံသည် ဝမ်ဟုန်ဖြစ်စေချင်သည့်အတိုင်း မလုပ်ချင်သော်လည်း ဤတစ်ညလုံး လူများက ချန်ရုံ့အားကြည့်နေကြမည်ကိုလည်း ချန်ရုံမလိုလားပေ။

ရေဇလုံထဲသို့ လက်ကိုနှစ်ပြီးသောအခါ ချန်ရုံသည် ကြည်လင်သောရေများကို လက်ခုပ်နှင့်အပြည့်ခပ်ယူလိုက်၍ မျက်နှာကို ပွတ်သပ်လိုက်တော့သည်။

ချန်ရုံသည် ဧည့်ခံပွဲကျင်းပနေသော ခန်းမဆောင်ထဲ၌ လူအများ၏ရှေ့တွင် ဘာမှမတတ်နိုင်ပဲ မျက်နှာသစ်နေရလေတော့သည်။ ချန်ကုန်းရန်းသည်လည်း မျက်မှောင်ကြုတ်စပြုနေပြီဖြစ်ကာ ဘေးမှအစေခံကိုလှမ်းမေးလိုက်သည်။

"အားရုံကို ဘယ်သူက ဒီလောက်တောင် အလှတွေပြင်ပေးထားတာလဲ..."

ချန်ကုန်းရန်း၏အသံက နွေးထွေးကြင်နာဆဲဖြစ်သော်လည်း မကျေနပ်သည့်လေသံသည်လည်း ထင်ရှားစွာပါနေသည်။

အစေခံက တိုးတိုးလေးပြန်ပြောလိုက်သည်။

"သခင်ကြီးချန်ယွမ်ရဲ့ဇနီး သခင်မရွမ်ပါ သခင်ကြီး..."

ချန်ကုန်းရန်းက မကျေနပ်သည့်အသံ လုပ်လိုက်သည်။

ချန်ရုံ မျက်နှာသစ်နေစဉ်တွင် ခန်းမ၏တစ်ဖက်မှ ချန်ဝေ့နှင့် အခြားမိန်းကလေးများက လှုပ်လှုပ်ရွရွဖြစ်နေကြသည်။ သူတို့သည် သူတို့၏မျက်နှာများကို ခဏခဏစမ်းနေကြ၍ အချိန်အတော်ကြာ တုံ့ဆိုင်းတုံ့ဆိုင်းလုပ်နေပြီးသောအခါမှ တစ်ယောက်ပြီးတစ်ယောက် ခန်းမထဲမှ ထွက်သွားကြလေသည်။

ဝမ်ဝူလန်က ထွက်သွားကြသောမိန်းကလေးများကိုမြင်သောအခါ ခပ်တိုးတိုးပြောလိုက်သည်။

"အဲ့ဒီပေါင်ဒါတွေနဲ့ဆိုရင် ကျန့်ခန်းတစ်မြို့လုံးကိုတောင် အလှပြင်ပေးလို့ရမယ်..."

ဝမ်ဝူလန်၏အသံက အနည်းငယ်မကျေနပ်သည့်ပုံပေါက်နေသည်။ ထို့နောက် ဝမ်ဝူလန်သည် ချန်ရုံ့အား လှမ်းကြည့်လိုက်သည်။ ချန်ရုံ့ကိုကြည့်သော ဝမ်ဝူလန်၏အကြည့်များသည် လိုချင်တပ်မက်မှုများရှိသေးသော်လည်း ယခင်ကလောက်တော့ မပြင်းထန်တော့ပေ။

ခဏအကြာတွင် ချန်ရုံသည် မျက်နှာကို သန့်စင်ပြီးသွားတော့သည်။ အစေခံက ရေဇလုံကို မကာ ပြန်ထွက်သွားသည်။

ခန်းမထဲမှလူများကတော့ ချန်ရုံ့ကိုကြည့်နေကြဆဲဖြစ်၍ ချန်ရုံ့အကြောင်းများကို တီးတိုးပြော‌ဆိုနေကြသည်။

ထိုစူးရဲသောအကြည့်များအောက်တွင် ချန်ရုံသည် ခေါင်းကိုငုံ့ထားမိသည်။ ထိုအချိန်၌ ဝမ်အိမ်တော်မှ အစေခံတစ်ဦးက အမွှေးနံ့ဖြန်းထားသော တဘက်တစ်ထည်ကို ချန်ရုံ့ဆီသို့ ယူလာပေးလေသည်။ ချန်ရုံက လှမ်းယူ၍ မျက်နှာမှရေစက်များကိုသုတ်လိုက်သည်။ ထို့နောက် အစေခံနောက်တစ်ဦးက ချန်ရုံ၏ရှေ့၌ ကြေးဝါရောင်မှန်တစ်ချပ်ကိုချလိုက်သည်။ ထို‌အစေခံသည် ချန်ရုံ့နောက်သို့သွား၍ ခန်းမထဲမှာပင် ချန်ရုံ၏ဆံပင်များကို ဖြန့်ချကာ သပ်ရပ်သွားသည်အထိ ဖြီးသင်ပေးနေလေသည်။ ချန်ရုံ၏မျက်နှာလေးက သန့်စင်၍ ဆံပင်များကလည်း ပခုံးပေါ်၌ လှပစွာဝဲကျနေအောင် ပြင်ဆင်ပေးပြီးသောအခါမှ အစေခံများသည် ခန်းမထဲမှ ပြန်ထွက်သွားကြတော့သည်။

အစေခံများက ချန်ရုံ့အားပြင်ဆင်ပေးနေကြသည်မှာ နာရီဝက်ခန့်ကြာ၍ ထိုအချိန်၌ ဧည့်ခံပွဲသည် ခဏမျှရပ်ဆိုင်း၍ ချန်ရုံ့ကိစ္စပြီးစီးအောင် စောင့်နေရလေသည်။

အစေခံများထွက်သွားသောအခါမှသာ ဧည့်ခံပွဲက ပြန်လည်စတင်လာတော့သည်။ ခဏအကြာတွင် အစေခံယောင်္ကျားများက ဝိုင်အရက်နှင့် စားစရာများကိုယူကာ ခန်းမထဲသို့ ဝင်လာကြတော့သည်။

ထိုအခါမှသာ ချန်ရုံ့ကိုကြည့်နေသူများက အကြည့်များ လွှဲဖယ်သွားကြတော့သည်။

ချန်ရုံသည်လည်း ထိုအခါမှသာ သက်ပြင်းချနိုင်တော့သည်။ ချန်ရုံသည် ထိုင်ခုံ၌ထိုင်၍ ပြုံးနေသော ဝမ်ဟုန်အား မုန်းတီးစွာကြည့်လိုက်မိသည်။ ချန်ရုံ၏နှလုံးသားသည် ဝမ်းနည်းမှု၊ ဒေါသထွက်မှုနှင့် အရှက်များဖြင့် ပြည့်နေလေသည်။

ဝိုင်အရက်နှင့် စားစရာများ ယူဆောင်လာချိန်တွင် ခုနက ထွက်သွားကြသော မိန်းကလေးများလည်း ပြန်ရောက်လာကြသည်။ ထိုမိန်းကလေးများအားလုံးသည်လည်း ချန်ရုံကဲ့သို့ပင် မျက်နှာမှ ပေါင်ဒါများကိုဖျက်ကာ သန့်‌စင်အောင်လုပ်လာကြ၍ ဆံပင်များကိုလည်း ပခုံးများပေါ်၌ ဖြန့်ချထားကြသည်။

ထိုမိန်းကလေးများ၌ ချန်ဝေ့လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ ချန်ဝေ့သည် သူမ၏သန့်စင်ပြီးစမျက်နှာကို ဖုံးကွယ်ထား၍ ချန်ရုံ၏ ဖူးရွ၍ ချစ်စဖွယ်ဖြစ်နေသောမျက်နှာလေးကိုကြည့်ကာ အနည်းငယ်မနာလိုသည့်အသံဖြင့်မေးလိုက်သည်။

"အားရုံ ငါ့မျက်နှာ အရမ်းဝါနေလား..."

ချန်ရုံသည် ချန်ဝေ့၏ မျှော်လင့်တကြီးကြည့်နေသောမျက်လုံးများကို ကြည့်၍ ခေါင်းခါကာ တိုးတိုးလေးပြောလိုက်သည်။

"မဝါပါဘူး...အားဝေ့ နင်အရမ်းလှတာပဲ..."

ချန်ရုံက ပြောလိုက်သောအခါ ချန်ဝေ့သည် အလွန်ပင်ပျော်ရွှင်သွား၍ ခေါင်းကိုမော့ကာ အနီးရှိမိန်းကလေးများအား အောင်နိုင်သူ၏အကြည့်ဖြင့် ကြည့်လိုက်လေသည်။



Xxxxxx